Monday, February 14, 2011
လေပြေအလာ
မြင့်မား မတ်စောက်သော တောင်ကမ်းပါးတခု၏ အစွန်းလေးမှာ ရပ်နေခဲ့သည် ဟူသော အသိကလွဲ၍ ခေါင်းထဲမှာ ဘာမှမရှိ။ သို့သော် ထိုနေရာမှာ ရပ်နေမိသည်ကတော့ အချိန် အတော်ကြာသွားပြီ။ သည်တောင်ကမ်းပါးအစွန်းလေးအပေါ် ဘယ်လိုနည်းဖြင့် ရောက်လာခဲ့သည်လဲ… သည်နေရာကိုရောက်ဖို့ ဘယ်လောက် ခဲရာခဲဆစ် တက်လာခဲ့ရသည်လဲ… ပြန်တွေးလို့ မရတော့။ အောက်ကို ငုံ့ကြည့်လိုက်တော့ မြူခိုးတွေ ဖုံးနေသော အစိမ်းရင့်ရင့် သစ်တော သစ်ပင် ထူထူတွေနှင့် နွယ်မျှင် နွယ်ကြိုးတွေကို ဝိုးတဝါး တွေ့ရသည်။ တကယ့်ကို အနက်ကြီးပဲ…။ ပြုတ်ကျသွားလို့ကတော့ ကိစ္စပြတ်သွားပြီ။ အေးစက်စက် လက်ဖဝါး နှစ်ဖက်ကို ဖြန့်ကြည့်မိသည်…။ ဘာမှ မရှိ… ဗလာနတ္ထိ…။ ဘာမှလဲ မရှိချင်ပါ… အထူးသဖြင့်တော့ လူကို အထပ်ထပ် ရစ်ပတ်ချည်နှောင်တတ်သော ကြိုးမျိုးတွေ လုံးဝ ရှိမနေချင်ပါ…။
လေတိုက်လိုက်တိုင်း တဖျတ်ဖျတ်လှုပ်ခတ်နေသော ပုဝါပါးပါးလေးကို လည်ပင်းမှ ဖြုတ်ယူလိုက်သည်။ နွေးနေသော နားရွက်ဖျားတွေ ချက်ချင်းပင် အေးစက်သွားကြသည်။ ပုဝါလေးက ပါးသော်လည်း နားရွက်ကလေးတွေအတွက် လုံလောက်သော အနွေးဓါတ်ကို ပေးစွမ်းနိုင်သည်ပဲ။ သို့သော် ဒီပုဝါလေးက သံစဉ် စည်းချက် ညီမျှသော နှလုံးသား နှစ်ခုကို ဘာကြောင့် အနွေးဓါတ် မပေးခဲ့တာလဲ…။ နီးကပ်စွာ တွယ်တာလျှက်ရှိသော နှလုံးသား နှစ်ခုကို ဘာကြောင့် အတူတူတွဲကာ ချည်နှောင်ထားနိုင်စွမ်း ရှိမနေတာလဲ…။
အညိုရောင် နုနုပေါ်မှာ ပန်းပွင့် အဖြူလေးတွေ ခပ်ကျဲကျဲပါသော ပိုးပုဝါလေး…။ သည်ပုဝါလေး ဘယ်တုန်းက ကိုယ့်ဆီရောက်လာတာလဲ… စဉ်းစားလို့ မရတော့ချေ။ တမျိုးတော့လည်း မေ့သင့်တာတွေကို မေ့နေတာကိုက ခပ်ကောင်းကောင်းဟု ဆိုရမည်။ လက်ထဲမှာ ကိုင်ထားသော ပုဝါလေးကို အရင် လွှတ်ချကြည့်လိုက်ချင်သည်။ ထိုပုဝါလေး ဘယ်ပုံဘယ်နည်းဖြင့် လွင့်ကျသွားသည်ကို သိချင် ကြည့်ချင်နေမိသည်။ ပုဝါလေးကို လွှတ်ချဖို့ သင့်သလား မသင့်သည်လား ဆိုတာကိုတော့ တွေးမကြည့်ချင်…။ အသိဥာဏ်တွေ တွေးဆ ချင့်ချိန်နိုင်မှုတွေ လတ်တလော အာရုံထဲမှာ ရှိမနေ…။
ပုဝါလေးလွင့်ကျသွားသလို ကိုယ်တိုင် လွင့်ကျသွားရင်ကော ဘယ်လိုနေမယ် မသိ။ မေးကြည့်စရာ အနားမှာ ဘယ်သူမှ မရှိ။ မေးစရာဆိုမှ သတိရသွားသည်…။ မေးခွန်းများနှင့် အဖြေများ အကြောင်း…။ ဆရာမ မကြည်အေး ရေးခဲ့သော ကျမနာမည် မေခင်သီ ဝတ္ထုထဲမှ စကားတခွန်း... မေးသမျှသာ ဖြေနိုင်မည်ဆိုလျှင် လုပ်စားတာထက် ကြီးပွားမည် တဲ့…။ တဆက်တည်းမှာ မေးသမျှ မဖြေချင်သောသူ တယောက်ကို သတိရသွားပြန်သည်။ မဖြေချင်သောသူကို မေးခွန်းပေါင်းများစွာ မေးနေမိသော အချိန်များ ရှိခဲ့ဖူးသည်ပဲ…။ ဟော… မတွေးပါဘူး ဆိုမှ တွေးနေမိပြန်ပြီ…
အခုလို လေတွေ တဖျတ်ဖျတ် တိုက်နေသော နေရာတခုမှာ သူနဲ့အတူတူ ရှိခဲ့ဖူးချိန်ကို မှတ်မိမြင်ယောင်လာသည်။ လေနဲ့ အတူ ကိုယ့်ဆံပင်တွေ လွင့်နေတာကို ကြည့်ပြီး “လေပြေအလာ ကေသာလွန့်လူးလွင့်နေ…” ဆိုသော သီချင်းတစ သူ့နှုတ်ဖျားက ဆိုညည်းခဲ့ဖူးသည်။ ဘုရားရေ… မေ့နေချင်ပါသည်ဆိုမှ… တိုက်နေသော သည်လေတွေက ခေါင်းထဲကို မှတ်ဥာဏ်တွေ တခုပြီး တခု ပြန်လည် ဆောင်ကြဉ်း လာကြတော့မည့်နှယ်…။ မဖြစ်ပါဘူး.. လေတိုက်ထဲမှာ ကြာရှည်ရပ်နေလို့ ဘယ်နည်းနှင့်မျှ မဖြစ်တော့…။ ဒုက္ခတွေ ရောက်ကုန်လိမ့်မည်။ ဟိုးအရင်က အကြောင်းတွေကို နဲနဲမှ မသိချင်၊ နဲနဲမှ သတိမရချင်၊ အစွမ်းကုန် မေ့ထားချင်သည်…။ ဖြစ်နိုင်လျှင် အဆုံးသတ်ပစ်လိုက်ချင်သည်။ ထို့နောက် ဘာမှ စဉ်းစားမနေတော့ပဲ ပုဝါပါးလေးကို အရင် လွှတ်ချလိုက်သည်။ ပြီးလျှင်တော့… … …
မျက်စိရှေ့ ကြည့်နေရင်းမှာ ပုဝါလေး တလွင့်လွင့်နှင့် ဝေ့ဝဲကျသွားသည်…။ စိတ်ထဲမှာ အတန်ငယ် ပေါ့ပါးသွားသလို ခံစားရသည်။ သို့သော် မမျှော်လင့်ပဲ ပုဝါလေးသည် သစ်တောအုပ်လေးထဲမှ ကိုင်းဖျားတနေရာတွင် ငြိနေလေသည်။ မြင်လွှာအောက်မှ ပျောက်ဆုံးသွားစေချင်သော ဆန္ဒ မပြည့်ဝတော့ပါ။ မြင်နေရသေးသည်… သို့သော် လှမ်းယူ၍ မရ… ထိတွေ့ကြည့်၍ မရ။ ပုဝါလေးမှာ ပျံသန်းစရာ အတောင်ပံတွေ မပါ… ထို့ကြောင့် ကိုယ့်ဆီလဲ ဘယ်တော့မှ ပြန်ရောက်လာနိုင်တော့မည် မဟုတ်…။ ပုဝါလေးကို ကြည့်ရင်း ခေါင်းကို ဖြေးညှင်းစွာ ခါယမ်းလိုက်မိသည်။
စိတ်ထဲမှာတော့ ကိုယ်တိုင် လွှတ်ချပစ်ခဲ့သော ထိုပုဝါပါးလေးကို အကြိမ်ဖန်များစွာ ပြန်လည် ကောက်ယူနေမိတော့သည်။
Labels:
အက်ဆေး
Subscribe to:
Post Comments (Atom)
ပုဝါလေး..
ReplyDeleteကျနော့်ဆီ ကျနေတာ..။
ပြန်ရွေးခတော့ ပေးရမယ်။။
ပေါက်
အဲလိုရေးတာမျိုးကို သိပ်ကြိုက်တာပဲ။ အခုလောလောဆယ် ခြောက်ကမ်းပါးထိပ်ရောက်နေမယ်ဆို ခုန်ချလိုက်မိမယ်ထင်တယ်။း(
ReplyDeleteဂျမ်း
ရော့ယုံမွှေးအုပ်ထုပ်လေး...
ReplyDeleteချစ်သူများနေ့လက်ဆောင်...
ပိုနွေးတယ်နော်... :)
အဲဒါမှ ဒုက္ခ၊ လမ်းတဝက်ပဲ ရှိသေးတော့ လေပြေအလာ ကိုပဲ ထပ်စောင့်ရဦးမယ် ထင်တယ်နော်...၊
ReplyDeleteသရုပ်ဖော်ဓါတ်ပုံလေး ကြိုက်တယ်၊ ရေစက်လေးတွေ သီးနေတာက ပြူးတူးပြဲတဲကြီးလည်း မဟုတ်ဘဲ ချစ်စရာလေး....၊ Great shot..!!!!
ပုဝါလေးသနားပါတယ်... :)
ReplyDeleteလှတဲ့ အက်ဆေးလေး...
ReplyDeleteValentine အတွက်ပေါ့... ဟုတ်လား...
တိမ်လွှာမို့မို့လွင် ဇတ်ကားထဲမှာ မြင့်မြင့်ခင်ကပုဝါကို လွှတ်ချလိုက်တာ...နောက်က ရဲလိုက်လာတာပဲ..
ReplyDeleteပုံ
ကျောက်လေပြေ
လွှတ်ချတဲ့တဲ့ ပုဝါလေးကို လွမ်းနေမယ့်အစား ပုဝါမလိုတဲ့ အလှမျိုးပဲ ဖြစ်ဖြစ် ပုဝါသစ်တစ်ထည်ပဲ ဖြစ်ဖြစ် အစားထိုးလိုက်ရင်ရော...?
ReplyDeleteရေားထားတာတော့ မိုက်လဒယ်ဗျ။
တချို့မေးခွန်းတွေက အဖြေမရှိဘူးမရယ် ..တချို့အဖြေတွေကျလဲ မေးစရာကိုမလိုဘူး..ဒါပေမဲ့ တခါတခါ ခပ်ဝေးဝေးမှာထားပြီး စိတ်ထဲကနေ တမ်းတနေရတာက ပိုပြီး အဓိပ္ပာယ်ရှိ၊ ပိုပြီးအဖိုးတန်နေတတ်တယ် မရယ် ။
ReplyDelete..................
အဲ့လိုလေးတွေ များများရေးစမ်းပါ အမရယ် ။ အရမ်းမိုက်တယ် ။ ကိုယ်တောင် ပဝါလေးနဲ့အတူ လေထဲမျောသွားတယ် အမရယ် ... ။ အမရဲ့ စာလှလှလေးတွေ ဖတ်မိရင် စာရေးချင်စိတ်တွေ တကယ်ကို တဖွားဖွားဖြစ်မိတယ် ။ ဒါပေမဲ့ ခက်တာက ဥာဏ်မမှီဘူးဖြစ်နေတယ်းD ။
မမသက်ဝေဘာအက်ဆေးရေးရးအကုန်ဖတ်လို့ကောင်းတယ်
ReplyDeleteမဟုတ်ဘူး...ခံစားလို့ကောင်းတယ်...ကိုယ်တိုင် အဲဒီတောင်စွန်းကိုရောက်သွားသလိုပဲ...အေးခနဲ လှပ်ခနဲ..။
ခင်တဲ့
မိုးငွေ့
အက်ဆေးလေးလဲလှတယ်။ နှင်းဆီအနီလေးလဲလှတယ်။ ၂ကျပ်ခွဲတန် လက်ရာတွေ တော်တော်တက်လာတယ်။
ReplyDeleteအန်တီဆွိ
ဒီအက်ဆေး လေးကြိုက်တယ်
ReplyDeleteအရမ်းကြိုက်တာပဲ အစ်မသက်ဝေ... ကိုယ်တိုင်ပဲ ကိုယ့်ရဲ့ပုဝါလေးကို လွှတ်ချမိသလိုမျိုး ခံစားလိုက်ရပါတယ်... ပြီးသွားတဲ့အထိ ကိုယ့်အနားမှာ လေတွေတိုက်နေတုန်းလိုပါပဲ...
ReplyDeleteမသက်
ReplyDeleteဒီပို့ စ်လေးကို တော်တော်ကြိုက်တယ်ဗျာ..ဘာတွေဖြစ်နေတာလဲ၊ ဘာကိုပြောချင်တာလဲဆိုတာ မမေးဘဲနဲ့ ကို သိနိုင်ပါတယ်..။
မသက် စာရေးတော်တော် ကောင်းတယ်ဆိုတာတော့ထပ်ပြောပါရစေဦး.. ။
ကျနော် လဲ ရောဂါကင်းတဲ့နေရာလေးတခုထပ်လုပ်ထားပါတယ်..မသက်လာလည်ပါဦး..။
http://suenyinyi.blogspot.com/
ပုဝါလေး လွင့်ပစ်လိုက်ရုံနဲ့ မေ့နိုင်မယ် မထင်ဘူး၊
ReplyDeleteတဒင်္ဂ ခဏတော့ စိတ်ပေါ့သက်သာသွားနိုင်တာပေါ့၊
အကြိမ်ပေါင်းများစွာ ကောက်ယူနေမိမှာပဲ ဆိုသလိုပေါ့။
လွှတ်ချလိုက်တာ ဟုတ်လို့လား
ReplyDeleteလေပြေနဲ့ အတူ မတော်တဆပါသွားတာ မဟုတ်ဘူးလား
(စာရေးဆရာက ကိုယ့်သူငယ်ချင်းဆိုတော့လည်း
ဇွတ်)
အဲဒိပုဝါလေးက တို့ဆီက အတင်းယူသွားတာ။
ReplyDeleteအခုပြန်ပေးပါ။ ပြန်ကောက်မရရင် ပုဝါဖိုး အလျော်ပေးရမယ်
:P :P
mm
ဒီတစ်ပုဒ်ကို ခဏခဏ လာဖတ်နေဖြစ်ပါတယ်..
ReplyDelete