ဆောင်းကို ချစ်သည်။ နှင်းကို ချစ်သည်။ ဒီဇင်ဘာကို ချစ်သည်။
အခုတော့ ဒီက သူတို့ ပြောကြတဲ့ winter ဆိုတဲ့ ဆောင်းရာသီတွေမှာ ဆောင်းကလဲမပီ၊ နှင်းကိုလဲ မမြင်ရတော့ပြီ။ လွမ်းစရာ…။
အိမ်က ဆောင်းကို လွမ်းမိသည်။ နှင်းကိုလဲ လွမ်းမိသည်။ ဒီဇင်ဘာနေ့ ရက်တွေကိုလဲ လွမ်းမိသည်။ ကျောင်းသားဘ၀က ဆောင်းရာသီ၊ ဆောင်းနံနက်ခင်းတွေကို လှိုက်လှိုက်လှဲလှဲ လွမ်းဆွတ်တမ်းတမိသည်။
နှင်းမှုန်မှုန်တွေကြား အိပ်ရာက စောစောထပြီး ဖေဖေ မေမေ၊ မောင်လေးတို့ နဲ့  အတူ ရွှေတိဂုံဘုရား သွားဖူးခဲ့ရသော အချိန်များကို လွမ်းသည်။ ဘုရားပေါ်မှအဆင်း လမ်းတပါတ်လျှောက်ပြီး Oriental House မှာ Dim Sum ဖြစ်ဖြစ်၊ စမ်းချောင်းထဲက တင်တင်အေးမှာ မုန့် ဟင်းခါးပူပူ ဖြစ်ဖြစ် စားခဲ့ရတာကို လွမ်းသည်။ ဒီဇင်ဘာလကို ပြည်သူ့  အားကစားလ ဟုသတ်မှတ်ကာ စနေ၊တနင်္ဂနွေနေ့  မနက်စောစောတွေမှာ ကြားရနေကျ “စောစောအိပ်လို့  စောစောထလို့  စောစောလမ်းလျှောက်ကြပါစို့ ” ဆိုတဲ့ ရပ်ကွက်ထဲက သီချင်းသံ (လော်စပီကာသံ) ခပ်ကျယ်ကျယ်ကိုလဲ လွမ်းမိသေးသည်။ နိုဝင်ဘာ ၃၀ ရက် ညဖက်တွေမှာ ထုံးမှုန့် ဖြူဖြူတွေ အရည်ဖျော်ပြီး လမ်းမပေါ်မှာ Happy Sweet December လို့  စာလုံးအကြီးကြီးတွေ ရေးခဲ့ကြရတာကိုလဲ ခုထိလွမ်းနေဆဲ…။
ခရစ်စမတ်နား နီးလာရင်တော့ အနီးအနားက Church တွေက ကလေး လူကြီးတစ်စုရဲ့  ခရစ်စမတ် သီချင်းသံတွေ ၊ တစ်အိမ်ဝင် တစ်အိမ်ထွက် ဆုတောင်းပေးသံတွေ ဝေေ၀ဆာဆာ၊ လိမ္မော်သီးတွေ၊ သကြားလုံးတွေ လက်ဆောင်အဖြစ်ပေးခဲ့ကြရတဲ့ ညချမ်းအချိန်တွေကိုလဲ မြင်ယောင်လွမ်းဆွတ်နေဆဲ…။
ဘယ်တော့မှ မမေ့နိုင်။ အမှတ်ရ လွမ်းနေသေးသည်။ ဆောင်းတွင်းရဲ့  အေးစက်စက် ညတညမှာတော့ ဟော့ပေါ့ ပူပူတစ်အိုးတည်ပြီး ဖေဖေနဲ့  မေမေ့ရဲ့ မွေးနေ့ ပွဲကို အတူတူပေါင်းပြီး နွေးထွေးစွာ ကျင်းပလေ့ရှိခဲ့ကြတာ…။ ကိုယ်တို့ မောင်နှမ မုန့်ဖိုးတွေစုပြီး တိတ်တိတ်ကလေး ၀ယ်ထားတဲ့ မွေးနေ့လက်ဆောင်တွေကို ဖေဖေနဲ့ မေမေ့ကို ပေး…။ သူတို့ ကလဲ သားနဲ့သမီးရဲ့ အဖိုးတန်မဟုတ်တဲ့ အမှတ်တရ လက်ဆောင်ပိစိလေးတွေထဲမှာ လှိုက်လှိုက်လှဲလှဲ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးထားရင်း ကြည်နူးပီတိတွေဖြာ…။ ဘယ်တော့မှ မမေ့နိုင်။ အမှတ်ရ လွမ်းနေသေးသည်။
ကျောင်းတက်ရတဲ့ ဒီဇင်ဘာ နံနက်ခင်းတွေမှာတော့ နှင်းငွေ့ မှုန်မှုန် မှာ ကျောင်းရှေ့ က တိုင်ကြီးတွေကြားက တိုးထွက်လာတဲ့ လင်းလက်နွေးထွေးတဲ့ နေရောင်ခြည် နုနုတွေကို လွမ်းသည်။ ထိုနံနက်ခင်းတွေမှာ နွေးအေးဆိုင်မှာ စားခဲ့ရတဲ့ ပဲထမင်းနဲ့ ကော်ဖီပူပူကို လွမ်းနေသည်။ ထိုနံနက်စာ စားအပြီး အပြေးအလွှား (အနောက်ပေါက်မှ) သွားတက်ခဲ့ရသော Building 7 နဲ့ Building 8 က Lecture တန်းတွေကို လွမ်းနေသည်။ သူလာရင် အတူတူ ထိုင်နေကျ Building 6 ထောင့်နားက နေရာလေးကို လွမ်းသည်။ သူကျွေးနေကျ ကော်ဖီသကြားလုံး ညိုညိုလေးတွေကို လွမ်းသည်။ သူငယ်ချင်းတစ်စု အတန်းလစ်ပြီး ခရေပင်လမ်းမှာ သွားထိုင်နေခဲ့ရသော အချိန်တွေကို လွမ်းသည်။ သူငယ်ချင်းတစ်ယောက်ကို အတန်းဖေါ် သူငယ်ချင်း ကောင်လေးတစ်ယောက်က ချစ်စကားပြောချင်လို့  ကျန်တဲ့သူတွေအားလုံး ရှောင်ပေးပြီး ခရေပင်တွေအောက်မှာ သူတို့ နှစ်ယောက်ထဲ ကျန်ခဲ့အောင် ဖန်တီးပေးခဲ့ရတဲ့ ဆောင်းနံနက်ခင်းက ဇာတ်လမ်းလေးကိုလဲ မမေ့မလျော့ လွမ်းနေသေးသည်။ (ခုတော့ ထိုနှစ်ယောက်က တူနှစ်ကိုယ်တိုင်းပြည်လေး တစ်ခု အောင်မြင်စွာ ထူထောင်နိုင်ခဲ့ပြီ။)
နောက်ပြီးတော့ ဆောင်းဦးပေါက်တစ်ခုမှာ ကျောင်းက စီစဉ်တဲ့ လေ့လာရေးခရီးတစ်ခု သွားခဲ့ရတာ ပြန်တွေးကြည့်မိတိုင်း ခုချိန်ထိ ရင်ခုန်လွမ်းဆွတ်နေဆဲ။ ကိုယ့်ဘဝမှာ မိဘ ညီအစ်ကို မောင်နှမတွေ မပါဘဲ ပထမဆုံး သွားခဲ့ရတဲ့ နှစ်ညအိပ် ခရီးလေး တစ်ခု…။ အမှောင်မကွဲသေးတဲ့ မနက်စောစောမှာ Bus ကား အကြီးကြီးတွေနဲ့  ခရီးစခဲ့တာ…။ လမ်းတလျှောက် သီချင်းတွေ ဆိုကြ၊ မုန့် တွေ စားကြ၊ တစ်ယောက်နဲ့ တစ်ယောက် စကြ၊ နောက်ကြ၊ ဘယ်တော့မှ စိတ်တွေ မဆိုးခဲ့ကြ၊ ဓါတ်ပုံတွေ ရိုက်လို့  မဝခဲ့ကြ…။ ဇက်နဲ့ ဧရာဝတီမြစ်ကို ဖြတ်အကူး ဧရာဝတီမြစ်ပြင်ကျယ်မှာ တိုက်ခတ်နေတဲ့ လေခပ်ကြမ်းကြမ်းတွေကြားမှာတောင် အချမ်းဒါဏ်ကို မေ့ထား၊ အနွေးထည်တွေချွတ် ဓါတ်ပုံတွေရိုက်၊ ပြေးလိုက်ကြ လွှားလိုက်ကြ ၊ မယုံနိုင်စရာ နောက်ဆုံးနှစ် အင်ဂျင်နီယာ မမတွေ…။
ချမ်းချမ်းစီးစီးညတွေမှာ မအိပ်နိုင်ကြ။ အိပ်ပစ်လိုက်ပြီး အချိန်တွေကုန်သွားမှာကို နှမြောတသစွာ…။ ညမှောင်မှောင်မှာ သူငယ်ချင်းတစ်စု ဧရာဝတီ မြစ်ကမ်းနံဘေးက လဖက်ရည်ဆိုင်လေးမှာ စကားတွေ ဆူဆူညံညံ ပြောတဲ့သူတွေကပြော၊ တချို့ ကတော့ တွေတွေငေးငေး သီချင်းတွေနားထောင်… အဲဒီအချိန်က ဇော်ဝင်းထွတ်ရဲ့  ဆေးဆိုးပန်းရိုက် မျက်နှာ သီချင်းသံတွေက နေရာအနှံ့ …။
နောက်ဆုံးညမှာ မီးပုံပွဲလေး တစ်ခု..။
ပြန်ပြောပြရရင် နာမည်ကြီး ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကားကို တောင် အားနာချင်စရာ…။

“လေပြေညှင်းရယ် ငြိမ်သက်ဆဲညမှာ အသာအယာ တိုးလို့ တိုက်ခတ်စဉ်….” ဆိုတဲ့ ခင်မောင်တိုးရဲ့  သီချင်းတစ်ပုဒ်ကို တစ်ယောက်က ဂီတာတီးလို့  တစ်ယောက်က ခပ်တိုးတိုး ညည်းဆို…။ အရောင်ဖျော့ဖျော့ မီးတောက်တွေကို ကြားထဲမှာ ခြားထားရင်း တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင် ငေးကြည့်နေကြတဲ့ သူတွေ…။ အဲဒီညမှာဘဲ အဆင်ပြေသွားကြတဲ့ သူငယ်ချင်း နှစ်စုံတွဲ မက…။
အပြန်ခရီးမှာတော့ အလာခရီးနဲ့  တခြားစီ။ သီချင်းသံတွေ တိတ်ဆိတ်ခဲ့ပြီ။ ဆူညံသံတွေလဲ နဲနဲအားပျော့ခဲ့ပြီ။ ရင်ခွင်တိုင်းမှာ အလွမ်းတွေအပြည့်နဲ့ …။ အငြင်းခံရလို့ အသဲကွဲတဲ့ သူတွေက ကွဲ…။ အသစ်စက်စက် အတွဲတွေကတော့ လက်ချင်း ဆုပ်ထွေး အနာဂတ် အရေးတွေး…။ ညမှောင်မှောင်မှာ ကျောင်းကြီးရှေ့ ကို ပြန်ရောက်.. ဆောင်းက မညှာမတာ အေးစက်နေပြီ…။ ဒါပေမယ့် ရင်ထဲမှာတော့ အပျော်နဲ့ ရောနေတဲ့ အလွမ်းတွေက ပူပူပြင်းပြင်း တောက်လောင်…။
ကဲ.. မကုန်နိုင်တော့ဘူးလား… ဆောင်းရဲ့အလွမ်းတွေရယ်…။
တကယ့်တကယ် ရေတွက်ကြည့်လို့  မကုန်ဆုံးနိုင်တဲ့ အလွမ်းတွေ ကိုယ့်ရဲ့ ဆောင်းမှာ အပြည့်…။
နောက် တဆောင်းမှာတော့…
ကိုယ့်အိမ်လေးကိုပြန်ပြီး နှင်းဝေတဲ့ ဆောင်းကို ကြိုချင်တယ်…
ထုံးမှုန့် ဖြူဖြူတွေနဲ့ အတူ Sweet December စာလုံးတွေကို လမ်းမပေါ်မှာ တပျော်တပါး ရေးဆွဲချင်တယ်…
မနက်စောစော နှင်းမကွဲခင် အချိန်လေးထဲမှာ ရွှေတိဂုံဘုရားကို မိသားတစ်စု အတူတူ သွားဖူးချင်တယ်…
ဒါပေါ့… ဘုရားပေါ်က ပြန်ဆင်းပြီးရင်တော့ Dim Sum ဖြစ်ဖြစ်၊ တင်တင်အေး မုန့်ဟင်းခါးဖြစ်ဖြစ် တခုခုစားမှာပေါ့…
နောက်ပြီး ကိုယ့် ကျောင်းကြီးဖက်ကို တစ်မနက်လောက်သွားပြီး ကျောင်းရှေ့ က တိုင်ကြီးတွေနားမှာ နေပူစာလှုံချင်တယ်…
ပြီးရင်တော့ ကိုအောင်တို့ ရဲ့ နွေးအေးက ပဲထမင်းလေးစား၊ ကော်ဖီကျကျတစ်ခွက်သောက်…
ပြီးရင် ခရေပင်လမ်းမှာ သူနဲ့ အတူ လျှောက်ကြည့်ရင်း အတိတ်က အချိန်တွေကို ရင်ထဲ ပြန်ခေါ်သွင်း…။
စွယ်တော်ရိပ်ကိုသွားပြီး စွယ်တော်ရွက်လေး တစ်ရွက်နှစ်ရွက်လဲ အမှတ်တရ ခူးချင်ပါသေးတယ်…
အိမ်ပြန်ရောက်ရင် စာအုပ်ကြားထဲ ညှပ်ထားပြီး အခြောက်ခံ သိမ်းထားမှာပေါ့…။
ဒီ့ထက်ပိုပြီး အခွင့်အရေးရမယ်၊ အချိန်လဲရမယ် ဆိုရင်တော့ ဇက်ကလေးနဲ့ ဧရာဝတီမြစ်ပြင်ကို တစ်ခေါက်လောက် ဖြတ်ကူးပြီး လတ်ဆတ်တဲ့ ဧရာဝတီလေကို တဝကြီး ရှုရှိုက်လိုက်ချင်သေး…။
ကိုယ့်ရင်ထဲက အလွမ်းတွေနဲ့ ဆန္ဒတွေ…။
အင်း… ဒါပေမယ့် အခု ဒီဆောင်းရက်တွေမှာတော့ ဒီဆန္ဒတွေအားလုံးကို ရင်ထဲမှာ တိတ်တိတ်ဆိတ်ဆိတ်သာ သိမ်းထားလိုက်ပါတော့မယ်။
သို့ သော်လည်း ဘုရားမှာတော့ ဆုတွေ အထပ်ထပ်တောင်းနေမယ်…
မျှော်လင့်ချက်တွေ အပြည့်နဲ့ နောက်နှစ်ခါ ဆောင်းအတွက်ပေါ့…။

(ချိုသော ဒီဇင်ဘာ… ဒီဇင်ဘာလ ၁ ရက်နေ့  အမှတ်တရ)
ဘဝနဲ့ လိုအင်ဆန္ဒတစ်ထပ်တည်းဖြစ်ဖို့ကို ဆုတောင်းပေးလိုက်ပါတယ်။
ReplyDelete((အပြန်ခရီးမှာတော့ အလာခရီးနဲ့  တခြားစီ။ သီချင်းသံတွေ တိတ်ဆိတ်ခဲ့ပြီ။ ဆူညံသံတွေလဲ နဲနဲအားပျော့ခဲ့ပြီ။ ရင်ခွင်တိုင်းမှာ အလွမ်းတွေအပြည့်နဲ့ …။ အငြင်းခံရလို့ အသဲကွဲတဲ့ သူတွေက ကွဲ…။ အသစ်စက်စက် အတွဲတွေကတော့ လက်ချင်း ဆုပ်ထွေး အနာဂတ် အရေးတွေး…။ ညမှောင်မှောင်မှာ ကျောင်းကြီးရှေ့ ကို ပြန်ရောက်.. ဆောင်းက မညှာမတာ အေးစက်နေပြီ…။ ဒါပေမယ့် ရင်ထဲမှာတော့ အပျော်နဲ့ ရောနေတဲ့ အလွမ်းတွေက ပူပူပြင်းပြင်း တောက်လောင်…။))
လွတ်လပ်စွာပျော်ရွှင်ခဲ့ဖူးတဲ့ ကျောင်းသားဘ၀ကို ပြန်လည် အမှတ်ရစေခဲ့ပါတယ်။
http://winzaw-mdy.blogspot.com/
သက်ဝေရေ...ခုတလော အေးနေလို. ပထမနှစ် drawing lecture တန်းကို မနက်စောစောစီးစီးသွားဦးရတဲ့ နှင်းတောထဲက အာအိုင်တီကြီးကို သတိတွေရနေတာ..သက်ဝေရဲ ဒီဇင်ဘာအလွမ်းဖတ်လိုက်ရတော့.. တအား တအားကို...လွမ်းသွားတာပဲ။ သူငယ်ချင်းတွေကိုရော..ကျောင်းကြီးကိုရော..။
ReplyDeleteအမသက်ဝေ နောင်နှစ်ဆောင်းမှာ building 6 နား သွားထိုင်အုံးမှာလား။ အမအလွမ်းတွေက နိနိကိုပါ ကူးတယ်။ အမရေးချင်တဲ့ sweet december ကို လှလှလေး ရေးနိုင်ပါစေနော်။ တင်တင်အေးမုန့်ဟင်းခါးကို ပဲသီးတွေနဲ့ စားချင်စမ်းပါဘိ။
ReplyDeleteမမသက်ဝေဖြစ်ချင်တဲ့ ဆန္ဒတွေပြည့်ပါစေလို့ ဆုတောင်းပေးပါတယ် မရေ.. ကျနော်လည်း ဘာရယ်မဟုတ်ပေမယ့် အမနဲ့အတူ လိုက်လွမ်းရင်း ရန်ကုန်ကို ပြန်ချင်လာတယ်.. ဒီတဆောင်းတော့ ဒီမှာပဲ တွင်းအောင်းရလိမ့်ဦးမယ် အမရေ.. နွေဘက်မှ ရန်ကုန်ကို ပြန်ဖြစ်လိမ့်မယ် ထင်ပါရဲ့.. :)
ReplyDeleteရင်ထဲကဆန္ဒတွေအားလုံးမြန်မြန်ပြည့်ပါစေ။ ကျမလဲ သက်ဝေနဲ့အတူလိုက်လွမ်းမိပါတယ်။
ReplyDeleteနှင်းဝေတဲ့ဆောင်းမှာ..
ReplyDeleteသိပ်လွမ်းတယ်..
(ခိုင်ထူးဆိုထားတာ..ပြန်ဆိုကြည့်တာပါ..)
ဒီမှာလည်းအေးတယ်..
နှင်းတော့မဝေဘူး..
12~ 18 C လောက်တော့ရှိမယ်...
သက်ဝေရေ- အလွမ်းတွေ..နေရာတိုင်းမှာ တွေ့နေရပါလား။
ReplyDeleteလွမ်းသာလွမ်း။ လွမ်း ပြီးရင်း လွမ်း။း)
ခိုင်ထူး သီချင်းလေးလည်း သတိရတယ်။
.....နှင်းဝေတဲ့ဆောင်းမှာ..သိပ်လွမ်းတယ်.....
မိုက်တယ်ဗျာ ဒီတခါတော့။ရင်ဘတ်ထဲကို မျှားချွှန်ချွှန်နဲ့ပစ်စိုက်လိုက်သလိုပဲ။
ReplyDeleteမမသက်ဝေရေ
ReplyDeleteဖတ်ရင်းနဲ့ လွမ်းလိုက်တာ ကဗျာလေး တပုဒ် ဖတ်ရသလိုပါပဲလား။
မိသားစု ဘုရားက အပြန်မှာ တင်တင်အေး မုန့်ဟင်းခါး စားကြတာလဲ တူတယ်။
မမတို့ကလေ့လာရေး ခရီး။ ချိုသင်းတို့က Field trip မို့ သူငယ်ချင်းနဲ့ အတူ ဂစ်တာတီးကြ၊ သီချင်းဆိုကြ၊ ခွဲရခါနီးတော့ လွမ်းရတဲ့အဖြစ်လေးတွေလဲ တူပြန်ပါရော။
မမ ဆန္ဒနဲ့ ထပ်တူ ဆုတောင်းပြည့်ပါစေလို့ ရင်ထဲက ဆုတောင်းပေးလိုက်ပါတယ် မမရေ။
လွမ်းလို့ ကျန်ခဲ့တာကို အားနာပါဦး သက်ဝေ
ReplyDeleteနှင်းတွေကျပြီး လွမ်းစရာလည်းကောင်းသလို ချစ်စရာလည်းကောင်းတဲ့ ဆောင်းရာသီဟ စင်္ကာပူနဲ့တော့ ဘာမှမဆိုင်သလိုပါပဲ။ ဒါပေမယ့် ဒီဇင်ဘာက်ုရောက်ရင် ဆောင်းရာသီကို မမေ့နိုင်အောင် လွမ်းတယ်။း(
ReplyDeleteအလွမ်းတွေ ရင်ထဲမဆန့် တော့ဘူး…
ReplyDeleteရေးတတ်လွန်းသူကြောင့် လွမ်းတတ်လွန်းသူလဲ မျက်ရည်ဝဲ…
ပြန်ပါ့လား သက်ဝေရယ်… ဒီနှစ်ပိတ်ရက်တွေ ကောင်းသားပဲကို…
တို့ ကတော့ မနေနိုင်လို့  ပြန်တော့မယ်…
ဒီပို့ စ်လေးက မြန်မာပြည်ကျရင် ဒါတွေ လုပ်လိုက်လို့  သတိပေးလိုက် သလိုပဲ…
သွားမယ် ရွေတိဂုံဘုရားကို… စားမယ် တင်တင်အေးမုန့် ဟင်းခါး…
ကျောင်းရှေ့ က တိုင်လုံးကြီးတွေနားမှာ လွယ်အိတ်လေး လွယ်ပြီး အလွမ်းဖြေကြည့်ဦးမယ်…
ပြီးတော့… စွယ်တော်လေးတွေ သက်ဝေအတွက် ခူးခဲ့မယ်နော်…
ဒီပို့ စ်လေးအတွက် ကျေးဇူးပါသက်ဝေ…
အစ်မလဲ လွမ်းတယ် ။ :P
ReplyDeleteဒီဇင်ဘာလလယ်ရောက်တော့မယ်။
ReplyDeleteမလွမ်းနဲ့တော့နော်။ အသစ်ရေးပါအုံး။
ကိုဝင်းဇော်... ဆုတောင်းပေးတာ ကျေးဇူးတင်ပါတယ်နော်...
ReplyDeleteသိင်္ဂီ... ကျောင်းဖက်သွားဖြစ်ရင် ဓါတ်ပုံရိုက်ပြီး တင်ပေးပါအုံးလေ.. နော်...
နိနိ နုစံ သင်းနွယ်ဇင် ချိုသင်း...ဆုတောင်းပေးတာကျေးဇူး...
စားချင်တာတွေကတော့ အများကြီးပေါ့လေ...
ပေါက်... ချမ်းလဲချမ်းတယ် လွမ်းလဲလွမ်းတယ်ပေါ့...
မကေ.. အင်း.. ခုတလော နဲနဲလွမ်းနေမိတယ်...
Strike... မျှားက အသဲထဲအထိ ရောက်ရဲ့ လား...
မသီတာ... တူတူပါဘဲလေ...
တန်ခူး... နောက်နှစ်ပေါ့လေ... တန်ခူး ခူးလာမယ့် စွယ်တော်ရွက်လေးတွေကို မျှော်နေမယ်နော်... ကြည်အေးရဲ့  စာအုပ်လဲ တန်ခူးကို ပေးဖတ်ဖို့  အဆင်သင့်...
Greengirl မခင်ဦးမေ... တူတူလွမ်းကြတာပေါ့နော်...
မွန်မွန်... ရေးနေပါတယ်... အချိန်ရယ် အရှိန်ရယ် မရသေးလို့ ပါ...
မသက်ဝေရေ
ReplyDeleteအဲလိုပဲခေါ်တော့မယ်နော် ... အပြင်မှာလဲ မတပ်ပြီးခေါ်တယ်လေ ... ဘယ်သူလဲဆိုတာ ဒီပို့စ်ဖတ်ပြီး သိလိုက်ပါပြီ။ အပေါ်က ပို့စ်တစ်ခုကတည်းက ရိပ်မိနေတာ ...
အဲဒီခရီးသွားတုံးက တို့ကားပေါ်မှာ သီချင်းဆိုသေးတယ် ... မီးပုံပွဲမှာ တော်ဟန်ဝင်းကတာ ကွေးနေတာပဲလေ ... ... ဆရာချမ်းကလဲ မိန့်ခွန်းချွေသေးတယ်လေ ... လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီ။
a ma thet wai, i also know who r u. a lot of yr friend call u MN right? I saw yr photo from yr friend, u r so pretty.
ReplyDelete