Tuesday, November 22, 2011

အမွေပြတ် စွန့်လွှတ်ခြင်း


ပေးစရာ အမွေမရှိပေမယ့်လည်း အများသူငါတွေ ကြော်ငြာသလို အမွေပြတ်စွန့်လွှတ်ခြင်း လို့ပဲ ကြော်ငြာပါရစေ အနည်းဆုံးတော့ လူရှိန်တာပေါ့ ဒီအခါမှာ ကြော်ငြာကို ဖတ်မိတဲ့သူတွေက သို့လော သို့လော တွေးကြလိမ့်မယ် မှတ်ချက်တွေ အမျိုးမျိုး မရိုးအောင် ပေးကြလိမ့်မယ် တယောက်စကား တယောက်နားနဲ့ အားအားယားယား မကြားတကြားတွေလည်း ပြောကြလိမ့်ဦးမယ် ဒီကြော်ငြာဟာ လူသိများအောင်လုပ်တာ မဟုတ်ပါဘူး နာမည်ကျော်ဖို့ မလိုအပ်ပါဘူး စာလုံးအမည်းနဲ့ ပါဖို့ မရည်ရွယ်ပါဘူး တစုံတယောက်ကို တစုံတခုသော ဆက်သွယ် ပတ်သက်နေမှုကနေ အကြောင်းတစုံတရာကြောင့် နောက်နောင်ကို ဆက်လက် ပတ်သက်လိုစိတ် အလျင်း မရှိတော့ဘူး ဆိုတဲ့အကြောင်း သိသာထင်ရှားစေတဲ့ ကြော်ငြာပါ ဒီနေရာမှာ တစုံတယောက်နဲ့ အကြောင်းတစုံတရာ ဆိုတာကို အများက စိတ်ဝင်စားကြမယ် တယောက်ကို တယောက် တီးတိုး မေးနေကြလိမ့်မယ် ဘယ်သူကလဲ ဘယ်သူ့ကိုလဲ ဘာလို့လဲ ဘာဖြစ်ကြတာလဲနဲ့ - လဲ ပေါင်းများစွာ မေးကြလိမ့်မယ် အဲဒီအမေးတွေအတွက် ဖြစ်နိုင်ချေ တချို့ ရှိပါတယ် အမွေပြတ် စွန့်လွှတ်ခြင်းခံရတဲ့သူဟာ အင်္ကျီအနက်ရောင် ဝတ်ထားတဲ့သူ ဖြစ်မယ် မျက်မှန် အစိမ်းရောင် တပ်ထားတဲ့သူ ဖြစ်မယ် နောက်မြီးပြတ်နေတဲ့ ဖိနပ်အစုတ်နဲ့ ကက်တလီယာ ခရမ်းရောင်တပွင့်ကို နင်းခြေချင်တဲ့သူ ဖြစ်မယ် အနေအစား ချောင်ဖို့အတွက် အမှန်တရားကို လက်ခုတ်မတီးချင်တဲ့သူ ဖြစ်မယ် ယုံကြည်မှုကို အလွဲသုံးစားလုပ်တဲ့သူ ဖြစ်မယ် ကတိသစ္စာ မတည်တဲ့သူ ဖြစ်မယ် မီးပွိုင့်နီနေတုံး စည်းကမ်းမဲ့ လမ်းဖြတ်ကူးတဲ့သူ ဖြစ်မယ် ပိုင်ဆိုင်သမျှထဲက စက္ကူစွန်တကောင်ကို လေထဲမှာ မစွန့်လွှတ်နိုင်တဲ့သူ ဖြစ်မယ် လေးလံတဲ့ ဝန်ကိုထမ်းရင်း မမှီမကမ်းကနေ အတင်း ပြေးလိုက်နေတဲ့သူ ဖြစ်မယ် နီးနီးလေးကနေ ကပ်ကြည့်မှ မြင်ရတဲ့ အဝေးမှုန် ဖြစ်မယ် သံသယတွေ မတင်မကျနဲ့ အရွယ်ကျနေတဲ့သူ ဖြစ်မယ် နေရာတကာမှာ အသံကျယ်ချင်တဲ့သူ ဖြစ်မယ် အရာရာကို အကြောင်းပြချက်မရှိပဲ ကျောခိုင်းနေတဲ့သူ ဖြစ်မယ် ဒီလိုအုပ်စုထဲမှာ ပါဝင်တဲ့သူတိုင်းကို အမွေပြတ် စွန့်လွှတ်တယ် ဒီကြော်ငြာကို ထည့်ပြီးမှ ကိုယ့်ကိုကိုယ် ပြန်ငုံ့ကြည့်တော့ ကိုယ်ပေါ်မှာ အင်္ကျီအနက်ရောင် ပြီးတော့ တစုံတရာကို ကျောခိုင်း လှည့်ထွက်လာခဲ့တယ် ဟုတ်ကဲ့ ကျုပ် တိုက်ဆိုင်တာကတော့ ဒီ နှစ်ခုထဲပါပဲ ခင်ဗျားတို့ရော ဘယ်နေရာတွေမှာ တိုက်ဆိုင်နေကြပါသလဲ…


19 comments:

  1. အများကြီး အများကြီးပါပဲ . . . .
    သေခန်းတော့ မပြတ်သေးဘူးထင်ပါရဲ့။ :(

    ReplyDelete
  2. ဖျား ဖျား ဘယ်အချက်ထဲပါသွားလဲမသိဘူး....း)

    ReplyDelete
  3. ပြန်ငုံ့ ကြည့်စာလို ဖူး အနက်ရောင်က အမြဲဝတ်တာမို့ ။
    မျက်မှန်ကတော့ အကြည်ပါ အစိမ်းဟုတ်ဖူး။

    ReplyDelete
  4. တခါတလေပဲ လူလန့် အောင် အဲလေ လူရှိန်အောင် ညက်မှန်အမည်းကြီးတပ်တာပါ အကျီအနက်ရောင်ဝတ်ရင် ကတ်တရာလမ်းနဲ့ ရောသွားမယ် မ၀တ်နဲ့ ဆိုလို့  ၀တ်ဘူး မမ

    ReplyDelete
  5. (((ဟမ်)))ခုလောလောဆယ် အင်္ကျီအနက်ရောင်ဝတ်ထားတယ်း( နီးနီးကလေးကနေကပ်ကြည့်မှ မြင်ရတဲ့ အဝေးမှုန် (လေးလုံး ခပ်တုံးတုံး)း( နောက် ဆက်မဖတ်ရဲတော့ပဲ လှည့်ထွက်ခဲ့ပြီ..း(

    စကားမစပ်။ စုံစမ်းမေးမြန်းခြင်းသည်းခံပါ ထည့်မထားဘူး..။ ဘာကြောင့် စွန်လွှတ် အဲလေ စွန့်လွှတ်ရသလဲ မေးချင်သေး..ဖုန်းးးးးးးးးး ဆက်လိုက်...ရမလား..မမသက်ဝေ :D:D:D

    ReplyDelete
  6. အင်း ကိုရင်လဲပါနေသလိုလို ကိုယ်လဲပါနေသလိုလိုး)

    ReplyDelete
  7. အနေအစား ချောင်ဖို့အတွက် အမှန်တရားကို လက်ခုတ်မတီးချင်တဲ့သူ
    တိုက်ဆိုင်တယ်တော့ဟုတ်ဘူးရှင့်
    စာသားလေးကိုကြိုက်လို့ပါး)
    လေးစားလျှက်
    မိစံ

    ReplyDelete
  8. ပိုစ့်ထဲကနေ တစ်စုတစ်ယောက်ကို လှမ်းမြင်လိုက်ရတယ်.
    အဲဒီတစ်ယောက်ဟာ ကိုယ်ကိုယ်တိုင်လည်းဖြစ်နေနိုင်သေးတယ်..
    သေချာ မသဲကွဲဘူး..
    သဲသဲကွဲကွဲဖြစ်အောင် သေချာပြန်ဖတ်ဦးမှ...
    စကားမစပ်.. အနက်ရောင်လည်းကြိုက်တယ်
    မျက်မှန်လည်းကြိုက်တယ်..း)

    ReplyDelete
  9. ဟေ...ကျနော်လည်း တစ်ခါတလေ မျက်မှန်တပ်တယ် အစိမ်းရောင်တော့မဟုတ်ဘူး..... အမွေပြတ်ပြီဆိုတော့ နောင်ရေးစိတ်မအေးရတော့ဘူးပေါ့ စုဆောင်းအုံးမှ အစ်မက အမွေပြတ်ကြေငြာလိုက်ပြီဆိုတော့....

    ReplyDelete
  10. အဲဒီလို ရေးတာလေးလည်း ကြိုက်တယ်။

    ReplyDelete
  11. ဘယ်နှစ်ခု တိုက်ဆိုင်နေလဲ စဉ်းစားနေရတုန်းပါဘဲ။ ပိုပြီး စဉ်းစားမိတာက ကျွန်တော်ကိုယ်တိုင် လူဘယ်နှစ်ယောက်လောက်အပေါ် အမွေပြတ်စွန့်လွှတ်ချင်စိတ် ဖြစ်နေရမလဲ ဆိုတာကိုပါဘဲ..

    ReplyDelete
  12. အမွေပြတ်တဲ့ အုပ်စုကို မြင်တော့ အဲဒီအထဲ ကိုယ်များ ပါနေမလားလို့ လန့်လာတာနဲ့ အဆုံးထိ မဖတ်တော့ဘဲ တိတ်တိတ်လေး ပြန်လှည့်ထွက်လာ လိုက်တယ်..၊ လူ မသိစေချင်ပါဘူး ဆိုမှ အရေးထဲမှာ နောက်မြီးပြတ် ဖိနပ်စုတ်က တရှပ်ရှပ်နဲ့... ...။း)

    ReplyDelete
  13. အကျီင်္အနက်ရောင်က ခဏခဏဝတ်ဖြစ်တယ်... ပါသွားပြီပေါ့နော်...

    ReplyDelete
  14. တကယ်ကြီးကို စွန့်လွှတ်လိုက်ပြီလား မသက်ဝေး))
    စုံစမ်းမေးမြန်းခွင့်ကော ရှိပါသလား... :D
    အမွေပြတ်ရတဲ့ အကြောင်းအချက်တွေကလဲ အများသားပါကလား.. ကိုယ်လဲ ဒီအချက်တွေနဲ့ သိပ်မလွတ်လို့ လစ်ပြီ.. ဟိ..ဟိ

    ReplyDelete
  15. ရေလည်မိုက်တယ်ဗျိုး....
    အားလုံးတူပါတယ်ဆရာကြီး.... :)

    ReplyDelete
  16. 'ဘွဲ့ဖြူလက်နက် ဘီလူးစက်'ပဲဖြစ်မယ်ထင်တယ် မသက်ရေး)) ကြေငြာချက်ပြင်းထန်လို့ပါး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  17. အင်္ကျီအနက်ရောင် ဝတ်ထားတဲ့သူ ဖြစ်မယ်

    နောက်မြီးပြတ်နေတဲ့ ဖိနပ်အစုတ်နဲ့ ကက်တလီယာ
    ခရမ်းရောင်တပွင့်ကို နင်းခြေချင်တဲ့သူ ဖြစ်မယ်
    (စိန်ပန်းပြာလေးတွေကို နင်းမိနေတယ်။ ဖိနပ်တော့ အမြီးမပြတ်ဘူး။)

    မီးပွိုင့်နီနေတုံး စည်းကမ်းမဲ့ လမ်းဖြတ်ကူးတဲ့သူ ဖြစ်မယ်

    အရာရာကို အကြောင်းပြချက်မရှိပဲ ကျောခိုင်းနေတဲ့သူ ဖြစ်မယ်

    အထက်ပါ အချက်တွေနဲ့ ငြိနေဒယ်။ သေခန်းပြတ်ပြီပေါ့ ... ((((ဟမ်))))))

    ReplyDelete
  18. လေးလံတဲ့ ဝန်ကိုထမ်းရင်း မမှီမကမ်းကနေ အတင်း ပြေးလိုက်နေတဲ့သူ.သံသယတွေ မတင်မကျနဲ့ အရွယ်ကျနေတဲ့သူ
    အရာရာကို အကြောင်းပြချက်မရှိပဲ ကျောခိုင်းနေတဲ့သူ..
    အလို..သုံးခုပါလား..အို..မထူးပါဘူးလေ... အားလုံးကို ပြတ်သွားအောင် ပြတ်သွားအောင်..မင်းဖြတ်ရင်ဖြတ်.. ဒါမှမဟုတ်ရင်..မင်းငါ့ကိုဖြတ်....သီချင်းလေး ညည်းရင်း ပြန်သွားတယ်..
    mm

    ReplyDelete
  19. ပို့စ်မော်ဒန်ကဗျာတစ်ပုဒ် ဖတ်ရသလိုပဲ...
    ချိုရှရှနဲ့...။
    အနက်ရောင်ကတော့ ခရေးဇီးကာလာ..။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...