ရေးလက်စတွေ လက်စမသပ်နိုင်ပဲ တွေတွေငေးငေးနဲ့ နေ့ရက်တွေ တရက်ပြီးတရက် ကုန်ဆုံးသွားကြသည်…။ စိတ်ရော လူပါ မအားမလပ်သောကြောင့် စာမရေးနိုင်သလို စာလဲ ကောင်းကောင်းမဖတ်နိုင်ပါ။ ငှားထားသော စာအုပ်များလဲ ရက်စေ့သွားသောကြောင့် ပြန်အပ်လိုက်ရသည်။ ဝယ်ထားသော လစဉ်ထုတ် စာစောင်များလဲ ကုတင်ဘေးက ခြင်းကလေးထဲမှာ ငြိမ်သက်စွာ အစီအရီ။ အဖြစ်က မနှစ်ကနှင့် မတူ ဆိုသည်မှာ ဒါမျိုးပင် ဖြစ်ပေလိမ့်မည် ဟု ပြောင်ချော်ချော် တွေးကြည့်နေမိသည်။
ပြောရရင် အခုတလော ဒီမှာ ရာသီဥတုကလဲ အတော် ပူပြင်းလှသည်။ ပူလောင်အိုက်စပ်နေသော အချိန်များတွင် စာရေး စာဖတ်လုပ်ရသည်မှာ တော်တော်လေး ပျော်စရာမကောင်း။ မနေ့ ညနေတုန်းကတော့ ရာသီဥတုက ဘာစိတ်ကူးပေါက်သည်မသိ၊ မိုးသက်လေလေး တိုက်ပြီး မိုးတပေါက် နှစ်ပေါက်ရွာလေသည်။ သိသိသာသာလေး အေးသွားသောအချိန်တွင် လုပ်စရာရှိသော အိမ်အလုပ်များကို ဝုန်းဒိုင်းကျဲ လက်စသပ်ကာ ကော်ဖီတခွက်ကို ကိုင်၍ စာရေး စာဖတ်လုပ်ရန် စိုင်းပြင်းမိသည်။ တကယ်ရေးမယ်ကြံတော့ စိတ်ထဲမှာ ဘာမှ ပေါ်မလာ…။ ဒီလိုနှင့် တော့ အချိန်တွေ အကုန်မခံနိုင်ပြီ…။ အိပ်ရာထဲခွေကာ စာဖတ်ရန် စာအုပ်ရှာမိသည်။ လောလောဆယ် လက်နားမှာ ရှိသော စာအုပ်တွေကို အသာထားကာ စိတ်ထဲမှာ ဖတ်ချင်နေသော၊ ဘယ်အချိန် ပြန်ဖတ်ဖတ် ဘယ်တော့မှ မရိုးဟောင်းနိုင်သော၊ ကိုယ် အလွန် နှစ်သက်သော စာတအုပ်ဆီသို့ လက်လှမ်းလိုက်မိသည်။
ထိုစာအုပ်လေးထဲတွင် စီးမျောပါဝင်နေရင်း ညနေခင်းတခုကို လှလှပပ ကျေကျေနပ်နပ် ကုန်လွန်စေခဲ့သည်။ တချိန်ထဲမှာပင် ထိုစာအုပ်လေးထဲမှ ချစ်စရာ ကဗျာလေးတပုဒ်ကို မျှဝေပေးချင်စိတ် ဖြစ်ပေါ်မိသည်။ ကဗျာလေးမှာ ဝတ္ထုထဲမှ ဇာတ်ကောင် အမျိုးသား (လင်းထင်) က သူ တဖက်သတ် နှစ်သက် မြတ်နိုးနေသော်လည်း မိဘများ သဘောတူ စေ့စပ်ထားသောသူနှင့် မကြာခင် လက်ထပ်ရတော့မည့် အမျိုးသမီးလေး (မြနန္ဒာ) နှင့် ကျောင်းအဆင်း အင်းလျားကန်စောင်းတွင် နှစ်ဦးသား ဆုံတွေ့ရချိန်မှာ ကိုယ်တိုင် စပ်ဆို ရွတ်ပြသော ကဗျာလေးဖြစ်သည်။ သီးခြား ခေါင်းစဉ်တပ်မထားသော ကဗျာလေးလဲ ဖြစ်နေသေးသည်။ နှစ်သက်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။
-----
--------
------------
----------------
ပြူတင်းဝမှ
ညနေငှက်ပြာ၊ မောင်နှံလာပြီး
ယှက်ဖြာလွန့်လူး၊ ထင်းရှူးရွက်ကြား
စကားတိုးတီး၊ ပြောမပြီးဘူး
နှုတ်သီးတေ့ဆက်၊ လည်ချင်းယှက်ဆဲ
တစ်ရက် တစ်ရက်၊ လှည့်စားခက်ခဲ့
ချစ်သက်ကျွမ်းဝင်၊ နေလိုက်ချင်လည်း
သခင်နှမ၊ နှင်းဆီမြပွင့်
အလှပျက်မည်၊ စိုးနှောင့်သည်ကြောင့်
နှုတ်ခြည်မလွန်၊ မောင့်တာဝန်ပင်
မပန်ဆင်ရက်၊ မတပ်မက်ရဲ
သစ်ရွက်ကြွေတော၊ အင်းလျားကြော၌
မမောပန်းသော၊ ရေပြင်လျောစီး
လှေမျောတက်မဲ့၊ လည်ချင်းနွဲ့မှီ
တစ်လှည့်စီမွှေး၊ လက်ချင်းထွေးဆုပ်
ငှက်တေးချိုပျား၊ ပန်းစကားကို
ပြောကြားမဆုံး၊ နှစ်ယောက်လုံးပဲ
အပြုံးလှယ်ကြ၊ ရယ်မောကြဖြင့်
တစ်ဘဝမျှ နေချင်သည်...။

(ဆရာမ မကြည်အေး ၏ မြနန္ဒာ ပြောပြချင်သေးသည် ဝတ္ထုမှ ကူးယူဖေါ်ပြပါသည်။ မည်သူ့ ခွင့်ပြုချက်မှ မရှိပဲ မျှဝေချင်သော စိတ်ကူး သက်သက်ဖြင့် တင်လိုက်မိသောကြောင့် ကန့်ကွက်မည့်သူ ရှိလာပါက ချက်ချင်း ပြန်ဖြုတ်ပေးပါမည့် အကြောင်းကိုလဲ အသိပေးအပ်ပါသည်။)
ကဗျာလေးက ချိုလိုက်တာ သက်ဝေရယ်… ဟိုးတုန်းက ချိန်းတဲ့ညနေတွေကို ပြန်လွမ်းသွားတယ်… ဝေမျှပေးတာ ကျေးဇူးပါ…
ReplyDeleteလှတဲ့ကဗျာလေးကြောင့် သက်ပြင်းချသွားမိတယ်..
ReplyDeleteပြန်ဝေမျှပေးတာ ကျေးဇူး
မမက မောင် ကိုကို နဲ့ မြနန္ဒာ ဖတ်နေတာကိုး။
ReplyDeleteနှစ်ယောက်လုံးပဲ
အပြုံးလှယ်ကြ၊ ရယ်မောကြဖြင့်
တစ်ဘဝမျှ နေချင်သည်... တဲ့
ခုလဲ နေနေရတာ ဟုတ်ဖူးလား။ :)
အမသက်ဝေ ရာသီဥတုတွေ အတော်ပူနေလား။ ကော်ဖီလေးနဲ့ ဇိမ်ကျနေတဲ့ အချိန်လေးကို မြင်ယောင်ကြည့်နေတာ။ ကဗျာလေးကလည်း အလွမ်းတွေကို ဆွပေးလိုက်သလိုလို။ စာအုပ်ကောင်းလေးတွေနဲ့ ငြိမ့်နေရတာ အားကျတယ်အမရေ။ ရာသီဥတုကလည်း လူ့စိတ်ကို လွှမ်းမိုးတယ်နော်။
ReplyDeleteအစ်မသက်ဝေ
ReplyDeleteခုနှစ်အပူဒဏ်က လူကို တော်တော်လေးပင်ပန်း စေတာ အမှန်ပါပဲ။ လုပ်ချင် ကိုင်ချင်စိတ်ကို နွမ်း စေတယ်။ ဒီကြားထဲ ဘလောဂ့်ပေါ် စာမတင်နိုင် တာကလည်း လူရဲ့ သောကကို ပွားစေတယ်။ ဘာဖြစ်ဖြစ် ကဗျာလေးကြောင့် ကျေးဇူးပါ။
ဆင်ဆင်ပြေ ပျော်ရွှင်ပါစေ
လေးစားလျက်
Thax ..Ma Thet Wai..
ReplyDeleteOnly a life? :)
ReplyDeleteသူ့ကဗျာတွေကို သဘောကျတယ် သက်ဝေ.. တစ္ဆေဆိုလည်း အရမ်းကြိုက်ပဲ.. ကျေးဇူးနော်..
ReplyDeleteဘယ်အချိန်ဖတ်ဖတ် စိုက်ကနဲ မျောသွားရတာ.. ကြည်အေးကဗျာ.. ပဲ။
ReplyDeleteအလွန်ကဗျာဆန်ပါသော ကျွနုပ်ရဲ့ သူငယ်ချင်းပါတကား။
ReplyDeleteကဗျာလေး လာဖတ်သွားပါသည်။
ကဗျာလေးဖတ်ပြီး နဲနဲ ငယ်မူပြန်ချင်သွားတယ်။ ငယ်ငယ်တုန်းက ဘ၀ကို လွမ်းလိုက်တာ။
ReplyDeleteစာအုပ်တောင် မဖတ်ဖြစ်တာ ကြာပြီးသက်ဝေ။ တို့ အခြေအနေ အတော်ဆိုးနေတယ်။ ဘလော့ဘဲဖတ်တယ်။
ReplyDeleteကိုယ်တိုင် နှစ်သက်လို့ မျှဝေပေးလိုက်တာကို အတူတူပဲ နှစ်သက်ကြတယ်ဆိုလို့ အရမ်းဝမ်းသာပါတယ်...။ နောက်လဲ အခါအခွင့်သင့်ရင် မကြည်အေးရဲ့ ကဗျာ လှလှလေးတွေ ထပ်တင်ချင်ပါသေးတယ်...
ReplyDelete