Tuesday, May 5, 2009

တန်ဖိုး

သူသည် ကျွန်းသားစစ်စစ်ဖြင့် ပြုလုပ်ထားပြီး ပေါလစ်ဆေးရောင်ဖြင့် ပြောင်လက် တောက်ပနေသော သစ်လွင်လှပနေသော တံခါးရွက် တရွက်ဖြစ်ခဲ့ဖူးပါသည်။ သူ၏ မျက်နှာပြင်ပေါ်မှာ ကနုတ်ပန်းအချို့ဖြင့် အဆင်ဒီဇိုင်းလှလှများလဲ ဆင်ယင် ထွင်းထုထားသေးသည်။ တံခါးလက်ကိုင်မှာ ကြေးညိုရောင် တောက်နေသော အဖိုးတန် လက်ကိုင်ဘု တခုလဲ ဖြစ်နေပါသေးသည်။ ခန့်ငြားသော အသွင်ကိုဆောင်သော၊ ခိုင်ခန့်ခြင်း သဘောကို ပြသနေသော၊ အရှိန်အဝါ ကြီးမြတ်ခြင်းကို အလွယ်တကူ မြင်တွေ့နေရသော တန်ဖိုးကြီးမားသော ကျွန်းတံခါးရွက် တခု ဖြစ်ပါသည်။

တချိန်တုန်းက သူသည် လှပပြီး ခန်းနားတင့်တယ်သော အခန်းတခု၏ လုံခြုံရေးတာဝန်ကို ယူရသူတစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ ထိုအခန်းပိုင်ရှင်သည် သူ့ကို ညင်သာဖွဖွ ကိုင်တွယ်တတ်သူ မိန်းမငယ်လေး တစ်ဦးဖြစ်ပါသည်။ ထိုမိန်းကလေး အခန်းထဲမှ အပြင်ကို ထွက်သွားချိန်၊ အပြင်မှပြန်လာပြီး အခန်းထဲကို ဝင်လာချိန်များတွင် သူ၏ မျက်နှာပြင် ပေါ်ရှိ ကြေးညိုရောင် လက်ကိုင်ဘုကို အသာအယာ လှည့်ဖွင့်တတ်ပါသည်။ ပြီးလျှင် တံခါးရွက်ကို သေသေချာချာ ဂရုတစိုက် ညင်ညင်သာသာ ပိတ်တတ်ပါသည်။ တခါတရံ အားလပ်ချိန်များတွင် သူမသည် အဝတ်စ ဝါဝါလေးတစ်ခုဖြင့် တံခါးရွက် တစ်ရွက်လုံးကို ပွတ်တိုက်၍ ပြောင်လက်တောက်ပ စေတတ်ပါသည်။

တရက်တွင် တံခါးလက်ကိုင်ကို ခပ်ပြင်းပြင်းလှည့်ဖွင့်သံနှင့်အတူ သူမ၏ အခန်းထဲကို လူ လေး ငါးယောက်ခန့် ဝင်ရောက်လာကာ ပစ္စည်း ပစ္စယများကို သိမ်းဆည်း ထုပ်ပိုးနေကြပါသည်။ ခဏကြာသော် တံခါးရွက်ကို နံရံတဖက်သို့ ကြမ်းတမ်းစွာ တွန်းကပ်ကာ ပစ္စည်းများကို အပြင်သို့ သယ်ထုပ်နေကြသည့် မြင်ကွင်းကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်ရပါသည်။ ထိုနေ့မှစကာ အခန်းပိုင်ရှင် မိန်းမငယ်ကလေးကိုလဲ မမြင်တွေ့ရတော့ပါ။ အခန်းသည် ပိုင်ရှင်မဲ့သွားသလို တံခါးရွက်လေးသည်လည်း ထိတွေ့ကိုင်တွယ်မည့်သူမရှိပဲ ငြိမ်သက် တိတ်ဆိတ်စွာ နေ့ပေါင်းများစွာကို ပျင်းရိ ငြီးငွေ့စွာ ကျော်လွန်ခဲ့ရပါသည်။

သည်လိုနှင့် နေ့ရက်များ အတော်ကြာပြီး တခုသော ညနေခင်းတွင် မိသားတစု ပစ္စည်းများနှင့် ထိုအခန်းငယ်လေးထဲကို ရောက်ရှိလာကြပါသည်။ သူတို့ ပစ္စည်းများနေရာတကျ ချထားရင်း ရှုပ်ထွေးပွေလီနေကြသောကြောင့် သူတို့ အခန်းတံခါးရွက်တခု၏ ထယ်ဝါခန့်ညားမှုကို မည်သူမျှ သတိထားမိဟန်မတူကြပါ။ သာမန်တံခါးရွက် တခုထက် နဲနဲမှမပို၊ တွန်းလိုက် ဆွဲလိုက်ဖြင့်… ကြမ်းတမ်းစွာ…။ ကလေးများကလည်း သူတို့၏ မုန့်စားလက်စ ပေကျံနေသော လက်များ၊ ကစားရာမှ ပြန်လာကြသော ချွေးသံများ ပေနေသော လက်များဖြင့် တံခါးလက်ကိုင်ကို သူ့ထက်ငါ အလုအယက် ကိုင်တွယ်ကာ ဖွင့်ကြ ပိတ်ကြ…။ နောက်ပိုင်း နေ့ရက်များတွင်လည်း သူတို့သည် နံနက် မိုးလင်းလျှင် တံခါးကို ဖွင့်ကာ ထွက်သွားလိုက်ကြ၊ ည မိုးတော်တော်ချုပ်မှ ပြန်လာလိုက်ကြနှင့် တရက် တရက် အိမ်မှာနေသည်ဟု မရှိ။ တံခါးရွက်ကလေးကိုလဲ မည်သူမျှ ဂရုမစိုက်ကြ… ယုတ်စွအဆုံး ကြက်မွေးလေးဖြင့်ပင် ဖုန်ကလေး ဘာလေး သုတ်ပေးဖေါ် မရကြ။ ထိုအခါ တံခါးရွက်ကလေးမှာလဲ တနေ့တခြား အရောင်အသွေးများ မွဲခြောက် မှေးမှိန်၍သာ လာချေတော့သည်။

ဤသို့လျှင် နာကျင် ချိနဲ့သော စိတ်နှလုံးဖြင့် နေ့ပေါင်း ရက်ပေါင်းများစွာ ကျော်လွန်လာခဲ့သည်။ မှတ်မှတ်ရရ ထိုမိသားစု လေးယောက် ပြောင်းလာပြီး နှစ်နှစ်ခန့်အကြာတွင် ဖြစ်ပါသည်။ အထုပ်အပိုးများ ကိုယ်စီကိုင်ဆောင်လာသော လူတစုရောက်လာကာ အချိန် အနည်းငယ်အတွင်းမှာပင် တံခါးဘောင်ကို တူများ တူရွင်းများဖြင့် စတင် ထိုးနှက်ကာ ဖြုတ်နေကြပါသည်။ ဘာများဖြစ်လို့ပါလိမ့်ဟု တွေးနေဆဲ တံခါးကျည်းဘောင် တခုလုံး ပြုတ်သွားပြီးနောက် တံခါးရွက်လေးကိုလဲ ပတ္တာမှနေ၍ ဆွဲဖြုတ်ပစ်လိုက်ကြပါတော့သည်။

တွေ့ကြုံဖူးခဲ့သော အခြေအနေများအရ နားလည်လိုက်သည်မှာ သူတို့ အိမ်ပြင်ကြသည်၊ ဟောင်းနေသည်များကို စွန့်ပယ်ကာ ပစ္စည်း အသစ်များနှင့် အစားထိုးကြပေတော့မည်။ သူသာ စကားပြောတတ်ပါက ခိုင်ခန့် တောင့်တင်းဆဲ၊ လှပ သစ်လွင်ဆဲ၊ အနည်းငယ်မျှ ပွတ်တိုက် သန့်စင်လိုက်လျှင် အရောင်အဝါ လင်းလက် တောက်ပလာနိုင်ပြီး တန်ဖိုးရှိနေဆဲ တံခါးရွက် တခုကို မည်သည့် ချိန်စက်နှင့် တိုင်းတာကာ ဟောင်းနေပြီဟု စွတ်စွဲ သတ်မှတ်လိုက်ပါသနည်း ဟု မေးနေမိမည် ထင်ပါသည်။ ထို့အပြင် သူတို့မိသားတစု၏ လုံခြုံရေးကို ရှေ့ဆုံးမှနေကာ မားမားမတ်မတ် ခိုင်ခိုင်မာမာ အကာအကွယ်ပေးနေသူ တစ်ယောက်အဖြစ် အနည်းငယ် တန်ဖိုးထားကြလျှင် မည်မျှ ကောင်းလိမ့်မည်နည်းဟုလဲ တောင့်တမိပါသည်။ သို့သော် သူ၏ ဆန္ဒများ စိုးစဉ်းမျှ မပြည့်ဝခဲ့ပါ။ အခြားအခြားသော အဟောင်းအမြည်း ပစ္စည်းများနှင့်အတူတူ စတိုခန်းဟု အမည်ရသော ခပ်မှောင်မှောင် အခန်းရှည်ကျဉ်းကျဉ်းလေးထဲသို့ ရောက်ရှိသွားခဲ့ရပါသည်။

ယခုအချိန်တွင် သူသည် ကိုယ်ပိုင်စွမ်းအားနှင့် မရပ်တည်နိုင်တော့ပဲ စတိုခန်း၏ နံရံတဖက်ကို အမှီအတွယ်ပြု၍ ခပ်စောင်းစောင်း အနေအထားဖြင့်သာ နေနေရပါသည်။ မည်သူ့ကိုမှလဲ လုံခြုံသော အကာအကွယ်များ မပေးနိုင်တော့ပါ။ အလိုလိုနေရင်း ဘာမျှ အသုံးမကျ အသုံးမဝင်တော့သော အနေအထားသို့ တမဟုတ်ချင်း ရောက်သွားပါတော့သည်။ တချို့နေ့များတွင် မည်သည့် အလင်းရောင်ကိုမျှ မမြင်ရ…. လေဝင် လေထွက်လဲ မရှိ… ဘယ်လို အသံမျိုးမှလဲ မကြားရ… တိတ်ဆိတ်ခြောက်သွေ့ကာ အထီးကျန်ဆန်လွန်းလှသည်။

လောလောဆယ် သူ ဝမ်းနည်းစွာ တွေးနေမိသည်မှာ ပစ္စည်းတခု၏ တန်ဖိုးဟူသည် တန်ဖိုးထားတတ်သော သူ၏ လက်ထဲတွင်သာ အဖိုးတန် ရှင်သန်နေနိုင်သည် ဟူသော အချက်ကိုပင်ဖြစ်သည်။ သို့သော် တချိန်တည်းမှာပင် တစုံတရာကို တောင့်တ မျှော်လင့်ရင်း သူ၏ စိတ်ကို အားတင်းထားမိပါသည်။ သူ ဇွဲမလျော့သေးပါ…။ တချိန်ချိန်မှာ တစုံတယောက်က ဤ စတိုခန်းတံခါးကို လာဖွင့်ကာ သူ့ကို ခေါ်ဆောင်သွားပြီး ယုယစွာ ပြန်လည် သန့်စင် အရောင်တင်ကာ တနေရာရာတွင် တန်ဖိုးထား အသုံးချလိမ့်မည် မဟုတ် ဟု မည်သူ ပြောနိုင်မည်နည်း…။




(တံခါးရွက် အဟောင်းတခု၏ စိတ်ခံစားမှုကို ကိုယ်တိုင် ဝင်ရောက် ခံစားကြည့်မိပါသည်။)



16 comments:

  1. တံခါးရွက်ကလေးနေရာ က၀င်ခံစားသွားပါတယ်။

    ReplyDelete
  2. ကျွန်းသားက မီးပိုစွဲတယ်ဆိုလား...။

    ReplyDelete
  3. တန်ဖိုးကို
    သိသူနဲ့ မသိသူ။
    အက်ဆေးလေး ကောင်းတယ်။

    ReplyDelete
  4. တန်ဘိုးသိသူလက်ထဲကို ပြန်ရောက်သွားမှာပါ ယုံကြည်တယ။်

    ReplyDelete
  5. ကောင်မလေးက တေတွားတာလား။
    ဘယ်ရောက်သွားလဲဟင်။
    mm

    ReplyDelete
  6. ကောင်းလိုက်တာ သက်ဝေ..အသေးစိတ်ရေးဖွဲ့တတ်လိုက်တာ..။ တန်ဖိုးဆိုတာကိုလည်း တွေးတော စဉ်းစားသွားမိပါတယ်..။

    ReplyDelete
  7. အရမ်းကောင်းတဲ့ အက်ဆေးလေးပဲ။
    ပစ္စည်းလေးတွေကို ရိုရိုသေသေ သုံးဖို့ သတိရသွားတယ်။ အိမ်ရောက်ရင် တံခါးလေး ဖုန်သုတ်အုံးမှ။

    ReplyDelete
  8. မသက်ဝေ စိတ်ကူးလေး ကောင်းတယ်။ တံခါးရွက်လေးကို ကိုယ်ချင်းစာသွားတယ်။

    ReplyDelete
  9. သက်မဲ့ပစ္စည်းလေးတွေရဲ့ တန်ဖိုးကို သက်ရှိလူသားတွေက သတ်မှတ်ပေးကြတယ် ... သက်ရှိလူသားတစ်ဦးစီရဲ့ တန်ဖိုးကိုတော့ မိမိကိုယ်တိုင်ကပဲ သတ်မှတ်ကြရမယ်ထင်ပါတယ်။

    ReplyDelete
  10. Thanks for hope and encouragement post..
    I really love it..
    Appreciate Ma Thet Wai

    ReplyDelete
  11. တခါးရွက်လေးကို သနားသွားတယ်။ လက်ကိုင်ဘုနဲ့ သော့ကိုတော့ စိတ်နာတယ်။ လောလော လတ်လတ် သော့ပြင်သမားကို S$70 ပေးလိုက်ရလို့လေ။

    ReplyDelete
  12. အတွေးကောင်း အရေးကောင်း အက်ဆေးလေးလဲ သိပ်ကောင်း။ မဝေဒီလောက်စာရေးကောင်းမှန်း အစကလုံးဝ မသိခဲ့ပါ။

    ReplyDelete
  13. အတွေးလေးကောင်းတယ်... အဟောင်းဆိုင်မှနေ ရှေးဟောင်းပန်းပု အတု လုပ်တဲ့နေရာမှာ အင်မတန် အသုံးဝင်လောက်ပါတယ်။

    ReplyDelete
  14. ကျွန်းသားတံခါးလေး သနားပါတယ်..

    အင်း ကိုဘွိုက်ဇ် တန်ဖိုးသိပုံက တစ်မျိုးပဲ..

    ReplyDelete
  15. ဘာကြောင့်မှန်းမသိ တံခါးတွေကို ကြည့်ရင်း စိတ်ဝင်စားလို့ ရေးနေမိတာ...
    မှတ်ချက်ရေးပြီး အားပေးသွားကြသူများ အားလုံးကျေးဇူးပါ...

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...