Tuesday, October 25, 2011

F-R-E-E-D-O-M

မိတ်ဆွေတယောက်က မိတ်ဆက်ပေးသောကြောင့် Norman Rockwell ဟူသော အမေရိကန်နိုင်ငံသား ပန်းချီဆရာတယောက်အကြောင်းကို သိခွင့် ဖတ်ခွင့်ရခဲ့သည်။ ထို့အပြင် Normal Rockwell ၏ ပြတိုက်ကလေးကိုလည်း ဓါတ်ပုံတွေမှ တဆင့် အလည်အပတ် သွားရောက်ခွင့် ရခဲ့သေးသည်။

ထိုပြတိုက်ကလေးကို အလည်မသွားခင်မှာ ပြတိုက်ပိုင်ရှင် Normal Rockwell အကြောင်းကို အတိုချုပ် ပြောပြချင်ပါသည်။

Normal Rockwell (၁၈၉၄-၁၉၇၈) မှာ သရုပ်ဖေါ် ပန်းချီများ ရေးဆွဲရာတွင် အောင်မြင် ကျော်ကြားသူတဦး…။ Rockwell အသက် ၁၄ နှစ်တွင် New York Art School တွင် ပညာသင်ကြားခဲ့သည်။ အသက် ၁၆နှစ်မပြည့်ခင်မှာပင် သူ ရေးဆွဲခဲ့သော ခရစ်စမတ်ကဒ် လေးခုကို ပုံနှိပ်ထုတ်ဝေခွင့် ရခဲ့သည်။ ထိုအချိန်အတွင်းမှာပင် သူသည် အမေရိကန်နိုင်ငံ၏ Boy Scouts မဂ္ဂဇင်းအတွက် Art Director အဖြစ် တာဝန်ထမ်းဆောင်ရန် ငှားရမ်းခြင်း ခံခဲ့ရသည်။ နောက်ပိုင်းနှစ်များတွင် လူငယ်များထုတ်ဝေသော စာစောင်များ၊ မဂ္ဂဇင်းများတွင် သရုပ်ဖေါ်ပုံ (Illustration) များကို လက်မလည်အောင် ရေးဆွဲခဲ့ရသည်။

Rockwell အသက် ၂၁ နှစ်တွင် New York မြို့သို့ ပြောင်းရွှေ့နေထိုင်ရင်း Life, Literary Digest, Country Gentleman စသော မဂ္ဂဇင်းများအတွက် သရုပ်ဖေါ်ပုံများ ရေးဆွဲခဲ့သည်။ ၁၉၁၆ ခုနှစ်၊ အသက် ၂၂ နှစ်အရွယ်တွင် အမေရိကန်နိုင်ငံမှ တလလျှင် နှစ်ကြိမ် ထုတ်ဝေသော The Saturday Evening Post မဂ္ဂဇင်းတွင် သူ၏ ပထမဆုံး မျက်နှာဖုံး သရုပ်ဖေါ်ပုံကို ရွေးချယ် ပုံနှိပ်ခြင်းခံရသည်။ ထိုမှ အစပြုကာ နောက်နှစ်ပေါင်း ၄၇ နှစ် အထိ The Saturday Evening Post အတွက် သရုပ်ဖေါ်ပုံ စုစုပေါင်း ၃၂၁ ပုံ ရေးဆွဲခဲ့ရသည်။

၁၉၅၃ ခုနှစ်တွင် Stockbridge, Massachusetts သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၁၉၆၃ ခုနှစ် တွင် နှစ်ပေါင်း ၄၇ နှစ်တိုင်တိုင် အလုပ်လုပ်ခဲ့သော Saturday Post မှ နှုတ်ထွက်ကာ Look မဂ္ဂဇင်းတွင် ပြောင်းလဲ လုပ်ကိုင်ခဲ့သည်။

Look မဂ္ဂဇင်းတွင် တာဝန်ယူခဲ့သော ဆယ်နှစ်တာ ကာလအတွင်း အောင်မြင်ထင်ရှားသော သရုပ်ဖေါ်ပုံများစွာကို ရေးဆွဲခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် သူနေထိုင်သော Stockbridge နေအိမ်ကို ပြတိုက်ကလေးတခုအဖြစ် ပြောင်းလဲ ဖန်တီးခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် Presidential Medal of Freedom ဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်…။ ၁၉၇၈ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ သူ ကွယ်လွန်ပြီးနောက် ၂၀၀၈ ခုနှစ်တွင် Commonwealth of Massachusetts ၏ အောင်မြင်သော အနုပညာရှင် တဦးအဖြစ် တရားဝင် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။

ဓါတ်ပုံတွေမှ တဆင့် အလည်အပတ်ရောက်ခဲ့ရသော Stockbridge မှ သူ့နေအိမ်ကို အသွင်ပြောင်းထားသော ပြတိုက်ကလေး၏ အဝင်လမ်း…


ဒီပန်းလေးတွေက ပြတိုက်အရှေ့ဖက် ခပ်လှမ်းလှမ်းမှာ ပွင့်နေကြတာ…


ဒါက ပြတိုက်အပြင်ဖက်က ပန်းပုရုပ်ထုတွေ…



ဒါတွေကတော့ Norman Rockwell ရဲ့ အလုပ်ခန်းတွေ…



Norman Rockwell ၏ များပြားလှသော ဆီဆေးပန်းချီကားများအနက် ၁၉၄၃ ခုနှစ်တွင် ရေးဆွဲခဲ့သော Four Freedoms (သို့မဟုတ်) Four Essential Human Freedoms စီးရီးစ်မှာ နာမည်ကျော်ကြား လူကြိုက်များခဲ့သည်။

Four Freedoms ဆိုသည်မှာ လူသားများအတွက် မရှိမဖြစ်လိုအပ်သော လူ့အခွင့်အရေး နှင့် လွတ်လပ်ခွင့်တို့ကို ကိုယ်စားပြုသော...
- Freedom of Speech (လွတ်လပ်စွာ ပြောဆိုခွင့်)
- Freedom of Worship (လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်)
- Freedom from Want (လိုချင်တပ်မက်မှုမှ လွတ်မြောက်ခြင်း) နှင့်
- Freedom from Fear (ထိတ်လန့် ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ခြင်း) တို့ ဖြစ်ကြသည်။ ထိုအချက် လေးချက်ကို သူက ဤကဲ့သို့ သရုပ်ဖေါ်ရေးဆွဲခဲ့သည်။


Norman Rockwell အကြောင်းကို ဖတ်အပြီး၊ သူ့ ပြတိုက်ကို အလည်ရောက်အပြီးမှာ စိတ်ထဲ နှစ်သက်စွာ စွဲစွဲမြဲမြဲ ကျန်ရစ်နေသော ပန်းချီကားမှာ Four Freedoms ဖြစ်ပြီး ဆက်ကာ ဆက်ကာ တွေးနေမိသော အကြောင်းအရာမှာ Freedom ဟူသော စကားလုံး၏ အနက်အဓိပ္ပါယ်ပင် ဖြစ်ပါတော့သည်။




မှတ်ချက် - ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်စေရန် ဆုတောင်းရင်း ဤပိုစ့်ကို ရေးပါသည်။ Norman Rockwell နှင့် မိတ်ဆက်ပေးခဲ့ပြီး ဓါတ်ပုံများ အသုံးပြုခွင့်ပေးသူ မိတ်ဆွေ ကဗျာဆရာကို အထူး ကျေးဇူးတင်ပါသည်...။

10 comments:

  1. မမသက်ဝေ
    ဆုတောင်းပြည့်ဝရပါလို၏။

    ReplyDelete
  2. ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်စေရန် ဆုတောင်းရင်း ဤပိုစ့်ကို ရေးပါသည်။.. like it!

    ReplyDelete
  3. လွတ်မြောက်ခြင်းတွေအတွက်အားပေးရေးသားတာ
    ကျေးဇူးအများကြီး တင်ပါတယ်

    ReplyDelete
  4. မမသက်ဝေ နှင့်အတူ ဆုတောင်းပေးသွားပါတယ်ရှင် ။
    Freedom from want တဲ့ ဘယ်လောက် အဓိပါယ်ရှိလိုက်သလဲ နော် ။

    ReplyDelete
  5. ဓာတ်ပုံလေးပဲ စကားတွေ အများကြီးပြောသွားတာပဲ ကျနော်တော့ freedom ဆိုတာ ဘာလည်းမသိသေးပါဘူး တစ်ခါလောက်တော့ သူ့အ၇သာကို မြည်းစမ်းကြည့်ချင်စမ်းပါဘိ အစ်မရေ ။

    ReplyDelete
  6. ပြတိုက်လုပ်ထားတဲ့ သူ့အိမ်ရော
    အိမ်ရှေ့က ပန်းကလေးတွေရော
    ပန်းပုရုပ်တွေရော ချစ်စရာကောင်းလိုက်တာ..
    အနုပညာသမားတစ်ယောက်ရဲ့ စိတ်ကူးဟာ သူများတွေနဲ့ မတူတဲ့ စိတ်ကူးမျိုး ရှိတာ အမှန်ဘဲနော်။
    Freedom ဆိုတဲ့စကားလုံးဟာ အပြစ်မရှိတဲ့သူတွေအားလုံးနဲ့ ထိုက်တန်တဲ့ စကားလုံးပါ။. လူတိုင်းလည်း ခံစားခွင့်ရှိတယ်လို့ မြင်ပါတယ်။ မသက်ဝေဆုတောင်းနဲ့ ထပ်တူ ခံစားရပါတယ်ရှင်..

    ReplyDelete
  7. ထပ်တူ ဆုတောင်းပါ၏။

    ကိုမင်းကိုနိုင်အပါအ၀င် ၈၈မျိုးဆက်ကျောင်းသားများ၊ ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်လွတ်မြောက်ပါစေ။

    F-R-E-E-D-O-M

    ReplyDelete
  8. မသိရသေးတာတွေကို ဖတ်ရသိရတဲ့အတွက် ကျေးဇူးပါ...။ လက်ရှိကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသမားများလွတ်မြောက်ရေးအတွက် ပန်းချီဆရာ၏ ကိုယ်ရေးရာဇ၀င်နှင့်တကွ ပန်းချီးကားများနှင့်ကိုယ်စားပြုဖော်ပြပေးသွားတဲ့အတွက်လည်းကျေးဇူးပါ...။ ဆုတောင်းပြည့်ဝပါစေ..။

    ReplyDelete
  9. ဗဟုသုတအတွက် ကျေးဇူးပါ မသက်ရေ။
    လွတ်လပ်မှုကို နှစ်သက်တဲ့ လူသားအားလုံး အချုပ်အနှောင်ကင်းလွတ်ကြပါစေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...