Monday, March 9, 2009
အသံ
အသံ တွေသည် အရပ်မျက်နှာမျိုးစုံ နေရာဒေသမျိုးစုံမှ ပုံစံအနေအထား အမျိုးမျိုးဖြင့် ကိုယ့်ဆီကို ရောက် ရောက် လာတတ်ကြသည်။ အမှန်အတိုင်းပြောရလျှင် စူးစူးရှရှအသံတွေ၊ ကျယ်လောင်သံတွေကို ကိုယ် အလွန် မုန်းသည်။ ကြောက်လဲ ကြောက်တတ်သည်။ ထိုသို့ပြောလိုက်လျှင် လူတော်တော်များများက ကိုယ့်ကို အဲဒါလဲ စိတ္တဇ တစ်မျိုးပဲ ဟု ဆိုချင်ကြမည်လော။ ဆိုချင်လဲ ဆိုကြပါစေတော့…။ ကိုယ်ကတော့ ထိုအသံများကို တစထက် တစ အမုန်းကြီး မုန်းတီးနေပါသည်။
အသံ ဆိုသည့်နေရာတွင် သဘာဝအလျှောက် ထွက်ပေါ်လာသော ကျေးငှက် သာရကာတို့၏ အသံများ၊ သီချင်းသံများ၊ တူရိယာဂီတ တီးမှုတ်သံများ နှင့် သာယာ နာပျော်ဖွယ်ရာ ကောင်းသော အသံများကို မဆိုလိုပါ။ လူတို့၏ တီထွင်ဖန်တီးမှုကြောင့် ပစ္စည်းအမျိုးမျိုးမှ အချိန်နှင့်အမျှ ထွက်ပေါ်လာတတ်သော စီစီညံညံ စူးစူးရှရှ အသံများကို ဆိုလိုပါသည်။ ထိုအခါ နေ့စဉ် နေ့တိုင်း ကိုယ် ကြားနေရသော အသံများစွာအနက်က ကိုယ် မုန်းတီးသော အသံတွေအကြောင်းကို ပြန်လည် စဉ်းစားကြည့်မိပါသည်။
*****
ပထမဆုံး အနေဖြင့် အလုပ်သွားရန် အိပ်ရာမှနှိုးတတ်သော တယ်လီဖုန်းမှ Alarm မြည်သံ။ ဒီအသံကို ကိုယ် မုန်းသည်။ မုန်းတာမှ တော်တော်ကို မုန်းသည်။ ထိုအသံကို ကြားပြီး နဲနဲမှ မခံမရပ်နိုင်ဖြစ်လာသည့် နေ့မျိုးမှာတော့ Alarm ကို စိတ်ဆိုးမာန်ဆိုးဖြင့် ပိတ်၍ ပြန်အိပ်လိုက်မိသည်။ သို့သော် ရလာဒ်ကတော့ ရုံးကို အချိန်မီ မရောက်ခြင်းပင်…။ တစ်ခါတစ်လေဆိုရင်တော့ ကိစ္စမရှိ၊ အကြိမ်ရေ များလာရင်တော့ မကောင်း။ ထို့ကြောင့် မုန်းပင် မုန်းသော်ငြားလည်း နေ့စဉ် မုန်း မုန်းနှင့် သည်းခံရသော အသံတစ်ခုပါပေ။
နောက်တစ်ခုက အလုပ်သွားရက်တိုင်း နံနက် ၇ နာရီခွဲခန့်မှာ ကြားရတတ်သော ကိုယ့်အခန်းနှင့် တစ်ခန်းကျော်မှ တရုပ်မတစ်ယောက်၏ ဒေါက်ဖိနပ်သံ တဂွတ်ဂွတ်…။ ထိုအသံကိုကြားလိုက်လျှင် နာရီကြည့်စရာမလို။ ၇ နာရီခွဲပြီဟု မှတ်ယူ၍ ရလောက်အောင်ပင် သူမက အချိန်မှန်လေသည်။ ကိုယ် ဒီအခန်းကို ပြောင်းလာခဲ့တာ နှစ် နှစ်ကျော်ရှိပြီမို့ ဒီအသံကို ကိုယ် နာခံနေခဲ့ရတာလဲ နှစ် နှစ်ကျော်ခဲ့ပြီ။ စဉ်းစားမိသည်။ ဒီတရုတ်မသည် သစ်သား ခုံဖိနပ်ကိုများ စီးနေလေရော့ သလား… သို့မဟုတ် ဒီဖိနပ်တစ်ရံထဲကို ၂ နှစ်ကျော် စီးနေခြင်းများလား… ဒီလိုတော့ဖြင့် မဖြစ်တန်ရာ…။ သို့သော် ဘာကြောင့်များ သူ့ဖိနပ်သံတွေသည် ဒီအသံဆိုး တစ်မျိုးတည်း ဖြစ်နေရပါသနည်း…။ အဖြေကား ရှာမရ… ထိုတဂွပ်ဂွပ် ဖိနပ်သံကို ကိုယ်မုန်းလှသည်။
နောက် ကိုယ်မုန်းသော အသံတစ်ခုက ရေခဲသတ္တာတံခါးကို စက္ကန့် ၃၀ ထက် ပိုကြာကြာ ဖွင့်ထားလျှင် စီစီညံညံ မြည်တတ်သော သတိပေး Alarm သံ။ ဘာလဲကွ.. ကိုယ့်အိမ်က ကိုယ်ဝယ်ထားတဲ့ ရေခဲသတ္တာတံခါးကိုတောင် ကိုယ့်စိတ်ကြိုက် ဖွင့်လို့ မရတော့ဘူးလား ဟု အချဉ်ပေါက်စွာ တွေးမိသည်။ ပြီးတော့ အဲဒီ ရေခဲသတ္တာတံခါးကို ဘယ်သူကရော အလုပ်မရှိ အလုပ်ရှာပြီး ဖွင့်နေမှာမို့လဲ…။ ရေသောက်ချင်တဲ့အခါ၊ စားစရာ တခုခုရှာဖွေတဲ့အခါ၊ စားလက်စ မုန့်ပဲ သွားရည်စာ၊ ဟင်း အစရှိသော အရာများကို သိမ်းဆည်းချင်သည့်အခါ… ဒီလိုအခါမျိုးတွင်မှပဲ ဒါကြီးကို ဖွင့်တော့မပေါ့…။ စဉ်းစားဘဲ ကြည့်ကြပါဦး။ ဖွင့်ပြီးတော့ရော ဘယ်သူက ဒီလို အချိန်အကြာကြီး ဇိမ်ဆွဲပြီး တံခါးမပိတ်ပဲ ထားမှာမို့လို့လဲ…။ ဒါနဲ့များ ဒင်းက အော်ကြယ် ဟစ်ကြယ်နဲ့ အော် အော်နေသေးတယ်လို့ မလိုတမာစွာ တွေးနေမိတာ အကြိမ်ပေါင်း မနဲတော့…။
နောက်ထပ် ကိုယ်မုန်းသော အသံတစ်ခု ရှိသေးသည်။ ထိုအသံထွက်ပေါ်ရာ နေရာကတော့ အ၀တ်လျှော်စက်မှ ဖြစ်သည်။ သူက သူ့အလုပ်သူ တိတ်တိတ် ဆိတ်ဆိတ် မလုပ်ပဲ ဘာကြောင့် အသံများ ထွက်ရသနည်း။ ရှင်းပြပါမည်။ ပထမဦးဆုံး လျှော်စရာ အ၀တ်တွေထည့်ပြီး ပါဝါ ခလုပ်ကို စ နှိပ်လိုက်တော့ ပါဝါရှိကြောင်းပြ၊ အလုပ် စပြီဟု သိသာစေရန် အသံထွက်လာသည်။ ထားတော့… ။ ထို့နောက် ဆပ်ပြာရည်ထည့်၊ ရေတွေက သူ့အလိုလိုကျလာ… အ၀တ် စလျှော်နေလေပြီ။ ထိုအချိန်မျိုးတွင် ကိုယ်က အ၀တ်လေး တစ်ထည်လောက် ထပ်ထည့်ချင်၍ အဖုံးကို ဖွင့်လိုက်မိသည် ဆိုကြပါစို့…။ ထိုအခါ မောင်မင်းကြီးသားက သူ့အလုပ်ကို နှောက်ယှက်ရကောင်းလားဟု တွေးလေသလားမသိ စူးစူးဝါးဝါး အော်မြည်ပေတော့သည်။ ထိုအခါ တံခါးကို ခပ်မြန်မြန်လေး ပြန်ပိတ်ရလေသည်။ ထိုမျှနှင့် ပြီးရောလား ဆိုတော့ မဟုတ်သေးပြန်။
အ၀တ်များကို လျှော်ဖွတ် ရေဆေး ရေညှစ်ပြုနေစဉ် နောက်ဆုံးတစ်ခေါက်မှာ စူးစူးဝါးဝါး တစ်ခါ အော်လေပြန်သည်။ ဘာကြောင့်ပါလဲ… သူအနေဖြင့် နောက်ဆုံးတစ်ခေါက် အ၀တ်များကို ရေဆေးချိန်တွင် အ၀တ်များ ပျော့ပြောင်း မွှေးကြိုင် မီးပူတိုက်ရ လွယ်ကူစေရန် ထည့်ရသော အ၀တ်ပျော့ဆေးရည် ထည့်ရန် အချက်ပေးခြင်းပင်။ ဘုရားရေ… ကိုယ်မလျှော်နိုင်လို့ ဒင်းကို လျှော်ခိုင်းမိပါတယ်… သူက ကိုယ့်ကိုယ်တောင် ပြန်ခိုင်းနေပါပေါ့လား…။ ကြောက်နေရ ပါလား… အသံတွေကလဲ အမျိုးမျိုးမြည်နေသေး…။ အဲ.. သူလျှော်လို့ပြီးသွားတဲ့အခါမှာလဲ တစ်ခါ စီစီညံညံ အော်ပြန်လေသည်။ ဒါကတော့ ငါ့တာဝန် ကျေပြီဟု ပြောနေခြင်းပင်။ ထို့ကြောင့် အ၀တ်လျှော်စက်ဖြင့် လျှော်တိုင်း မဖြစ်မနေ နာခံရသော ထိုအသံများကို ကိုယ် မုန်းတီးမိပါသည်။
ကိုယ် မုန်းတီးသော နောက်အသံတစ်ခုက မိုက်ကရိုဝေ့ဖ် မှလာသည်။ ညနေတိုင်း အလုပ်မှ ပြန်ရောက်ချိန် များတွင် ညနေစာကို အစအဆုံး ပြင်ဆင် ချက်ပြုတ်နိုင်စွမ်းမရှိသောကြောင့် ရုံးပိတ်ရက် နှစ်ရက်မှာ အသားဟင်း သုံးမျိုးလောက်ကို ချက်ထားမိသည်။ အလုပ်မှ ပြန်ရောက်သောအခါ အသင့်ရှိနေသော အသားဟင်း တစ်မျိုးမျိုးကို မိုက်ကရိုဝေ့ဖ်ဖြင့် နွှေး၊ အသီးအရွက် တစ်ခုခုကို ရှာဖွေ ကြော်လှော်ကာ အိမ်မှပို့ထားသော အခြောက် အခြမ်းလေးများနှင့် တွဲဖက်ပြီး ညနေစာကို စားရလေ့ရှိသည်။ ပြဿနာက ထိုမှ စလေသည်။
မိုက်ကရိုဝေ့ဖ်ထဲသို့ ဟင်းဗူးကို ထည့်၊ ခလုပ်များကို တောင်တောင် မြောက်မြောက်နှိပ်ပြီး ဟင်းနွှေးခြင်း အမှုကို ပြုသောအခါ နှိပ်ထားသော အချိန် တစ်ဝက်အရောက်တွင် တ တီတီဖြင့် အချက်ပြုလေ၏။ ဟင်းများ၏ အပေါ်တခြမ်းတော့ နွှေးပြီးလေပြီ၊ ကျန်ရှိနေသော အခြားတစ်ခြမ်းကို နွှေးလိုပါက တဖက်သို့ လှန်ပေးပါဟု ဆိုချင်ဟန်ရှိပါသည်။ စိတ်မရှည်လှသော ကိုယ့်အဖို့တော့ တဖက်က ပူတာတွေ တဖက်မှာ မပူတာတွေ ဂရုစိုက်မနေနိုင်ပြီ။ တ တီတီသံကို နားမခံနိုင်လွန်းသဖြင့် ဆက်နွှေးရန် Continue ဟူသော ခလုပ်ကိုသာ ခပ်မြန်မြန်နှိပ်လိုက်လေသည်။ ဒီလိုနှင့် ပြီးသွားပြီဟု ထင်ပါသလား…။ မပြီးသေးပါ။ သတ်မှတ်ထားသော နွှေးရန်အချိန် ပြည့်သွားသောအခါတွင်လဲ ထိုဟင်းဗူးကို အပြင်သို့ မထုပ်မချင်း တ တီတီနှင့် အဆက်မပြတ် မြည်နေလေတော့သည်။ ထိုအခါ လုပ်လက်စတွေကို အသာချကာ သူ့ဆီအမြန်ပြေးပြီး သူဖြစ်စေချင်သလို လုပ်ရပြန်သည်ပေါ့…။
နောက် ကိုယ် မုန်းသော အသံတစ်ခုအကြောင်းကိုလဲ ပြောပြချင်ပါသေးသည်။
အပေါ်မှာ ပြောခဲ့သည်။ ကိုယ်မုန်းသော အသံ ဆိုသည့်နေရာတွင် သဘာဝအလျှောက် ထွက်ပေါ်လာသော ကျေးငှက် သာရကာတို့၏ အသံများကို မဆိုလိုပါ ဟု။ သို့သော်… ချွင်းချက်အဖြစ် ကိုယ်ပြောပြချင်သော အသံတစ်ခုမှာ စင်္ကာပူသူ စင်္ကာပူသားတိုင်းလိုလို ကြားဖူးကြမည့် ကိုရွှေဥသြငှက်၏ ဥသြ.. ဥသြ…. ဟူသော မြည်သံပင်။
ဥသြသံမှာ သာယာနာပျော်ဖွယ် မရှိဘူးလား ဟု မေးစရာရှိပါသည်။ ရှိပါသည်… တကယ်လဲ သာယာပါသည်… သီချင်းများ စာပေများထဲတွင် တွန်သံချိုတဲ့ ရွှေဥသြငယ် ဟူ၍ပင် တင်စားကြရသည် မဟုတ်ပါလော…။ ဒါတွေအပြင် ငယ်ငယ်က သိဖူး ကြားဖူးခဲ့သော သီချင်း၊ ပုံပြင် စသည်များထဲတွင်လည်း ဥသြသံကြားလျှင် နွေရောက်ပြီကို သိနိုင်ကြောင်း၊ နွေကြို ရွှေဥသြငှက်… စသည်ဖြင့် ဥသြကို နွေနှင့် အတူတူတွဲကာ တစ်သားထဲ သိမြင် မှတ်သားထားခဲ့ဖူးသည်ပဲလေ…။
သို့သော်… သို့သော်…
စင်္ကာပူမှ ကိုဥသြတို့သည် ရာသီဥတု သာယာကြည်လင်နေချိန်မျိုးမှာသာမက လေကြီး မိုးကြီးတွေ သည်းသည်းထန်ထန် ရွာသွန်းနေချိန်မျိုးမှာပါ ဥသြ... ဥသြ…. ဥသြ…. ဟု နွေကြိုတေးမှန်းမသိ၊ မိုးကြိုတေးမှန်းမသိ၊ ဘာကြိုတေးမှန်းပင် မသိနိုင်သော တေးကို တလစပ် ဟစ်ကြွေးသီဆို လေသောအခါ ကိုယ့်မှာ ရယ်ရမလို၊ ငိုရမလို၊ ဘယ်လွမ်းလို့ လွမ်းရမှန်းမသိ၊ ဒေါသထွက်ကာ စိတ်တွေ အတော်ပင် တိုတောင်းရသဖြင့် ထိုအချိန်မဟုတ် အခါမဟုတ် မြည်ကြွေးတတ်သော ဥသြသံကိုလဲ ကိုယ် မုန်းလှပါသည်။
*****
အသံ တွေသည် အရပ်မျက်နှာမျိုးစုံ နေရာဒေသမျိုးစုံမှ ပုံစံအနေအထား အမျိုးမျိုးဖြင့် ကိုယ့်ဆီကို ရောက် ရောက် လာတတ်ကြသည်။ တစ်နေ့ တစ်နေ့ ကိုယ် နာခံနေရသော ကိုယ် မုန်းတီးသော အသံတွေကို ပြန်လည် ကြားယောင်ကြည့်နေမိပြီး ထိုအသံတွေမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို ကိုယ် ဘယ်လိုရှာရပါ့ ဟု အပြင်းအထန် စဉ်းစားခန်းဝင် နေမိပါတော့သည်။
22 comments:
  1. သက်ဝေ…….
    ကျနော်တို့ လင်မယား နောက်ဆုံး ငှားနေခဲ့တဲ့ အိမ်နားက သစ်ပင်မှာ ဥသြနှစ်ကောင်ရှိတယ်။ မနက်စောစောစီးစီး အိပ်ယာထဲမှာ ကျနော်တို့ ဇိမ်နဲ့ နှပ်ကောင်းနေတုန်းဆိုရင် သစ်ပင်ပေါ်က အဲသည် ဥသြ နှစ်ကောင်ဟာ တကောင်နဲ့တကောင် ထိုးကြဆိတ်ကြ ရန်ဖြစ်ကြဟန်တူပါရဲ့။ မနက်တိုင်း သာယာနာပျော်ဖွယ်အလျဉ်းမရှိတဲ့အသံသေးအသံကြောင်တွေနဲ့ အော်ကြဟစ်ကြတော့ ဥသြသံဆိုရင် အဲသည်တလောက မုန်းတောင် မုန်းမိတယ်။
    ဟိုတနေ့က ရီးဒါးဒိုင်ဂျက်စ် အဟောင်းတအုပ်ထဲမှာ ဖတ်လိုက်ရတယ်။ အာရှမှာ ပတ်ဝန်းကျင် ဆူညံမှု လယ်ဗယ်ဟာ အရမ်းမြင့်တက်နေပြီး အကြားအာရုံကိုတောင် ထိခိုက်နိုင်တယ်တဲ့။ ဥပမာ စားသောက်ဆိုင်တခုထဲမှာ ညစာ စားတယ်ဆိုရင် စားသောက်ဆိုင်နဲ့မတူပဲ အလုပ်ရုံတခုထဲရောက်နေသလို ဆူညံနေတယ်တဲ့။ ဇွန်းသံ၊ ပန်းကန်သံ၊ စကားသံ စသဖြင့်။ လူတွေကလည်း အသံတွေကို လွှမ်းအောင် အသံကိုမြှင့်ပြောရင်းပြောရင်းနဲ့ အရမ်းဆူတဲ့ ပတ်ဝန်းကျင်ကြီး ဖြစ်လာသတဲ့။
    ReplyDelete
  2. သက်ဝေရေ တူနေပြန်ပြီ...ခံစားချက်တွေ...
    တလောကပဲ ဖြစ်နေတာတွေ ချရေးကြည့်သေးတယ် သက်ဝေလိုတော့ ပေါ်လွင်အောင် မရေးတတ်ဘူး။
    ဒီမှာ
    အသံတွေကို ကြောက်နေမိသည်။ ဘာသံကိုမျှ မကြားချင်။ ကိုယ့်အသံကိုယ်ပင် ကိုယ်မကြားချင်။ တနေ့လုံးလိုလို တံခါးပိတ်၍ အခန်းထဲတွင် တစ်ယောက်ထဲနေသည်။
    ညနေစောင်းလျှင် တစ်မိုးအောက်ထဲနေသော သူတစ်ယောက်ပြန်လာသည်။ ထမင်းပွဲပြင်ပြီး ထမင်းစားကြသည်။ ထိုသူကစကားတွေ ပြောသည်။ ဘာတွေပြောနေသလဲ မကြားမိ။ မေးခွန်းတစ်ချို့ သူကမေးပြန်သည်။ မေးခွန်းတိုင်းကို I don’t know ဟူသော တစ်ခုတည်းသော အဖြေသာ ပေးနေမိသည်။
    ကံကောင်းတာက မသီတာ စိတ်က အတက်အကျ သိပ်မြန်တယ်။ အခုတော့ သိပ်မစိုးတော့ပါဘူး။
    သက်ဝေလည်း "အမြန်ဆုံး ပျော်ပါစေ။"
    ReplyDelete
  3. ခက်တော့ခက်ပြီ။
    ReplyDelete
  4. မကြီးရေ..
    စိတ်ဆင်းရဲနေရင်
    စိတ်ပူပင် သောကရောက်နေရင်
    နှမြောတသ ယူကျုံးမရဖြစ်နေရင်
    စိတ်ဆိုးဒေါသ ထွက်နေရင်
    ဖြစ်ချင်တာတွေ မဖြစ်ခဲ့ရင်
    မဖြစ်ချင်တာ ဖြစ်နေရင်
    အလိုမကျမှုတွေ ရက်ထဲပြည့်နှက်နေရင်
    စိတ်တွေ တည်ငြိမ်အေးချမ်းဖို့ လိုတဲ့ အချိန်တိုင်းမှာ .. ..
    ဘာလုပ်သင့်ပါသလဲနော် .. ..
    (အာနာပါန) ရှုမှတ်နည်းလေး ကျင့်ကြည့် ပါလားအစ်မ။
    (အာနာပါန)ရဲ့ မူရင်းအဓိပ္ပာယ်ကတော့ (ထွက်သက်၊ ၀င်သက်) ဖြစ်ပါတယ်။ ပါဠိလို (အဿာသ ပဿာသ)လို့လည်းခေါ် ပါတယ်။
    မြန်မာလို အဓိပ္ပာယ်ဖွင့်ဆို ရင်တော့ အသက်ရှူတဲ့အခါ ဖြစ်ပေါ်လာတဲ့ (ထွက်လေ၊ ၀င်လေ သဘော)ကို စိတ်အာရုံထဲမှာ စူးစိုက် ရှုမှတ် အားထုတ်တဲ့ နည်းကို ခေါ်ပါတယ်။ စိတ်ကို တည်ငြိမ်အောင် လုပ်နိုင်တဲ့ အလွယ်ဆုံးနည်းလေးပေါ့ ..
    သောက ကင်းဝေးလို့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ ..
    ReplyDelete
  5. တယ်လီဖုံးအလမ်းကို ပြင်၍ မရပါ။ ကြိုတင်စောထက အလမ်းကို ဦးအောင် ပိတ်လိုက်နိုင်ပါသည်။
    တရုပ်မဖိနပ်သံ
    မတတ်နိုင်
    အိမ်ပြောင်းပြေးရုသာရှိ
    ရေခဲသေတာကို တခြာူေးရခဲသေတာ ပြောင်းရန်.အစ်မ အိမ်က ရေခဲသေတာ ဘာသံမှမထွက်ပါ. တစ်ခါတစ်လေ ပိတ်တာ အံမကျလဲ သူ့ဘာသာ ဘဲ သူ ငြိမ်ငြိမ်ကလေးနေပါသည်.
    အဝတ်လျော်စက်ထည့်ပြီးပါက ထပ်မဖွင့်ခြင်းဖြင့်ကာကွယ်နိုင်သည်. မဖွင့်က မအော်ဟု သက်ဝေပြောသည်မဟုတ်လား
    ကြားထဲမှာ အဝတ်ပျော့ဆေးထဲ့စေချင်ရွေ့အော်တာ ကိုတော့နားမလည် တို့အိမ်က စက် အဲဒီ အဆင့်မပါဘဘာ။။သို့ဖြစ်ရွေ့အဝတ်လျော်စက်ကုလည်း နိုဒယ် နိမ့်တာ ရွေါ်းပါ။
    မိုက်ခရိုလေး အဲလိုဘဲ တို့အိမ်က တခါဘဲ အထွက်မှာ မည်တ်ာယ သက်ဝေစက်တွေ က အဆင့်သိတ်မြင့်နေတယ်။ တို့ဆို ထည့်လိုက်တယ်။သူမမည်ခင်မှာ ပြနထုတ်လိုက်တယ်။ နားကိုအေးလို့
    ဥသြလဲ မတတနိုင်း
    သို့ဖြစ်ရာ အိမ်ပြောင်းရန်.
    အဓိကကတော့ သက်ဝေ အခုလောလောဆယ် stress level တက်နေ၍သော်လေည်းကောင်း မိန်းကလေး သဘာဝ သွေးသားမမှန်ရွေ့သော်လေည်းကောင်းဖြစ်နိုင်သည်။
    ကိုကို နှင့်တိုင်ပင်ပါလေ။
    ReplyDelete
  6. အိပ်ရေးဝအောင် လဲအိပ်ပါ။
    ReplyDelete
  7. အသံတွေထဲ မှာအမုန်ဆုံးအသံက သတင်းစာတို၊ဘာတို့ အဟောင်းတွေလိုက်သယ်သော.
    ...ပိညှောင်..ပိညှောင့်သံ။သားလေးအိပ်ပြီးးးး
    အလုပ်လုပ်တော့မည်ဆိုလျှင်
    အလုပ်မှမလုပ်ရသေးခင်ဒီအသံကြားပြီး
    သားလေးနိုးသောကြောင့် အမြဲစိတ်တိုရသည်။သို့သော်လည်း သူ့စီးပွားပေမို့ မတတ်နိုင်။
    ReplyDelete
  8. အော်..မသက်ဝေက.. ၂၁ရာစု နေထိုင်မူ နဲ့ စင်ကာပူမြို့ကြီးကို နားညီးနေတာပါလား။
    နေအုံး..စစ်ကိုင်းချောင် ခဏသွားလိုက်.. ပြီးမှ လွမ်းတယ် တော့..မလုပ်နဲ့..း)
    ReplyDelete
  9. တို့လည်း ဆူညံသံတွေကိုမကြိုက်...
    ReplyDelete
  10. ဟုတ်မယ်..သက်ဝေ..တို့တွေ အသက်အရွယ်ပိုင်းမှာ ဒီလိုဖြစ်တာလားမသိဘူးနော်.. အထူးသဖြင့် အမျိုးသမီးတွေ.. အသံကို နားခံလို့မရဘူး.. ဘာသံပဲ ဖြစ်ဖြစ် ကိုယ့်နားထဲမှာ တအားဆူညံနေသလိုပဲ..။ ဒါတောင် သက်ဝေက အဲဒီအသံတွေနဲ့တင်..။ တို့မှာတော့ ကလေးတွေ ရီသံ.ငိုသံ၊ ရန်ဖြစ်သံ..ပြီး မီးစက်သံဆူဆူညံညံ၊..အမယ်လေး.. အဲဒီအသံတွေကို တအားစိတ်ကုန်တာပါပဲ..။ တခါတလေ..တိတ်တိတ်ဆိတ်ဆိတ် တယောက်ထဲ နေရတာ သိပ်ငြိမ်းချမ်းတာပဲ...။
    ဒီ အသံပို့စ်လေးအတွက် ကျေးဇူးပါပဲ သက်ဝေရေ..။ ကိုယ်တယောက်ထဲ မဟုတ်ပါလား သိခွင့်ရလိုက်လို့... :)
    ReplyDelete
  11. ~~~ကေသီပန်~~ကေသီပန် သွေးပုပ်ချဆေးသုံးဆွဲလိုက်ပါ~~~~သက်လေးရာ
    ReplyDelete
  12. အသံတွေကြောင့် စိတ်ညစ်နေတဲ့ အစ်မသက်ဝေကို မှတ်ချက်သံလေးတစ်ခု ၀င်ပေးခဲ့ပါသည်။ ငြိမ်းချမ်းပါစေ အစ်မရေ။
    ReplyDelete
  13. အမရေ.. ပြောလို့ပြောတာ မဟုတ်ပါ.. မီယာတို့ စင်ကာပူသွားတိုင်း ညဖက် အိပ်လို့မရပါ။ တည်းတဲ့ အိမ်က Jurong က HDB flat မှာပါ။ အသံမျိုးစုံ ကြားရလို့ မနက်ဆို ခေါင်းက နာနေပါတယ်.. ရထားပေါ်မှာလည်း ဖုန်းတွေက တချိန်လုံး မြည်နေသလိုပဲ..
    ReplyDelete
  14. မမသက်ဝေပြောထားတဲ့အသံတွေကို ကျနော်လည်း မကြိုက်ဘူး.. အင်း.. မုန်းလောက်အောင်တော့ မဖြစ်သေးဘူး..ဒါပေမယ့် အပေါ်ထပ်ကနေ ခုံဒရွတ်တိုက်ဆွဲတဲ့အသံဆိုရင် အိပ်နေရင်းက လန့်လန့်နိုးလို့ ဒေါသ ထွက်တယ် အမရေ.... လူသူ အိပ်ချိန်ကြီး အလိုက်မသိရ ကောင်းလားဆိုပြီးတော့.. :)
    ReplyDelete
  15. ပုံရိပ်တော့ alarm သံကို အမုန်းဆုံး။ တခါတလေ ကြားရတာ ရင်တုန်တယ်။
    ReplyDelete
  16. ချိုသင်းတော့ သိပ်သတိမထားမိဘူး မမရေ။ ကိုယ်ကလဲ ကိုယ့် own sound track နဲ့ကိုယ် ပြန်ဆူနေလို့လား မသိ။ :)
    စာရေးတဲ့အချိန်တော့ တီဗီသံတွေ မကြားချင်၊ နည်းနည်းလေး တိုးပေးရင် အိုကေပါတယ်။
    ဒီမှာ နားညည်းအောင် ကြားနေရတာက 911 ပုလိပ်ကား၊ မီးသတ်ကား ဥသြဆွဲသံ မမရေ။ သူ့အသံကြားရင် ရင်ထိတ်လိုက်တာ။ အဖေဆုံးတုန်းက ဗြုန်းကနဲမို့ 911 ခေါ်ရတာဆိုတော့ အဲဒီလိုမျိုး လူအသက် ကယ်နေတယ် ထင်ပါရဲ့လို့ စိတ်ဖြေယူရတယ်။ အသက် မီပါစေ ပေါ့။
    ReplyDelete
  17. alarm မပေးပါနဲ့၊ အ၀တ်မလျှော်ပါနဲ့၊ ဟင်းမနွေးပါနဲ့၊ ရေခဲသေတ္တာထဲ ဘာမှထည့်မထားပါနဲ့။ ဒါဆို စိတ်နောက်စရာ အသံတော်တော်လျော့သွားလောက်ပြီ။ စေတနာနဲ့ အကြံပေးတာ ကျေးဇူးတင်ရင် ဘီယာတိုက် :)
    ReplyDelete
  18. အားလုံးဟာ သက်ဝေ (သက်ဝေလို့ပဲ ခေါ်ပါရစေနော်)
    စိတ်မကြည်တုန်းမို့ပါ။
    ဒီအရာအားလုံးနဲ့ ကင်းကွာသွားပြီး
    အေးချမ်းတဲ့ ကိုယ်နေချင်တဲ့ အိမ်လေးမှာ
    နေလာရရင်
    အခုကြားနေရတဲ့ အသံတွေဟာ
    ဘ၀မှာ အမှတ်တရဖြစ်သွားမှာပါလေ။
    ဥသြသံကြားရင်...အော်...အဲဒီတုန်းက ငါ..ဒီလိုဖြစ်ခဲ့ပါလားလို့ပေါ့။
    ဂရုတစိုက်ရှိမနေရင်
    အသံတွေကို မကြားရပါဘူး။
    ဖုန်းသံလေးကိုတော့ ကိုယ်နှစ်သက်တဲ့ အသံလေးပြောင်းကြည့်လိုက်ပါလား။
    ReplyDelete
  19. စိတ်လျှော့အမရေ စိတ်လျှော့၊ကိုယ်မှဘာမှမတတ်နိုင်တာကိုး ဟုတ်။
    ReplyDelete
  20. I like it,that's really importance of human life
    U R wonderful Ma Thet Wai,U can point out that..
    ReplyDelete
  21. သက်ဝေရေ… ဒီရောက်ခါစ ကျောင်းတက်တုန်းက စာမေးပွဲနီးရင် စိတ်ပင်ပန်းလို့  ထင်တယ် ဒီက စလုံးမတွေ စကားပြောတဲ့ တရုတ်သံကို မခံနိုင်ဘူး… ဘယ်လောက်ဆိုးလဲဆို တခါတခါ ငိုတောင်ငိုချင်တယ်… အဲဒီအသံတွေကြောင့်… စာမေးပွဲနီးတော့ ပြန်ကောင်းသွားပြန်ရော… စိတ်ပင်ပန်းတာနဲ့ ဆိုင်မယ်ထင်တယ်… အိမ်က ရေခဲသေတ္တာကတော့ တခါတလေ ပွင့်နေမှန်းမသိလို့  အခိုးတွေ ထွက်မှ သတိထားမိတယ်… မိုက်ကရိုဝေ့ဖ်က အဲလိုလေးလား… settingကို ကိုယ်ကြိုက်သလို လုပ်လို့ ရဘူးလား… ဥသြကိုတော့ မုန်းပါနဲ့ သက်ဝေရယ်… သူ့ ခမျာ ရာသီမရှိတဲ့ တိုင်းပြည်မှာ အူကြောင်ကြောင်ဖြစ်သွားရရှာတာပါ… ခုလောလောဆယ် တို့ မုန်းတဲ့အသံက ရထားသံ… အိမ်က ရထားလမ်းဘေးဆိုတော့ ဆူညံနေတာပဲ… ခါတိုင်းချိန် မသိသာပေမယ့် idolကြည့်တဲ့အချိန်ဆို သိပ်ဆိုးတာ… သက်ဝေတို့  အိမ်နားလေးက ငြိမ်းချမ်းလွန်းလို့  အဲဒီပြောင်းလာရမလားတောင် စဉ်းစားနေတာ…
    ReplyDelete
  22. strike ကသုံးခါတောင် အားပေးထားတာ သက်ဝေရယ် ပြုံးလိုက်တော့နော်။
    ReplyDelete
အမှတ်တရ ရေးခဲ့ပါ...