Tuesday, March 3, 2009
စွမ်းစွမ်း
ညတုန်းက ပစ်ထားတာ အတော်ကြာနေသော မျက်နှာစာအုပ်ကို ဖွင့်မိသည်။
သူငယ်ချင်းများ၏ ဓါတ်ပုံ အသစ်များကို ကြည့်သည်။ ပြောင်ချော်ချော် မှတ်ချက်များ ဟိုရေး ဒီရေး ရေးပြီးသည့်နောက် စွမ်းစွမ်း ဆီသို့ ခြေဦးလှည့်မိသည်။
အော်.. စွမ်းစွမ်း အကြောင်းကို မိတ်ဆက်ပေးဖို့ လိုနေသေးသည်ပဲ။
အဲဒီ မျက်နှာစာအုပ်မှာ Pet Society ဆိုတဲ့ အဖွဲ့လေးတစ်ခု ရှိသည်။ ထိုအဖွဲ့ကိုဝင်လိုက်လျှင် ကိုယ့်အတွက် အကောင်ကလေး တစ်ကောင် ခေါ်ယူ မွေးစားလို့ရသည်။ ကိုယ်ကြိုက်ရာ အသားအရောင်နှင့် ကိုယ်နှစ်သက်ရာ မျက်ခုံး မျက်လုံး မျက်နှာ အနေအထားတို့ကို ရွေးချယ်လို့ ရသည်။ ကိုယ်ကြိုက်ရာ နာမည်ပေးလို့ရသည်။ ထိုရပ်ကွက်လေးထဲမှာ သူနေစရာ အိမ်ကလေးတစ်လုံး အပိုင်စားရသည်။ ကိုယ့်သူငယ်ချင်းများ မွေးထားကြသော အကောင်လေးများ၏ အိမ်ကလေးများလည်း ထိုရပ်ကွက်လေးထဲမှာ မနီးမဝေး တည်ရှိကြသည်။ အားကစား စင်တာ၊ စားသောက်ဖွယ်ရာများ ရောင်းသော ဆိုင်၊ ကော်ဖီဆိုင်၊ အလှပြုပြင်ရေးဆိုင်၊ အထည်အ၀တ်များ ရောင်းသောဆိုင်၊ အိမ်သုံးပစ္စည်းများ ရောင်းသောဆိုင် နှင့် ပရိဘောဂများ ရောင်းသောဆိုင် အစရှိသည့် ဆိုင်များကလဲ အစီအရီ။ ငွေသွင်း ငွေထုပ် ငွေချေးမှုများ ပြုလုပ်နိုင်သော ဘဏ်ကလဲ အဆင်သင့်။ အစစ အဆင်ပြေလှသည်။
ဒီလိုနှင့် လွန်ခဲ့သော ရက်အနည်းငယ်က ထိုရပ်ကွက်ထဲမှာ အကောင်လေး တစ်ကောင်ကို စွမ်းစွမ်း ဟု နာမည်ပေးကာ မွေးစားခဲ့သည်။
*****
စွမ်းစွမ်း ဆီသို့ ရောက်လာခဲ့သည်။
အရင်ရက်တွေက စိတ်ရောလူရော မအားလပ်သဖြင့် သူ့ဆီမရောက်တာ ကြာနေပြီ။ ထို့ကြောင့် သူ ပျင်းနေကြောင်းကို မှုန်ကုပ်ကုပ် မျက်နှာပေးဖြင့် ကိုယ့်ကို အသိပေးသည်။ သူပျော်လာအောင် ဘောလုံးလေးယူကာ သူနှင့် ဘောလုံးပုတ်တမ်း ဆော့ပေးလိုက်သည်။ သူပျော်ပျော် ပါးပါးဖြစ်လာသောကြောင့် မျက်နှာမှာ အပြုံးရိပ် ထင်လာသည်။ ချစ်စရာ…။ ကစားလိုက်၍ မောသွားပြီ သူဗိုက်ဆာလောက်ပြီဟု ယူဆကာ အရင်တစ်ခေါက်က ၀ယ်ထားခဲ့သော စတော်ဘယ်ရီ နို့ဘူးကို ယူတိုက်မိသည်။ သို့သော် မောင်မင်းကြီးသားက မသောက်။ ခေါင်းကိုသာ တွင်တွင်ခါယမ်းလေသည်။ ဘုရားရေ… သူတို့ကမ္ဘာမှာရော သက်တမ်းကုန် နေ့ရက်များကို အလေးထားကြသည်လား…။ မတတ်နိုင်…။ ၀ယ်ပြီးသားရှိနေသည့် ပန်းသီးတစ်လုံးကို ကျွေးကြည့်မိသည်။ နဲနဲစားကာ ပြန်ချထားတာ တွေ့ရသည်။ ကြည့်ရတာ သိပ်ပျော်ရွှင်ဟန်မပြသဖြင့် ကိုယ် ခေါင်းနဲနဲ ခဲသွားသည်။ နဂိုထဲကမှ ခေါင်းက ကိုက်ချင်ချင်ရယ်…။
ခဏနေတော့ မောင်မင်းကြီးသားက ကြိုးခုန်သည့် ကြိုးရှိရာနေရာဆီသို့ မှုန်တေတေရုပ်ဖြင့် ခပ်သွက်သွက် လျှောက်သွားသည်။ အော်… သူ ကြိုးခုန်ချင်နေပါလားဟု အမြန် နားလည် သဘောပေါက်ပြီး သူ့လက်ထဲကို ကြိုးထည့်ပေးကာ ကြိုးခုန်စေရသည်။ ထိုအခါ စွမ်းစွမ်း၏ ပျော်ရွှင်မှု အတိုင်းအတာ ပြသည့် ဘားကလေးတွင် အမှတ်များ ပြည့်လာလေသည်။ သို့သော် စွမ်းစွမ်း၏ တကိုယ်ရေ သန့်ရှင်းမှု အတိုင်းအတာ ပြသည့် ဘားကလေးတွင်မူ အမှတ်နဲနေသည်။ ကစားခုန်စား လုပ်လိုက်သောကြောင့် ချွေးသံရွှဲကာ ညစ်ပတ်သွားဟန် တူပါသည်။ ထို့ကြောင့် ဆပ်ပြာခဲနှင့် ဘရပ်ရှ် ကိုယူကာ ဒင်းကလေးကို သန့်ရှင်းရေး လုပ်ပေးရပါသည်။ သူ့ကိုယ်ကို ဆပ်ပြာနှင့်တိုက် ဘရပ်ရှ်နှင့်တိုက်စဉ် ယားလို့လားမသိ သူ့ဆီမှ ခိုးခိုးခစ်ခစ် ရယ်သံလေးမှာ ချစ်စဖွယ်…။
သန့်ပြီးတောက်ပြောင်သွားသော စွမ်းစွမ်းကို အ၀တ်လဲပေးလိုက်သည်။ ပြီးရင် အိမ်လည်ထွက်ပေးရအုံးမည်။ သူငယ်ချင်းများ မွေးထားသော အကောင်လေးများ၏ အိမ်ကို လည်ပတ်ပြီး သူတို့တွေနှင့်အတူ တီဗွီကြည့်လို့ရသည်၊ ရယ်စရာတွေ ပြောလို့ရသည်၊ နွေးထွေးစွာ ဖက်လှဲတကင်း နှုတ်ဆက်လို့ရသည်၊ အမှတ်တရ စာရေးပေးခဲ့လို့ရသည်၊ ၀ါသနာပါက အတူတူ ကလို့လဲရသေးသည်…။ သူငယ်ချင်း တော်တော်များများက ကိုယ့်လိုပင် အကောင်လေးတွေ မွေးထားသဖြင့် လည်ပတ်စရာ နေရာ တော်တော်များများ ရှိနေသည်။ ထိုကဲ့သို့ အိမ်လည်ထွက်လိုက်လျှင် သူ့အတွက် ဆုငွေတွေ ရ ရလာတတ်သည်။ ထိုသို့ရလာသော ဆုငွေတွေနှင့် လိုအပ်သော ပစ္စည်းများ ၀ယ်လို့ရသည်။
ပထမ တစ်အိမ်က အကောင်လေး နာမည်မှာ ကြီကြီ ဟူ၏။ သို့သော သူ့ပိုင်ရှင်မှာ Pet Society မှ အဆောတလျှင် Log Out လုပ်ကာ ထွက်မိသည်လော၊ မေ့တတ်သူ တစ်ယောက်လော၊ ပိုက်ပိုက် အဆင်မပြေသေး၍လော မပြောတတ်၊ သူ့အကောင်ကလေးမှာ ဘာအ၀တ်မှ မရှိ…။ မှုန်တေတေ မျက်နှာပေးနှင့် မျက်ခုံးအတွန့်ချိုးထားသော ကြီကြီ ကိုၾကည့္ကာ ကိုယ် ဟက်ဟက်ပက်ပက် ရယ်မောမိသည်။
နောက်တစ်အိမ်က မယ်လိုဒီ အမည်ရှိသော ကောင်မလေး၊ သူ့ပိုင်ရှင်က သူ့ကို မွေးထားတာ တော်တော်ကြာပြီထင်သည်။ အမှတ်တွေ အများကြီး၊ အိမ်ကလဲ နှစ်ထပ်အိမ်ဖြစ်လို့နေပြီ။ အိမ်ထောင် ပရိဘောဂတွေကလဲ အဆင့်အတန်းမြင့်မြင့်နှင့် တော်တော်ပြည့်ပြည့်စုံစုံ။ သူဝတ်ထားသော အ၀တ်များမှာလဲ တန်ဖိုးကြီးသော အ၀တ်များ၊ အောင်မာ… ဒင်းကလေးက မိန်းကလေးပီပီ လက်ပတ်နာရီနှင့် လက်စွပ်တွေ လက်ကောက်တွေနှင့်ပါလား။
နောက်တစ်အိမ်ကတော့ ပိုတေး၏အိမ်၊ ပိုတေးကို သူ့သခင်က ပစ်ထားတာ ကြာပြီဟု ယူဆရသည်။ တကိုယ်ရေ သန့်ရှင်းမှု အတိုင်းအတာ ပြသည့် ဘားကလေးတွင် အမှတ် တော်တော်နဲနေသည်။ ကောင်ညစ်ပတ်ကလေးပေါ့။ ပြီးတော့ ပျော်ရွှင်မှု အတိုင်းအတာ ပြသည့် ဘားကလေးတွင်လဲ အမှတ်အသားမှာ တစ်ဝက်မျှပင်မရှိ…။ ထိုအိမ်က သူငယ်ချင်းအတွက် စာလေးတစ်စောင် ရေးထားခဲ့သည်။ ပိုတေးလေးကို ဂရုစိုက်လိုက်ပါဦးဟု…။
အိမ်လည်လို့ပြီးတော့ ကျန်းမာရေးအတွက် အားကစား စင်တာသို့ သွားပြီး အပေါင်းအသင်းများနှင့်အတူ အပြေးပြိုင်ပွဲဝင်ရသည်။ ပထမရလျှင် ဆုငွေတွေ ရသေးသည်။ ပြေးလမ်းပေါ်တွင် ငှက်ပျောခွံ တက်နင်းမိသဖြင့် ချော်လဲကာ ရှုံ့တွသွားသော စွမ်းစွမ်း၏ မျက်နှာလေးမှာ သနားစရာ ရယ်စရာ…။
အားကစား စင်တာမှအပြန် စားသောက်ဖွယ်ရာများ ရောင်းသော ဆိုင်ကို သွားကာ စွမ်းစွမ်းအတွက် စားစရာအချို့ ၀ယ်ခဲ့သည်။ ပီဇာကောင်တာရှေ့မှာ ခပ်တည်တည်နှင့် ရပ်နေသော စွမ်းစွမ်း… ပီဇာစားချင်ပုံရသောကြောင့် ပီဇာတစ်ချပ်လဲ ၀ယ်ခဲ့ရသည်။ ပြီးတော့ အထည်အ၀တ်များ ရောင်းသောဆိုင်ကို ၀င်ကာ အင်္ကျီ ဘောင်းဘီ တစ်စုံ ၀ယ်ခဲ့သည်။ ယောင်္ကျားလေးမို့လားတော့ မသိ၊ အ၀တ်အစားတော့ ဘာမှ သိပ်စုံစုံမက်မက်ရှိပုံ မပြ။ တော်သေးသည်…။ အော်… သူတို့ဆိုင်က အသစ်ရောက်သော အင်္ကျီ ဘောင်းဘီ ဖိနပ် များ၏ ဈေးကိုကြည့်ကာ ရင်တောင်နဲနဲတုန်သွားရသည်။ ပြန်မှ… ပြန်မှ… အိမ်ကို မြန်မြန်ပြန်မှ…။
အိမ်ရောက်ပြီး ခုနက သွားလည်ခဲ့သည့် သူငယ်ချင်းများအိမ်ကို ပြန်လည် မြင်ယောင်ကြည့်ကာ ဟာလာဟင်းလင်း စွမ်းစွမ်း အိမ်အတွက် ပရိဘောဂအချို့ ၀ယ်ရန် အကြံရလာသည်။ ဘတ်ဂျက်အခြေအနေကလဲ သိပ်မဆိုးလှ…။ ထို့ကြောင့် ခုနက ၀ယ်လာခဲ့သော အင်္ကျီ ဘောင်းဘီ အသစ်များကို လဲလှယ်ဝတ်ဆင်ကာ အပြင်သို့ တစ်ခေါက် ပြန်ထွက်လာခဲ့သည်။ ဒီ.အိုင်.၀ိုင် ဆိုင်ကိုအရောက်မှာ ဆိုဖာလေး တစ်လုံး၊ တီဗွီတင်စရာ စားပွဲလေးတစ်လုံး နှင့်အတူ ဧည့်ခန်း တခန်းစာ ကြမ်းခင်း ခင်းစရာ ကြွေပြား အဆင်လှလှလေးတွေ ဝယ်လာခဲ့သည်။ လိုချင်စရာတွေကတော့ တကယ်ကို အများကြီး… နံရံကပ် အလှဆင် မီးလုံးလေးတွေ၊ စာအုပ်စင် လှလှလေးတွေ၊ ဆိုဖာ လှလှလေးတွေ၊ ဇာနားတပ် အိပ်ရာခင်း လှလှလေးဖြင့် အလှဆင်ထားသော ကုတင်လေးတွေ၊ ပန်းရောင်စုံများ ပွင့်ဖူးနေသော ပန်းပင်လှလှလေးတွေ… အို.. လိုချင်စရာတွေ များလှချည့်…။
သို့သော် ဘတ်ဂျက်ကိုကြည့် လောဘကိုလျှော့ကာ အိမ်ကို ပြန်လာခဲ့သည်။ အိမ်ပြန်ရောက်တော့ ၀ယ်လာခဲ့သည့် ပစ္စည်းများဖြင့် အိမ်ကိုအလှဆင်ရင်း ကျေနပ် ပီတိတွေ ဖြာနေမိသည်။ ထို့နောက်မှာတော့ စွမ်းစွမ်းကို တကိုယ်ရေ သန့်ရှင်းမှုများ ပြုလုပ်၊ စားစရာကျွေးကာ သူတို့ရပ်ကွက်ထဲမှ ပြန်လာခဲ့ပါတော့သည်။
*****
လက်ရှိ အသက်ရှင် နေထိုင်နေရသော၊ လှုပ်ရှားကျင်လည်နေရသော နေ့စဉ်ဘ၀တွင် အလုပ်ချိန် ပြင်ပ၌ မိတ်ဆွေ အပေါင်းအသင်းများတို့နှင့် တွေ့ဆုံ ပျော်ရွှင်ချိန်များ တစထက်တစ နည်းပါးလာကြသည်မှာ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်တန်ရာ…။ ပြီးတော့ တစ်နေ့တစ်နေ့ ရုံးအလုပ်၊ အိမ်အလုပ်၊ မိသားစု ဝေယျာဝစ္စ၊ ဆွေမျိုးမိတ်သင်္ဂဟ တို့၏ တာဝန် ၀တ္တရားများတွေ၊ တခါတခါမှာ မဖိတ်ခေါ်ပဲနှင့် သူ့အလိုလို ပေါ်ပေါက်လာတတ်သော ပူပင် သောကတွေ၊ နေထိုင်မကောင်းဖြစ်လို့ စိတ်ညစ်ညူးရသည့် အချိန်တွေ… ထိုကဲ့သို့သော စိတ်မောစရာ တွေကို တွေ့ကြုံနေရသည်မှာလဲ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်တန်ရာ…။
ထိုအခါ ရသမျှ အချိန်ပိုလေးတွေ အတွင်းမှာ စိတ်အပန်းဖြေစရာလေးတွေ၊ စိတ်ဖိစီးမှုတွေမှ ပြေရာ ပြေကြောင်းတွေကို တတ်အားသ၍ ရှာဖွေလာတတ်ကြသည်။ အပြင်မှာ အလွယ်တကူ မတွေ့ဖြစ်ကြသော၊ အလှမ်းဝေးသဖြင့် ခဏခဏ မတွေ့နိုင်ကြသော အပေါင်းအသင်းများကို အင်တာနက် အွန်လိုင်းကမ္ဘာမှာ တွေ့ဆုံ နှုတ်ဆက်ကြရသည်။ မာကြောင်း သာကြောင်း၊ ကိုယ့်မိသားစု သူ့မိသားစုအကြောင်းတွေက အစ၊ ကိုယ်စီ အတွေ့အကြုံလေးတွေ၊ ခံစားချက်လေးတွေ၊ အဆင်ပြေမှု အဆင်မပြေမှုလေးတွေကို အွန်လိုင်းကမ္ဘာမှာ ပြောဆိုဖြစ်ကြသည်။
ထိုအဖြစ်တွေသည် ကောင်းသော အလားအလာ တစ်ခု ဟုတ်မဟုတ် ကိုယ်တိုင် ဝေဖန်ပိုင်းခြားကြည့်ဖို့ မစဉ်းစားနိုင်သေးခင်မှာ ထို အွန်လိုင်းကမ္ဘာမှာ ကိုယ်မြင်တွေ့ရသမျှ စိတ်အပန်းပြေစရာ၊ စိတ်နှလုံး ကြည်လင်စရာ ကလေးများကို အပေါင်းအသင်းများကို ဝေမျှချင်စိတ် ဖြစ်မိသည်။ ထို့ကြောင့် ဤပိုစ့်လေးကို ရေးမိပါသည်။
19 comments:
  1. အစ်မရေ
    စိတ်ညစ်ညူးစရာမရှိဘဲ
    ကြည်လင် ပျော်ရွှင်နေတာ တွေ့ရလို့
    အဆင်ပြေမှုတွေ၊ အဆင်မပြေမှုတွေကို
    ရင်ဖွင့်ဖို့ ကိုယ်ပိုင်ဘလောဂ့်လေးရှိပါတယ်။
    အလားအလာ ကောင်းမကောင်း ဆိုတာထက်
    မိမိလုပ်ချင်တာကို လွတ်လွတ်လပ်လပ်
    လုပ်နေရတာကိုက စိတ်ချမ်းသာစရာပါ။
    မိမိစိတ်ချမ်းသာဖို့ စိတ်ထွက်ပေါက်အတွက်
    အွန်လိုင်းပေါ်က မိတ်ဆွေတွေကို
    ဟန်ဆောင်မှု ကင်းစွာနဲ့
    ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံပါ
    အမြဲ အားပေးနေပါမယ်။
    လေးစားလျက်
    ReplyDelete
  2. တွေးစရာတွေ အများကြီးပါပဲလားသက်ဝေ...။
    ReplyDelete
  3. "နဂိုကမှ ခေါင်းက ကိုက်ချင်ချင်ရယ်"
    သက်ဝေရယ် ခေါင်းကလည်းကိုက်မယ်ဆိုတာချည်းပဲ၊
    ကဲ ကဲ ပန်းသီးလေးစားလိုက်၊ပန်းသီးလေးစားလိုက်။
    ReplyDelete
  4. အဲလိုလေးတွေရှိလား…
    သားဆို သဘောကျမှာပဲ…
    ဘယ်လို လုပ်ရတာလဲသက်ဝေရေ…
    တွေ့ ရင်ပြောပြနော်…
    စွမ်းစွမ်းလေးက ချစ်စရာ…
    ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာ ပျော်ရွှင်ဖို့ က အဓိကပဲမိုလား…
    ReplyDelete
  5. အား- မျက်နှာစာအုပ်ကို အမှန်အကန် သုံးစွဲနေပါလား။
    စွမ်းစွမ်းဆိုတဲ့နံမယ်နဲ့ လိုက်ရှာအုံးမယ်..
    တွေ့ရင်တော့လား..မင်းဘယ်ပြေးမလဲ..သက်ဝေ..
    ( အဟဲ- နောက်သွားတယ်)
    ReplyDelete
  6. ပျော်စရာလေးနော်။တို့လဲမွေးချင်လိုက်တာ။
    ReplyDelete
  7. အတွင်းလောကထဲမှာပဲ နစ်နေလို့ အပြင်လောကနဲ့ အဆက်ပြတ်အုန်းမယ်နော်
    ReplyDelete
  8. ဘလော့နဲ့တင် ချာလပတ်လည်နေပြီ... မျက်နှာစာအုပ်ရော အကောင်တွေရောဆို
    အိပ်ချိန်တောင် ရပါ့မလား...
    ReplyDelete
  9. ကွိကွိ ပိုင်ရှင်က ဘယ်သူပါလိမ့် ဆိုးလိုက်တာ..။
    စွမ်းစွမ်းက ဒါဆို ကံကောင်းတာပေါ့နော်
    ပျော်.. အောင်.. ထား.. တာ.. :P
    ReplyDelete
  10. ချန်းချန်းနဲ့တင် လူက ချာလပတ်လည်နေတာ..
    စွမ်းစွမ်းပါရောဆိုရင်....
    .................
    အင်းးးးးးးးးးး..........
    မောတယ်..
    ပေါက်
    ReplyDelete
  11. အိပ်ချိန် မရှိတော့အောင်သွေးဆောင်နေတာလား။ တို့ကစိတ်ခိုင်တယ်။
    ReplyDelete
  12. အဆန်းပဲ။ အဲဒီလိုလုပ်လို့ ရသလား။ ချိုသင်းကတော့ အပြင်ကမ္ဘာက စွမ်းစွမ်းတွေနဲ့ အချိန်တွေ ကုန်နေတယ်။ responsibility ကို သင်ပေးနေသလိုပဲနော်။ မိုက်တယ်။
    ReplyDelete
  13. အမကတော့ ရှာရှာဖွေဖွေ... ဒီထက် အွန်လိုင်းမှာ အချိန်ပေးရရင်တော့ သိပ်မလွယ်ဘူး... အိပ်ချိန်တွေ အခုတောင် တော်တော် နဲတာ
    ReplyDelete
  14. စွဲတယ် ပြောလွန်းလို့ Facebook ထဲမှာ Pet Society ကို လက်ရှောင်ထားတယ်။ :D
    ReplyDelete
  15. ပုံရိပ်တော့ ဘလော့နဲ့တင် လည်နေတာပဲ။
    ReplyDelete
  16. အဆန်းပါ့လားအမသက်ဝေ။ ပေါက်ကိုကြည့်ရတာ ချန်းချန်းနဲ့ လုံချည်မနိုင် အဲလေ ဘောင်းဘီမနိုင်တော့ဘူးထင်တယ်။ ဟိဟိ။
    နာမည်လည်းပေးထားသေးတယ်ပေါ့လေ စွမ်းစွမ်းတဲ့။ အမတန်ခူးကိုသာ မျှလိုက်ပါ သူ့သားသားလေးအတွက်။ အမသိဂီင်္လည်း လိုမယ်တင်တယ် သားသားမီးမီးလေးတွေအတွက်။
    ပျော်ရွှင်ပါစေ
    ReplyDelete
  17. မမသက်ဝေ.. မျက်နှာစာအုပ်မှာ အဲဒီလို ဆော့လို့ရတယ်လား။ အမရေးထားတာ ဖတ်ပြီး စွမ်းစွမ်းကို ပုံဖော်ကြည့်မိတယ်.. နောက်တစ်ခါဆို ပုံလေးပါ တွဲတင်ပေးနော်.. ကိုယ်စိတ်ဝင်စားတဲ့အရာတွေ လုပ်နေရတော့ အနည်းအများ စိတ်အပန်းပြေတာပေါ့ အမရယ်..
    ReplyDelete
  18. sonata-cantata ကနေ ကန်ချခံရအောင် လုပ်နေတာလား။ တို့က စိတ်မခိုင်ပါဘူးကွယ်။
    (တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါ။)
    ReplyDelete
  19. မျက်နှာစာအုပ်တော့ ကြားဖူးနေတာကြာပြီ။
    အဲဒီမှာ စွမ်းစွမ်းလိုမျိုး မွေးလို့ရတယ်ဆိုတာ မသိပါဘူး။ မသက်ဝေမှာ အချိန်တွေ များလိုက်တာနော်။
    စွမ်းစွမ်းကို စိတ်ဝင်စားအောင်ရေးတတ်တယ်။
    ReplyDelete
အမှတ်တရ ရေးခဲ့ပါ...