Sunday, December 18, 2011

မျက်ဝန်းညို

ခိုင်စိုးလင်း စီစဉ်တဲ့ ကျောင်းအကြောင်း E Book ထွက်ပါပြီ…။
ဒီစာအုပ်မှာ ပါဝင်ရေးသားကြတဲ့သူတွေကတော့ ကိုကိုသက်၊ ကျော်ညိုသွေး၊ ကြည်သက်ဟန်၊ ခိုင်စိုးလင်း၊ ချစ်ကြည်အေး၊ ညီဇံလှ၊ ညိုမင်းခ၊ နေဦး၊ ပန်ဒိုရာ၊ မိုးလှိုင်ည မှိုင်း ဆေး(၂)၊ Louise Jane Cher ၊ သက်ဝေ၊ ဟန်သစ်ငြိမ်၊ ဟယ်ရီလွင် နဲ့ သြမြိုင် တို့ ဖြစ်ပါတယ်။ စာအုပ်အတွက် ပုံတွေကို မလေးမေက ရေးခြယ်ပြီး ခိုင်စိုးလင်းက စာပြင်ပါတယ်။

ဒီနေရာ မှာ Download ချပြီး ဖတ်လို့ရပါပြီ။

ဒီ E Book မှာ ကိုယ့်လက်ရာ ဝတ္ထုတိုတပုဒ်နဲ့ အက်ဆေးတပုဒ် ပါ ပါတယ်။ ဝတ္ထုတိုလေးက အသစ်ရေးထားတာဖြစ်ပြီး အက်ဆေးကတော့ ဟိုးခပ်စောစောက ဘလော့ဂ်မှာ တင်ဖူးတဲ့ အဟောင်းတပုဒ်ကို နည်းနည်း ပြန်ပြင်ထားတာပါ။ ဝတ္ထုတိုလေးကို အရင်ဖတ်ကြည့်ပါနော်…

မျက်ဝန်းညို


ဖုန်းသံနှင့်အတူ ပေါ်လာသော နံပါတ်များကို ကြည့်လိုက်သောအခါ ကိုယ်နှင့် ရင်းနှီး ကျွမ်းဝင်မှုမရှိသော ဂဏန်းများကို တွေ့လိုက်ရသည်။ ထိုဖုန်းကို ဖြေရကောင်းနိုး မဖြေရ ကောင်းနိုး ချီတုံချတုံရှိနေဆဲမှာ ဖုန်းခေါ်သံက ရပ်သွားခဲ့သည်။ သို့သော် ချက်ချင်းဆိုသလိုပင် ဖုန်းက နောက်တကြိမ် ထပ်မြည်လာခဲ့သည်။ ဟဲလို ဟူသော ကျွန်မအသံ အဆုံးမှာ တဖက်မှ အမျိုးသားတဦး၏ ဟဲလို ဟူသော အသံ ခပ်တိုးတိုးကို ပြန်ကြားလိုက်ရသည်။ ထိုအသံမှာ တိုးဖွသော်လည်း ကြည်လင် ပီသသည်။ ထို့အပြင် ထိုအသံထဲမှာ အဓိပ္ပါယ်ဖေါ်မပြတတ်သော အရာတခုခု ပါဝင် စီးမျောနေသယောင်၊ တခုခု ထူးခြားဆန်းကြယ်နေသယောင်…။ အတွေးမဆုံးခင်မှာပင် တဖက်မှ… ကျွန်မနာမည်ကို ရေရွတ်ရင်း ကျွန်တော် ဘယ်သူပါ… ဟု ဆိုလာလေသောအခါ…

* * * * * * *

ကျောင်းနောက်ဆုံးနှစ်မှာ သူ့ကို စတင် တွေ့မြင်ဖူးခဲ့တာဖြစ်သည်။ အတန်းသားများထက် အသက်ပိုကြီးပုံရပြီး ကြည်လင်သော အသားအရေနှင့် ခပ်ပိန်ပိန် အရပ်မြင့်မြင့် သာမာန် ယောက်ျားတယောက်ဖြစ်သော်လည်း ထူးခြားနေသည်က သူ့မျက်ဝန်းတွေဖြစ်သည်။ ရီဝေသော မျက်ဝန်းမျိုးကို တွေ့ဖူးသည်၊ ထို့အတူ တောက်ပသော မျက်ဝန်းများကိုလည်း တွေ့ဖူးပါသည်။ သို့သော် ရီဝေပြီး တောက်ပ စူးလက်နေသော မျက်ဆံညိုညိုများနှင့် လှပသော ယောက်ျားလေးတယောက်၏ မျက်ဝန်းမျိုးကိုမူ သည်တခါသာ တွေ့ဖူးခြင်း ဖြစ်သည်။ ကျွန်မသူငယ်ချင်းကတော့ သူ့မျက်ဝန်းများကို ကြည့်ရင်း ရုပ်ရှင်မင်းသား James Dean နှင့် တူသည်ဟု ကောက်ချက်ချပါသည်။

နောက်ရက်များမှာတော့ စာသင်ချိန်တွေမှာ စာကို ကောင်းကောင်း စိတ်မဝင်စားနိုင်ပဲ သူ့အကြောင်းတွေကိုသာ စပ်စပ်စုစု လုပ်နေခဲ့မိပါသည်။ ကျောင်းနှစ်ရှည် ပိတ်ထားချိန်များမှာ နိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီး အခုမှ ကျောင်းပြန်တက်ခြင်းဖြစ်သည်ဟု သိရပါသည်။ ထို့ကြောင့် အတန်းထဲမှာ သူနှင့် သက်တူ ရွယ်တူ ခင်ခင်မင်မင် သူငယ်ချင်းအပေါင်းအသင်း ရှိမနေခြင်းဖြစ်သည်။ စတွေ့ဖူးသည့်နေ့မှ နေ့စဉ်နေ့တိုင်း အတန်းတွေတိုင်းကို တချိန်မှ မပျက်အောင် ကျောင်းတက်မှန်သော၊ အေးဆေးသော မျက်နှာထား၊ တည်ငြိမ်သော အမူအရာတို့နှင့် သူသည် ဘေးဘီကိုလည်း သတိထား ဂရုပြု ကြည့်ရှုလေ့မရှိပါ။ အတန်းမစခင် ငါးမိနစ်ခန့်အလိုတွင် ကျွန်မတို့ တက်ရသော အဆောက်အဦးနှင့် မလှမ်းမကမ်းမှာ ကားရပ်ထားခဲ့ပြီး အတန်းပြီးလျှင်ပြီးခြင်း ကားလေးမောင်းကာ ပြန်သွားတတ်သည်။ သူ မောင်းသော ရွှေအိုရောင် ဆလွန်းကားလေး၏ နံပါတ်ကို ယခုချိန်အထိ ကျွန်မ အလွတ်ရနေဆဲ…။ သူကတော့ ဘာမှ သိလိမ့်မည် မဟုတ်ပါ။

တမနက်မှာတော့ သူ ကားရပ်ပြီး အတန်းဆီသို့အသွား လှေခါးထစ်တွေနားမှာ ကျွန်မနှင့် ဆုံမိပါသည်။ သူ့အကြောင်းတွေကို သိလိုစိတ်ဖြင့် စိတ်ဝင်တစား စုံစမ်းခဲ့မိသော ကျွန်မ ရုတ်တရက် ဘာလုပ်ရမှန်းမသိ၊ မလုံမလဲနှင့် ခြေလှမ်းတွေ အမှားမှား အယွင်းယွင်း ဖြစ်သွားသော်လည်း သူက အေးအေးသက်သာပင် ကျွန်မကို ကျော်ဖြတ်ကာ အတန်းရှိရာကို ဦးတည်၍ သွားနေခဲ့သည်။ သူ့ပုခုံးတွင် လွယ်ထားသော ကချင်လွယ်အိပ် အနီရဲရဲလေးကို ငေးကြည့်နေရင်း ထိုလှေခါးထစ်တွေမှာ ကျွန်မ ခြေစုံရပ် ကျန်နေခဲ့ပါသည်။ ထိုအကြောင်းကို သူငယ်ချင်းကို ပြောပြမိရင်း နောက်တခါ သူနှင့်တွေ့လျှင် ပြုံးရယ်ပြကာ နှုတ်ဆက်လိုက်မည်ဟု တီးတိုး တိုင်ပင်ခဲ့ပါသည်။ သို့သော် ဝမ်းနည်းစရာ… သူနှင့် ကျွန်မ နောက်တခါ တေ့တေ့ဆိုင်ဆိုင် မကြုံကြိုက်ခဲ့ပါ။

နောက် နှစ်ရက်ကြာသောအခါ သူနှင့်ဆင်တူ ကချင်လွယ်အိပ် အနီရောင်လေးကို ကျွန်မ ဝယ်ယူခဲ့မိပါသည်။ လွယ်အိပ်အသစ်နှင့် ကျွန်မကို သူငယ်ချင်းက သရော် လှောင်ပြောင်ရိပ်ကင်းသော အပြုံးစစဖြင့် ကြည့်ရင်း ခေါင်းတညိတ်ညိတ် လုပ်နေပါသည်။ ထိုအခါ ကျွန်မက အို… ကျောင်းမှာ ကချင်လွယ်အိပ် အနီရောင် လွယ်တဲ့သူတွေ တပုံကြီးမှ တပုံကြီး… ဟု ရှက်ရှက်နှင့် ဆင်ခြေပေးမိပါသည်။

Mid Term ပိတ်ပြီး ကျောင်းပြန်ဖွင့်သောအခါ မေဂျာအလိုက် အားကစားပြိုင်ပွဲများ ကျင်းပပါသည်။ ထိုအခါ ကျွန်မတို့လည်း ယှဉ်ပြိုင်သမျှ ပွဲတိုင်းမှာ ကိုယ့်မေဂျာမှ ကိုယ့်မေဂျာ သည်းသည်းလှုပ်အောင် အားပေးခဲ့ကြပါသည်။ တညနေ ဘတ်စကက်ဘောပြိုင်ပွဲနားကို ရောက်သွားသောအခါ ကျွန်မတို့ လုံးဝ မျှော်လင့်မထားသော ကစားသမားတယောက်မှာ သူ ဖြစ်နေလေသည်။ လှပ သပ်ရပ်သော သူ၏ ကစားကွက်များကို မင်သက်စွာ ငေးကြည့် အံ့ကြနေမိသူမှာ ကျွန်မသာ…။ ထိုနေ့ကပွဲမှာ ကျွန်မတို့ မေဂျာက အနိုင်ရခဲ့ပြီး အိမ်ပြန်ရောက်သောအခါ ကြိမ်းစပ် နီရဲနေသော လက်ဖဝါးများကို ဆေးလိမ်းရပါသည်။ ပြီးတော့ နောက်ထပ် နှစ်ရက် သုံးရက်လောက်အထိ အသံတွေလည်း ဝင်နေခဲ့ပါသေးသည်။

သည်လိုနှင့် နှစ်ကုန်ခါနီး စာမေးပွဲကြီး ဖြေဆိုရန် နီးကပ်လာပါသည်။ ထိုအချိန်မှာတော့ ရီဝေပြီး တောက်ပသော မျက်ဝန်းညိုများကို အသာ မေ့ဖျောက်ကာ အိမ်ကျယ်သော သူငယ်ချင်းတယောက်ဆီမှာ ကျွန်မတို့ တဖွဲ့လုံး စာစုကျက်ကြရပါသည်။ တချို့သော ဘာသာရပ်များမှာ အုပ်စုလိုက် တယောက်ကို တယောက် ကူညီ ရှင်းလင်းပေးလျှင် စာကျက်ရ အလွန်လွယ်ပါသည်။ ထိုအချိန်မျိုးတွင် ရှင်းပြနေသော စာများကို နားမဝင်နိုင်ပဲ သူငယ်ချင်း အပေါင်းအသင်းမရှိသော သူ ဒီလောက် ခဲရာခဲဆစ် စာတွေကို တယောက်တည်း ဘယ်လိုများ ကျက်နေပါလိမ့်ဟု ပူပူပင်ပင် အတွေးနယ်ချဲ့နေသူမှာ ကျွန်မဖြစ်ပါသည်။ ကျွန်မကသာ စိတ်တွေပူနေတာ… သူကတော့ ဘာမှ သိလိမ့်မည် မဟုတ်ပါ။

သည်လိုနှင့် နောက်ဆုံးနှစ် စာမေးပွဲရက်များကို ရောက်လာခဲ့သည်။ ဒီစာမေးပွဲများ ပြီးသွားလျှင် နောက်ကို သူနှင့် တွေ့ဆုံရန် အခွင့်အရေး မရှိနိုင်တော့ ဟု ကျွန်မကိုယ်တိုင် သေချာနေခဲ့သည်။ ထို့ကြောင့် စာမေးပွဲ နောက်ဆုံးနေ့မှာတော့ ကြိုတင်ကြံစည်ထားခဲ့သည့်အတိုင်း ကျွန်မ သူ့ကို အရဲစွန့်ပြီး နှုတ်ဆက်ရန် (သို့မဟုတ်) အနည်းဆုံးတော့ ပြုံးပြခွင့်ရရန် သူနှင့် မျက်နှာချင်းဆိုင်ခွင့်ရရန် ကြိုးစားခဲ့မိပါသည်။ သို့သော် ထိုနေ့က ကျွန်မ ကံမကောင်းပါ…။ ကျွန်မ စာမေးပွဲခန်းထဲမှ ၁၅ မိနစ်ခန့် စောထွက်ပြီး သူ ထွက်အလာကို စောင့်နေခဲ့သော်လည်း ဘယ်လိုက ဘယ်လိုဖြစ်သွားသည်မသိ၊ သူနှင့်ကျွန်မ လွဲသွားကြသည်။ အတန်းထဲမှာ လူအားလုံးကုန်သည့်အထိ သူ့ကို မတွေ့ရသောအခါ သူ့ကားလေး ရပ်နေကျနေရာကို သွားကြည့်မိသည်။ သူရပ်နေကျ နေရာမှာ ကားလေး မရှိတော့ပါ။ ဒါဆို သူ ပြန်သွားပြီပေါ့…။ ထိုအချိန်လေးမှာ ကျွန်မ အလွန်အမင်း ဝမ်းနည်းနေခဲ့ပါသည်။

ထို့နောက်မှာတော့ ကျွန်မကိုယ် ကျွန်မ မသိလိုက်ခင်မှာပင် ခြေလှမ်းများက ကျောင်းသားရေးရာဌာနဆီသို့ ဦးတည်နေမိလျက်သား…။ ဘာအတွက်ဟု မရေရာ မသေချာသော်လည်း ကျောင်းသားရေးရာဌာနမှ ကျွန်မနှင့် သိနေသော အန်တီကြီးတယောက်ထံမှ တဆင့် သူ့အိမ်လိပ်စာကို ရလာခဲ့ပါသည်။ သည်လိုနှင့် ကျောင်းပိတ်ပြီး နှစ်ပတ်ခန့်အကြာတွင် အိမ်ကလူကြီးများ မသိအောင် ကားခိုးမောင်းကာ သူ နေထိုင်ရာ လမ်းထိပ်ကို မယောင်မလည်နှင့် ရောက်သွားခဲမိ့ပါသည်။ သို့သော်လည်း ကားမောင်းတတ်ခါစ ဖြစ်နေသည်က တကြောင်း၊ အိမ်ကမသိအောင် တိတ်တိတ်လေး ခိုးမောင်းလာသည်က တကြောင်း၊ လမ်းမှာ အသိမိတ်ဆွေများနှင့် တိုးမည်ကို ကြောက်သောစိတ်၊ သူ နေထိုင်ရာ အနီးအနားကို မဆီမဆိုင် ကျူးကျော် ရောက်ရှိလာသော ကျွန်မကို သူ တွေ့မြင်သွားလေမလားဟု စိုးရွံ့သောစိတ်တို့ဖြင့် လူတကိုယ်လုံး ထူပူကာ ဘေးဘီဝဲယာကို အနည်းငယ်မျှ စောင်းငဲ့မကြည့်ရဲပဲ အိမ်သို့ ပြန်ရောက်လာပါသည်။ ထိုနေ့ညမှ စတင်ကာ တပတ်တိတိ ကျွန်မ အပြင်းဖျားပါသည်။ သေချာပါသည်… သူကတော့ ဘာဆို ဘာမှ သိလိမ့်မည် မဟုတ်ပါ။

ဘယ်သူမှ မသိလိုက်သော၊ သိဖို့လည်း မကြိုးစားခဲ့မိသော သံယောဇဉ်အပိုင်းအစလေး တခုသည် ဘယ်သူမှ မသိလိုက်ခင် အချိန်မှာပင် အလိုအလျောက် ပျက်ပြယ်သွားခဲ့ပြီပဲ ဟု တွေးရင်း တချို့သော အချိန်တွေမှာ သူ့ကို သတိတရရှိလိုက်၊ တချို့အချိန်တွေမှာ မေ့မေ့ပျောက်ပျောက်ဖြစ်လိုက်နှင့်...။ ထို့နောက်မှာတော့ လှပပြီး သာယာသော ဘဝတခုမှာ အလိုက်သင့် အလျားသင့် စီးမျော ပျော်ဝင်ရင်း... သူ ဘယ်များရောက်နေပါလိမ့်ဟု ရံဖန်ရံခါမှသာ သတိရဖြစ်တော့သည်။ သည်လိုနှင့် ဆယ်စုနှစ်တခုမက ဖြတ်သန်း လွန်မြောက်လာခဲ့ပြီ ဖြစ်သည်။

* * * * * * *

တအံ့တသြမျက်နှာဖြင့် ဖုန်းပြောနေသော ကျွန်မကို အမျိုးသားက အထူးတဆန်း ဖြစ်လို့နေခဲ့သည်။ ဖုန်းပြောအပြီးမှာ ဖုန်းခေါ်လာသောသူသည် နှစ်ပေါင်းများစွာ ကွဲကွာနေသော ကျောင်းနေဘက် ယောက်ျားလေး သူငယ်ချင်းတယောက် ဖြစ်ကြောင်းနှင့် အဆင်ပြေလျှင် တကြိမ်တခါမျှ တွေ့ဆုံလိုကြောင်း ပြောပြသောအခါ အမျိုးသားက ကြည်ဖြူစွာပင် အိမ်ကို ထမင်းစားဖိတ်ခွင့် ပေးခဲ့သည်။

အိမ်ကို လာလည်သောနေ့မှာ သူ၏ ဟန်ဆောင်မှုကင်းပြီး ရိုးသားသန့်စင်သော မျက်ဝန်းညိုများနှင့် ပျူငှာစကား သွက်လက်စွာ ဆိုတတ်မှုတို့ကြောင့် တခဏအတွင်းမှာပင် ကျွန်မအမျိုးသားနှင့် သူ ငယ်ပေါင်းကြီးဖေါ်များပမာ အကျွမ်းတဝင် ရင်းနှီးကာ စကားလက်ဆုံ ကျသွားလေတော့သည်။ ထမင်းဝိုင်းတွင် ဘေးနားမှနေ၍ လိုအပ်သည်များကို ဖြည့်စွက်ပေးရင်း ကျွန်မက နားထောင်သူ သက်သက်သာ…။ သူတို့ပြောနေကြသော အကြောင်းအရာတွေက ကျွန်မ နားမလည်သော နိုင်ငံရေးတွေလည်း ပါသည်… သူ လက်ရှိ အလုပ်လုပ်နေသော ဓါတ်ငွေ့တွေအကြောင်း၊ ရေနံချက်စက်ရုံတွေအကြောင်းလည်း ပါသည်၊ ပြီးတော့ သစ်တော ပြုန်းတီးမှုတွေနှင့် အတူ မြန်မာ့ ကျွန်းသစ်တွေအကြောင်းလည်း ပါသေးသည်။

သူတို့ပြောသမျှကို တိတ်ဆိတ်စွာ ငေးမောနေသော ကျွန်မကို သူက သားလေးနှစ်ယောက်ရှိသော သူ့မိသားစုလေးအကြောင်း ပြောပြရင်း စကားဝိုင်းအတွင်း ခေါ်သွင်းခဲ့တာဖြစ်သည်။ သားကြီးက ငါးနှစ်၊ သားငယ်လေးက နှစ်နှစ် တဲ့…။ မိန်းမပီပီ သူ အိမ်ထောင်ကျသောခုနှစ်ကို စိတ်ထဲမှာ အပြေးအလွှား ခန့်မှန်းကြည့်မိသေးသည်။ ထိုနေ့က စကားတွေကောင်းပြီး ည ၁၁ နာရီလောက်မှ သူ ပြန်သွားသည်။ မကြာခင် သူ့မိသားစု လိုက်လာကြတော့မှာဖြစ်ပြီး ထိုအခါကျမှ တခေါက် လာလည်အုံးမည်ဟုလည်း ပြောသွားသေးသည်။ စကားနည်း အေးဆေးကာ မိတ်ဆွေအပေါင်းအသင်းလည်း နည်းပါးသော ကျွန်မအမျိုးသားက သူ့ကို နှစ်လိုစွာ ရင်းနှီး ခင်မင်သည်ကို တွေ့ရတော့ ကျွန်မ ဝမ်းသာမိပါသည်။

ပြီးတော့… သူ…
ကျောင်းတုန်းက ကျွန်မကို စိုးစဉ်းမျှ သတိထားမိလိမ့်မည် မဟုတ်ဟု ထင်ထားသော်လည်း ဆယ်စုနှစ်တခု လွန်မြောက်လာသည်အထိ ကျွန်မကို မှတ်မှတ်ထင်ထင် ရှိနေခြင်းနှင့် ကျွန်မကို သတိတရ ရှာဖွေ ဆက်သွယ်လာခြင်းများအပေါ်မှာ မယုံကြည်နိုင်လောက်အောင် မှင်သက် အံ့သြမိနေဆဲ…။ နောက်တနေ့မှာ ထို့ထက် ပိုမိုအံ့သြစရာတခုကို သူ ပြုမူခဲ့တာဖြစ်သည်။ ကျွန်မ၏ ဖုန်းထဲကို သူ့သား ဓါတ်ပုံလေးတွေ ပို့လာပြီး သားလေးတွေ၏ အမည်ကိုပါ ရေးပြ မိတ်ဆက်လာခဲ့တာ ဖြစ်သည်။ အံ့သြစရာမှာ သူ့ သားလေးနှစ်ယောက်၏ နာမည်စာလုံး သုံးလုံးအနက်မှ နောက်ဆုံးစာလုံးသည် ကျွန်မနာမည်၏ နောက်ဆုံးစာလုံးနှင့် တထပ်တည်း တူညီနေခြင်းပင် ဖြစ်သည်။

အရာရာကို သေချာချင်သော ကျွန်မသည် အလကားနေရင်း လောဘကလည်း ပုတ်လောက်ကြီး ကြီးချင်နေသေးသည်…။ ထိုဓါတ်ပုံလေးနှင့် နာမည်များကို လက်ခံရရှိပြီးချိန်မှာ ကျေးဇူးတင်စကားပင် ပြန်မဆိုနိုင်ပဲ သိချင်လှသော မေးခွန်းတခုကို ဒရောသောပါးနိုင်လှစွာ မေးခဲ့မိသည်။ ကျွန်မသိလိုသောအရာကို သူကလည်း ချက်ချင်းပင် မဆိုင်းမတွ အဖြေပေးခဲ့ပါသည်။ ထိုအချိန်မှာ သူ ပြုံးကောင်း ပြုံးနေပါလိမ့်မည်။ ကျွန်မ၏ မေးခွန်းမှာ “ကျေးဇူးပြုပြီး ရှင့် အမျိုးသမီးနာမည်လေးများ ပြောပြနိုင်မလား” ဟု ဖြစ်ပြီး သူပြန်ဖြေလာသော အဖြေထဲမှာ ကလေးတွေနာမည်နှင့် ဆင်ဆင်တူသော စာလုံး တလုံးတပါဒမှ မပါဝင်ပါ။

လုံးဝ မျှော်လင့်မထားခဲ့ပါ…။
ကျောင်းတက်ရက်များထဲမှာ တယောက်ကိုတယောက် မသိလိုက် မသိဖာသာ နေခဲ့ကြရင်း အကြည့်တချက်၊ အပြုံးတစ ဖလှယ်ရန် ဝေးစွ… မျက်နှာချင်းပင် တည့်တည့် မဆိုင်ခဲ့ဖူးသော၊ ကျွန်မ၏ တိတ်တခိုး ချစ်ခင် နှစ်လိုမှုကို သူသိသာ မြင်သာအောင် မည်သည့်နည်းနှင့်မျှ မဖေါ်ပြခဲ့ဖူးသော၊ အတန်းဖေါ်တွေထဲမှာ ဘာမှ မထူးခြားသော ကျွန်မလိုလူတယောက်ကို ယခုကဲ့သို့ မှတ်မှတ်သားသား သတိထားမိလိမ့်မည်ဟု လုံးဝ လုံးဝ မျှော်လင့်မထားခဲ့ပါ။

အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ် လျှို့ဝှက်နိုင်ခဲ့သော သူ့ထံမှ သံယောဇဉ် တစွန်းတစကို နှစ်ပေါင်း များစွာကြာမြင့်မှ သိခွင့်ရခဲ့ခြင်းအတွက် ကျွန်မ ဝမ်းနည်း ဝမ်းသာ ဖြစ်ရပါသည်။ သို့သော်လည်း ကျွန်မ ကျေနပ်ပါသည်။ လေးနက် လှပသော… ပြီးတော့ ဖြူစင် သန့်ရှင်းသော သံယောဇဉ်ကြိုးစများနှင့်အတူ ငယ်ငယ်က နှစ်သက်ခဲ့ဖူးသော သူ့ မျက်ဝန်းညိုများကို ကျွန်မ တသက်စာ အမှတ်တရ သိမ်းဆည်းသွားမည်သာ…။

သက်ဝေ
၇ နိုဝင်ဘာ ၂၀၁၁

21 comments:

  1. ဆွတ်ပျံ့လွမ်းမောဖွယ် အတိ...

    ReplyDelete
  2. I forgot to breath while i was reading .Feeling ta thaint thaint....
    Gyidaw

    ReplyDelete
  3. မျှော်လင့်မထားတဲ့ အချိုးအကွေ့လေးကို ပုံဖေါ်ရေးသွားတာ သိပ်ကောင်းတာပဲ...

    ReplyDelete
  4. :(

    feel something :(


    Naunt

    ReplyDelete
  5. အမျိုးအမည်မသိ မဖော်ပြတက်သော်လည်း ခံစားမှု လေးတစ်ခု စီးဝင်နေတာ အမှန်ပဲမမ...ကျေနပ်နေမယ်လို့ ယုံကြည်နေ ပြန်တယ်..

    ReplyDelete
  6. သူလည်း သူမကို တဖက်သတ် စွဲလန်းချစ်ခင် ခဲ့ပုံပဲ.. ဒါပေမဲ့သူမကို အသက်ချင်း ကွာတာမို့ အားနာ/ မပြောရဲလို့ ဘာမှ မပြောခဲ့တာ ဖြစ်မယ်။ ဘယ်အရာ မဆို အစစ် က တာရှည်ခံတယ်လို့ ထင်မိပါတယ်..။
    သူနဲ့ သူမတို့ ဖြူဖြူစင်စင် ပြန်လည်ဆုံတွေ့ကြပုံ နဲ့ သူနဲ့ သူမရဲ့ အမျိုးသားတို့ အဖွဲ့ကျသွားပုံလေးက ကြည်နူး စိတ်ချမ်းမြေ့စရာ ..
    ( ကျနော်က ဖဘပေါ်မှာတော့ အေးကျော်ဇံ ပါဗျး)

    ReplyDelete
  7. ကျောင်းသားဘ၀မှာ သူငယ်ချင်းတွေနဲ့ စိတ်ဝင်စားခဲ့တဲ့သူတွေကိုတောင်ပြန်သတိရသွားပြီ။
    သိပ်ဖတ်လို့ ကောင်းတယ်။
    အိုင်အိုရာ

    ReplyDelete
  8. ဟွန်းနော်..သူများလွမ်းအောင် လာရေးနေတယ်
    mm

    ReplyDelete
  9. လောဘလှလှလေးပေါ့ ဗျာ။ ကိုယ့်ကိုယ့်ကိုယ် မသေချာချင်၊ မသေချာရဲ ပေမယ့် တစ်ဘက်ကိုတော့ သေချာစေချင်နေတာ ဘယ်လောက်လူသားဆန်လိုက်သလဲ..။

    ReplyDelete
  10. လက်ဖဝါးတွေနီရဲကျိန်းစပ်၊အသံဝင်တယ်
    ဆိုဖော်ပြတာမိုက်တယ်၊
    ဇတ်လမ်းကတော့နဲနဲဖြစ်ဖြစ်သိဖို့လိုတာပေါ့.. :)

    ReplyDelete
  11. ကျောင်းတော်ကြီးရဲ့အလည်မှာ
    စိန်ပန်းတွေလဲပွင့်နေပြီကွာ ..
    လွမ်းမိပါရဲ့ မမရေး)

    ReplyDelete
  12. ၂ခါတိတိထပ်ဖတ်လိုက်တယ် ကွ
    ကျောင်းတုန်းက အချိန်လေးတွေကို သတိရသွားမိတယ်။ ခုလိုပေါ့.. အကောင်အထည်မပေါ်ဖြစ်ခဲ့တဲ့ အဖြူရောင်သံယောဇဉ်တွေအကြောင်းလေးတွေပေါ့လေ...း)း)
    ဖတ်လို့ကောင်းလိုက်တာ အစ်မသက်ဝေရယ်
    တကယ်ကိုငြိမ့်ငြိမ့်လေး ခံစားရတယ်

    ReplyDelete
  13. ဖြူဖြူစင်စင်နဲ့ကို လွမ်းမောရတဲ့ ဝတ္ထုတိုလေးပါပဲ မသက်ဝေ..၊ မျှော်လင့်ခြင်းတွေ၊ ဝမ်းသာ၊ ဝမ်းနည်းမှုတွေနဲ့ လှလှပပကို ရက်ဖောက်ထားသလို နူးညံ့မှုတွေ ဖွေးဖြူစွာနဲ့ အဆုံးသတ်လိုက်လို့ တကယ်ပဲ သဘောကျမိတယ်..၊ Two thumbs up...!!!

    ReplyDelete
  14. မဖော်ပြဖြစ်ခဲ့တဲ့ အဖြူရောင်ကြိုးမျှင်တွေ...။ သူ့ရဲ့ ကလေးလေးတွေရဲ့ ပုံတွေ တွေ့ချိန်မှာလည်း ကြည်နူးကျေနပ်စိတ်ဖြစ်နေမိတာလည်း အံသြစရာနော်..။ အဲ့လိုကြိုးလေးတွေက ရှိနေတတ်၊ အမြဲသိနေတတ်တဲ့ ကြိုးမျိုး။

    ReplyDelete
  15. " သြော်.. သုံးဆယ်ကျော်မှ ပြန်ဆုံရတယ်လို့ အချစ်ရယ်.. မင်းကို ကိုယ်နှုတ်ဆက်မိတာကတော့ မင်းတို့မိသားစုတွေ ကျန်းမာလို့ချမ်းသာရဲ့လား၊
    နေလို့ထိုင်လို့မှ ကောင်းကြရဲ့လား၊
    အော်.. သုံးဆယ်ကျော်မှကြုံရတဲ့ အချစ်ရဲ့ ဒဿနတွေပါဗျာ" :D
    လေးဆယ်ကျော်ကနေသုံးဆယ်ကျော် ပြောင်းထားတယ်နော် မကြီး။

    အလကား အလကားနောက်တာပါ။ ချစ်စရာကောင်းတဲ့ ပိုစ့်လေးကိုဖတ်ပြီး စိတ်ညစ်နေတာတွေတောင် လျော့သွားသလိုရယ်။
    ပြီးတော့ တွေးမိသေးတယ်. အော် ဟိုအရင်က တက္ကသိုလ်ကျောင်းသူ/သား ဆိုတာ ဒီလိုလူတွေပါလား။ အချစ်ကိုလဲ ဒီလိုယုယတတ်ကြတာပါလားပေါ့။

    ReplyDelete
  16. နွေမိုးDecember 22, 2011 at 3:35 AM

    ဆရာ(မ)သက်ဝေ -ခင်ဗျား
    ကျွန်တော်ဟာ နွေမိုးအမည်နဲ့ အွန်လိုင်းဝက်ဆိုက်များပေါ်မှာ
    လေ့လာနေသူတစ်ဦးဖြစ်ပါတယ်။ စာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။
    အခု ကျွန်တော်ဟာ အင်တာနက်နဲ့ပတ်သက်တဲ့စာအုပ်တစ်အုပ်ထုတ်ဝေဖို့
    စီစဉ်နေပါတယ်။ ထုတ်ဝေနေကျ နည်းပညာစာအုပ်မျိုးမဟုတ်ပါ။
    အင်တာနက်ဝက်ဆိုက်များနဲ့ နီးစပ်မှုမရှိ၊ ကျွမ်းဝင်မှုမရှိသေးသူများ
    အင်တာနက်ဝက်ဆိုက်များပေါ်က ဖော်ပြချက်များကို သိရှိခံစားနိုင်ဖို့ရည်ရွယ်ပြီး ထုတ်ဝေမယ့်စာအုပ်ဖြစ်ပါတယ်။ စာအုပ်အမည်ကို Paper Websiteလို့ပေးထားပြီး
    အမှတ်စဉ်တပ်ပြီး လစဉ် တစ်လတစ်အုပ်ထုတ်ဝေသွားမှာဖြစ်ပါတယ်။
    အဲဒီစာအုပ်လေးထဲမှာ ၀က်ဆိုက်များပေါ်က ကောင်းနိုးရာရာ၊ လူအများဖတ်သင့်တယ်
    လို့ယူဆရတဲ့ စာပေများကို ဖော်ပြသွားဖို့ စီစဉ်ထားပါတယ်။
    လူကြီးမင်းရဲ့ သက်ဝေ-၀က်ဆိုက်မှာဖော်ပြထားတဲ့
    မျက်ဝန်းညို-ကို နှစ်သက်တဲ့အတွက်
    ကျွန်တော်ထုတ်ဝေမယ့် Paper Websiteစာအုပ်မှာ ထည့်သွင်းအသုံးပြုခွင့်ပေးပါရန်
    ပန်ကြားအပ်ပါတယ်။ လောလောဆယ်တွင် စာအုပ်မှ အကျိုးအမြတ်ကို မျှော်လင့်၍မရပဲ
    အရှုံးခံထုတ်ဝေရမည်ဖြစ်၍ စာမူခချီးမြှင့်နိုင်မည်မဟုတ်ပါသဖြင့် နားလည်ခွင့်လွှတ်ပေးပါရန်
    တောင်းပန်အပ်ပါသည်။ စာအုပ်လက်ဆောင်ပေးပို့ပေးပါမည်။ စာအုပ်ပို့ပေးနိုင်ရန်
    လူကြီးမင်း၏လိပ်စာကို အောက်ပါအီးမေးသို့ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

    nwaytamun@gmail.com

    စာအုပ်ပေးပို့ရန် အခက်အခဲရှိတဲ့နေရာဆိုရင် (ဥပမာ) နိုင်ငံခြားမှာနေသူဆိုရင်
    စာအုပ်ပီဒီအက်ဖိုင်ကို ပို့ပေးပါမယ်။

    နောက် ဆက်လက်ထုတ်ဝေမည့်စာအုပ်များတွင်လည်း
    ပုံနှိပ်ဖော်ပြရန်သင့်လျော်သည့် လူကြီးမင်း၏စာမူများကို
    မည်သည့်ဝက်ဆိုက်မှဖြစ်စေ အသုံးပြုခွင့်ပေးပါရန်နှင့် အသုံးပြုလိုပါက
    ခွင့်ပြုချက် ကြိုတင်တောင်းခံသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

    ခင်မင်လေးစားစွာဖြင့်-
    နွေမိုး

    ReplyDelete
  17. အမှန်ကတော့ကလေးတွေရဲ့အဖိုးနံမယ်က
ိုနောက်ဆုံးကထည့်ပေးထားတာပါ၊
    တိုက်ဆိုင်မှူရှိရင်ခွင့်လွှတ်စေခြင်ပါသည်...

    ReplyDelete
  18. မြတ်ပန်းနွယ်June 21, 2012 at 11:50 AM

    ဝတ္တုလေးဖတ်ပြီးတော့ ရင်တွေ မောသွားတယ်။ ဖတ်နေတုန်းက အသက်ရှုလိုက်မိရဲ့လားတောင် မသိဘူး။ အရေးအသားက ဆွဲဆောင်ခဲ့ပါတယ်။

    လေးစားစွာဖြင့်
    မြတ်ပန်းနွယ်

    ReplyDelete
  19. အား...ဖတ်ရတာ လွမ်းဆွေးသလို၊ ကြည်နူးသလို၊ ချစ်စရာကောင်းလိုက်တဲ့ ဝထ္ထုလေး...း)

    ReplyDelete
  20. ပြီး ခဲ့ တဲ့ နှ စ်ေ တွ က ဒီ စာ ကို ဖ တ် ခဲ့ ဖူး တ ယ် ၊
    လွ မ်း စ ရာ - ချ စ် စ ရာ - ကြ ည် နှုး စ ရာ စာ တ စ် ပု ဒ် လို့ ခံ စား ရ တာ ပါ ၊ ဘာ မှေ ပြာ စ ရာ မ ရှိ ခဲ့ ပါ ဘူး ၊ ခု တ စ် ခါ ပြ န် ဖ တ် မိ ေ တ ာ့ စ ာ ေ ရ း သူ ရဲ႕ ခု ေ န ာ က် ပို င်း ေ ရ း တဲ့ စ ာ ေ တြ မွ ာ အ ခု ဒီ စ ာ ေ လ း လို အ ေ ရ း အ သ ာ း သ ပ် ရ ပ် လှ ပ ေ ခ် ာ ေ မြ႕ ေ အ ာ င် စိ တ် ရှ ည် လ က် ရှ ည် မ ေ ရ း ေ တ ာ့ သ လို ပဲ လို့ ထ င် မိ ပါ တ ယ် ၊ ကျေ နာ့် အ မြ င် ပါ ၊ ခုေ နာ က် ပို င်း ေ ရ း တဲ့ စ ာ ေ တြ လ ည်း စိ တ် ကူးေ ကာ င်း အ ေ တြ း ေ က ာ င္ း ေ က ာ င်း နဲ့ေ ရး တာ ပဲ လို့ ဖ တ် ရ င်း သိ ေ န ေ ပ မ ယ့္ အ ခု စ ာ ေ လ း လို အ ရ င် တု န်း က ၂ ၀ ၁ ၀ နဲ့ ၂ ၀ ၁ ၂ အ လွ န် မ် ာ း မွ ာ ေ ရ း ခဲ့ တဲ့ စ ာ ေ တြ က ပို ၿပီ း လွ ပ သ ပ် ရ ပ် ေ ခ် ာ ေ မြ႕ ေ န တ ယ် လို့ ထ င် မြ င် မိ ပါ တ ယ် ၊ အဲ့ လို စာေ ကာ င်းေ တွ ဆ က် လ က်ေ ရး သား နို င် ပါေ စ လို့ ဆုေ တာ င်း ပါ တ ယ်

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...