Wednesday, February 9, 2011

စကားပွင့်ပုံပြင်


စာအုပ်ရဲ့ ပထမဆုံးစာမျက်နှာမှာ လက်မှတ်နဲ့ အတူ ရေးထားခဲ့တာက Jan’04 ဆိုတော့ ဒီစာအုပ်ကို ဖတ်ဖူးတာ လွန်ခဲ့တဲ့ ၇ နှစ် က။ မှတ်မိသလောက်ပြောရရင် အဲဒီအချိန်က အဲဒီစာအုပ်ကို နှစ်ခေါက် ဖတ်ခဲ့တယ်။ ပထမ တခေါက်က ပြီးချင်ဇော… ဇာတ်လမ်းအဆုံးကို သိချင်ဇောနဲ့ ဖတ်ခဲ့တယ်။ ဒုတိယတခေါက်မှာတော့ ဖြေးဖြေးနဲ့ နားလည်အောင် အချိန်ယူပြီး ဖတ်ခဲ့တယ်လို့ ဆိုနိုင်တယ်။

နောက် အချိန်တွေ တော်တော်ကြာသွားပြီး ဘယ်တုန်းကမှန်းတောင် မမှတ်မိတော့တဲ့ အချိန်တုန်းက တခါ ဖတ်ဖြစ်သေးတယ်။ သေချာတာကတော့ တနှစ်က ဒီမှာလုပ်တဲ့ စာပေဟောပြောပွဲ (ဆရာ ချစ်ဦးညို၊ ဆရာ နေဝင်းမြင့် နဲ့ ဆရာမ ဂျူး) အပြီးမှာ မှတ်မှတ်ရရ တခေါက်ပြန်ဖတ်ခဲ့တယ်။

ပြီးတော့ ကိုရွာသားလေးရေးတဲ့ စကားပွင့် ဝင်္ကပါထဲက အထွက်… အဲဒီ ဝင်္ကပါထဲက ကိုယ့်ဟာကိုယ် ကိုယ်ဖြစ်စေချင်တဲ့နည်းနဲ့ ထွက်ထားရာက သူ ရေးထားတာကို ဖတ်လိုက်ရတဲ့အခါမှာ အဲဒီဝင်္ကပါထဲက စိတ်ချ လက်ချ လွတ်မြောက်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဖြစ်စေချင်သလိုပါပဲ… ခွန်သာဟာ သက်ရှိလူသား တယောက် ဖြစ်နေခဲ့လို့ပါ။ ဒါပေမယ့် အခုပြောပြချင်တာက ဝင်္ကပါအထွက် အကြောင်းကို မဟုတ်ဖူး။ အချိန်နဲ့ လိုက်ပြီးပြောင်းလဲသွားတတ်တဲ့ လူတွေရဲ့ အတွေးအခေါ်၊ အယူအဆနဲ့ စိတ်ခံစားမှု အခြေအနေအကြောင်းကိုပါ။

အရင်က ဖတ်ခဲ့တုန်းက ဇာတ်သိမ်းမှာ မင်းညိုစင်ကို လုပ်သင့် လုပ်ထိုက်တာကို သေသေချာချာ ဆုံးဖြတ်ခဲ့တဲ့ သူတယောက်အဖြစ် မြင်ခဲ့တယ်။ မေဇော်အတွက် မင်းညို ရဲ့ ဆုံးဖြတ်ချက် မှန်တယ်လို့ ထင်ခဲ့တယ်။ မေဇော်ကို သူ ချစ်လို့ (စေတနာရှိလို့) မှန်တဲ့ လမ်းပေါ်ရောက်အောင် ဒီ စကားပွင့် ဝင်္ကပါထဲက ဆွဲထုတ်သွားတယ်လို့ မြင်ခဲ့တယ်...

အခု တခေါက်ပြန်ဖတ်လိုက်တော့ မင်းညို မနှစ်သက်တော့ဘူး။ သူ့စိတ်ကို မကြိုက်တော့ဘူး… အဆိုးဆုံးကတော့ သူ မေဇော့်ကို ညာပြောလိုက်တာကို လုံးဝ မနှစ်သက်နိုင်တော့ဘူး။ ဘာလို့ဆို သူ မေဇော့်ကို တကယ် ချစ် မချစ် မသေချာလို့ပဲ။ အပြင်မှာ ချစ်ဟန်မပြခဲ့တာ အကြောင်းမဟုတ်ပါဘူး... ဒါပေမယ့် သူ့ရင်ထဲမှာ မေဇော့်အတွက် နေရာရှိ မရှိ တကယ်ပဲ မသေချာတော့ဘူးလေ။ အဲဒီလို မသေချာတာတွေကို မြင်မြင်လာရလေ... စိတ်ထဲမှာ အလိုမကျတာတွေ၊ မနှစ်သက်တာတွေနဲ့အတူ အရာရာမှာ သံသယစိတ်တွေ ထားတတ်လာခဲ့တယ်။ လောကကြီးမှာ သေချာတာ ဘာများ ရှိပါသလဲ။

အမှန်က ဆရာမ ဂျူးက မင်းညိုရဲ့ စိတ်ခံစားမှုကို မပြသွားဘူး။ ဒါမှမဟုတ် ရင့်ကျက်တဲ့သူတစ်ယောက်ရဲ့ တည်ငြိမ်မှုကို ဖန်တီးထားခဲ့တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီအထဲမှာ မင်းညိုက အတော်လေး လူကြီးဆန်တယ်… ပြီးတော့ မေဇော်ရဲ့ ချစ်ခင်မှုကို ကြိုပြီးသိနှင့်နေတဲ့ ယောင်္ကျားတစ်ယောက်ပေါ့။ သူက မေဇော့်ဘဝကို တိုးတက်မြင့်မားစေချင်တယ်။ သူရဲ့ အထက်လူကြီး ဒေါ်အေးအေးထွန်းလို မိန်းမမျိုးဖြစ်ဖို့ တိုက်တိုက်တွန်းတွန်း လုပ်ချင်တဲ့သဘောမှာရှိတယ်။

သူ မေ့ထားတာက မေဇော်ဟာ မိန်းကလေးတစ်ယောက်ဆိုတဲ့ ဖြစ်တည်မှုပဲ။ ကြည့်ပါအုံး… ခွန်သာဆီက ရခဲ့တဲ့ အကြည့်တွေကို မေဇော်က အခုလို လှပစွာ သရုပ်ဖေါ်ခဲ့တယ်… “ကျွန်မကို မြတ်နိုးသော မျက်လုံးတွေ၊ ကျွန်မကို မိန်းမသားတယောက်အဖြစ် အသိအမှတ်ပြုသော မျက်လုံးတွေ၊ ကျွန်မကို မင်းညိုတယောက် ဘယ်တုန်းကမှ မကြည့်ခဲ့ဖူးသော အကြည့်တွေ…” တဲ့။

ဒါပေမယ့် မင်းညိုက မေဇော့်ကို ချစ်တော့ ချစ်ပါလိမ့်မယ် ဆိုတဲ့ ဖြစ်နိုင်ချေတွေကလဲ ရှိပါတယ်။ ချစ်တယ်ဆိုတာထက် မေဇော့်ကို ပုံသွင်းဖို့ ကြိုးစားနေသလိုများ ဖြစ်နေသလားလို့လဲ တွေးနေမိတယ်။ ပြီးတော့ မင်းညိုဟာ မိန်းမတွေရဲ့ ခံစားလွယ်တဲ့စိတ်၊ မနာလိုစိတ်၊ အရွဲ့တိုက်လိုတဲ့စိတ်၊ ဂရုစိုက်ခံလိုတဲ့ စိတ်တွေကို မေ့ထားခဲ့တာ။ ပြီးတော့ သူ မေဇော့်ကို လူလည်ကျခဲ့တာလေ။ ယောက်ျားလေးတွေဟာ တချို့ကိစ္စတွေကို တကယ်ပဲ သိပ်အလေးအနက် မထားတတ်ကြဘူးလား။ ဥပမာ ပန်းလေးကို ခေါင်းအုံးဘေးမှာ သူထားသွားတယ်လို့ လွယ်လင့်တကူ ပြောလိုက်တာမျိုးပေါ့။ အတော်ကို ပြီးပြီးရော ဆန်နေတယ်။ ဒါပေမယ့် အဲ့ဒါကို မေဇော်က လက်ခံခဲ့တယ်။ မင်းညိုစကားကို နားထောင်ပြီး စကားပွင့်တွေကို ချန်ရစ်ပြီး မင်းညိုနဲ့အတူ ပြန်လိုက်သွားခဲ့တယ်။ အဲ့ဒီမှာ မေဇော်ရဲ့ တိမ်းညွှတ်မှုကို မြင်ခွင့်ရခဲ့ပါတယ်… ဒါပေမယ့်...

မေဇော့်ရဲ့ တိမ်းညွတ်မှုကို ဘယ်လိုပဲ တွေ့နေရပေမယ့် ခုချိန်မှာတော့ ပန်းကလေးအကြောင်း ညာပြောသွားတဲ့ မင်းညိုကို လူလည်ကျတတ်တဲ့ လူညာ တယောက်အနေနဲ့ အတော် အမြင်ကပ်သွားတယ်။ ကြည့်ပါအုံး…
“တခြားသူတယောက်ရဲ့ ဆုံးဖြတ်ချက်နော်… နင် မလိမ်ကောင်းဘူး…” လို့ မေဇော် ပြောနေတဲ့ကြားထဲက ဇွတ် လိမ်ညာပြောသွားတဲ့ မင်းညို၊ မိန်းကလေးတယောက်ရဲ့ အချစ်ကို အပိုင်တွက်ထားတဲ့ မင်းညို၊ ယောင်္ကျားတယောက်ဖြစ်ပြီး စကားတခွန်းကို ပြီးစလွယ် ညာပြောသွားတဲ့ မင်းညို။ အဲဒီလို မင်းညိုကို ကိုယ် နဲနဲမှ မနှစ်သက်နိုင်တော့ဘူး။

အမှားကို ဝန်ခံတတ်တယ်ဆိုတာ ကောင်းတဲ့အလုပ်တခု ဖြစ်ပေမယ့် ဇာတ်သိမ်းခန်းမှာ “မေဇော်… ပန်းတပွင့်က ငါ့အတွက် ပန်းတပွင့်ထက်ပိုတဲ့ တခဏရှိတယ်။ ငါ ဝန်မခံချင်ပေမယ့် ဘယ်လိုမှ မတတ်သာတော့လို့ ဝန်ခံလိုက်ပြီးပြီလေ။ ဒါပေမယ့် အဲဒီပန်းကို ငါဘယ်လိုလုပ်ပြီး စေ့စေ့စပ်စပ် သိနိုင်မလဲ။ အဲဒီအတွက် ငါ့ကို နင် အပြစ်တင်ချင်သေးသလား…” လို့ ဝန်ခံရင်း မေးလိုက်တဲ့ မင်းညိုရဲ့ စကားတွေဟာ တဆိတ်တော့ အမြင်ကပ်စရာ၊ နာကျင်စရာ ကောင်းလှပါတယ်။

စိတ်ထဲမှာ မင်းညိုကို မနှစ်သက်တာနဲ့ တချိန်ထဲမှာ ခွန်သာကို ဂရုဏာဖြစ်နေပြန်တယ်။ အရင်တုန်းက ခွန်သာ့ကို ပုံပြောပြသူတယောက်ထက် နဲနဲလေးမှ ပိုပြီး စိတ်မဝင်စားခဲ့ဘူး။ အချိန်တန်ရင် ပုံပြင်တခု အဆုံးသတ်သလိုပဲ ခွန်သာဆိုတဲ့ ဇာတ်ကောင်ဟာ သူ့ဟာသူ အဆုံးသတ်သွားလိမ့်မယ်လို့ တွေးထားမိတယ်။ မှန်တာပြောရရင် ခွန်သာဟာ သက်ရှိလူသားတယောက် ဟုတ် မဟုတ်ကို နည်းနည်းပဲ တွေးကြည့်ခဲ့မိပြီး ခွန်သာ့ရဲ့ စိတ်ခံစားမှုကိုတော့ တခါမှ ထည့်မစဉ်းစားခဲ့မိဘူး။

အခုတော့ ကိုယ့်စိတ်ထဲမှာ ခွန်သာ့နေရာမှာ အစားထိုးဝင်ကြည့်ရင်း သူ့အတွက် ထူးထူးခြားခြား ဝမ်းနည်းနေတတ်ခဲ့ပြီ။ “ပြောလိုက်ပါ မေ… စကားပင်ပေါင်း သုံးရာတဆယ့် ခုနှစ်ပင် ရှိတယ်…” လို့ ပြောလိုက်တဲ့ ခွန်သာရဲ့ အသံကို နားထဲမှာ တကယ်ကြားယောင်လာသလို ဖြစ်နေခဲ့ပြီ။ ပြီးတော့ မေဇော် ပြန်သွားတဲ့ နောက်ပိုင်းရက်တွေမှာ စကားတောထဲမှာ မေဇော့်ကို လွမ်းနေမယ့် ခွန်သာ့ကို ကိုယ် မြင်ယောင်နေတတ်ခဲ့ပြီ။ ဝတ္ထုထဲက ဇာတ်ကောင်တွေအားလုံးထဲမှာ ကိုယ့်စိတ်ထဲမှာ ကျန်ခဲ့တာ ခွန်သာ တယောက်ထဲ ဖြစ်နေခဲ့ပြီ။

မနေ့ကညက ဒီဝတ္ထုလေးကို နောက်တခေါက် ပြန်ဖတ်ဖြစ်ရင်း… အကယ်၍များ…
မင်းညိုသာ ခေါင်းအုံးဘေးက ပန်းကလေးအကြောင်းကို ညာမပြောခဲ့ရင်…
မပြန်ခင်တညမှာ မေဇော် စကားပင်တွေနားသွားတဲ့ အချိန်မှာ မင်းညို ဝင်မတားခဲ့ရင်…
အဲဒီညမှာ မေဇော်နဲ့ ခွန်သာနဲ့ တွေ့ဖြစ်ခဲ့ကြရင်…
… … …
… … … … …
အခြေအနေတွေအားလုံး တမျိုးပြောင်းသွားလေမလားလို့ မတွေးသာ တွေးသာ တွေးနေမိပါတော့တယ်။



မှတ်ချက် ။ ။ စာရေးဆရာမ ဂျူး ၏ ချစ်သူလား.. စကားတပွင့် ပွင့်ခဲ့တယ် ဝတ္ထုကို ပြန်လည် ခံစားရေးသားပါသည်။ ဝတ္ထုအဟောင်း၊ အားလုံးသိနေပြီးဖြစ်သော အကြောင်းအရာ အဟောင်းတခု ဖြစ်သော်လည်း အချိန်နှင့်လိုက်ပြီး ပြောင်းလဲတတ်သော လူတို့၏ စိတ်ခံစားမှုများ၊ တချိန်နှင့် တချိန်မှာ မတူညီနိုင်ကြသော အတွေးအခေါ်များနှင့် ကြည့်မြင်မိသော ရှုထောင့်အမျိုးမျိုး အကြောင်းကို စဉ်းစားနေမိရင်း ဒီပိုစ့်ကို ရေးဖြစ်ပါသည်။ စကားပန်းဓါတ်ပုံနှင့် စကားလုံးတချို့အတွက် ကိုရွာသားလေးကို ကျေးဇူးတင်ပါသည်။

20 comments:

  1. မေဇော်ချစ်တာ.. မင်းညိုပဲ။ ဘာမှပြောင်းလဲမသွားဘူးထင်တယ်။
    ပြီးတော့ သရဲဆို ဘယ်လိုလုပ်မလဲ ကြောက်စရာကြီး။
    mm

    ReplyDelete
  2. အတွေးနဲ့ အရေးကို ဖတ်ရတာ ပန်းပွင့်လေး တပွင့်လိုပဲ နူးညံ့နေတယ်...

    ReplyDelete
  3. မိန်းမတွေရဲ့ ခံစားလွယ်တဲ့စိတ်၊ မနာလိုစိတ်၊ အရွဲ့တိုက်လိုတဲ့စိတ်၊ ဂရုစိုက်ခံလိုတဲ့ စိတ်တွေကို
    --
    အဲဒီစိတ်တွေကို အတော်အမြင်ကပ်တာ.. :D

    ReplyDelete
  4. စိတ်ပါလို့  ဘာလုပ်နေနေ..အရွဲ့  တိုက်တဲ့ အနေနဲ့ လုပ်တာပါဆိုတဲ့ လူတွေကို ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် ကိုယ့်ရှေ့ တွေ့ ရရင် နရင်း နှစ်ချက်လောက်တော့ အုပ်ထည့်လိုက်ချင်တယ်.. :D

    ReplyDelete
  5. မဖတ်ဖူးပါ...
    ဖတ်ချင်စိတ်ဖြစ်သွားပါတယ်...း)

    ReplyDelete
  6. ညီမလေးလဲ ဒီစာအုပ်ကို လေးကြိမ်ထက်မနည်းဖတ်ဖူးတယ်...။ စဖတ်ကတည်းကနေ ခုချိန်ထိ စွဲကျန်ခဲ့တာ ဇာတ်ကောင် ခွန်သာပဲ... သူ့ကိုဂရုဏာတက်မိတာအမှန်ပဲ..။ ခွန်သာဟာ သက်ရှိထင်ရှား လူတစ်ယောက်ဖြစ်တယ်ဆိုတာ သေချာအောင် ဆရာမဆီကိုတောင် စာရေးပြီးမေးဖူးခဲ့ပါသေးတယ်...။ မိန်းမတွေရဲ့ ခံစားလွယ်တဲ့ စိတ်ကို အသုံးချသွားတဲ့ မင်းညိုကို အမြင်ကပ်မိတယ်...တကယ်...။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  7. အဲဒီဝထ္တုဖတ်ပြီးတာကြာပြီ... အခုမသက်ဝေရေးထားတာလေး ဖတ်ပြီးမှ ပြန်ဖတ်ချင်စိတ်ပေါ်လာတယ်...

    ReplyDelete
  8. ၀တ္ထုထဲက
    စကားပန်းပွင့်တွေထဲက
    စကားပန်းပွင့်အတိုင်း
    တင်ပေးနိုင်ရင်
    သိပ်ကောင်းမှာပဲ၊

    ReplyDelete
  9. ဒီစာအုပ် နာမည်ကြီးတဲ့အကြောင်း သိထားတာ ကြာပါပြီ၊ ဒါပေမယ့် အခုထိကို မဖတ်ဖူးသေးဘူး :(

    ဒီ ရီဗျူးလေးဖတ်ပြီးတော့ ပိုတောင် ဖတ်ချင်လာသေး တယ်...။

    ReplyDelete
  10. အနော်လည်း ၃ခေါက်တိတိဖတ်ခဲ့ပြီးပြီ။ စဖတ်တုန်းကတော့ '၀၅။
    အဲ့ဒီကတည်းက မင်းညိုကို အရမ်းမုန်းတာ။ အသေမုန်း။ အသည်းတွေအူတွေယား။ ဆွဲဆတ်နဘန်ကျင်းချင်တာကလား..။
    ဘာပဲဖြစ်ဖြစ် အဲ့ဒီဝတ္ထုမှာ ခွန်သာ့ကိုပဲခိုက်တယ်ကြိုက်တယ်၊ ခွန်သာ့ကိုပဲသနားတယ်။ မေဇော်ကတော့ အူကြောင်ကြွက်၊ အယုံလွယ်တိမ်းညွတ်လွယ်တဲ့၊ ဇဝေဇဝါမိန်းမ။

    ReplyDelete
  11. ကျနော်လဲအထပ်ထပ်ဖတ်ပြီး ခွန်သာက လူဟုတ်မဟုတ် အကြိမ်ကြိမ်တွေးဖူးတယ်။ အဲသည့်ဝတ္ထုဖတ်ပြီးမှ စကားပန်းတွေကို စိတ်ဝင်စားလာတာ။ ခွန်သာရဲ့အကိုကျူတာ (သီဟလို့ထင်ပါတယ်) က ဒေါ်အေးအေးထွန်းလျှောက်ဖို့ သူ့လွယ်အိတ်ကို ရွှံ့ထဲချခင်းပေးတဲ့ ပလော့လေးကိုလဲ သဘောကျဘူးတယ်။

    ReplyDelete
  12. ဖတ်တော့ဖတ်ဖူးတယ် ... မေ့နေပြီ။
    အမသက်ဝေရေးပြမှ နည်းနည်း သတိရပြီး ပြန်ဖတ်ချင်စိတ် ပေါက်လာတယ်။

    ReplyDelete
  13. မောင်မျိုးFebruary 9, 2011 at 11:31 PM

    အဲ့စာအုပ် ကျနော်ဖတ်ဖူးပြီးသား အစ်မရ ကျနော်လည်း အစ်မလို လောလောဖတ်လိုက်တာနဲ့ နာမည်တွေရင်းနှီးပြီး ဇတ်လမ်းကို ပြန်ဖမ်းမရဘူးးဖြစ်နေတယ် ပြန်ဖတ်အုံးမယ် ပီးမှ တစ်ခေါက်လာပြန်မန့်တော့မယ်း)

    ReplyDelete
  14. မမပြောသလိုပဲ အချိန်နဲ့အမျှ လူတွေရဲ့ စိတ်ခံစားမှုက ပြောင်းလဲခံစားတတ်တာ။ ညီမလည်း အဲလိုပဲ။ စာတစ်အုပ်ဖြစ်ဖြစ်၊ ရုပ်ရှင်တစ်ကားဖြစ်ဖြစ် နှစ်အနည်းငယ်ကြာပြီးမှာ တစ်ခေါက်ဖတ်ဖြစ်၊ ကြည့်ဖြစ်ရင် ဇာတ်ကောင်အလိုက် ခံစားမှုတွေပြောင်းပြောင်းသွားတာ၊ ဇာတ်ကောင်အပေါ်ထားရှိခဲ့တဲ့ အမြင်တွေပြောင်းလဲသွားတာ ကြုံရတယ်။ ဒီစကားပွင့် စာအုပ်ကို အမလိုပဲ လွန်ခဲ့တဲ့ ၇နှစ်လောက်က ဖတ်ဖူးတယ်။ နောက်လွန်ခဲ့တဲ့ ၃၊ ၄လလောက်ကမှ တစ်ခါ ထပ်ဖတ်ဖြစ်တယ်။ ခံစားချက်ကတော့ မတူဘူး။ မိန်းမတစ်ယောက် ဖွင့်ဟ၀န်ခံချက်ရော၊ ကံကြမ္မာကို မယုံကြည်ကြသူများရော ၁၀နှစ်အကြာမှာ ထပ်ဖတ်ကြည့်တော့ သိသိသာသာ အမြင်တွေ ပြောင်းလဲသွားတယ်။

    ReplyDelete
  15. ပြန်ဖတ်ချင်လာပီ။ အမပြောတဲ့ "ယောက်ျားလေးတွေဟာ တချို့ကိစ္စတွေကို တကယ်ပဲ သိပ်အလေးအနက် မထားတတ်ကြဘူးလား" ဆိုတဲ့ မှတ်ချက်ကို ထောက်ခံပါတယ်။

    ReplyDelete
  16. do you guys really think Khun Tha was a real person. I still do not know if he was just imaginary figure (the ye`) or he really existed.
    Was it mentioned subtly somewhere in the novel that leads readers to think that he was a real person , which I miss.

    mi mi.

    ReplyDelete
  17. ပန်းကလေးအကြောင်း ညာပြောသွားတဲ့ မင်းညို.. ဆိုတာ ဖတ်ပြီး တွေးမိတာက.. တကယ်လို့များ မင်းညိုအဲလိုမပြောခဲ့ရင် မေဇော်ပြန်လိုက်ဖို့ ဇဝေဇ၀ါ ဖြစ်နေမယ်။ ညှက်အိအိနဲ့ လုပ်နေအုံးမယ်။ မင်းညိုဘက်ကစဉ်းစားကြည့်.. သူ ခွန်သာဆိုတာ ဘာလဲ မသိဘူး သေသွားပြီပဲလူတွေက ပြောကြတယ် ဒီတော့ ဘယ်သူ ဘယ်ဝါမှန်းမသိတဲ့ သူတစ်ယောက်နဲ့ သူချစ်ခင်ရတဲ့ သူငယ်ချင်းကို ထားခဲ့ဖို့ စိတ်ချမယ်မထင်ဘူး။ တကူးတက
    လာပြန်ခေါ်တယ်ဆိုတကည်းက အလေးထားလို့ပေါ့။ တကယ်သာ ခွန်သာအနေနဲ့ စိတ်ရှိမယ်ဆို ရန်ကုန်နဲ့ သူနေတဲ့နေရာ ဘယ်လောက်မှ မဝေးပါဘူး။ ဆက်သွယ်လို့ရပါတယ်။ သူတို့နှစ်ယောက် ဇာတ်လမ်းဆက်လို့ရပါတယ်။ အပြင်မှာ ကမ်ဘာတစ်ဘက်ခြမ်းစီက လူနှစ်ယောက်တောင် ဆုံအောင် လုပ်နိုင်သေးတာပဲ။ နှစ်ယောက်သာ တစ်ကယ်ချစ်ရင် မင်းညို မလိုတော့ပါဘူး။ သူ့အတွက် အဲဒီအချိန်မှာ အရေးကြီးတာက တစ်နယ်ရပ်ဝေးမှာ ကယောက်ကယက်ဖြစ်နေတဲ့ မေဇော်ရဲ့ လုံခြုံရေးပဲမဟုတ်လား။ မင်းညိုနေရာမှာဆို.. ကိုယ့်သူငယ်ချင်း လုံခြုံရေးအတွက်.. ဘယ်လိုပဲ ပြန်ခေါ်ခေါ် ကြိုးတုပ်ပဲခေါ်ရခေါ်ရ.. ရအောင် ပြန်ခေါ်မှာပဲ။ မေဇော့်ရဲ့ တိမ်းညွတ်လွယ်တဲ့စိတ်ကို မဟုတ်မဟပ် အသုံးချမယ်ဆို.. သူတို့စသိကတည်းက ကြိုက်လို့ ကလေးတောင် ရနေရောပေါ့။ အခု အသုံးချတာက မေဇော့် ကောင်းဖို့အတွက်ပါ။ မင်းညိုဘက်ကိုတော့ အပြစ်မမြင်မိဘူး။ ခွန်သာ၊မေဇော်၊မင်းညို..သုံးယောက်မှာ နေနေပြောသလိုပဲ မေဇော်ကိုသာ နရင်းအုပ်ချင်တော့တယ်။ :D :D :D
    မင်းညိုရဲ့ ယာယီ defense lawyer
    mm

    ReplyDelete
  18. ဝတ္တုထဲမှာရုန်းကန်နေရလို့ဝတ္တုမဖတ်ဖြစ်ဖူး
    ကွန်မန့်ဖတ်ရုံနဲ့သဘောကျနေပြီ
    တယောက်ကိုရောနရင်းထုလိုက်၊
    နောက်တယောက်ကိုရောမုန်းလိုက်.. :)

    ReplyDelete
  19. အဲဒီစာအုပ် အိမ်မှာရှိတယ်ဗျား။ ဇာတ်လမ်းကမေ့တောင်နေလို့ အန်တီသက်ဝေပြောမှ ပြန်ဖတ်လိုက်ဦးမယ်။

    ဖြစ်တတ်ပါတယ်။ အသက်အရွယ်နဲ့လိုက် ခံစားမှုတွေက ပြောင်းလဲသွားတတ်တာ။ အဆိုးဆုံးက တစ်ချို့ ငယ်ငယ်က ကြိုက်တယ်ထင်တဲ့ စာအုပ်တွေ အသက်ကြီးလာတော့ ခံစားလို့ မရတော့ဘူး။ တချို့ဆို လုံးဝဖတ်လို့ကို မရတော့တာဗျာ။

    ReplyDelete
  20. ဇာတ်လမ်းအရှည်ကြီးထဲက ရွေးထုတ်သွားတဲ့ စကားလေးတွေ၊ ဇာတ်ကွက်လေးတွေ တကယ်လှတယ်ဗျာ...
    ဒီညတော့ စကားပွင့်တွေထဲ အရောက်သွားလိုက်မိမှာ သေချာနေပါတယ်...

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...