Thursday, March 19, 2009

အာရုံ

စာမရေးနိုင်တဲ့ရက်တွေ တော်တော်တောင် များသွားတယ်…
အမှန်က ရေးလက်စတွေ၊ အဆုံးမသတ်ရသေးတာတွေ ရှိနေတယ်။

သို့သော် Mood က ဘယ်လိုမှ မ၀င်တော့ဘူး။ နောက်များမှပဲလို့…

* * * * *

အခုလောလောဆယ်မှာ လူတွေရဲ့ အမြင်အာရုံနဲ့ အကြားအာရုံမှာ ဘယ်အရာက လူကို ပိုပြီး လွှမ်းမိုးနိုင်သလဲ ဆိုတဲ့ အကြောင်းလေးကို ပြောပြချင်ပါတယ်။ တဆက်တည်းမှာ လူတယောက်ဟာ အာရုံ စူးစိုက်စွာဖြင့် နားထောင်သူ တစ်ယောက် (Attentive Listener) ဟုတ်မဟုတ် ကို ဘယ်လို စမ်းသပ်ကြည့်နိုင်တယ် ဆိုတာလေးပါ ပြောပြချင်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာလေးပါလေ...

သင်တန်းတခုမှာ ကြုံခဲ့ရတာပါ…။
သင်တန်းသားတွေကို ဆရာက မေးလာတယ်။ သင်ဟာ သူ့ရဲ့ သင်ကြားပို့ချချက်ကို ဘယ်ရာခိုင်နှုံး လောက်အထိ အာရုံ စူးစူးစိုက်စိုက်နဲ့ မှတ်သားနိုင်ပါသလဲ တဲ့။ အဲဒီအခါမှာ တချို့က ၂၀ ကနေ ၄၀ ရာခိုင်နှုံး လို့ ဖြေကြပြီး တချို့ကတော့ ၅၀ ရာခိုင်နှုံး နဲ့ အထက်လောက်အထိ မှတ်မိပါတယ် လို့ အဖြေပေးကြတယ်…။

ဒီအခါမှာ သင်တန်းဆရာက ပြုံးပြီး ပြန်ပြောပါတယ်။ ဒါဆို ဟုတ်ပြီ... သင်တို့အထဲက ဘယ်နှစ်ယောက်က တကယ့် Attentive Listener လဲ ဆိုတာ ကြည့်ကြရအောင်တဲ့...။ ဒီတော့ သူပြောတာကို သေသေချာချာ နားထောင်ပြီး သူလုပ်ပြသလို လိုက်လုပ်ကြပါ တဲ့…။ အားလုံးသော သင်တန်းသားများက အိုကေ ပေါ့..။

သူက စပြောပါတယ်…။
သင်တို့ရဲ့ ညာဖက်လက်ဖ၀ါးကို ဖြန့်ပြီး လက်ကို ထောင်လိုက်ပါ တဲ့..
သင်တန်းသားတိုင်း အားလုံး တသွေမတိမ်း လိုက်လုပ်ကြတာပေါ့။

ပြီးတော့ သူက ဆက်ပြောတယ်…
ဖြန့်ထားတဲ့ လက်ဖ၀ါးကို ခေါင်းပေါ်မှာ အုပ်လိုက်ပါ တဲ့…
အို.. ဘာရမလဲ ဒါလေးများ.. လွယ်လွယ်လေးပါ ဆိုပြီး အားလုံးလိုက်လုပ်ကြတာပေါ့…။

နောက်တခါ သူပြောတာကတော့ ခေါင်းပေါ်က လက်ကို လည်ဂုတ်ပေါ်ကို တင်လိုက်ပါ တဲ့…။ ဒါလဲ လွယ်တာပဲ မဟုတ်လား..။ အားလုံး သူ့ကို ကြည့်ရင်း တညီတညာထဲ လိုက် လုပ်ကြပြန်ရော…။

ဒီတခါကျတော့ သူက ဂုတ်ပေါ်က လက်ကိုပြန်ချပြီး လက်ချောင်း ငါးချောင်းအနက်က လက်မနဲ့ လက်ညှိုးကို ၀ိုင်းပြီး ကျန်တဲ့လက်ချောင်းလေးတွေကို ထောင်ထားလိုက်ပါတဲ့…။ (ငယ်ငယ်က ဖယောင်းတိုင်မီးရောင်ကို နောက်ခံထားပြီး ယုန်ကလေးက နားရွက်ထောင် လုပ်သလိုမျိုးပေါ့) ။ ဒီအဆင့်အထိ အားလုံး သူ့ကိုကြည့်ရင်း လွယ်လွယ်ကူကူပဲ လိုက်လုပ်ကြပါတယ်။

ပြီးတော့ သူက ဘာဆက်ပြောသလဲ ဆိုတော့ အဲဒီ ကွေးဝိုင်းထားတဲ့ လက်မနဲ့ လက်ညှိုးကို မေးစေ့မှာ ကယ်လိုက်ပါတဲ့။ သို့သော် ထူးခြားချက်က သူကိုယ်တိုင်က အဲဒီ ကွေးဝိုင်းထားတဲ့ လက်မနဲ့ လက်ညှိုးကို ပါးမှာ လာကပ်ပြနေတယ်…။ မြင်တာကို လိုက်လုပ်လက်စရှိနေကြတဲ့ သင်တန်းသားတွေလဲ သူ့ကိုကြည့်ရင်း အားလုံးပဲ ကိုယ့်ရဲ့ လက်မနဲ့ လက်ညှိုး အကွေးအ၀ိုင်းတွေကို ပါးမှာ ကိုယ်စီ ကပ်နေကြတယ်ပေါ့…။ မေးစေ့မှာ သွားကပ်ပါ ဆိုတဲ့စကားကို ကြားသော်ငြားလည်း သေသေချာချာ သတိမမူမိပဲ ဆရာ အရှေ့ကနေ လုပ်ပြသလိုပဲ လိုက်လုပ်မိကြတာလေ။

အဲဒီအချိန် စက္ကန့်ပိုင်းလေးမှာ သူက မျက်စေ့ရှင်စွာနဲ့ လူတွေကိုကြည့်ပြီး ရေတွက်ပါတယ်…။
သင်တန်းသား ၂၅ ယောက်မှာ ၂ ယောက်ပဲ လက်မနဲ့ လက်ညှိုးကို မေးစေ့မှာ မှန်မှန်ကန်ကန် ကပ်ထားတာ တွေ့ရပါတယ် တဲ့...။ ကိုယ်တို့အားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အူလှိုက် အသည်းလှိုက် ရယ်မောမိကြပါတယ်။

ကဲ… တွေ့ကြပြီလား…။
အာရုံ စူးစိုက်စွာဖြင့် နားထောင်သူ တစ်ယောက်(Attentive Listener) ဖြစ်ဖို့ ဘယ်လောက် ခက်ခဲတယ် ဆိုတာရယ်… ပြီးတော့ အမြင်အာရုံနဲ့ အကြားအာရုံမှာ အမြင်အာရုံဟာ လူကို ပိုပြီးလွှမ်းမိုးတယ် ဆိုတာရယ်… လွယ်လွယ်လေးနဲ့ သက်သေပြသွားတယ်လေ…။

ဒီစမ်းသပ်ချက်ကလေးဟာ တချိန်မှာ သင်ကိုယ်တိုင် သင်တန်းပို့ချသူတစ်ယောက် ဖြစ်နေခဲ့ရင် သင်တန်းထဲမှာ အိပ်ငိုက်ပြေ အငြီးပြေ ပျော်ပျော်ပါးပါး ရယ်မောစရာ၊ မျက်စေ့ကျယ်စရာ အသုံးဝင်တဲ့ စမ်းသပ်ချက်လေးတစ်ခု ဖြစ်လာနိုင်ပါတယ်…။

ပျော်ရွှင်ကြပါစေ။


9 comments:

  1. I don't think so...But I like yours new post...

    ReplyDelete
  2. အစ်မသက်ဝေရေ...ညီမကတော့ စာဖတ်ရင်းကြည့်ပြီးလိုက်လို့လားမသိဘူး။မေးစေ့မှာ သွားကပ်မိတယ်...:)အမြင်အာရုံကြောင့်ထင်တယ်.။
    အကြားအရဆိုရင်တော့ ပါးပဲကပ်မိမှာကျိန်းသေပါပဲ..။

    ReplyDelete
  3. မှန်ပါတယ်၊ကောင်း၏

    ReplyDelete
  4.ွှအလည်လာပါတယ်.. ခင်ပါရစေ..။ Simon says do that ဂိမ်းလိုမျိုးဘဲပေါ့...။ လူအများကြီးနဲ့ဆော့ရင် ပျော်စရာကောင်းတယ်..။ ရီနေရလို့ဆက်တောင်မလုပ်နိုင်ဘူး..။

    ReplyDelete
  5. စိတ်ဝင်စားစရာပဲ... အဲလို အကြောင်းလေးတွေ များများ ရေးပါ...

    ReplyDelete
  6. စိတ်ဝင်စားဖို့ကောင်းတယ် မမ။ အမြင်အာရုံက ပိုပြီး လွှမ်းမိုးမှုရှိတာအမပြောမှ သတိရသွားတယ်.. တချို့သူတွေကို မြင်ဖူးတယ် အမ.. သူများ လက်ပတ်နာရီကြည့်လိုက်ရင် ကိုယ်ကလည်း ယောင်ပြီး လိုက်ကြည့်တတ်တာမျိုးနဲ့ တူမလားဟင်.. :D

    ReplyDelete
  7. ဆရာရဲ့ လွှမ်းမိုးမှုလည်း ပါမယ်ထင်တယ်..
    ဆရာက အရှေ့ကလုပ်ပြတော့ မေးစေ့မှာကပ်ချင်ရင်တောင် ဆရာလုပ်ပြတာက ပိုမှန်မယ်ထင်ပြီး ပါးမှာလိုက်ကပ် တဲ့လူလည်း ပါနိုင်တယ်လေ..

    ReplyDelete
  8. အင်း… ကိုယ်သာဆို အဲဒီ၂ယောက်ထဲပါမလား… အများထဲပါမလား စဉ်းစားနေမိတယ်သက်ဝေရေ…
    စိတ်ပေါ်မူတည်မယ်ထင်တယ်…
    တခါတလေ စိတ်တွေများနေရင်တော့ မြင်တာကိုလိုက်လုပ်မိမှာပဲ… သေချာနားထောင်မိမှ မဟုတ်ဘူး…
    များသောအားဖြင့်တော့ သူများပြောတာ သေချာနားထောင်ဖြစ်တယ်လို့  ကိုယ့်ကိုယ်ကို ထင်တာပဲ…

    ReplyDelete
  9. မမသက်ဝေရေ
    ကျွန်တော်ကတော့ ၂၃ ယောက်ထဲမှာ ပါဖို့များတယ်။ စိတ်ကများတတ်တော့.

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...