Friday, December 19, 2008

ဘလော့ဂ် နှင့် ကိုယ်

ဒီနေ့  အရမ်း အိပ်ချင်နေသည်။
မျက်စေ့က နဲနဲမှ မပွင့်ချင်…။
လဘက်သုပ်တွေ ကော်ဖီတွေလဲ ဘယ်လိုမှ မကယ်နိုင်…။
အလုပ်ထဲမှာလဲ အာရုံမရ…။ စိတ်တွေက ဟိုရောက် ဒီရောက်…။
လုပ်စရာတွေရှိနေပေမယ့် စိတ်ပါလက်ပါ မလုပ်ချင်။

ပျင်း ပျင်းနဲ့  ပျင်းရိခြင်း ၆ ပါး အကြောင်း အကျယ်ချဲ့ တွေးနေမိသည်။
အမှန်တကယ် ပျင်းနေသူတစ်ယောက်အဖို့ တော့ ပျင်းရိခြင်းမှာ ၆ ပါး မ ကပါ…။
အေးလျှင်လဲ ပျင်းသည်။
ပူလျှင်လဲ ပျင်းသည်။
မိုးရွာနေသောကြောင့် ပျင်းသည်။
နေပူသောကြောင့် ပျင်းသည်
နောက်ကျနေသောကြောင့် ပျင်းသည်။
စောသေး၍ ပျင်းနေသည်။
ဗိုက်ဆာ၍ ပျင်းသည်။
ဗိုက်ပြည့်နေသဖြင့် ပျင်းသည်။
ပျင်းပုံ ပျင်းနည်း အမျိုးစုံဖြင့် ပျင်းသည်။
တစ်ခါတစ်ခါမှာ ပျင်းတယ်လို့ ပြောဖို့ ရာတောင်မှ ပျင်းနေတတ်သေးသည်။

ပျင်းတတ်တဲ့ဘ၀ တစ်ချို့ က အိပ်ရမှာတောင် ပျင်းသတဲ့…။
မအိပ်ပဲ ငုတ်တုတ်ထိုင် နေရတော့ကော ပျင်းစရာ မကောင်းပေဘူးလား…။
တွေးရမှာတောင် ပျင်းပါတယ်လေ ဟု စဉ်းစားမိကာ ဆက်မတွေးချင်တော့ပြီ…။

သေသေချာချာ စဉ်းစားကြည့်တော့ ခုထက်ထိ ပျင်းစရာ ရှာမရသေးသော၊ ပျင်းရိဖွယ် မကောင်းသေးသော အလုပ်တစ်ခုတော့ ပြစရာ ရှိနေသည်။ ထိုအရာကား ဘလော့ဂ်ခြင်းပင်…။
အချိန်ရသ၍ ထိုဘလော့ဂ်တွေထဲမှာ ပျော်မွေ့ ၊ ဘလော့ဂ်တွေကို မပျင်းမရိ စိတ်ဝင်တစား လည်ပတ် ဖတ်ရှုသည်။ ကိုယ်တိုင်လဲ မတောက်တခေါက် စာတိုပေစများကို ကြိုးစားပမ်းစား ရေးသားနေသေးသည်။ ထိုဘလော့ဂ်လေးကြောင့် ချစ်ခင်စဖွယ် သူငယ်ချင်း မိတ်ဆွေသစ်များလဲ တိုးပွားလာသည်။ တစ်ယောက်ဆီကို တစ်ယောက် အိမ်လည် (ဘလော့ဂ်လည်) ထွက်ကြသည်။ C Box မှာ နှုတ်ဆက်စကားတွေ ဆိုကြသည်။ စာတွေဖတ်၍ Comment များ ရေးကာ စာမူခများ ပေးလေ့ရှိကြသည်။

ထိုဘလော့ဂ်တွေနဲ့  ပတ်သက်လျှင် ဘယ်သူက ဘယ်နိုင်ငံက ဘယ်မြို့ မှာနေသည်၊ ဘယ်သူကဖြင့် တစ်ကိုယ်တည်း… အဟဲ၊ ဘယ်သူတွေကတော့ အိမ်ထောင်ရှိကြသည်၊ ဘယ်သူတွေကတော့ မကြာမီ လာမည် မျှော်၊ ဘယ်သူနဲ့ ဘယ်ဝါ ဘယ်ဘလော့ဂ်မှာ ဘာတွေပြောကြသည်။ ဘယ်သူရဲ့  ဘလော့ဂ်မှာ ဘာလေးတွေ ထူးထူးခြားခြားတွေ့ရသည်။ ဘယ်သူ့ ဆီမှာ ဟင်းချက်နည်း အသစ်တွေ စားချင်စရာ ရှိနေသည်။ ဘယ်သူကတော့ဖြင့် ဘလော့ဂ် ခဏ နားနေသည်။ ဘယ်သူကတော့ ဒီရက်ပိုင်းမှာ ခရီးသွားနေလို့  ဘာပိုစ့်မှ အသစ်မတက်။ ဘယ်သူကတော့ ဘာပြဿနာတွေ တက်နေသည်။ ဘယ်သူကတော့ဖြင့် စိတ်တို ပေါက်ကွဲနေသည် စတာတွေအပြင် ဘယ်သူ့ ရဲ့ မွေးနေ့ က ဘယ်နေ့ ၊ ဘယ်သူတွေရဲ့  မင်္ဂလာနှစ်ပါတ်လည်က ဘယ်နေ့ ၊ ဒီနှစ်ဆို ဘယ်နှစ် နှစ်မြောက်... အစရှိသည်တို့ ကိုလည်း အထူးကျက်မှတ်စရာ မလိုပါဘဲ မှတ်မှတ်သားသား သိရှိနေတတ်သေးသည်။ သူတို့ တွေကို ကိုယ်တိုင် မမြင်ဖူး မတွေ့ ဖူး မသိကျွမ်းဖူးပေမယ့် စိတ်ထဲကတော့ ငယ်ပေါင်းကြီးဖေါ်များပမာ အရမ်းကို ရင်းနှီးနေသည်။

တနေ့ တနေ့  နံနက် မိုးလင်းလင်းချင်း အိပ်ရာထဲက မထွက်ခင် ကိုယ့်ဘလော့ဂ်လေးကို ဖုန်းထဲမှာ အရင်ခေါ်ကြည့်ရသည်။ Comment အသစ်တွေ၊ C Box လေးမှာ စာကြောင်း အသစ်တွေ မြင်ရပါက ရုံးနောက်ကျချင် နောက်ကျပါစေ ကွန်ပြူတာကို ခပ်မြန်မြန်ဖွင့်ပြီး ဖတ်သည်။ (ဖုန်းထဲမှာ မြန်မာစာလုံး မမြင်ရ၊ လေးထောင့်အတုံးများသာ မြင်ရသည်။) အလုပ်ချိန်မှာလဲ တစ်ချက် တစ်ချက် ကိုယ်နှစ်သက်ရာ ဘလော့ဂ်လေးများ၊ သူငယ်ချင်းများရဲ့  ဘလော့ဂ်လေးများကို ၀င် ၀င်ဖတ်ကြည့်ဖြစ်သည်။ ထိုအချိန်မျိုးတွေမှာတော့ ဖတ်ရုံသာ ဖတ်ပြီး Comment ကို နောက်မှ တစ်ခေါက်ဝင်ရေးသည်။ ထမင်းစားချိန်တွင်မူ ပြောစရာမလိုတော့… အစားကို ကောင်းကောင်း ဖြောင့်ဖြောင့် မစားနိုင်၊ အချိန်ပြည့် ဘလော့ဂ်လည်သည်။

ညနေ အိမ်ပြန်ရောက်တာနဲ့  စားဖို့ သောက်ဖို့ ကို ကဗျာကရာ ပြင်ဆင် စားသောက်ပြီးတာနှင့် ကွန်ပြူတာရှေ့ ရောက်သွားပြီး ဖွင့်မိသည်မှာလဲ ထိုဘလော့ဂ်များပင်။ ဟိုးအရင်ကလို ကစားနေကျ အွန်လိုင်းဂိမ်းများကိုလဲ မစွဲလမ်းတတ်တော့ပြီ။ ဂျီတော့ခ်မှာလဲ အနယ်နယ် အရပ်ရပ်မှ သူငယ်ချင်း တစ်သိန်းနဲ့ ချက်တင်း မနှောနိုင်တော့ပြီ။ အားအား ယားယား သူငယ်ချင်းများနှင့်လဲ ဟိုအကြောင်း ဒီအကြောင်း၊ Sales တွေအကြောင်း၊ Discount တွေအကြောင်း ဖုန်းဆက်ရင်း လေမပေါဖြစ်တော့ပြီ။ အချိန်တိုင်း ဘလော့ဂ်မှ ဘလော့ဂ်… ဘလော့ဂ်ပြီးရင်း ဘလော့ဂ်…။ အိမ်ကလူရဲ့  မကြိုက်တကြိုက် အကြည့်တချို့ ကိုလဲ ကြိုးစားပမ်းစား ဘာသာပြန် မနေချင်တော့ပြီ။ မသိချင်ယောင်ကို အကြီးအကျယ် ဆောင်ကာ လုပ်ချင်တာကို စိတ်ပါလက်ပါ လုပ်နေဖြစ်သည်မှာ တော်တော်ညဥ့်နက်သည်အထိ။ အချိန်ကျရုံတင်မက အချိန်လွန်နေပြီး မတတ်သာ၍ အိပ်လိုက်ရသော်လည်း စိတ်အတွေးတွေကတော့ ထိုဘလော့ဂ်လေးတွေဆီမှာ တရစ်ဝဲ၀ဲ။ မအိပ်ခင်မှာလဲ နောက်ထပ် ပိုစ့်အသစ်တစ်ခုအတွက် ဘာလေးရေးရပါ့မလဲ စဉ်းစား။ ဒါတွေအပြင် ရောက်လေရာ အရပ်တွေမှာလဲ ကင်မရာ တရမ်းရမ်းနဲ့  ဟိုရိုက်ရ ဒီရိုက်ရ၊ ကိုယ့်ကိုယ်ကိုယ် ပရော်ဖက်ရှင်နယ်လ် တစ်ယောက်လိုလို၊ ကမ္ဘာလှည့် ခရီးသည် တစ်ယောက်လိုလို ဘာလိုလို။ ဘေးလူ အမြင်ကပ်မယ်ဆိုရင် ကပ်ချင်စရာ။

ခက်တော့ တော်တော်ခက်နေသည်။
ထိုသို့ စွဲလမ်းနေခြင်းသည် အနာဂတ်အတွက် ကောင်းသော အလားအလာတစ်ခုတော့ မဟုတ်ပြီ။ ခုတောင်မှ လက်က ကိုက်၊ မျက်လုံးတွေက အောင့်၊ ဇက်ကြောတွေ တက်၊ ပြီးတော့ လူက အချိန်လုံး ညောင်းနေသလိုလို၊ အိပ်ရေး မ၀သလိုလို၊ ဟိုနားက နာ ဒီနားက နာ၊ အသက်ကလေးကလဲ ရလာတော့ ခန္ဒာကိုယ်က နဲနဲ အချက်ပြလာကြပြီ။ အိမ်ရှင်မတစ်ဦး ဖြစ်သောကြောင့် ပစ်ထားသော အိမ်အလုပ် အကြွေးတွေကို တစ်ခါတစ်ခါ စုပုံရှင်လင်း ရသည်မှာလည်း မနိုင်မနင်း။ ဒါဆို ဘယ်လိုလုပ်ရပါ့။

ဒီတော့ တစ်ခု စဉ်းစားမိသည်။
ကျန်တဲ့ ဘလော့ဂ်ဖေါ် ဘလော့ဂ်ဖက် သူငယ်ချင်း အပေါင်းအသင်း ရောင်းရင်းတွေရဲ့  အချိန်ကို စီမံခန့် ခွဲပုံ၊ ဘလော့ဂ်လေးအပေါ် စွဲလမ်းတတ်ပုံ၊ ဘယ်လိုအချိန်တွေမှာ ဘလော့ဂ်လေးအတွက် လှုပ်ရှားကြပုံတွေကို သိလိုသော စိတ်ဆန္ဒ ပေါ်လာမိသည်။ ပြီးတော့ အဲဒီစွဲလမ်းစိတ်တွေကိုလည်း ဘယ်လိုနည်းနဲ့  လျှော့ချကြသည်ကိုပါ တစ်ဆက်တည်း သိချင်နေသေးသည်။ ဒါတွေကို ပိုစ့်လေးတစ်ခု ဖြစ်ဖြစ်၊ Comment လေးမှာဘဲ ဖြစ်ဖြစ် ရေးပြီး ပြောပြကြရင်တော့ အတိုင်းထက် အလွန် (ပွပွကြီး ဖြစ်နေတာ မဟုတ်ပါ) ကျေးဇူးတွေ တင်နေမိမည်။

ခါတိုင်းလို တစ်ယောက်ချင်းစီ အမည်နာမတွေ ရေးသား၍ တက်ဂ်ရင် ကောင်းမလား၊ ဒါမှမဟုတ် ဒီပိုစ့်ကို လာဖတ်သူများထဲမှ ရေးချင်စိတ်ပေါ်လာသူများသာ ရေးပေးကြပါဟု ပြောရရင်ကောင်းမလား ဟုစဉ်းစားနေသည်။ ဘာဘဲဖြစ်ဖြစ်လေ… ဘလော့ဂ်ရေးသူတွေကို ကောင်းကောင်း ကိုယ်ချင်းစာနိုင်သည်။ ဘယ်သူမှ အချိန်တွေပေါလွန်း အချိန်တွေ အားလွန်း၍ ဘလော့ဂ်ရေးနေကြခြင်း မဟုတ်။ ထို့ကြောင့် နာမည်များဖြင့် မတက်ဂ်လိုတော့ပြီ။ ဒီပိုစ့်ကို လာဖတ်မိသော သူငယ်ချင်းတို့  တွေးမိသလို၊ စိတ်ကူးရရင် ရသလို၊ အချိန်ရရင် ရသလို ရေးပေးကြပါ ဟုသာပြောချင်ပါသည်။ ကြိုတင် ကျေးဇူးတင်နေပါသည်။


သူငယ်ချင်းများ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် ဘလော့ဂ်နိုင်ကြစေ…။

23 comments:

  1.်အမသက်ဝေ ညီမတို့လဲ ဘလော့ဂ်ရေးရင်း အချိန်ကုန်ကြတယ်။ လုပ်စရာစာတွေ မလုပ်ဖြစ်ရင် ညက ဘလော့ဂ်မှာ အချိန်ကုန်သွားတယ်။ နောက်နေ့အဲလိုမျိုး မဖြစ်စေနဲ့လို့ တယောက်နဲ့တယောက် သတိပေးပါတယ်။ တခါလေတော့လည်း ကိုဇနိရေ ဖတ်နေတာတွေ အခုပိတ်စမ်း၊ စာလုပ်စမ်းနဲ့ ပြောရင် သူလည်း ပိတ်ပါတယ်။
    နိနိကတော့ ပို့စ်ရေးရင် ကျောင်းမှာရေးတယ်။ ကျောင်းမှာ တနေကုန်ထိုင်နေတာ ကြာသွားတော့ ပျင်းလာတဲ့အခါ စိတ်ကူးပေါက်ရင် ရေးတယ်။ ဘလော့ဂ်ထဲမှာတော့ စိတ်နှစ်မထားဘူး အမ။ သိပ်လည်း မလည်နိုင်လို့ တချို့ဆို အားတောင်နာတယ်။ မအားတဲ့အခါ မရေးဘူး။ အားတဲ့အခါ ရေးမယ်လို့ တိုင်ပင်ထားတာ။ စာလုပ်လို့ တညလုံးကုန်သွားတဲ့အခါဆို ဘလော့ဂ်ဖက်ကို မလှည့်နိုင်ရင်လည်း မလှည့်ဘူး။ ခင်မင်ရာမိတ်ဆွေများ၊ ကိုယ်ကြိုက်တတ်တဲ့ ဘလော့ဂ်များ အသစ်တက်ရင်တော့ မလွတ်အောင်ဖတ်ဖြစ်တယ်။ တချို့တွေရဲ့ပို့စ်ကိုဆို စောင့်ဖတ်ပါတယ်။ ရှိတဲ့အချိန်ကို ဖဲ့ပြီး သုံးတယ်အမရေ။ စာဖတ်တာက ၀ါသနာပါတော့ အချိန်ရရင်တော့ ဖတ်တာပဲအမရေ။ ကိုယ်ပြောချင်တာလေးတွေလည်း အဆင်ပြေတဲ့အခါရေးသပေါ့ အမရာ။
    ခင်မင်စွာ

    ReplyDelete
  2. ဘလော့အတွက် ပုံမှန်းအချိန်ကို ည၇ နာရီလောက်ကနေ
    ဆယ်နာရီလောက် အထိသုံးတယ်ဗျ
    လည်တာ ဖတ်တာရော အပါအ၀င်ပေါ့လေ၊
    အားလပ်ရက်တွေဆို တစ်မျိုးပေါ့
    စာတွေကိုတော့ ကြိုရိုက်ထားတယ်၊
    အားနေတဲ့ အချိန်ရှိတယ်ဆိုရင်ပေါ့
    ပြီးသွားရင် Time Edit လုပ်ပြီးတင်တယ်၊
    အဲလိုလုပ်တင်ထားတာက ခရီးသွားနေတာမျိုးဆိုလည်း
    ပိုစ်ပုံမှန်တက်နေအောင်လုပ်လို့ရတာပေါ့၊
    ဒါမှမဟုတ် စိတ်ကူးပေါက်တဲ့အချိန်ထပြီး
    ခလုတ်နှိပ်လိုက်ရုံနဲ့ ပိုစ်က တင်ပြီးသားဖြစ်သွားတာပေါ့၊
    အဲလိုလုပ်တယ်။

    တတ်နိုင်ရင်တော့ ငယ်ငယ်တုန်းကလို စာကျက်ချိန်တွေကို
    ဇယားလုပ်ပြီး ထားတာအကောင်းဆုံးပဲ အစ်မရေ..
    ခံစားမှုနဲ့ရောလျက်နေမယ်ဆိုရင်တော့
    စိတ်က တစ်ကြောင်းထားမရတော့ပဲ စိတ်ထဲပေါ်ရင်ပေါ်လာသလို
    လုပ်ချင်တာက အနိုင်ယူသွားတတ်တယ်..
    နောက်တစ်ချက်က ရေးတဲ့ဟာတွေကလည်း ဦးတည်ရာတစ်ခုတည်း
    ရှိမနေတော့ပဲ အတက်အကျ အရမ်းပြန်ပြီး ဗြောက်သောက် ဖြစ်သွားတတ်တယ်
    တော်ကြာပျော်ပြန်ပြီ၊ တော်ကြာလွမ်းပြန်ပြီ၊ တော်ကြာငိုပြန်ပြီ..
    (ကျွန်တော့်ဆီမှာလည်း အဲလိုဖြစ်နေတာ အများကြီးရှိတယ်)
    ဒါတွေက စာဖတ်သူကို အနည်းနဲ့အများတော့
    အနှောက်ယှက်ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်

    ဘလော့ဆိုတာ ဒိုင်ယာရီအစစ်မှ မဟုတ်တာ
    ဖိုင်တွဲသိမ်းထားသင့်တဲ့ အကြောင်းအရာတွေကို
    တွဲထားကြည့်တဲ့သဘောပါပဲ
    ဘလော့မှ ဘလော့ဆိုတာ ဖြစ်လာခဲ့ရင်တော့
    ဒိုင်ယာရီကို လူတကာဖတ်ဖို့ လုပ်ပေးလိုက်သလို ဖြစ်သွားနိုင်တယ်
    (ရေးတဲ့ အမျိုးအစားမျိုးစုံတော့ ရှိနိုင်တာပေါ့လေ၊
    ခံစားမှုအကြောင်းအရာနဲ့ ယှဉ်ပြီးရေးတဲ့ အရာတွေကိုပြောတာပါ)
    နောက်တစ်ခုက ဟိုမြင်ရေးချင်၊ ဒီဟာမြင်ရေးချင်၊
    ဟိုဟာတွေးမိရေးချင်၊ ဒီဟာတွေးမိရေးချင် ဖြစ်နေတာမျိုးက
    တစ်ခါတလေမှာ ကိုယ့်ရဲ့ အားနည်းမှုတွေကို သွားပေါ်စေတယ်။
    ဒီအချက်က သတိထားရမယ့်အချက်ပဲ
    အင်တာနက်ပေါ်မှာ ကိုယ့်အကြောင်း လူများများသိလေ
    ကိုယ့်အတွက် အန္တရယ်ရှိလေပဲလို့ ကျွန်တော်ယူဆမိတယ်
    ကိုယ်ရဲ့ ပုံမှန်ဘ၀ကိုပါ ပိုပြီး အကျပ်အတည်းရောက်လာစေနိုင်တယ်
    ဥပမာ .. ပိုစ်တစ်ခုပဲဖြစ်ဖြစ်၊ comment တစ်ခုပဲဖြစ်ဖြစ် ကို တင်တုန်းကတော့ တင်လိုက်ပြီ
    တင်ပြီးသွားတဲ့ အခါမှာ မှားများမှားသွားလေပြီလားဆိုတဲ့အတွေးက
    လက်ရှိနေထိုင်နေတဲ့ အချိန်ကို အနှောက်အယှက်ဖြစ်နိုင်တယ်ဗျ၊ ဒီသဘောပါ

    ပြောသာပြောရတာပါ၊ ကျွန်တော်ထင်နေသလိုလည်း
    ဟုတ်ချင်မှ ဟုတ်မှာပေါ့
    အကောင်းဆုံးကတော့ ဘလော့မှ ဘလော့ဆိုတာဖြစ်နေရင်တော့
    သိပ်မကောင်းသေးဘူးဗျ... ခွဲထားနိုင်ရမှာလေ
    ဂိမ်းစွဲတဲ့ လူတစ်ယောက်လိုဖြစ်နေတာ မကောင်းဘူးဆိုသလိုပေါ့
    ဘုရားတောင် ဟောတယ်မလား အလယ်လမ်းဆိုတာ ...
    ကျွန်တော်လည်း အဲလိုအဆင့်ရောက်အောင်
    ကြိုးစားနေတုန်းပါပဲ၊ စလုပ်နေပြီဆိုပါတော့...

    ReplyDelete
  3. ဟ ဟ ဟ။....လုပ်ပီ..အစုတ် ပလုပ်

    ReplyDelete
  4. တူတူပဲ...။စိတ်ခံစားမှုတွေက..။ဘာလို့အဲ့လိုဖြစ်တယ်မသိဘူးရယ်..။

    ခင်မင်လျက်

    ReplyDelete
  5. မမသက်ဝေရေ.. ဘလော့ခ်စရေးခါစကတော့ စွဲလမ်းတယ်.. ကိုယ့်ရေးတင်ထားတဲ့စာကို ကိုယ့်ဘာသာဖတ်ပြီး ကြည်နူးမိတာပေါ့.. ဒါပေမယ့် အပြင်က အလုပ်က ပိုပြီးအရေးကြီးလာရင် ဘလော့ခ်ကို ခဏလောက်ပဲ ၀င်ကြည့်မိတာမျိုးတွေဖြစ်လာတယ်။ အလုပ်ပါးရင်တော့ လျှောက်လည်တာမျိုး စာရေးတာမျိုး လုပ်ဖြစ်ပေမယ့် အလုပ်အရမ်းများနေရင် လူတအားထိတယ် အမ.. ညပြန်လာရင် ၁၁ နာရီ ၁၂ နာရီမှ၊ စားသောက် အိပ်ယာဝင်ရင် ည ၁ နာရီကျော်ပြီဆိုတော့ ဘလော့ခ်ရင် မိုးပါလင်းတယ်။ တခါတလေ စာအသစ်တင်ချင်လွန်းလို့ မနက် ၂ နာရီ ၃ နာရီအထိ စာထိုင်ရေးပြီး တင်မိတယ်.. နောက်တနေ့ မထနိုင်ဘူးပေါ့.. နောက်ပြီး အိမ်ထောင်နဲ့ ဆိုတော့ ပိုဆိုးတယ်... ပိတ်ရက်လည်း ပိတ်ရက်မို့ ရုံးဖွင့်ရက်လည်း ဖွင့်ရက်မို့.. တခါတလေ စာလာဖတ်သူတွေကို အားနာပေမယ့် ဘယ်လိုမှ အချိန်ကို ညှိလို့ မရဘူး.. ဒါကြောင့် ဖြေးဖြေးနဲ့ မှန်မှန်လေး ရသမျှ အချိန်လေးကို ရသလိုလေး ရေးသွားမယ် စိတ်ကူးတယ် အမ။ အဓိက စာရေးတဲ့ ၀ါသနာလေးကို အားတဲ့အချိန်မှာ အသုံးချတဲ့သဘောပါပဲ.. ဒါပေမယ့် ဘယ်အရာမဆို အလွန်အကျွံမဖြစ်ရင် ပြီးတာပါပဲ အမရယ်.... :)

    ReplyDelete
  6. ဟုတ်တယ် သက်ဝေရေ လင်းလဲ တနေ့ တနေ့  ဘလော့နဲ့ ပဲ အချိန်တွေကုန်၊ အပြင်ထွက်တဲ့အချိန်လဲ ဘလော့ပေါ်စိတ်ရောက်၊ ဘာလေးရေးရင် ကောင်းမလဲ စိတ်ကူးနဲ့ စာစီကောင်းတာ ဆင်းရမဲ့ ဘူတာတွေလဲ ကျော်ပြီးပါသွားတာ ခဏခဏ

    ReplyDelete
  7. သက်ဝေရေ- ဒီအချိန်လောက်ဆို..အရှိန်တက်တုန်းပေါ့.. ( အဟဲ..ဆရာကြီးလေသံနဲ့)

    နောက်တော့..အရှိန်က..
    ---
    ---
    ပို-ပို တက်လာရော..း)

    ဘေးက..စူပွ..စူပွ မျက်နှာတွေလည်း..ကြိုးစားပြီး..ဘာသာပြန်မနေနဲ့..း) မခင်ဦးမေလို.. အိပ်ချင်ယောင်ဆောင်ပြီး..မှ ထလာသုံးပေါ့။း) ဒါလည်း..သဲကိုးဖြာထဲက.. တခုပေါ့။

    ကဲ- အတည်ပြောမယ်- ဒိလိုပါပဲ.. ဒီ့ထက်ပိုပျင်းပြတဲ့..ဆန္ဒနဲ့ အကြောင်းတခု မရှိရင်တော့..စိတ်ဆိုတာ..သာရာနေရာမှာ ကျနေမှာပဲလေ။ သက်ဝေ တယောက်ထဲ မဟုတ်ပါဘူး.. အဖော်တွေအများကြီးပါပဲလို့.. အားမငယ်နဲ့။း)

    ReplyDelete
  8. သက်ဝေရေ...
    တို့ကတော့ ညပိုင်း 9:00pm ကနေ 11:00pm လောက်ထိ သူငယ်ချင်းဘလောက်တွေ်နဲ့သတင်းတွေဖတ်ဖြစ်တယ်။
    စာရေးချင်ရင်ကတော့ စနေတရက်ယူလိုက်တယ်။
    ခလေးတွေကျူရှင်သွားချိန်ပေါ့်။

    ReplyDelete
  9. မသက်ဝေရေ...
    ရောဂါတူတွေပဲ...
    ဟားဟ

    ReplyDelete
  10. ရေးရရင်တော့ အရှည်ကြီးပဲအစ်မရေ့။
    အဒူဒူ နဲ့ အဏူဏူ ပါပဲ။
    လောလောဆယ်တော့
    ငါ့အစ်မ Blogger ပီသတယ်လို့ပဲ ပြောချင် ပါတယ်။ လေးစားလျက် ။

    http://winzaw-mdy.blogspot.com/

    ReplyDelete
  11. http://khinoomay77.blogspot.com/2008/11/blog-post.html

    မဖြတ်ချင် လျှော့ဘို့ကတော့ နေ့တိုင်းစဥ်းစားသည်။ ည ၂ နာရီ အခုရှိပါပြီး။

    ReplyDelete
  12. မသက်ရေ...
    ကျနော်မရောက်တာကြာပြီ...
    ကိုယ့်ကိုကိုယ်တောင်စိတ်ဆိုးတယ်...မလည်နိုင်လို့ ..။
    အားလဲနာတယ်...
    အခုလာဖတ်တော့လဲ တက်ဂ်သလိုလိုစာနဲ့ တွေ့ ပြီ...
    ဘလော့ဂ်ကတော့ ကျားမြှီးဘဲဗျ...
    ကိုင်မိလိုက်ကြတာ..ကိုး...။
    ဘလော့ဂ်သာ အစားအသောက်တစ်ခုဆိုရင်
    လူတွေစွဲလန်းအောင် ဘိန်းဖြူထည့်ထားသလားမေးမိမှာ...
    တူတူပါဘဲဗျာ...။
    တစ်ခုတော့မှာမယ်ဗျာ
    ဘလော့ဂ်လဲ ရေးပါ
    အိမ်မှာလဲ လိမ်လိမ်မာမာနေပါဗျာ...
    ကျနော်တောင် ကွန်ပြူတာဖွင့်တော့မယ်ဆို မဒမ်ဆူးစက်ကွင်းလွတ်အောင် မီးဖိုခန်းမှာ ကူသယောင်ယောင်နဲ့  လှည့်ပြီးမှ ကွန်ပြူတာထိုင်ရတော့တာ..
    ဘလော့ဂ်လေ....ဘလော့ဂ်..။

    ReplyDelete
  13. စစ်တမ်း လာဖြေပေးသွားတာ ကျေးဇူးနော်။ ဆေး ရှာနေတုံးပဲ။ အပေါ်ဆုံးက ပြောသွားကြတာ ကောင်းတယ်။ သူတို့က စိတ်နိုင်ပုံတော့ ရတယ်။

    ReplyDelete
  14.်ဘလော့ဂ်ကို အားရင် အားသလို အချိန်ပေးပါတယ်။
    အလုပ်များတဲ့အခါ မရေးဖြစ်ပေမယ့် ကိုယ် နှစ်သက်တာလေးတွေ၊ သူငယ်ချင်း မိတ်တွေရဲ့ ဘလော့ဂ်ကို ဖတ်ပါတယ်။ အားအား မအားအား မနက်ဆို လုပ်စရာ အကုန်လုပ်ပြီးမှ ကွန်ပြူတာရှေ့ ဖြစ်ရောက်အောင် အကျင့် လုပ်ထားရတယ်။ ညပိုင်းဆိုရင်တော့ ညအတော်နက်တယ်။
့်အချိန်ပိုလေးရှိတုန်း ကိုယ်လုပ်ချင်နေတာလေးကို လုပ်နေတဲ့ သဘော ပိုများတယ်။ အရင်တုန်းက တစ်ပတ်ကို ပို့စ်တစ်ခုတောင် မတင်ဖြစ်ပါဘူး။ အမျိုးသားကလည်း ဘလော့ဂ်ရေးတာ၊ ဖတ်တာ အချိန်ကုန်လို့ မလုပ်စေချင်ဘူး။ အခု အားနေတုန်းမို့သာ ဘာမှမပြောတာ။

    ReplyDelete
  15. အားလုံး... ဘ၀တူတွေချည်းပါပဲဗျာ...
    ထင်တာကတော့... အဲလိုမျိုး... အပြန်အလှန်... လည်ပတ်စီးဆင်းနေတဲ့... အသိုင်းအ၀ိုင်းမျိုးကို... မရင်တုန်းက... အပြင်ဘ၀မှာ... မရခဲ့လို့လား... လို့...

    ဘလော့ရေးမှ... တူရာတူရာလေးတွေ... စုမိကြတာကိုး... အနည်းဆုံးတော့... ပူမှုဆယ်ကုဋေကနေ... ခဏလောက်... ထွက်ပြေးလို့ ကောင်းတဲ့နေရာက... ဘလော့ပဲ... ရှိတာကိုး...

    မီးလျှံမြေခွေး... သယ်ဆောင်ပေးသွားရာ... ၀ိညာဉ်ကိုပါ... ထည့်ပေးလိုက်တယ်လေ... ပြီးရော...

    ခုတော့.. ဘလော့စွဲနေတာလား... ဘလော့ရောဂါလား... ဘာပဲဖြစ်ဖြစ်... ကုဖို့တော့... အတော်ခက်နေပြီကော...း)

    ReplyDelete
  16. U need physical excercise...:D

    ReplyDelete
  17. သက်ဝေရေ.. ပြောချင်တာတွေတော့ အများကြီးပဲ။

    ဘလော့ဂ်ဆိုတာရော..တီဗွီတွေရော.. ဂိမ်းတွေရောက စွဲတတ်ပြီး အချိန်ကုန်စေတတ်တာပါပဲ။ ဘလော့ဂ်မလုပ်ပေမယ့် ဒီအတိုင်းလဲ အချိန်တွေ ကုန်နေတတ်တာပါပဲ။

    ကိုယ်ပျော်တဲ့ နေရာမှာတော့ အချိန်ရရင် ရသလို အချိန်လေးပေးပြီး နေပါတယ်။ တာဝန် ၀တ္တရားတွေကတော့ ပျက်ကွက်လို့မှ မရတာ။

    ပို့စ်တွေကိုလည်း မျှပြီး ဖတ်၊ တင်စရာတွေလည်း ဖြေးဖြေးချင်း ရေးတင်ကြတာပေါ့။ ဒါမှ ဘလော့ဂ်သက်တမ်းလေး ကြာကြာ နေနိုင်မှာကိုး..။

    ကိုယ်လည်း ကျန်းမာမှ၊ ကိုယ့်ဝန်းကျင်က လူတွေကလည်း အမြင်ကြည်ပါမှ၊ ကိုယ်ဘာသာ လုပ်သင့်တယ် ထင်တာတွေကို မလုပ်ပဲ အချိန်ကုန်နေလေခြင်းဆိုတဲ့ ကိုယ့်ကိုကိုယ် အပြစ်မတင်မိကာမှ.. ဘလော့ဂ်နဲ့ ဆက်ဆံရာမှာ လွတ်လွတ်လပ်လပ် လိပ်ပြာသန့်နိုင်မှာလေ..။

    ဒါကတော့ တို့ရဲ့ ဘလော့ဂ်နဲ့ ကိုယ်ပေါ့..။ ကြိုးစားနေဆဲ....ဟဲဟဲ

    ReplyDelete
  18. ဘလောဂ့် တာ...ကို ဖတ်ပေးပါဦး သက်ဝေ

    ReplyDelete
  19. အင်း။ ကျွန်တော်တော့ အရင်က ဘလော့ဂ်ရောဂါ အတော်ရင့်ဖူးတော့ နောက်တစ်ခေါက် ပြန်ဖြစ်တဲ့ အချိန် ပထမအခေါက်လောက် မဆိုးတော့ဘူး။ :D

    ReplyDelete
  20. အနော်ကတော့ ခုဆိုဘလော့ဂ်ကြောင့် ညဖက်ရုပ်ရှင်ကြည့်တဲ့အချိန်တွေ တော်တော်ပေးလိုက်ရတယ်းP
    ရောပါတူပါပဲ မမရေ..။

    ReplyDelete
  21. cheese cake စားပြီးပြီ။ ကျေးဇူးပါ စီဗုံးမရှိတော့ ဒီမှာဘဲ အော်ခဲ့တယ်နော်

    ReplyDelete
  22. အစ်မရေ.. အကြီးအကျယ် မသိချင်ယောင်ဆောင်တယ်ပေါ့.. တိုင်ကြောမယ်..။
    လေးမတော့ အားရပါးရကို ပစ်ထားတတ်လာပါပြီ ...။ ဘာကြောင့်လဲဆိုတာတော့ အကြောင်းအမျိုးမျိုးကြောင့်လို့ ပဲ ဖြေရတော့မယ်ထင်တယ်..။

    ReplyDelete
  23. မမသက်ဝေ
    ဘလော့ဂ်အကြောင်းတော့ မပြောပါနဲ့တော့။
    ဘလော့ဂ် မဖတ်ဖြစ်ရင်၊ စာမရေးဖြစ်တာ ကြာသွားရင် အိမ်စာမပြီးတဲ့ ကလေးလိုပဲ၊ ဘာလုပ်လုပ် စိတ်ကို မဖြောင့်ဘူး။ ခုတော့ လျှော့မယ်လို့ စဉ်းစားတာလဲ အကြိမ် တသောင်း ရှိပါပေါ့။ စဉ်းစားတုန်း..

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...