Tuesday, October 25, 2011

ပခုက္ကူ ရေဘေး အလှူခံ

ကြားဖြတ် ပိုစ့်လေး တခု တင်ပါရစေ…။
အဲဒါကတော့ ပခုက္ကူ နဲ့ အနီးပါတ်ဝန်းကျင်က မြို့တွေရဲ့ ရေဘေးအတွက် အလှူခံပါ…။ မျက်နှာစာအုပ်မှာ ဘလော့ဂါတွေ စကားဝိုင်းမှာ စကားပြောဖြစ်ရင်း ဒီအကြံအစည်ကို စတင်ဖြစ်ခဲ့ပါတယ်…။

ရေကြီးပြီး အပျက်အစီး အဆုံးအရှုံးများလှတဲ့ ပခုက္ကူဒေသတဝိုက်က သတင်းတွေကိုတော့ စာမျက်နှာတွေ အတော်များများမှာ တွေ့ မြင် ဖတ်ရှုနိုင်ကြတာမို့ အကျယ်ချဲ့ပြီး မရေးတော့ပါဘူး။ အဲဒီရေဘေးအတွက် တတ်နိုင်သလောက် လှူဒါန်းကြဖို့ အလှူခံနေပါတယ်။ အစကတော့ Blogger တွေ စုထားတဲ့ All About Bloggers (AAB) ဆိုတဲ့ အဖွဲ့လေးကပဲ တတ်နိုင်သလောက် စုပြီး လှူလိုက်ကြဖို့ပါ။ ဒါပေမယ့် အဲဒီ ဘလော့ဂါတွေနဲ့ နီးစပ်ရာ သူငယ်ချင်း မိတ်ဆွေတွေကပါ လှူချင်ကြ၊ လှူလည်း လှူနေကြတဲ့ အတွက် ခေါင်းစဉ်ကို “AAB - All about Bloggers နှင့် စေတနာရှင် မိတ်ဆွေများ” လို့ ပြောင်းဖို့ တိုင်ပင်လိုက်ပါတယ်…။ (တခြား တွေးမိတဲ့ နာမည်များရှိရင်လည်း ပြောပြသွားကြပါ)

ဒီပိုစ့်ကို လာဖတ်မိတဲ့ စေတနာရှင် အလှူရှင်များ အလှူငွေထည့်ဝင်လိုပါက…
မချစ်ကြည်အေး - DBS Saving Plus - 029-8-030146 ကို ပေးပို့ လှူဒါန်းနိုင်ပါတယ်…။ ပထမအသုတ်အဖြစ် အလှူငွေများကို အောက်တိုဘာလ ၂၇ ရက် - ကြာသာပတေးနေ့ ညနေ ၆ နာရီအထိ လက်ခံပါမယ်…။

အကောင့်ထဲကို လွှဲပြီးရင် အောက်က ကော်မန့်ထဲမှာပဲဖြစ်ဖြစ်၊ မချစ်ကြည်ရဲ့ဘလော့ဂ်မှာပဲ ဖြစ်ဖြစ် နာမည်နဲ့ ငွေ amount နဲ့ကို ရေးပေးခဲ့ပါ။ စုစုပေါင်း လက်ခံရရှိတဲ့ အလှူငွေစာရင်းကို ၂၇ ရက်နေ့ ညမှာ ဒီဘလော့ဂ်မှာ တိတိကျကျ update လုပ်ပါ့မယ်။

အခုလောလောဆယ်မှာတော့ စကာင်္ပူက အလှူရှင်တွေအတွက်ပဲ အဆင်ပြေပါသေးတယ်…။ တခြားနိုင်ငံက အလှူရှင်တွေအတွက်ကတော့ ဘယ်လိုလုပ်ရမလဲ တိုင်ပင်နေကြဆဲပါ။ ဘာလို့လဲဆိုတော့ ဘဏ်တွေက တဆင့် ငွေလွှဲတဲ့အခါမှာ Bank Charges ကို နှစ်ဖက်စလုံးက ပေးရမှာ ဖြစ်တာမို့ တဦးချင်း အလှူရှင်တွေအနေနဲ့ အဆင်မပြေပါဘူး။ နီးစပ်ရာ စုပြီး နည်းနည်းများများရလာမှ ပို့မယ်ဆိုရင်တော့ တမျိုးပေါ့။

နောက်တခုက ကောက်ခံရရှိတဲ့ အလှူငွေတွေကို ဘယ်ကို ဘယ်လိုပို့ပြီး ဘယ်လို လှူကြမလဲ၊ ဘာတွေ လှူကြမလဲ ဆိုတဲ့ ကိစ္စပါ။ အတော်များများကလည်း မေးကြပါတယ်… ဒါဟာလည်း မေးသင့် မေးထိုက်တဲ့ ကိစ္စပါ။ အလှူငွေတွေကို လိုအပ်တဲ့ နေရာတွေကို ရောက်အောင် စီစဉ် ပို့ဆောင်လှူဒါန်းပေးနေတဲ့ လူမှုရေး အဖွဲ့အစည်းတွေ အများကြီး တွေ့ရပါတယ်။

အခုလောလောဆယ်မှာ ပထမ Option အနေနဲ့ မနက်ဖြန် ၂၆ ရက်နေ့ ဧရာဝတီ စာပေဟောပြောပွဲကိုလာမယ့် ဆရာ အော်ပီကျယ်နဲ့ တိုင်ပင်ပြီး ဆရာက လက်ခံပြီး လိုအပ်သလို စီစဉ်လှူဒါန်းပေးမယ်လို့ ဆိုခဲ့ရင် ဆရာ့ကနေ တဆင့် လှူလိုက်ကြဖို့ ဖြစ်ပါတယ်။

ဒုတိယ Option ကတော့ Blogger တဦးဖြစ်တဲ့ ညီမ မိုးငွေ့က (OVDR 4MM) အဖွဲ့က ရန်ကုန်တာဝန်ခံ ကိုမျိုးသက်ပိုင် (09- 5275239) နဲ့ အဆက်အသွယ်ရပြီလို့ သိရတဲ့ အတွက် သူကနေ တဆင့် အလှူငွေ ပို့ပေးဖို့ အစီအစဉ်ပါ။ ကိုမျိုးသက်ပိုင်နဲ့ အဖွဲ့က အောက်တိုဘာလ ၂၆ ရက်နေ့ မနက် ၁၀ နာရီကနေ ၁၂ နာရီမှာ ယုဇနပလာဇာက J’Donut မုန့်ဆိုင်မှာ တကြိမ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ သောကြာနေ့ ညနေ ၆ နာရီကနေ ၈ နာရီမှာ လှည်းတန်း ဝိုင်ကေကေအို နဲ့ မျက်နှာချင်းဆိုင်က Bisou ကော်ဖီဆိုင်မှာ တကြိမ် အလှူငွေ လက်ခံမယ်လို့လည်း သတင်းရထားပါတယ်။

တတိယ Option ကတော့ ချစ်ကြည်အေးရဲ့ သူငယ်ချင်း ပခုက္ကူသား က ပခုက္ကူက သူ့မိသားစုကို ဆက်သွယ်ပြီး အဲဒီကမှတဆင့် ပခုက္ကူ စာသင်တိုက်က ဘုန်းဘုန်းတွေက အလှူငွေတွေကို လက်ခံပေးပြီး လိုအပ်သလို စီစဉ်ပေးဖို့ပါ။

စေတနာရှင် အလှူရှင်တွေအနေနဲ့ မိမိတို့ သဒ္ဗါကြည်လင်စွာ ထည့်ဝင်လှူဒါန်းတဲ့ အလှူငွေတွေအတွက် စိတ်လက် ကြည်လင် ချမ်းသာစွာ ရှိစေချင်ပါတယ်…။ ဒါကြောင့် အလှူငွေတွေကို လိုအပ်တဲ့နေရာကို ထိထိရောက်ရောက် (မရောက် ရောက်အောင်) ပေးပို့လှူဒါန်းပေးမယ် ဆိုတဲ့အကြောင်း လေးစားစွာ အသိပေးလိုပါတယ်။

အလှူဆိုတာ ကိုယ်ကိုယ်တိုင် လှူနေရုံနဲ့ မပြီး… ကိုယ့်အနီးအနား ကိုယ့်ပတ်ဝန်းကျင်က ချစ်သူ ခင်သူ သူငယ်ချင်း မိတ်ဆွတွေကိုလည်း လှူဖြစ်အောင် နှိုးဆော် တိုက်တွန်းရတယ်… ဒါဟာလည်း ကုသိုလ်တမျိုးဖြစ်လို့ ဒီအလှူဖြစ်မြောက်ရေးအတွက် စေတနာ ရှေ့ထားကာ နှိုးဆော် တိုက်တွန်းရင်း ဒီပိုစ့်ကို ရေးပါတယ်…။




နောက်ဆက်တွဲသတင်း - ပခုက္ကူ ရေဘေးအတွက် ယနေ့ အောက်တိုဘာလ ၂၅ ရက် ည ၁၁ နာရီ အထိ လက်ခံရရှိသော အလှူငွေ စုစုပေါင်းမှာ စင်္ကာပူဒေါ်လာ ၁၄၅၀ တိတိ ဖြစ်ပါသည်။ တဦးကို တဦး တကြိမ်တခါမျှ မတွေ့ဖူး မမြင်ဖူးကြသော်လည်း အလှူဟု ဆိုလိုက်လျှင် အလိုလို သဒ္ဗါပေါက်ကာ နည်းများမဆို လှူဒါန်းလာကြသော ညီအကို မောင်နှမများကို ဝမ်းသာစွာဖြင့် ကျေးဇူးတင်ပါသည်။ နီးစပ်ရာ သူငယ်ချင်း မိတ်ဆွေများထံမှ ကောက်ခံပေးလာသော မောင်ငယ် ညီမငယ်များကိုလည်း ကျေးဇူးတင်ပါသည်။ အားလုံးပဲ ကောင်းသောညပါ...

6 comments:

  1. အလုပ်တစ်ဖက်နဲ့ မအားတဲ့ကြားက ငွေစုပေး၊ နိတ်ဗန်ဆော်လုပ်ပေးတဲ့ အစ်မတွေ ကျန်းမာ ချမ်းသာကြပါစေ...။

    သတ်ပုံသည်းခံပါ :)

    ReplyDelete
  2. အားထက်သရော် ဆောင်ရွက်မှုလေးအတွက် သာဓု သာဓု သာဓုပါ မသက် မချစ် မိုးငွေ့တို့ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. သိပ်ကောင်းတာပဲ
    ညီမလေးလဲ သူငယ်ချင်းတွေနား ပြောပါအုန်းမယ် ။
    ဥစ္စာရှာ မြတ်တာဒါနလို့ မှတ်သားဖူးပါတယ် မမသက်ဝေ ..
    ဒီအလှူဖြစ်မြောက်အောင် လုပ်ကူကြသူတွေအားလုံး ဆထက်တိုးလို့ အများအကျိုးဆောင်ရွက်နိုင်ပါစေ လို့ ဆုတောင်းပါတယ် ။

    ReplyDelete
  4. အမရေ... ဒီကနေလွှဲချင်တယ်... ဘဏ်ကဖြတ်မဲ့ဝန်ဆောင်ခပါထည့်လွှဲရင် အဆင်ပြေမယ်ထင်တယ်နော်... ဒီဘက်ကဘဏ်က လွှဲမဲ့account ရဲ့ detail ပါဖြည့်ခိုင်းတယ်... အဲဒါလေးတွေသိရရင် လွှဲလို့ရတယ်အမ... ဒါပေမဲ့ ဟိုဘက်က detail မေးရမှာအားနာနေလို့ စကာင်္ပူလူကြုံလည်းရှာကြည့်နေတယ်

    ReplyDelete
  5. Hi a ma,

    I have transfered $10 to ma chit kyi aye acc
    Initial-DONATION
    Transaction ref:7159724490

    With love,
    Regular reader :)

    ReplyDelete
  6. @စင်စင်၊ အန်တီတင့် နဲ့စုလတ်...
    ဆုတောင်းများအတွက် ကျေးဇူးပါ

    @မနော်... မျက်နှာစာအုပ်မှာ ပြောပြီးပြီနော်... အဆင်ပြေသွားမှာပါ...း)

    @Regular Reader... ညီမအလှူငွေကို ကောင်းမွန်စွာ လက်ခံရရှိပါကြောင်း...း))

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...