Friday, October 2, 2009

နားလည်တဲ့သူတွေကတော့…

ဒီနေ့မနက်စောစော အိပ်ရာကနိုးနိုးချင်းမှာ ဖတ်လိုက်ရတဲ့ ပန်ပန့်ရဲ့ အားလုံးကို ပြတ်သွားအောင် ဆိုတဲ့ ပိုစ့်လေးကြောင့် ကိုယ့်ရဲ့ ရှုပ်ထွေး နောက်ကျိနေတဲ့ စိတ်တွေ ကြည်လင်ပြီး လူက အလိုလိုနေရင်း ပြုံးရယ် နေမိပါတော့တယ်…။ ပန်ပန်ရေးထားတာ ဘာများ ရယ်စရာပါနေလို့လဲ ဆိုပြီးတော့ နားလည်မှုတွေ မလွဲပါနဲ့နော်…။ သူက သူ့ရဲ့ အပြင်လောကမှာ ပိုများလာတဲ့ တာဝန်ဝတ္တရားတွေ နဲ့ မလောက်မင ဖြစ်နေတဲ့ အချိန်တွေကြောင့် G Talk တွေကို ဖြတ်တော့မယ် လို့ ရေးထားတာပါ။ သူရေးထားတာ ဖတ်အပြီးမှာ ကိုယ် ကြားခဲ့ရဖူးတဲ့ စကားတခွန်းကို သတိရပြီး တွေးရင်း ပြုံးရယ်မိတာပါလေ…။

ဇာာတ်လမ်းက ဒီလိုပါ။
လွန်ခဲ့တဲ့ ဆယ်စုနှစ် တခု ကျော်ကျော်လောက်က ကိုယ်တို့ သူငယ်ချင်းတသိုက် (ယောင်္ကျားလေး ၄ ယောက် နဲ့ ကိုယ် အပါအဝင် မိန်းကလေး ၅ ယောက်) ကျူရှင်တခုက အပြန် သိမ်ကြီးဈေးနားမှာ လမ်းဘေးမှာ ရောင်းတဲ့ အသုပ်ဆိုင်တခုမှာ အသုပ်စားရင်း လဘက်ရည်သောက်ရင်း ပျော်ပျော်ပါးပါး စကားဝိုင်းဖွဲ့ခဲ့ကြဖူးပါတယ်။ မှတ်မိသလောက်ကတော့ လမ်းဘေးမှာ ရောင်းတဲ့ဆိုင်ဆိုပေမယ့် တော်တော်လေး သန့်သန့်ပြန့်ပြန့်နဲ့ စားလို့အလွန်ကောင်းတဲ့ နာမည်ကြီး ဆိုင်တခုပါ။ (ဆိုင်နာမည်တော့ မမှတ်မိတော့ပါ။)

ဒီလို စားရင်း သောက်ရင်းမှာ ဘေးဘီကို မျက်စေ့ကစားကြည့်လိုက်တော့ ဘေးနားမှာ ရောင်းနေတာက လေဘေးထည်လို့ခေါ်တဲ့ အဝတ်တွေကို လမ်းမပေါ်မှာ ဖြန့်ခင်းပြီး ရောင်းတဲ့ ဆိုင်ပါ။ ရောင်းနေတဲ့သူကလဲ လူငယ်တယောက်ပါ။ သူဟာ သူ့ရဲ့ ပစ္စည်းတွေကို စိတ်ပါ လက်ပါနဲ့ အော်ဟစ်ကြော်ငြာပြီး ရောင်းနေတာ…။ ကိုယ်တို့ တသိုက်ကလဲ သူ့ရဲ့ တက်ကြွ သွက်လက်တဲ့ ဟန်ပန် နဲ့ စိတ်ပါလက်ပါ ကြည်ကြည်လင်လင် ဈေးရောင်းနေတာကို သတိထားမိပြီး သဘောတွေကျ နေကြတာလေ…။ သူ့ရဲ့ အထည်အဝတ်တွေကလဲ ဝယ်သူတွေ မပြတ်အောင်ကို အလွန် ရောင်းကောင်းလှပါတယ်။ (ဝယ်သူတွေ စည်ကားလှတဲ့ အဲဒီမြင်ကွင်းကိုကြည့်ရင်း ရင်ထဲမှာတော့ တမျိုးလေး ခံစားမိပါတယ်...။)

ကိုယ့်သူငယ်ချင်းတွေထဲမှာ တယောက်က တော်တော်စပ်စုတဲ့ အကောင်စုတ်လေးပါ။ သူက သူနဲ့လဲ မျက်နှာချင်းဆိုင်လို ဖြစ်နေတဲ့ အဲဒီလူရဲ့ များပြားလှတဲ့ အထည်ပုံကြီးနဲ့ ပျော်ပျော်ပါးပါး ဈေးရောင်းနေပုံကို (ဈေးကွက်ဝင်လုတော့မယ့် လူတယောက်အလား) တချိန်လုံးကြည့်ပြီး စပ်စပ်စုစုနဲ့ လေ့လာနေတယ်လေ။ ခဏကြာတော့ အဲဒီဈေးသည်ကြီးက သူ့ကိုကြည့်နေကြတာကို ရိပ်မိသွားတယ် ထင်တယ်။ ဈေးသည်ဆိုတာ သူ့ကို တချက်ကလေး ကြည့်လိုက်မိတာနဲ့ သူ့ပစ္စည်းတွေကို မဝယ်ချင် ဝယ်ချင်အောင် အတင်း ဆွဲဆောင်တတ်ကြတာ မဟုတ်လား။ ဒီတော့ သူ့ရဲ့ မျှားဦးက ကိုယ်တို့ ဆီကို တည့်တည့်မတ်မတ် လှည့်လာတော့တာပေါ့။

သူက ဘယ်လို မျှားဦးလှည့်လာတာလဲ ဆိုတော့ကာ… သူ့ရဲ့ တက်ကြွ အောင်မြင်တဲ့ လေသံနဲ့ အတူ “ကဲ.. ဟောဒီမှာ နားလည်တဲ့ သူတွေကတော့ ဝယ်ကုန်ပြီနော်… တွေ့လား… ကုတ်တွေ ဂျင်းဂျက်ကက်တွေ တထောင်ဖိုးကို သုံးထည်ထဲရယ်… နားလည်တဲ့ သူတွေကတော့ ဝယ်ကုန်ကြပြီနော်... ဝတ်ကုန်ကြပြီနော်...” လို့ အော်ပါတော့တယ်…။ သူ့ဟာသူ သူ့ပစ္စည်းကို ဘယ်လို အော်ရောင်းရောင်း ဘာမှ ဖြစ်စရာအကြောင်းမရှိပေမယ့် ခက်ပုံခက်နည်းက သူက ကိုယ်တို့ တသိုက်ကို လှမ်းလှမ်းကြည့်ပြီး “ဟောဒီမှာ နားလည်တဲ့ သူတွေကတော့ ဝယ်ကုန်ကြပြီနော်… နားလည်တဲ့ သူတွေကတော့ ဝတ်ကုန်ကြပြီနော်…” လို့ တအား တအားအော်တော့ ကိုယ်တို့တွေလဲ မျက်နှာဘယ်လို ထားရမှန်းမသိ ဖြစ်ကုန်ကြတာပေါ့။ သူပြောပုံအရဆိုရင် သူ့အထည်တွေ မဝယ်ကြတဲ့ မဝတ်ကြတဲ့ ကိုယ်တို့ တွေက နားမလည် ပါးမလည် ခပ်တုံးတုံး ခပ်အအ လူသားတွေ ဖြစ်မှန်းမသိ ဖြစ်နေကြပြီလေ… ဟုတ်ဖူးလား…။

မှာထားတာတွေကို စားလို့ သောက်လို့ကလဲ မပြီးသေးလေတော့ ရုတ်တရက်ကြီး ထပြေးဖို့ကလဲ မလွယ်… ကောင်လေးတွေက မရှက်ပေမယ့် ကိုယ်တို့ မိန်းကလေးတစုကတော့ ရှက်တာပေါ့နော်…။ ပြူးပြူးပြဲပြဲ သွားကြည့်နေတဲ့ ဟို အကောင်စုတ်ကိုလဲ အားလုံးက ဝိုင်းဝန်းပြီး ဆူပူ ကြိမ်းမောင်းနေကြပါတယ်…။ မတတ်နိုင်.. ဒီလိုဘဲ ရှက်ရှက်နဲ့ ဆက်ထိုင်စားနေကြချိန်မှာ သူ့ရဲ့ အသံက တစထက် တစ ပို ပိုပြီး ကျယ်လောင်လာပါတော့တယ်…။

“ဟောဒီမှာ နားလည်တဲ့ သူတွေကတော့ ဝယ်ကုန်ပြီနော်… နားလည်တဲ့ သူတွေကတော့ ဝတ်ကုန်ပြီနော်… နားလည်တဲ့ သူတွေကတော့ ဝယ်ကုန်ကြပြီနော်… နားလည်တဲ့ သူတွေကတော့ ဝတ်ကုန်ကြပြီနော်…”

အဲဒီဈေးသည်ဟာ ဝယ်သူတွေကို လက်မလည်အောင်ရောင်းရင်း ပါးစပ်ကလဲ “နားလည်တဲ့ သူတွေကတော့ ဝယ်ကုန်ကြပြီနော်…” လို့ ကိုယ်တို့တွေကို ကွက်ကြည့် ကွက်ကြည့်လုပ်ရင်း အဆက်မပြတ် ဟစ်ကြွေးနေလိုက်တာ ကိုယ်တို့ အဲဒီဆိုင်က ထလာပြီးတာတောင် ဟိုး တော်တော် ဝေးဝေးရောက်တဲ့အထိ သူ့အသံကို ဆက်ကြားနေရသေးတာ။ အဲဒီနေ့က ဆိုင်မှာတုန်းက စိတ်တွေရှုပ်ပြီး မရယ်နိုင်သမျှ နောက်တနေ့ ကျောင်းမှာ ပြန်ဆုံကြတဲ့အခါမှာ အဲဒီအကြောင်းကို ပြောပြောပြီး ရယ်လိုက်ရတာဆိုတာ တော်တော်နဲ့ မရပ်နိုင်ကြပါဘူး။ ခုထိလဲ တခါတခါ အဲဒီစကားကို သုံးမိရင် ဘယ်တော့မှ အမှတ်တမဲ့ မဖြစ်ပဲ လှိုက်လှိုက်လှဲလှဲ ရယ်မိနေတုန်းပါ။

ဟင်… အဲဒါနဲ့ ပန်ပန့်ပိုစ့်နဲ့ ဘာဆိုင်လို့လဲ.. ဟုတ်လား…။

အော်.. ဆိုင်ပါသော်ကော…။ သူက အခြေအနေတွေ အချိန်အခါတွေ၊ သူ့ရဲ့ လုပ်ငန်း တာဝန်တွေကြောင့် သူ့ကိုယ်သူ နားလည်စွာနဲ့ လိုအပ်တဲ့ အချိန်စီမံခန့်ခွဲမှုကို သေသေချာချာ ပြတ်ပြတ်သားသား လုပ်သွားပြီလေ…။ အဲဒီအကြောင်းကို ဖတ်ပြီးတဲ့အချိန်မှာ ကိုယ့်အတွေးထဲမှာလည်း “ကဲ... နားလည်တဲ့ သူတွေကတော့ ဖြတ်ကုန်ပြီနော်… ” လို့ အော်ရမလို ဖြစ်သွား၊ ခံစားသွားရရင်း ငယ်ငယ်တုန်းက အကြောင်းလေးကို သတိတရနဲ့ ပြုံးမိ ရယ်မိတာပါ။

ဒါပေမယ့် ကိုယ်ကတော့ အခုလောလောဆယ်မှာ ကိုယ့်ရဲ့ အစိမ်းရောင်၊ အနီရောင်၊ လိမ်မော်ရောင် အစရှိတဲ့ ရောင်စုံ အစက်ကလေးတွေရယ်၊ သူတို့ရေးထားကြတဲ့ အမျိုးမျိုးသော စိတ်ဝင်စားစရာ၊ ချစ်စရာ Status Message လေးတွေရယ်ကို ဘယ်လိုမှ သံယောဇဉ် မပြတ်နိုင်သေးတာမို့ မလောက်ငတဲ့ အချိန်အကြောင်းတွေ ဘာတွေ ဘာဆို ဘာမှ မစဉ်းစားပဲ အတိုင်းအတာ တခုအထိတော့ (နားမလည်ချင်ယောင်တွေ အတင်းဆောင်ပြီး) နားမလည်တဲ့သူတယောက် အဖြစ်နဲ့ပဲ ဆက်ပြီး ရပ်တည်နေမိအုံးမှာ သေချာပါတယ်လေ…။



(ကိုယ် တွေးချင်ရာ တွေးပြီး ရေးချင်ရာ ရေးမိတာ မဆီမဆိုင် ဖြစ်နေရင်လဲ ခွင့်လွှတ်ကြပါ… ကိုယ်ကတော့ “နားလည်တဲ့သူတွေကတော့…” ဆိုတဲ့ စကားတခွန်းကိုပဲ ကြားယောင်နေပြီး တမနက်လုံး ပြုံးရယ်နေမိတော့တယ်… ကောင်းသော သောကြာနေ့ ဖြစ်ကြပါစေ။)

23 comments:

  1. နားလည်တဲ့လူတွေကတော့ မန့်သွားပါပြီ
    :D

    ReplyDelete
  2. နားလည်တဲ့လူတွေကတော့ အစကတည်းက ဂျီတော့ခ်ရော၊ ဖေ့စ်ဘွတ်ခ်ရော မသုံးပါဘူးခင်ဗျာ….း-)။

    ကျနော် ဖေ့စ်ဘွတ်ခ် သုံးပုံသုံးနည်းက ကျနော့်သူငယ်ချင်းတယောက် ဟဲန်ဖုန်း သုံးသလိုပဲ။ အဲဒီတုန်းက အ၀င်ဖုန်းတွေအတွက်လည်း ပိုက်ဆံပေးရသေးချိန်ဆိုတော့ ဘီးစိတ်ကျတဲ့ ကျနော့်သူငယ်ချင်းက သူ့ဖုန်းကို ခေါ်လိုက်ရင် Hang Up လုပ်လိုက်ပြီးမှ ပြန်ခေါ်တယ်။ ကြာတော့ သူငယ်ချင်းတွေအကြားမှာ “ဒီကောင်က Handphone ကို Pager လို သုံးတဲ့ကောင်” ဆိုပြီး နာမည်တွင်သွားတယ်။

    အခုလည်း ကျနော်တယောက် နားလည်တဲ့လူပီပီ Facebook ကို Pager လို သုံးနေပါတယ်။

    ReplyDelete
  3. နားလည်တဲ့လူတွေကတော့ မန့်သွားပါပြီ
    i am also smiling after i read.

    i know about game,so i never try.
    i play games everyday, but time is limited.

    :)

    momiji

    ReplyDelete
  4. အစ်မကတော့ နားလည်သွားလို့ ဖြစ်မယ် အစိမ်းရောင်မှာ မထားတော့ဘူး။ offline ပဲ လုပ်ထားပြီး အီးမေးလ် Check မှပဲ တခါတခါ ကြည့်ဖြစ်တယ်။

    ReplyDelete
  5. နားလည်ပေမယ့် ဘလောဂ့်ကတော့ ဂင်းနေဦးမှာ လောလောဆယ်တော့ အချိန်လောက်ငအောင် ဟိုကဆွဲ ဒီကဆွဲ သုံးနေပါတယ်အစ်မ...။

    ReplyDelete
  6. Do not late.. try plz... :)

    ReplyDelete
  7. ဟော..နောက်တယောက်.. ပို့စ် ခေါင်းစဉ်လေးတွေက..အထာလေး တွေ နဲ့ပဲ..။
    စလုံးကျွန်းက..လူတွေ..တယ် အထာနပ်တာပဲကိုး..။း)

    ReplyDelete
  8. gtalk တော့အစထဲက မသုံး ။ facebook ကိုတော့ ဇွတ်ကြီးကို နားမလည်ချင်ယောင် ဆက်ဆောင်ဦးမှာ..... :)))))))

    ReplyDelete
  9. အင်း..အချိန်ဆိုတာ သူ့ဘာသာ ကန့်သတ်ထားတော့လည်း အလိုလိုကို နားလည်နေရတော့တာပါပဲ သက်ဝေရယ်..ရယ်ရတယ်..ဒီအဖြစ်အပျက်လေးက သက်ဝေတို့ သူငယ်ချင်းတွေကြားမှာ ပြောစမှတ်ဖြစ်နေမယ့် အမှတ်တရလေးပေါ့..

    ReplyDelete
  10. နားလည်တဲ့သူတွေ ဖြတ်ကြတော့မယ်ပေါ့နော်

    ReplyDelete
  11. နားလည်သလို မလည်သလိုဖြစ်နေတုန်းပဲ ခွိခွိ :)

    ReplyDelete
  12. ရပ်နေတာတွေ ရွေ့သွားအောင်...ရွေ့နေတာတွေ ရပ်သွားအောင်...အားတခု လိုတယ်တဲ့...နားလည်တဲ့သူတွေ ပြောကြတာ ကြားဖူးတာပဲ...:)

    ReplyDelete
  13. အင်းးး နားလည်ရ ခက်နေတာ ခက်တာပဲ :P

    ReplyDelete
  14. happy Friday မသက်ဝေ..
    =) အချိန်မီလေးပဲ..
    happy weekend!

    ReplyDelete
  15. ကိုယ်ဟာ အဖန်ဖန်မိုက်ဦးမှာ..

    ReplyDelete
  16. အဲဒီလို နားလည်တတ်ချင်လိုက်တာ။ :)

    ReplyDelete
  17. နားလည်သူမဟုတ်လဲ..အခြေအနေအရ..နားလည်ချင်ယောင်ဆောင်နေရတယ်။
း) mm

    ReplyDelete
  18. ရေစီးကြောင်းသံယောဇဉ် ဖြစ်နေတာကိုး အမရယ်၊
    ဖြတ်ဖို့ခက်တယ်လေ။
    နားလည်စွာနဲ့ပဲ.....။

    ReplyDelete
  19. နားလည်ပေမယ့် မဖြတ်နိုင်ဘူး ဘယ်လိုလုပ်မလဲ ဟင်။

    ReplyDelete
  20. ဖတ်ပြီး ပြုံးမိပါတယ် အစ်မသက်ဝေ...။ “နားလည်တဲ့ သူတွေကတော့” ဆိုတာ နားထဲမှာ ကျန်ရစ်နေပါတယ်။ အပြင်မှာ ရုန်းရကန်ရ တိုးတက်မှုရှာရနဲ့ အချိန်တွေ balance မလုပ်နိုင်တော့တာကြောင့် ညီမလည်း Gtalk ကို ခုရက်ပိုင်း တော်တော်လေး လျော့နေဖြစ်ပါတယ်း)

    ReplyDelete
  21. မမသက်ဝေရေ.. ကျနော်လည်း နားမလည်ချင်ယောင်ဆောင်ပြီး ပိတ်ရက်မှာ facebook ကို စ မိလိုက်တယ်.. blog ကိုလည်း အချိန်ရသလိုရသလိုပေါ့ အမရယ်.. :D

    ReplyDelete
  22. သယ်ရင်း မသက်ဝေရေ ...လာဖတ်တာနောက်ကျနေလို့ ... ခွင့်လွှတ်ပါ ...
    ဖိုရမ်ရယ် ...ဘလော့ခ်ရယ် ... ပဲခုတလော ရောက်ဖြစ်ပါတယ်။ face book ရယ် ... ဂျီတော့ရယ်ကတော့ မနိုင်လို့ လွှတ်ထားပါတယ်။
    ဂျီတော့က စာရိုက်နှေးလို့ပါ။

    မသက်ဝေရေးတာ အဲလို အရွှင်လေးတွေ လဲ ဖတ်လို့ကောင်းတာပဲ။

    ReplyDelete
  23. အင်း… အသိခေါက်ခက် အ၀င်နက်နေတုန်းပဲ သက်ဝေရေ… နားလည်ပါသော်လဲ… နားလည်ပါသော်လဲပေါ့… တော်သေးတယ် သက်ဝေတို့ အုပ်စု မခံချင်ဖြစ်ပြီး သူ့ အပုံကို သွားမဖွလို့ … လောကဓံကို ကြံ့ကြံ့ခိုင်နိုင်တာလေ… ဟိဟိ

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...