Saturday, November 27, 2010

အလွမ်းတွေရဲ့ အဝေး


ကိုယ်တွင်းမှာ လည်ပတ်နေသော သွေးတွေ အစဉ် လတ်ဆတ် နွေးထွေးနေဆဲ… အချိန်နာရီတွေ ရာသီတွေ ဘယ်လိုပြောင်းပါစေ ဘယ်သောအခါမှ အေးစက်သွားလိမ့်မည် မဟုတ်ပါ။ အရာရာတိုင်းမှာ အဆုံးသတ်တွေ ရှိနေသည်မှာ မှန်ကန်သော်လည်း အပြစ်ကင်းစင်သော ချစ်ခြင်းများကတော့ ဘယ်သောအခါမှ အဆုံးသတ်သွားလိမ့်မည် မဟုတ်ပါ။ ကိုယ်စီဘဝတွေ အဆုံးမသတ်သေးသ၍ စစ်မှန်သော ချစ်ခြင်းမေတ္တာတွေကလဲ အဆုံးသတ်လို့ ဘယ်လိုရနိုင်မှာလဲ...

အတူတူဆိုရင်… ဟု တွေးတောခဲ့ကြသော မျှော်လင့်ခဲ့ကြသော အချိန်တွေ ကြာသည်ထက် ကြာလာခဲ့ပြီ…။ မျှော်လင့်ရင်း ရင်ခုန်ရင်း အိပ်မက် မက်ရင်း၊ တွေငေး လွမ်းမောရင်း အချိန်တွေ တဖြေးဖြေး ကုန်လာခဲ့ပြီ။ အခုဆိုလျှင် ကိုယ့် ပတ်ဝန်းကျင်မှာ အအေးဓါတ်တွေ ကြီးစိုးလာခဲ့ပြီ…။ ရေခဲအောင် အေးသော၊ ကိုယ် မုန်းတီးလှသော ဆောင်းရာသီကို နောက်တကြိမ် ရောက်ခဲ့ပြန်ပြီ…။ ချစ်သူ အနားမှာ ရှိမနေနိုင်သောအချိန်တွေမှာ ကိုယ်အမုန်းဆုံးရာသီမှာ ဆောင်းရာသီဖြစ်သည်။ အရင်နှစ် ဆောင်းရာသီတုန်းက ချစ်သူရှိရာနေရာမှာ ဆောင်းခိုမည်ဟု တွေးစီစဉ်ခဲ့ဖူးသည်။ သို့သော် ကမ်းလင့်သော လက်တစုံကို ကိုယ် ထွေးပွေ့ခွင့် မကြုံခဲ့ပါ။ မေတ္တာစစ်မှန်လျှင် ဆုံဆည်းကြသည် ဆိုပဲ… ထိုသို့ဆိုလျှင် ကိုယ်တို့နှစ်ယောက် မေတ္တာတွေများ မစစ်မှန်ခဲ့ကြလေရော့သလားဟုပင် သံသယတွေ ဝင်ခဲ့ဖူးသည်။ ကိုယ်တို့နှစ်ယောက်စလုံး တကယ် ကံမကောင်းခဲ့ကြပါ…။

လွန်ခဲ့သော ရက်အနည်းငယ်က သူမနှင့် ဖုန်းပြောဖြစ်တော့ သည်မှာ ဆောင်းဝင်စပြုလာပြီဟု မှတ်မှတ်ရရ ပြောပြဖြစ်သေးသည်။ သူမအတွက် ဆောင်းဦးပေါက်မြင်ကွင်းတွေကို အရင်နှစ်တွေကလို ဓါတ်ပုံရိုက်ပြီး မပြရသေး… သည်ရက်တွေမှာ အလုပ်တွေ များလှသည်။ အလုပ်တွေပိ၍ ရက်အနည်းငယ် စကားမပြောဖြစ်ကြသောအခါ “ဆောင်းရာသီ၏ အအေးဓါတ်ကြောင့် ကိုကို့နှလုံးသားတွေ အေးစက်သွားပြီလား…” ဟု သူမက ခပ်တိုးတိုး မေးလာခဲ့သည်။ သူမ၏ အမေး အဆုံးမှာ ဖိစီးမှုမျိုးစုံဖြင့် ကြွေကျလုမတတ် ပါးလျနေသာ ကိုယ့်နှလုံးသားတွေ ဖျတ်ကနဲ ကွဲအက်သွားသလို ခံစားလိုက်ရသည်။ မေးရက်လေခြင်းဟု သူမကို စိတ်မခုရက်ပါ။ သူလဲ မေးချင်ပေမပေါ့…

သည်နေရာ၏ ရာသီဥတု အနေအထားအရ ဆောင်းဦးပေါက်မှာ သစ်ပင်တွေ သစ်ရွက်တွေ အရောင်ပြောင်းတတ်ကြသည်။ ဆောင်းဦးပေါက်မှာ သစ်ရွက်တချို့ ကြွေကျကြသည်။ မြင်မြင်လေရာမှာ အရောင်ပြောင်းနေသော သစ်ရွက်တွေကို တွေ့တော့ သူမလေးကိုပဲ သတိရမိသည်။ အနေဝေးနေချိန်တွေမှာ ဆောင်းဦးပေါက်က သစ်ပင်တွေလို သူမ၏ နှလုံးသားတွေ အရောင်ပြောင်းသွားလေမလား စိုးထိတ်မိပြန်သည်။ ဆောင်းဦးပေါက်က ရွက်ကြွေတွေကို တွေ့တော့လဲ အနေဝေးနေစဉ် သူမ၏ နှလုံးသားတွေ ခြောက်သွေ့ကာ ကြွေနွမ်းသွားကြမှာကို စိုးထိတ်မိပြန်သည်။ ထိုအကြောင်းကို သူကနှင့် စကားစပ်၍ ပြောဖြစ်တော့ “မစိုးရိမ်ပါနှင့် စိတ်ချလက်ချနေပါ…” ဟု ချစ်စဖွယ် အားပေးစကား ပြောခဲ့သေးသည်။

ချမ်းချမ်းစီးစီးမနက်ခင်းတခုမှာ သူမနှင့် စကားပြောဖြစ်တော့ "တွေ့ဖို့ အချိန်တွေကို စောင့်နေရသည်မှာ ကြာလှပြီ… ဆက်မစောင့်ချင်တော့ဘူး… ကိုယ့်အနားကို လာခဲ့ပါတော့…" ဟု မချင့်မရဲ ပြောလိုက်မိသည်။ စကားအဆုံးမှာ တဖက်မှ အသံတိတ်သွားပြန်တော့လဲ ဆန္ဒအလျောက် မဆင်မခြင် ပြောလိုက်မိသော ကိုယ့်စကားတခွန်းကြောင့် သူမ စိတ်ထိခိုက်သွားလေသလား တိတ်တိတ်ကလေး ရှိုက်ငင်နေလေသလားဟု သနား နောင်တ ကြီးစွာရ ရပြန်သည်။

တမိနစ် တစက္ကန့်လေးမျှ ရပ်တန့်မနေသော အချိန်နာရီတွေနှင့် ပြောင်းလဲလာသော အသက်အရွယ်တွေကြောင့် လက်ရှိအခြေအနေအပေါ်တွင် အားငယ်စိတ်တွေနှင့်အတူ စိတ်ဓါတ်တွေက ဟိုး အောက်ဆုံးနားအထိ ကျလု ကျခင်။ တချို့ရက်တွေမှာ အလွမ်းစိတ်တွေ စိတ်ပြေလို ပြေငြား ရီဝေရစ်မူးစေသောအရာတွေနှင့် မိတ်ဆွေဖွဲ့မိသလို တချို့ရက်သော နေ့ရက်တွေမှာတော့ အဝေးပြေးလမ်းမကြီးများပေါ်တွင် ကားကို အရှိန်ပြင်းပြင်းမောင်းကာ လူတွေနှင့် ဝေးရာကို ပြေးထွက်သွားမိသည်။ လမ်းဘေးတလျှောက် မျက်စေ့တဆုံး မြင်နေရသော သူမ နှစ်သက်သော တောင်တန်းညိုညိုတွေ သစ်တောစိမ်းစိမ်းတွေနှင့် တိမ်လိပ်ဖြူဖြူတွေကို တိုင်တည်ရင်း အလွမ်းတွေကို ဝေမျှရသည်။

တခါတခါမှာ ဝန်းကျင်တခုလုံး ဘာမှ မမြင်ရတော့လောက်အောင် ဆေးလိပ်မီးခိုးတွေ မှုတ်ထုတ်မိပြန်သည်။ ဆေးလိပ်တွေ အများကြီး မသောက်ပါနဲ့ ကိုကို… ဟု ပြောတတ်သော သူမအသံကို ကြားယောင်လာချိန်မှာတော့ နာကျင်ရစ်ဝဲလာသော မျက်ရည်များသည် ဆေးလိပ်မီးခိုးကြောင့်ပင် ဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် အားပေး လိမ်ညာမိပြန်သည်။ အနေဝေးသော ဘဝတွေသည် ခါးသီးလွန်းလှသည်ပဲ…။

ကောင်းကင်မှာ ကြယ်တွေစုံသော ညတညမှာ ချစ်သူကို သတိရရင်း မပီပြင်လှသော ကဗျာလေး တပုဒ် ရေးခြစ်ပြီး ချစ်သောသူဆီ အရောက်ပို့ခဲ့မိသေးသည်။ ခေါင်းစဉ်ကိုတော့ ဂျစ်ပစီရဲ့ ကြယ်ကြွေည ဟု အလွယ်တကူ ပေးလိုက်သည်။

အနားမှာ မင်းသာရှိခဲ့ရင်ပေါ့
ကမ္ဘာလွှမ်းတော့မယ့် မိုးသည်းတွေကိုလဲ
စိတ်ထဲ ကြည်ကြည်လင်လင်
မင်းရဲ့ ခင်မင်မေတ္တာတွေပဲ သွန်းနေသလိုလို…

မိုးထဲ တိုးဝင်နေတဲ့ တောင်တန်းတွေကိုလဲ
ငရဲလမ်းလို ငြိုငြင်နေရာက
တိမ်တွေထဲရောက်မှ
မင်းနဲ့ နမ်းကြမယ်လို့ တွေးလိုတွေး…

စူးရှရှ ဝံပုလွေ အူသံကြား
တခါတခါ လာပုတ်တတ်တဲ့ ဝက်ဝံစုံတွဲတို့နဲ့လည်း
ရိက္ခာတချို့ ခွဲဝေမျှ
ကိုယ်တို့အိမ် လာလည်ကြတဲ့ သူငယ်ချင်းတွေလိုလို…

ချစ်သူရယ်…
တယ်လီဖုန်းလေးသာ တချက် ဆက်လိုက်စမ်းပါ
ဒီမြောက်ကျွန်းမှာ လွင့်နေတဲ့ ခရီးသွားတယောက်က
လာသမျှ အန္တရာယ်တွေ အကုန်လုံး
ခေါင်းဖမ်းအုံးလိုက်ရင်း
မင်းအတွက် ရင်ခုန်တေးသွားမြမြ
ကြက်သီးတွေခအောင် ကိုယ်ဆိုပြလိုက်မယ်…။

ထိုကဗျာလေးကို သူမ ဖတ်နေချိန်နှင့် တချိန်တည်းမှာ ကိုယ်တိုင်လဲ ထိုကဗျာကို တခေါက် ပြန်ရွတ်မိသည်။ ကဗျာလေးကို ဖတ်နေချိန်မှာ သူမက မျက်ရည်ကျနေခဲ့သည်ဟု ပြောလာတော့ အတော်အံ့သြသွားသည်…။ ဘာကြောင့်ဆို ကိုယ်လဲ ထိုအချိန်က မျက်ရည်ကျနေခဲ့သည်လေ…။ အနေဝေးသော်လည်း ခံစားမှု တူညီနိုင်သော နှလုံးသားတွေကြောင့် ဝမ်းနည်းမှုတွေကြားမှ အတန်ငယ် စိတ်သက်သာရာရခဲ့ပြန်သည်။

အိပ်မရသော ညတွေမှာ အတွေးတွေက ဟိုရောက် သည်ရောက်…။ ကိုယ်ချစ်သောသူ ဆုံးပါးသွားတာရယ် အသက်ရှင်နေပါလျက်နဲ့ကိုယ်ချစ်တဲ့လူက တခြားသူနဲ့ပျော်နေတာကို တွေ့ရတာရယ် နှစ်ဦးသား စိတ်တူ ကိုယ်တူ ချစ်ပြီး နီးစပ်ခွင့်မရတာရယ် ဘယ်ဟာက ခံစားရတာ ပိုသက်သာမလဲ ဟု…။ အမှန်ကတော့ ဘယ်ဟာမှ မသက်သာလှပါ…။ သို့သော်လည်း ဝေးခြင်း နီးခြင်းတွေသည် ခိုင်မြဲသော ချစ်ခြင်းတခုအတွက် အထူးတလည် အရေးကြီးလှသည် မဟုတ်… နှလုံးသားခြင်း နီးကပ် နွေးထွေးနေဖို့သာ အရေးကြီးသည်ဟု တွေးလိုက်တော့ ရင်ထဲက အပူမီးတွေ အနည်းငယ် သက်သာသွားခဲ့သည်။ လက်ရှိ အနေအထားမှာ နှစ်ယောက်စလုံးက အတူတူဆုံနိုင်ချိန်တွေအတွက် ရင်ခုန်သံတွေ နွေးထွေးရင်း မျှော်လင့်နေခြင်းတွေ ရပ်တန့်မသွားသေးတာကိုက ခိုင်မြဲသော ချစ်ခြင်းတခု၏ ပြယုဒ်ပင်…။ လောကကြီးတွင် လှပသော ချစ်ခြင်းဖွဲ့ ဇာတ်လမ်းများအားလုံးသည် ရိုးရိုးစင်းစင်းလေးများ မဟုတ်ကြသည်မှာ သိပ်ကို သေချာပါသည်…။

တနေ့နေ့မှာတော့ အလွမ်းတွေရဲ့ အဝေးမှာ အတူတူဆုံနိုင်ကောင်းရဲ့ဟု မျှော်လင့်ရင်း ရင်ခုန်ရင်း မဆုံးသော အိပ်မက်ရှည်များကို အကြိမ်ကြိမ် အခါခါ မက်နေရင်း….



မှတ်ချက် ။ ။ လွန်ခဲ့တဲ့ တနှစ်ကျော်ကျော်လောက်က ရေးခဲ့ဖူးတဲ့ အတူတူဆိုရင် ပိုစ့်ရဲ့ နောက်ဆက်တွဲပါ…။ အတူတူ တဆက်တည်း ဖတ်လို့ရသလို သပ်သပ်စီ ခွဲဖတ်ရင်လဲ ရလောက်မယ်ထင်ပါရဲ့…။ အဲဒီ အတူတူဆိုရင် ပိုစ့်ထဲက သူငယ်ချင်းကို သတိတရ မေးပြီး သူတို့ရဲ့ လက်ရှိ အခြေအနေလေးကို ဆက်ရေးပေးဖို့ ပြောလာတဲ့ ညီမငယ် နှစ်ယောက်ရှိပါတယ်…။ သူတို့နှစ်ယောက်နဲ့ စကားပြောဖြစ်ပြီး သူတို့ရဲ့ တိုက်တွန်း အားပေးမှုနဲ့ ဒီပိုစ့်ကို ရေးဖြစ်ပါတယ်…။ စာထဲက တချို့စကားလုံးတွေအတွက် အဲဒီညီမနှစ်ယောက်ကို ကျေးဇူးတင်ပြီး ကဗျာလေးအတွက်တော့ မိတ်ဆွေ ကဗျာဆရာကို ကျေးဇူးတင်ပါတယ်…။ ပြီးတော့ သတိတရနဲ့ မေးလာတဲ့ ညီမ နှစ်ယောက်စလုံးကို သူငယ်ချင်းက ကျေးဇူးတင်ကြောင်း ပြောပေးပါ တဲ့…

19 comments:

  1. ဓါတ်ပုံကောင်းတယ်နော်။ အတော်ဟုတ်နေပြီပဲ။

    ReplyDelete
  2. စောစောစီးစီး အလွမ်းတွေကို ခံစားသွားတယ် မမသက်ဝေ ...
    စာလုံးတွေ သိပ်လှတာပဲ ...
    ညီမလေးတောင် စာဖတ်ရင်း မျောသွားတယ် ။ ဒါပေမဲ့ မလွမ်းချင်ဘူး မမသက်ဝေ ....ပူလောင်မဲ့ အချစ်တွေကိုလဲ ကြောက်တယ်း)

    ReplyDelete
  3. တခါတခါတော့လည်း လွမ်းနေရတာကိုက လှပနေတာမဟုတ်လား

    ReplyDelete
  4. ဆက်ရေးပေးတာ ကျေးဇူးတင်ပါတယ် အမရေ။ အမသူငယ်ချင်းတို့ဆက်ပြီး ချစ်ချစ်ခင်ခင် မျှော်လင့်နေတာ ၀မ်းသာပါတယ်။ မစောင့်နိုင်တော့ဘူးဆိုပြီး ထားသွားခဲ့ရင် ချစ်ပြီးနီးစပ်ခွင့်မရတဲ့ အပူအပေါ်မှာ ကိုယ်ချစ်တဲ့လူက တခြားလူနဲ့ ပျော်နေတဲ့ အပူနဲ့ဆို ကြေကွဲစရာတွေ ဖြစ်ကုန်လိမ့်မယ်။ အဲဒါကြောင့် တကယ်ချစ်လို့ စိတ်ရှည်လက်ရှည် စောင့်နေတဲ့ သူ့ကိုလည်း ကျေးဇူးတင်ပါတယ်လို့။ သူတို့နှစ်ယောက် ဆုံနိုင်ပါစေ ဆုတောင်းနေပါ့မယ်။

    ReplyDelete
  5. မောတာ ဖတ်ရတာ

    ReplyDelete
  6. အလွမ်းတွေကင်းဝေးတဲ့ဘဝအမြန်ရောက်ကြပါစေဗျာ

    ReplyDelete
  7. ကြိုက်တယ်...
    ကဗျာကို ပိုကြိုက်တယ်...

    ReplyDelete
  8. အက်ဆေးဆရာမကြီး ဒါမျိုးမဖတ်ရတာတောင်ကြာပြီ..

    ReplyDelete
  9. ကိုယ်ချင်းစာသွားတယ်
    ဒီလိုပါပဲ

    ReplyDelete
  10. မသက်ဝေဆီက ဒါမျိုး မဖတ်ရတာကြာလို့ မျှော်နေတာ...

    "ကိုယ်စီဘဝတွေ အဆုံးမသတ်သေးသ၍ စစ်မှန်သော ချစ်ခြင်းမေတ္တာတွေကလဲ အဆုံးသတ်လို့ ဘယ်လိုရနိုင်မှာလဲ..."

    သိပ်မှန်တာပဲ... စိတ်ချမ်းသာစရာ အနာဂတ်ကို ပိုင်ဆိုင်ပါစေလို့ ဆုတောင်းသွားတယ်...

    ReplyDelete
  11. အမသက်ဝေရေ... အတူတူဆိုရင် ပို့စ်ပါ ပြန်ဖတ်သွားတယ်။ အရင်ကဖတ်ဖူးတယ်။
    ခုချိန်ထိ သူတို့နှစ်ဦး မဆုံနိုင်သေးဘူးပေါ့နော်။

    ချစ်သူတိုင်းကို အလွမ်းတွေက ကင်းဝေးစေချင်ပါတယ်။

ှဆုံနိုင်ခွင့်ရဖို့လည်း ဆုတောင်းပေးသွားပါတယ်... တကယ်လို့များ တခြားတယောက်ရဲ့ မျက်ရည်နဲ့ခြားထားတဲ့ တံတိုင်းတစ်ခု မဟုတ်ခဲ့ရင်ပေါ့။

    ReplyDelete
  12. အတူတူဆိုရင်ရော...အခု အလွမ်းတွေရဲ့အဝေးရော
    အရမ်းကြိုက်တယ်...မမသက်ဝေရဲ့ အရေးတွေကိုခိုက်လွန်းလို့....ဖတ်ရင်း ရင်ထဲ နှုံးခွေသွားတယ်....။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  13. ဓါတ်ပုံကိုလဲ ကြိုက်တယ်…
    စာကိုလဲ ကြိုက်တယ်…
    ကဗျာကိုလဲ ကြိုက်တယ် သက်ဝေ…

    အခုတလော စာရေးကျဲနေလို့ သတိရနေတာ…
    နေကောင်းတယ် မဟုတ်လား…

    ReplyDelete
  14. အလွမ်းဆိုတာ
    အနုသယကိလေသာတစ်မျိုးလို့
    ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)က
    ဆိုဖူးတယ်။
    For me, it is a remarkable note and never seen it similar descriptions by other.
    Thanks !

    ReplyDelete
  15. အစ်မသက်ဝေရဲ့ အခုပို့စ်က သူငယ်ချင်းစုံတွဲအကြောင်းရယ် မဇွန်မိုးစက်ရဲ့ ကော်မန့် “တခြားတယောက်ရဲ့ မျက်ရည်နဲ့ခြားထားတဲ့ တံတိုင်းတစ်ခု” ဆိုတာရယ်ကို ဖတ်အပြီးမှာ...

    စာရေးဆရာမ မစန္ဒာရဲ့ ဝတ္ထုတိုများ-၃ ကထင်တယ်...အဲဒိထဲက ဝတ္တုတို၁ပုဒ်ရဲ့ ဇာတ်ကောင်, နာမကျန်းတဲ့အမေအိုကို ပြုစုနေရှာတဲ့ သမီးအလိမ္မာလေး, ကို သတိရသွားတယ်...

    အဲဒိလို ချစ်ရက်နဲ့ ဝေးနေကြတဲ့သူတွေရဲ့ များစွာသော အကြောင်းအရာတွေကို ဖတ်ရတိုင်း အဲဒိ ဝတ္တုထဲက ဇာတ်ကောင် သမီးအလိမ္မာလေးကို ကျနော် မမေ့မလျော့ သတိရနေတတ်တယ်...
    ပထမဆုံး အဲဒိဇာတ်လမ်းကို ဖတ်မိတုန်းကဆိုရင် ဖတ်ပြီးနောက် ငိုင်ပြီး စိတ်မကောင်းဖြစ်နေမိတယ်...
    သိပ်လိမ္မာတဲ့ သားသမီးတွေအကြောင်းမို့ လို့လဲ ဖြစ်မယ်ထင်တယ်...

    အစ်မသက်ဝေရဲ့ အရေးအဖွဲ့က ကောင်းလွန်း ပီပြင်လွန်းတော့ ကာယကံရှင်မဟုတ်တဲ့ စာဖတ်သူတွေကိုတောင် ဒီလောက် ဆွဲဆောင်နိုင်ရင် တကယ်လွမ်းသူတွေ ပိုလွမ်း၊ ဆွေးသူတွေ ပိုဆွေး သွားကြလိမ့်မယ်...

    အဲ့ဒိ အစ်ကိုနဲ့အစ်မ ဘဝနဲ့ဆန္ဒထပ်တူကြဖို့ ဆုတောင်းပေးပါတယ်...

    ReplyDelete
  16. လွမ်းရတာ ကျွန်မအတွက် အရသာ ဆိုတဲ့ သီချင်းကို သတိယမိတယ်၊

    ဒီလိုစာမျိုးက အချိန်ပေးပြီးဖတ်မှ ရတာဆိုတော့ နောက်တခါ လာဖတ်တယ်၊

    ReplyDelete
  17. အမရေ...
    အလုပ်မအားတဲ့ကြားက ညီမ ပူဆာလို့ အခုလိုရေးပေးတာ ကျေးဇူးတင်ပါတယ်။

    အမ မိတ်ဆက်ပေးထားလို့ သူတို့နှစ်ယောက်အကြောင်းကို မကြာခဏ တွေးမိနေတာ... တယောက်နဲ့တယောက် အဝေးမှာ နေ နေရတော့ ကြောက်တယ် အမရယ်...။ ဘာပဲဖြစ်ဖြစ်
    ချစ်တဲ့သူတိုင်း မဝေးရပါစေနဲ့လို့ ဆုတောင်းပါတယ်...
    အမကို ကျေးဇူးတင်ပါတယ်နော်...

    ချစ်တဲ့

    ညီမ

    ReplyDelete
  18. Hi!
    Did you know that upon activation of your new account and purchase of 10 Credits, DubLi.com will send you a $500.00 resort voucher? Additionally, US customers will receive a $25.00 restaurant voucher! Simply use the following link and register in three easy steps: http://bit.ly/free500usd
    На этом всём можно построить бизнес и купить ОСТРОВ!

    ReplyDelete
  19. အဲ့သည့် ကဗျာလေး ကြိုက်လိုက်တာ.....နူးနူးညံ့ညံ့လေး....
    ခုတလော ကဗျာလေးတွေ သိပ်ကြိုက်နေမိတယ်...:)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...