Saturday, February 14, 2009
ထာဝစဉ်
ဒီရုံးပိတ်ရက်မှာတော့ စာကြည့်ခန်းကို ရှင်းမှဖြစ်တော့မည်ဟု စိတ်ဆုံးဖြတ်ကာ အခန်းထဲကို ၀င်လာခဲ့သည်။ အခန်းထဲ ရောက်ရောက်ချင်း အချိန်ဆွဲမနေတော့ပဲ ပထမဆုံး မြင်နေရသော စာကြည့်စားပွဲပေါ်မှ စာအုပ်တစ်ထပ်ကို ကြမ်းပြင်ပေါ်သို့  ဆွဲချကာ ဖတ်လက်စ စာအုပ်များကို သပ်သပ် ဖယ်ထုတ် စုပုံထားလိုက်သည်။ တဖန် အရွယ်အစား မတူညီကြသော သတင်းစာများ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများကို ညီညီညာညာ ခွဲခြား စုပုံ ပြီး အချို့ ကို စားပွဲနံဘေးရှိ ကြိမ်ခြင်းလေးထဲကို လှမ်းထည့်လိုက်သည်။ ပြီးတော့ စားပွဲပေါ်မှာ ရှိနေသော စာရေးကရိယာများ ထည့်သော ခွက်ကလေး အပါအ၀င် ပိစိ ပိစိ အရာကလေးများကိုလဲ ဖုန်နဲနဲခါပြီး သူ့နေရာနှင့်သူ စနစ်တကျ ထားလိုက်သည်။ ဒီလိုဆိုတော့ စာကြည့်စားပွဲလေးက တော်တော်ကြည့်ကောင်း သပ်ရပ်သွားလေသည်။ အခန်းနံရံ တလျှောက်မှ စာအုပ်စင် နှင့် စာအုပ်ဘီဒိုများဆီကို မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်သည်။ သိပ်မဆိုးလှ၊ သူ့နေရာနှင့်သူ စနစ်တကျ ရှိနေသည်။
နောက်တော့ သူ့ စာကြည့်စားပွဲနှင့် တွဲလျက်ရှိနေသော အံဆွဲသုံးဆင့်ကို သြော့ဖင့် ဖွင့်လိုက်သည်။ အံဆွဲ၏ ပထမဆုံးအဆင့်တွင် နှစ်အလိုက်ရေးထားခဲ့သော ဒိုင်ယာရီ စာအုပ်များနှင့် မှတ်စုစာအုပ် အချို့ ၊ ဒုတိယအဆင့်တွင် ဘွဲ့လက်မှတ်များ အပါအဝင် အလုပ်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို ဖိုင်တွဲများနှင့် စနစ်တကျတွေ့ရသည်။ အံဆွဲ၏ တတိယအဆင့်ကို ဆွဲထုတ်သင့် မသင့်ကို ခဏတော့ စဉ်းစားနေမိသေးသည်။ သို့သော် စိတ်က စဉ်းစား၍မှ မဆုံးခင် လက်က ထိုအံဆွဲကို အလိုလို ဆွဲထုတ်မိလျက်သား ဖြစ်နေပြီ။ ထို့နောက် ကိုယ့်ကိုယ်ကို သတိထားလိုက်မိချိန်မှာ သူသည် ထိုအံဆွဲထဲမှ သက်မဲ့ အရာဝတ္တုများကို စက္ကန့်တော်တော်များများ အသက်မရှုပဲ ကြည့်နေမိကြောင်း သိလိုက်ရသည်။ မျက်စေ့ရှေ့တွင် မြင်တွေ့ နေရသော အရာများ ဝေဝါးသွားသော်လည်း အားလုံးထဲမှ အပြာရောင် ကဒ်ထူဘူး ရှည်ရှည်လေး တစ်ခုကိုတော့ ကြည်လင်ပြတ်သားစွာ မြင်တွေ့နေရသည် …။
ပြီးတော့.. အသက်ရှုထုတ်လိုက်သည်လား သက်ပြင်းချလိုက်သည်လား.. မမှတ်မိတော့…။ ထို အပြာရောင် ဘူးကလေးကို ဆွဲယူကာ စားပွဲပေါ်တင်ပြီး အဖုံးကို ဖွင့်လိုက်သည်။ I Love You ဟု စာတမ်း ရေးထိုးထားသော အနီရောင် အသဲပုံကို ရင်ဝယ် ပိုက်ထားသော Me To You မီးခိုးရောင် အမွေးပွ Teddy Bear တစ်ကောင်၊ နောက်တော့ ရောင်စုံ စက္ကူငှက်ရုပ် သေးသေးလေးများ ပါဝင်သော ဖန်ပုလင်းပုကလေး တစ်လုံး၊ “အထဲမှာ ငှက်လေးတွေ ဘယ်နှစ်ကောင်ပါသလဲ… မှန်းကြည့်ပါလား” ဟူသော အသံချိုလွင်လွင်ကို ပြန်လည် ကြားယောင်လာသည်။ သူ ပြုံးလိုက်မိသည်။ ပြီးတော့ ဆိုနီ အီရစ်ဆင် မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် လမ်းညွှန် စာအုပ်လေးတစ်အုပ်၊ “စာအုပ်ဖတ်ကြည့်မှ ဘာတွေ ဘယ်လိုလုပ်ရမလဲ၊ ဖုန်းကို ဘယ်လိုသုံးရမလဲ သိတော့မပေါ့” လူကြီးသူမသဖွယ် ပူညံညံ စကားသံတချို့ကို တဆက်တည်း ကြားယောင်လာပြန်သည်။ သူ နောက်တကြိမ် ပြုံးလိုက်မိသည်။ ထို့နောက် ဘူးထဲမှာ ရှိနေသေးသော ကီးချိန်းတချို့နှင့် သီချင်းစီဒီ၊ ဗွီစီဒီ တချို့ကို ခပ်ရှမ်းရှမ်း တချက်ကြည့်လိုက်ပြီးနောက် မြင်ကွင်းထဲကို တည့်တည့်မတ်မတ် ရောက်လာသော အရာလေးတစ်ခုက… ဖြုကြည်ကြည် ကြယ်သီး ဝိုင်းဝိုင်းလေး တစ်လုံး။
ထိုကြယ်သီးလေးကို တွေ့လိုက်ရတော့ ခုနတုန်းကလို သူ မပြုံးနိုင်တော့ပေ။ သက်ပြင်းကို အသာချရင်း ထိုကြယ်သီးလေး အကြောင်းကို တွေးလိုက်မိသည်။ သူကပဲ ကြယ်သီးလေးကို ကြည့်ရင်း အတွေးနယ်ချဲ့ မိလေသလား…။ ဒါမှမဟုတ် ကြယ်သီးလေးကပဲ သူ့ကို ဆွဲငင်ခေါ်ဆောင်သွားသည်လား…။ ကိုယ်တိုင် ရေရေရာရာ မဝေခွဲနိုင်ခင်မှာပင် သူ၏ စိတ်အစဉ်သည် ဟိုး အဝေးတစ်ချိန် ဆီသို့…။
*****
“လဘက်ရည် ဖျော်တိုက်မယ်ဆို စာအုပ် လာပေးလှည့်မယ်လေ… ဘယ်လိုလဲ…”
ဖုန်းထဲက သူမ အသံကိုကြားလိုက်ရတုန်းက ရင်ထဲမှာ လှိုက်ကနဲ ခုန်သွားပြီး စိတ်ထဲကတော့ မယုံရဲရဲ ဖြစ်ခဲ့ရသည်။ တခြားသူငယ်ချင်းများနှင့် စာအတူတူ စုကျက်နေကျမို့  ဒီအခန်းလေးကို သူမ ရင်းနှီးပြီးသား ဖြစ်သည်။ အရင်ရက်တွေက လက်ချာနှစ်ခုလောက် လွတ်သွားသဖြင့် စာအုပ်ငှားရန် မနက်က သူမဆီ ဖုန်းဆက်ကြည့်တော့ ဒီနားက သူငယ်ချင်းတစ်ယောက်ဆီ လာစရာရှိသည်မို့  သူ့  အခန်းလေးဆီကို တဆက်တည်း လာခဲ့မည် ဟု သူမက ပြောလာခဲ့သည်။ လဘက်ရည် ဖျော်တိုက်ရန်ပါ ပါလိုက်သေး…။
“ဒါဆိုလဲ အိုကေလေ…See you…” ဟု သူ ပြန်ပြောလိုက်သည်။
တော်တော်လေးကြာတော့ “အိမ်ရှင်တို့ … အိမ်ရှင်တို့ …” ဟူသော စီစီညံညံ အသံလေးနှင့်အတူ သူမ ရောက်လာခဲ့သည်။ ကျောပိုးအိပ် အနက်ရောင်ကလေးကို လွယ်ထားပြီး ပိုလို တီရှပ် အနက်ရောင်၊ ဘောင်းဘီရှည် အနက်ရောင် နှင့် မျက်လုံးနက်နက် ဆံပင်နက်နက်နှင့် ကြည်လင် လန်းဆန်းနေသော သူမကို တွေ့ လိုက်ရတော့ ကိုယ့်ရင်တွေ အဆပေါင်းများစွာ တိုးလို့ ခုန်လာခဲ့သည်။ သူမကတော့ အခါများစွာတုန်းကလို တည်တည်ငြိမ်ငြိမ်။
“ဒီမှာ စာအုပ်တွေ… ဘယ်မှာလဲ လဘက်ရည် က…”
သူမ က မေးလာတော့မှ အိပ်ရာကနိုးလာသူ တစ်ယောက်လို ကမန်းကတမ်း ထကာ အသင့် ဖျော်ထားသော လဘက်ရည် ပန်းကန်ကို ယူလာပေးလိုက်သည်။ သူမက သူ၏ ဝေဝေဝါးဝါး ပုံစံကို မျက်မှောင်ကြုတ်၍ ကြည့်နေသောကြောင့် စချင် နောက်ချင်စိတ် ပေါက်လာကာ “စိတ်ချလက်ချ သောက်ပါ… ဘာဆေးမှ ခပ်မထားပါဘူး...” ဟု လွှတ်ကနဲ ပြောလိုက်မိသည်။ ပြူးကျယ် ဝိုင်းစက်သွားသော သူမ၏ ချစ်စဖွယ် မျက်လုံးနက်နက်လေးများကို ကြည့်ကာ သူ ဟက်ဟက်ပက်ပက် ရယ်မော လိုက်ပါသည်။ ဒီလို မရယ်ရတာ တော်တော်ကြာနေပြီပဲ…။
ကိုယ်တို့နှစ်ယောက်ကြားက တစထက် တစ ငြိတွယ်လာသော သံယောဇဉ်ကြိုးတွေကို ကိုယ်စီ မသိချင်ယောင်ဆောင်ရင်း သူငယ်ချင်းဘဝနှင့် ရပ်တည်နေခဲ့ကြတာ လပေါင်းများစွာ ကြာခဲ့ပြီ။ မဖြစ်နိုင်တာတွေကို ဖြစ်လာအောင် မကြိုးစားချင်။ ရင်ခုန်သံတွေကို မသိချင်ယောင်ဆောင်၊ နှလုံးသားကို လိမ်ညာ၊ မျက်ဝန်းအကြည့်တွေကို ထိန်းသိမ်း၊ ရှေ့ကို ဆက်တိုးဖို့ကို ကိုယ်စီ မေ့ဖျောက်ထားကြပြီး လက်ရှိ အနေအထားလေးမှာ အကောင်းဆုံးဖြစ်အောင် နေခဲ့ကြသည်။ ဒါမှလဲ အားလုံးအတွက် အဆင်ပြေလိမ့်မည်။
ဆက်တီမှာ ငြိမ်ငြိမ်လေး ထိုင်ရင်း လဘက်ရည်သောက်နေသော သူမကို မျက်နှာချင်းဆိုင် စာကြည့်စားပွဲက ကုလားထိုင်မှာ ဝင်ထိုင်ရင်း ခပ်တွေတွေ စိုက်ကြည့်နေမိသည်။ အနည်းငယ် စိုနေသေးသော ဆံပင်များကြောင့် သူမ ခေါင်းလျှော်လာခဲ့သည်ဟု ယူဆမိပါသည်။ နုနယ်သော မျက်နှာကလေးက ဘဝမှာ ဘာမှ အပူအပင်မရှိခဲ့ရသော အနေအထားကို သိသိသာသာ ဖေါ်ပြနေကြသည်။ သူ သက်ပြင်းကို အသာချလိုက်မိသည်။ ရင်ထဲမှာ ပူလောင်နေသည်။ အသက်ရှုလို့ လဲ မဝ။ လည်ချောင်းတွေလဲ ခြောက်ကပ်နေကြသည်။ ရေသွားသောက်ရင် ကောင်းမည်။ သို့သော် နေရာမှ မရွေ့နိုင်သေး။
သူမကရော… အရင် အခါများစွာတုန်းကလို ဘာကြောင့် စကားတွေ ဖေါင်ဖေါင်ကြဲအောင် မဆိုပါသလဲ။ အကြည့်တွေကို သူမ၏ လက်ချောင်းလေးများဆီသို့ လွှဲဖယ်လိုက်မိသည်။ ပန်းနုရောင် လက်သည်းဆိုးဆေး ဆိုးထားသော လက်ချောင်းလေးများကို တွေ့တော့ သူ စကားစ ရှာလို့ ရသွားသည်။
“အလှတွေ ဘာတွေပြင်လို့ပါလား…”
အူကြောင်ကြောင် မျက်နှာနှင့် မော့ကြည့်လာသော သူမကို မျက်လုံးများနှင့် အဖြေပေးမိသည်။ ကိုယ့်မျက်လုံးများ ရွေ့လျားရာကို သူမ လိုက်ကြည့်နေရင်း “အော်… ဒါလား...” ဟု ခပ်တိုးတိုး ဆိုသည်။ ပြီးတော့ လက်ချောင်းလေးများကို ထောင်ကြည့်ရင်း “အလှမပြင်ပါဘူး… လက်သည်းနီနဲ့ နှုတ်ခမ်းနီပဲ ဆိုးတာပါ…” ဟု ဆိုလာသည်။ အခုမှ ကြည့်မိသည်။ ပန်းနုရောင် နှုတ်ခမ်းဆိုးဆေးသည် သူမကို ရှိရင်းစွဲ အသက်ထက် ပိုနုနယ် ငယ်ရွယ်စေသည်ပဲ။
ဆက်စရာ စကား ရှာမတွေ့သဖြင့် အိမ်အနောက်ဖက်သို့ လျှောက်ကာ ရေခဲရေ တစ်ပုလင်းကို ယူပြီး တရှိန်ထိုး မော့ချလိုက်မိသည်။ ပြီးတော့ အသိကင်းမဲ့နေသူ တစ်ယောက်ပမာ သူမ ဘေးတွင် ဝင်ထိုင်ကာ သူမ၏ လက်ချောင်းလေးများကို ရုတ်တရက် ဆွဲယူလိုက်မိသည်။ ကိုယ့်ကို အလန့် တကြား မော့ကြည့်လာသော သူမ၏ မျက်လုံးအိမ်ထဲမှာ ပြည့်နေသော မျက်ရည်တွေကို တွေ့လိုက်ရသောအခါမှာတော့ တင်းမာစွာ ထိန်းသိမ်းထားသော ကိုယ့်စိတ်တွေ အားလုံး တစ်စချင်းစီ ပြိုကွဲ ကုန်ကြသည်။
သူမ စိတ်တွေ ဘယ်လောက် မွန်းကြပ် ပင်ပန်းနေပြီလဲ ဆိုတာကို မှန်းကြည့်လို့ ရသွားသည်။ ကိုယ့်လက်ကို ပြန်လည်ဆုပ်ကိုင်လာသော သူမ၏ လက်ချောင်းသေးသေးလေးတွေကို ကြေကွဲ နာကျင်စွာ ငုံ့ ကြည့်နေမိသည်။ နှစ်ယောက်သား ဘာစကားမှ မဆိုနိုင်ကြပဲ တစ်ယောက်လက် တစ်ယောက် ဆုပ်ကိုင်ထားရင်း အချိန်တွေ အများကြီး ငြိမ်နေခဲ့ကြသည်။ တော်တော်ကြီးကြာတော့မှ သူမလေးက အက်ကွဲရှတသော အသံလေးဖြင့် စကားတချို့ကို စတင် ဆိုလာခဲ့သည်။ ထို စကားတချို့မှသည် စကားလုံးပေါင်းများစွာကို မနားတမ်း ပြောလာသော သူမကို ဟန့်တားရန် မကြိုးစားမိပဲ ဒီအတိုင်း ငေးမောကြည့်ရင်း နားထောင်နေခဲ့မိသည်။
သူမ ပြောသွားသော စကားတွေထဲမှာ ဖြူစင်သော သံယောဇဉ်တွေ အကြောင်းပါသည်။ သန့်ရှင်းသော အကြင်နာတွေ အကြောင်းပါသည်။ ပျော်စရာ မကောင်းသော ဘဝတွေ အကြောင်း ပါသည်။ ကြေကွဲဖွယ်ရာကောင်းသော ဟန်ဆောင်မှု အကြောင်းတွေပါသည်။ စိတ်ပင်ပန်း ဆင်းရဲရသော ညနေခင်းတွေ အကြောင်းလဲ ပါသေးသည်။ ပြီးတော့ နောက်ကျခြင်း အကြောင်းတွေ ပါသည်။ ကုန်လွယ်လွန်းသော အချိန်တွေအကြောင်းလဲ ပါသည်။ မဖြစ်နိုင်တာ တွေပါသည်။ မသင့်တော်တာ တွေလဲ ပါသေးသည်။ ရှေ့ဆက် မတိုးချင်တာတွေ ပါသည်။ စာနာ ထောက်ထားစရာ အကြောင်းတွေလဲ ပါသည်။ လိုက်လျောခြင်းနှင့် ထိန်းချုပ်ခြင်း အကြောင်းတွေလဲ ပါနေသေးသည်။ အဲဒါတွေအပြင် သူမ၏ လက်ရှိ အခြေအနေတွေ အကြောင်း သာမက သူ၏ ဘဝ အနေအထားကိုပါ သူမက အမှန်အတိုင်း စေ့စေ့စပ်စပ် ထည့်သွင်း သုံးသပ်ပြသွားသေးသည်။
အဆုံးမှာတော့ သူ၏ ဘဝအတွက် ရှေ့ဆက်ရမည့် လမ်းကြောင်းကို သူမက အတိအကျ ဆုံးဖြတ် ရေးဆွဲပေးခဲ့သည့်နှယ်…။ သူမကိုကြည့်ရင်း သူ ဘာမှ ပြန်မပြောလိုက်နိုင်…။ ဘာမှ ပြန်မငြင်းလိုက်နိုင်။ ကိုယ်တိုင် သိနှင့်နေပြီးဖြစ်သော်လည်း ထိုအကြောင်းတွေကို နားနှင့်ဆတ်ဆတ် ကြားရသောအခါ မျှော်လင့်ထားသည်ထက် ပို၍ စိတ်ထိခိုက်ရသည်။
စကားစပြတ်သွားပြီး ငေးငေးလေးထိုင်နေသော သူမကို ဖြူစင်သော အကြင်နာစိတ်ဖြင့် ပုခုံးလေးမှ ဆွဲယူ ပွေ့ဖက်လိုက်မိသည်။ ရုတ်တရက်မို့ သူမ အံ့သြသွားသော်လည်း မရုန်းဖယ်ပါ။ ကိုယ့် ပုခုံးစွန်းကို အသာအယာပင် ပြန်လည်တိုးဝင် မှီတွယ်လာခဲ့သည်။ မျှော်လင့်မထားသော သူမ၏ အပြုအမူလေးကြောင့် ကိုယ့်စိတ်တွေ နောက်တကြိမ် နာကျင် ထိခိုက်သွားပြန်သည်။
နှစ်ယောက်သား စကားတခွန်းမှ မဆိုဖြစ်ကြပဲ အချိန်တော်တော်ကြာ ငြိမ်သက်နေခဲ့ကြပြန်ပါသည်။ တိတ်ဆိတ်လွန်းသော ပတ်ဝန်းကျင် ကြောင့်လား၊ နီးကပ်လွန်းသော အနေအထား ကြောင့်လား မသိ… တစ်ယောက်၏ အသက်ရှုသံကို တစ်ယောက်က ပီပီသသ ကြားနေရသည်။ တစ်ယောက်၏ ရင်ခုန်သံကို တစ်ယောက်က ခံစား၍ ရနေသည်။ ထိုစဉ် ရုတ်တရက် မြည်လာသော တယ်လီဖုန်းသံကြောင့် သူမ၏ ပုခုံးပေါ်မှ လက်ကို အဖယ် သူမ၏ အင်္ကျီလက်မောင်းမှ ကြယ်သီးလေးနှင့် သူ့လက်ပတ်နာရီမှ လက်ပတ်ကြိုးနှင့် တွယ်ငြိနေလေတော့သည်။
“ခဏလေး ခဏလေး… ငြိမ်ငြိမ်နေ.. ကိုယ့်နာရီကို ဖြုတ်လိုက်မယ်”
နာရီကိုဖြုတ်လိုက်သောအခါ ထိုကြယ်သီးလေးက နာရီနှင့်အတူတူ ကပ်ပါလာခဲ့သည်။
“ဟာ… ကြယ်သီး ပြုတ်သွားပြီ…”
ထိုအခါ သူမက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ တဒင်္ဂ အဖို့ တော့ သူမ၏ ရယ်မောသံသည် ကိုယ့်ကို ပျော်ရွှင်စေခဲ့တာ အမှန်ပင်။ သူမနှင့်အတူ လိုက် ရယ်မိသည်။ ပြီးတော့ နာရီနှင့်အတူ ပါလာသော ကြယ်သီးလေးကို သူမအား လှမ်းပေးလိုက်သည်။
“အိမ်ရောက်ရင် ပြန်တပ်လိုက်လေ… ဒီတိုင်းဆို ဘယ်လှပါတော့မလဲ”
“ရပါတယ် မတပ်တော့ဘူး.. ဒီအင်္ကျီကိုလဲ သိမ်းထားလိုက်တော့မယ်… နောက်တစ်ခါ ထပ်မဝတ်တော့ဘူး”
“ဘာလို့ လဲ…” ဟုပြန်မေးမည် ကြံရွယ်စဉ် သူမ၏ မျက်နှာ မချိုမချဉ်လေးကိုကြည့်ရင်း ကိုယ် အဖြေရသွားသည်။ ကိုယ့်စိတ်တွေ နောက်တကြိမ် နာကျင်ထိခိုက်သွားပြန်သည်။
“ဒါဖြင့်ရင် ဒီကြယ်သီးလေးက ဘယ်လိုလုပ်မလဲ… သနားစရာလေး”
ကိုယ်က နောက်ရွှတ်ရွှတ်ဖြင့်မေးတော့ “သနားရင် သိမ်းထားလိုက်ပေါ့” ဟု ခပ်စွာစွာ ပြန်ပြောလေသည်။
“ဒါဆို ကိုယ်သိမ်းထားလိုက်တော့မယ်… အိုကေနော်… နောက်မှလာ ပြန်မတောင်းကြေး”
ဒီလိုနဲ့ ဒီကြယ်သီးလေး ကိုယ့်ဆီမှာ ရှိနေခဲ့တာ အခုဆိုရင် လေးနှစ် ရှိခဲ့ပြီ။
တိတိကျကျ ပြောရရင် ဒီ ဖေဖေါ်ဝါရီလ ၁၄ ရက် နေ့မှာ လေးနှစ်တိတိ ရှိခဲ့ပြီ။
ကြေကွဲစရာကောင်းသော တိုက်ဆိုင်မှုတစ်ခုမှာ သူတို့နှစ်ယောက် မမျှော်လင့်ဘဲ တွေ့ဆုံဖြစ်ခဲ့သည့်နေ့၊ မရည်ရွယ်ပါပဲနှင့် စကားတွေ အများကြီး ပြောဖြစ်ခဲ့သောနေ့... ပြီးတော့ ထိုကြယ်သီးကလေး ပြုတ်သွားခဲ့သောနေ့သည် ချစ်သူများနေ့ဟု သတ်မှတ် ခေါ်ဆိုထားကြသော ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ ဖြစ်လို့နေခဲ့သည်။ နောက်တစ်နေ့ ကျောင်းမှာ ပြန်တွေ့ဖြစ်ကြတော့ သူမက မီးခိုးရောင် ဝက်ဝံရုပ်ကလေး တစ်ရုပ်ကို တိတ်တဆိတ် လာပေးသွားခဲ့သည်…။
*****
စာကြည့်စားပွဲတွင် ဘယ်နှစ်နာရီကြာအောင် ထိုင်နေမိသည်မသိ။
ပြူတင်းပေါက်မှတဆင့် အပြင်ကို လှမ်းကြည့်လိုက်သောအခါ နေရောင်ကွယ်ပျောက်၍ ညအမှောင်ကိုရောက် နေလေပြီ။ ထိုညအဖို့တော့ သက်မဲ့ ကြယ်သီးလေးတစ်လုံးက သူ နှင့် သူ့ ဘဝအတွက် ဘယ်တော့မှ မေ့ပျောက်၍ ရနိုင်မည်မဟုတ်သော စကားလုံးပေါင်းများစွာကို အသံတိတ်နည်းဖြင့် ဆိုခဲ့လေပြီ။
သူမသည်…
မျှော်လင့်မထားသော အချိန်မှာ မျှော်လင့်မထားသော ဆုံဆည်းခြင်းမျိုးဖြင့် တွေ့ဆုံခဲ့ရသူ…
သူ့ဘဝအတွက် အံ့သြဖွယ်ရာ ထူးခြားသော လှပ ဆန်းကြယ်ခြင်းတွေကို ယူဆောင်လာခဲ့သူ…
စိတ်၏ လိုအင်ဆန္ဒနောက်သို့ လိုက်လျောခြင်းထက် ပို၍လေးနက်သော ထိန်းချုပ်နိုင်စွမ်းကို လက်တွေ့ ပြနိုင်ခဲ့သူ…
သူမထံမှ ရရှိခဲ့သော ဖြူစင်သော စေတနာ၊ မြင့်မြတ်သော နှလုံးသား၊ လေးနက်သော ချစ်ခြင်း နှင့် တိကျ မှန်ကန်၍ ပြတ်သားသော ဆုံးဖြတ်ချက်တို့အတွက် သူမကို ဘဝ တစ်လျှောက်လုံး ထာဝစဉ် အမှတ်ရ လွမ်းဆွတ်လျက် ရှိနေမည်သာ…။
22 comments:
  1. လွမ်းစရာလေ.ဒီကအသည်းကခပ်နုနုရယ်။
    ReplyDelete
  2. အလေးအနက် ဇာတ်လမ်းလေးတစ်ခုကို အတူခံစားသွားပါတယ်။
    ဖြစ်တတ်တဲ့ လွဲချော်မှုတွေပါ။ မျက်စိထဲမှာတော့ ပြန်မြင်ယောင်တာတွေ အများကြီးပေါ့။
    ReplyDelete
  3. ဘာဖြစ်လို့များ မဆုံဆည်းနိုင်ပါလိမ့်..အရှည်ကြီးတွေး သွားတယ်။ :(
    ReplyDelete
  4. အင်းးးး သည်အတိုင်းပဲ ကောင်းပါတယ်ဆိုတော့လည်း သည်အတိုင်းပဲပေါ့လေ...ကိုယ့်အလိုအတိုင်းဆိုရင်တော့ အချစ်ဆိုတာ တန်ဖိုးကြီးတဲ့ အရာတစ်ခုပဲ။ မလွတ်အောင် ဆုပ်ဖမ်းထားလိုက်ချင်တယ်...။ ဘ၀မှာ သူပါမှ ဖြစ်မယ်ဆိုရင်ပေါ့။ ဒါကလည်း တားထားတဲ့ စည်းတွေရဲ့ အတိမ်အနက်ပေါ်လည်း မူတည်သေးတာပေါ့နော်။
    ReplyDelete
  5. မသက်ဝေ... ဒါမျိုးတွေလည်း ရတယ်လား။
    ဖတ်ပြီး ငိုင်သွားတယ်။ များများရေးပါဗျို့။
    ReplyDelete
  6. မသက်ဝေ လွမ်းစရာ ဇာတ်လမ်းလေး တစ်ပုဒ်ပဲ။ စာကြောင်းတွေကို ကျော်ပြီး ဖတ်ကြည့်သွားပါတယ်။
    ReplyDelete
  7. မမသက်ဝေက Valentine Day ကို ဒီလို ပုံဖော်လိုက်တာကိုး.. :)
    “ချစ်သူများနေ့” ဆိုတာကလည်း လက်ရှိချစ်သူရှိသူတွေ၊ တိုးတိတ် ရင်ခုန်နေရသူတွေ၊ ဆုံစည်းရသူတွေအတွက်တော့ ပျော်စရာ၊ ကြည်နူးစရာပဲ... အဲဒါတွေနဲ့ ဆန့်ကျင်ဘက် ခံစားနေရသူတွေအတွက်ကတော့.... :(
    မမခင်ဦးမေ ပြောသလိုပဲ ပြောတော့မယ် အမရေ.. ဒီက အသည်းနုတယ်... :)
    ReplyDelete
  8. သနားလိုက်တာ.... အိ..အိ...
    ReplyDelete
  9. ဘာပြောရမှန်းတောင်မသိဘူး..တကယ့်ကို ဗယ်လန်တိုင်းနေ့မှာ အထိရှဆုံး စာလေးတပုဒ်ပါ။ နောက်ပြီး..မသက်ဝေ ဒီလောက် ဇာတ်လမ်းလေးတွေ အရေးကောင်းမှန်..ခုမှ အသေအချာသိသွားပြီ။
    ReplyDelete
  10. Thanks for the Valentine Post...
    It's really touch...
    Missing...
    ReplyDelete
  11. ချစ်ခဲ့ဖူးသူတိုင်းရဲ့
    ရင်ထဲမှာ စွဲစွဲထင်ထင် ကျန်ရစ်ခဲ့တဲ့
    အချစ်ပုံရိပ်လွှာတွေ
    အချစ်သံစဉ်တွေကို
    တိုးတိုးသာသာ
    နာယူသွားပါတယ်
    အော် .. ဒါ အချစ်ပါလား ဆိုတာကိုပါ။
    လေးစားလျက်
    ReplyDelete
  12. ထာဝဇဉ် ၀တ္ထုတိုလေးကို ချစ်သူများနေ့မှာ မှတ်မှတ်ယယ လာဖတ် ခံစားသွားပါသည်။
    ReplyDelete
  13. ထာဝစဉ်အလွမ်းတွေနဲ့ ချစ်သူများနေ့ က သူ့ အတွက်တော့ ကြေကွဲစရာကောင်းလွန်းလှပါတယ်…
    ReplyDelete
  14. အစ်မ အဲဒါဝတ္ထုလားဟင်။ ဖတ်ရတာ ဖန်တီးမှုလို့ မထင်ရဘူး။ ပီပြင်နေလို့ လေ။
    ဒါနဲ့ တီရှပ်မှာလဲကြယ်သီးရှိတယ်လား။ မမြင်ဖူးလို့ ပါ။ ရှိရင်ဓာတ်ပုံလေးရိုက်တင်ပေးပါဗျို့ ။
    ReplyDelete
  15. Hey .. 2beautiful,I'm really happy,today I'm on danger zone,then I've no phone N internet 4 a few days 4 no pay,when I can get online @travel plaza,I'm happy N really relx 4 urs post,U r really good Blgr,I knew u like Nyein Kyaw N Nwen Ja Thy ! Right?? I love yrs post..
    ReplyDelete
  16. ကော်မန့်ရေးတော့ပါဘူး သက်ဝေ...
    သက်ဝေရေးသလိုလေး ရေးတတ်အောင် စိတ်ထဲမှာ လေ့ကျင့်နေတယ်...
    ReplyDelete
  17. Valentine's Day ကို သူများတွေလို ပျော်ရွှင် ကြည်နူးဖွယ်ရာ မဟုတ်ပဲ လွမ်းစရာနဲ့ ပုံဖေါ်ထားသော်လည်း ချစ်ခြင်းအားဖြင့် နှစ်သက်စွာ အားပေးသွားကြသူများ နှင့် အားလုံးသော မှတ်ချက်များအတွက် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်...။
    ဆက်လက်ကြိုးစားသွားပါဦးမည် ဟု....။
    ReplyDelete
  18. မေအောင်March 5, 2009 at 2:14 PM
    ထာဝစဉ် အမှတ်ရ စေမဲ့ အချစ်ဖွဲ့...
    ReplyDelete
  19. Love is 4 ever...good,Ma Thet Wai
    ReplyDelete
  20. လူချင်းနီးစရာ မလိုဘဲ ရှင်သန် နွေးထွေးနိုင်တဲ့ သန့်စင်တဲ့ အချစ် ဇာတ်လမ်း လေးတွေ ဖတ်ရတာ စိတ်ထဲ ငြိမ်းချမ်းသွားတယ်။ လွမ်းရလဲ ဘာဖြစ်လဲလေ... လွမ်းပျော်ပါတယ်နော့ အမသက်ဝေ
    ReplyDelete
အမှတ်တရ ရေးခဲ့ပါ...