Saturday, May 12, 2012

မဆုံသော လမ်း

ထိုရထားလမ်းကလေးဘေးမှာ သူမ ငြိမ်သက်စွာ ရပ်နေခဲ့တာ အတော်ကြာပြီ…။
မြက်ရိုင်းပင် ခပ်ရှည်ရှည်များက လေအဝှေ့မှာ ယိမ်းနွဲ့လို့… ရထားလမ်းကလေး၏ တဖက်ခြမ်းမှာ မျက်စေ့တဆုံး မြင်နေရသော ကွင်းပြင်ကျယ်ကျယ်ကို တွေဝေ ငေးမောကြည့်နေရင်း ဘူတာရုံလေးဆီသို့ ရထားတွေ ဝင်အလာကို စောင့်ကြည့်နေခဲ့သည်…။ အမှန်ကတော့ သူမ မျှော်နေသော ရထားလာချိန်နီးနေပြီ…။ လက်ထဲမှ နာရီကို ငုံ့ကြည့်မိပြီး တချိန်ထဲမှာပင် ကိုင်ထားသော စာအိပ် အပြာရောင်လေးကို တွေ့လိုက်တော့မှ သူမ ဘာကြောင့် သည်နေရာကို ရောက်နေသည်ကို ပြန်လည် သတိရလာခဲ့သည်။ စာအိပ်ပေါ်မှာ တခုခုတော့ ရေးမှ ဖြစ်မည်…။

ကြည့်နေစဉ်မှာပင် ရထားတစီး ရှေ့မှ ဖြတ်သွားသည်။ ပြီးတော့ မလှမ်းမကမ်းမှာရှိသော ဘူတာရုံကလေးမှာ ရပ်တန့်သွားသည်။ ပုံမှန်အတိုင်းပင် ခရီးသည်များ အတက် အဆင်းပြုကြသည်။ ရထား ပြန်ထွက်သွားသည်…။ နောက် တခဏအကြာမှာ ရထား နောက်တစီး… ပြီးတော့ နောက်တစီး… သည်လိုနှင့် ရထား ငါးစီးမြောက်မှာ အဆင်း ခရီးသည်များကြားထဲတွင် တစုံတယောက်ကို မြင်တွေ့လိုက်သည်။ သူပဲ.. သူမှ သူပါပဲ…။ ဝေးနေသော်လည်း သုံးရက်တိတိ ကျင့်သားရနေသော မျက်လုံးများက သူမ၏ အတွေးတွေကို ကောင်းကောင်းအတည်ပြု ထောက်ခံကြသည်…။ ထိုသူတယောက်ကို သူမ စောင့်နေခဲ့တာ သုံရက်တိတိ ရှိခဲ့ပြီ…။

အရင်နေ့တွေက ရထားပေါ်မှဆင်းကာ လူအုပ်နှင့်အတူ ရော နှောပါဝင်သွားပြီး ဘူတာရုံလေးထဲမှ ချက်ချင်း ကွယ်ပျောက်သွားတတ်သော ထိုသူသည် ဒီနေ့မှာတော့ ရထားပေါ်မှ ဆင်းပြီး လက်ထဲမှ နာရီကို တချက်ကြည့်ကာ ဘူတာရုံထဲမှာ ချထားသော ခုံတန်းရှည်တခုတွင် သက်တောင့် သက်သာ ထိုင်လျှက် ရှိသည်။ သူ့ကြည့်ရတာ တစုံတယောက်ကို အေးအေးဆေးဆေး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းတော့မည့် ဟန်…။ မကြာခင်မှာ သူ့တွင်ပါလာသော စာတအုပ်ကိုထုတ်ပြီး စာဖတ်နေတော့သည်။ စာဖတ်ရင်း တချက်တချက်မှာတော့ ခပ်လှမ်းလှမ်းရှိ ကွင်းပြင်ကျယ်ဆီကို လှမ်းကြည့်နေခဲ့သည်။ သူ့ကြည့်ရတာ စာထဲမှာ အာရုံ စူးစိုက်၍ ရဟန်မတူ…။ နောက်ရထားတွေ တစီးပြီးတစီး အဝင်မှာ ရထားအဆင်း ခရီးသည်တွေကို ကြည့်နေသည်။ သေချာပါသည်… သူသည် တယောက်ယောက်ကို စောင့်မျှော်နေခြင်း ဖြစ်ရမည်…။

သူမ သက်ပြင်းတချက်ကို မသိမသာချလိုက်မိသည်..။ နောက်တော့ အိတ်ထဲမှ ဘောပင်အနက်ရောင်ကိုထုတ်ကာ အလွတ်ရ မှတ်မိနေသော နာမည်တခုကို အရှေ့မှ ဦး တပ်၍ စာအိပ်ပေါ်တွင် ခပ်သွက်သွက် ချရေးလိုက်သည်။ ထို့နောက် အသက်ကို တဝ ရှုသွင်းလိုက်ရင်း တစုံတရာကို တွေး ငေး စောင့်ဆိုင်းနေသော သူ့ထံသို့ တလှမ်းချင်း တိုးကပ်သွားမိသည်။

သူ ထိုင်သောနေရာနှင့် မလှမ်းမကမ်းသို့ ရောက်သောအခါ သူ့မျက်နှာပေါ်မှ ကြည်လင်တောက်ပသော မျှော်လင့်ချက် အရိပ်အယောင်များကို တွေ့လိုက်ရသောကြောင့် သူမ ခြေလှမ်းများ တွန့်ဆုတ်သွားခဲ့သည်။ ဇဝေဇဝါနှင့် နောက်ဆုတ်ပြီး လှည့်ထွက်ရန် ခြေလှမ်းပြင်နေစဉ်မှာ သူ သူမကို တွေ့သွားခဲ့တာ… တဆက်တည်းမှာပင် ကံဆိုးလှစွာ… သူမလက်ထဲမှ စာအိပ်ကိုလည်း သူ တွေ့သွားခဲ့သည်။

စာအိပ်လေးကို သူမကပဲ သူ့ဖက်ကို ကမ်းပေးလိုက်သည်လား… သူမ မကမ်းပေးလိုက်ရခင်မှာ သူ ဆွဲယူလိုက်တာလား… သူမ မသေချာပါ။ သို့သော် သတိထားလိုက်မိသော အချိန်တွင် သူမ သူ့အနားမှ လှည့်ထွက်ကာ သူနှင့် ဆန့်ကျင်ဖက်ဆီသို့ တဟုန်ထိုး ပြေးနေခဲ့ပြီ ဖြစ်သည်။ သူမ လုံးဝ နောက်ကို လှည့်မကြည့်ပဲ ခြေဦးတည့်ရာသို့ တရှိန်ထိုး ပြေးနေခဲ့သည်။ ခြေဖဝါးမှာ စူးရှရှ အထိအတွေ့.. လေထဲမှာ လွင့်ပျံနေသော ဆံစ ရိုင်းရိုင်းများ… ဘယ်နားမှာ ကျကျန်ရစ်ခဲ့မှန်းမသိသော လည်ပင်းမှ ပုဝါစ… အသိစိတ်ဝင်လာသော အချိန်မှာ သူမသည် ဘူတာရုံကလေးနှင့် တော်တော်ဝေးဝေးကို ရောက်ရှိနေခဲ့ပြီဖြစ်သည်။

လူတယောက်၏ ကံကြမ္မာ အလှည့်အပြောင်းတို့ကို မည်သည့်နည်းနှင့်မျှ ကြိုတင် တွက်ဆထား၍ မရနိုင်… ပျော်ရွှင် ကြည်နူးစရာ ကောင်းသော အချိန်ကာလတို့ကို မျှော်လင့် စောင့်ဆိုင်းနေသူတဦး၏ လင်းလက်သော မျှော်လင့်ချက်ရောင်ခြည်များကို သူမ ရိုက်ချိုးပစ်ခဲ့မိပြီ…။ သုံးနှစ်ကျော် ကွဲကွာနေသော အိမ်သူ သက်ထားအလာကို စောင့်မျှော်နေသော ခင်ပွန်းသည်တယောက်… သူ မျှော်နေသော အိမ်သူ သက်ထား ဘယ်တော့မှ သူ့ထံကို ပြန်လာနိုင်တော့မည်မဟုတ်ကြောင်း ထိုစာအိပ်အပြာလေးက သူ့ကို သတင်းပေးမည်ဖြစ်သည်။ သူ ဘယ်လို ဖြစ်ပြီး ကျန်ရစ်မည်မှန်း သူမ ဆက်မတွေးရဲ.. တွေးလည်း မတွေးရက်ပါ။

ဘူတာရုံကလေးနှင့် တော်တော်ဝေးဝေးမှာ မောပန်းနွမ်းလျစွာ ခြေစုံရပ်နေခဲ့တာ အတော်ကြာပြီ…။ မြက်ရိုင်းပင် ခပ်ရှည်ရှည်များကတော့ အခါများစွာကလိုပင်... လေအဝှေ့မှာ ဟို ဒီ ယိမ်းနွဲ့လို့… ရထားလမ်းကလေး၏ တဖက်ခြမ်းမှာ မျက်စေ့တဆုံး မြင်နေရသော ကွင်းပြင်ကျယ်ကျယ်ကို တွေဝေ ငေးမောကြည့်ရင်း နောင်တနှင့် ဆင်ဆင်တူသော အတွေးတချို့က သူမနံဘေးမှာ ရစ်ဝဲလျက်...

သူမ ဘဝတလျှောက်တွင် မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများကို ကူညီစရာရှိလျှင် မဆိုင်းမတွနှင့် ဘယ်တော့မှ မငြင်းဆန်ပဲ တတ်စွမ်းသမျှ ကူညီခဲ့သည်ချည်းသာ…။ သို့သော် ဤကဲ့သို့သော သတင်းဆိုးကို အသိပေး အကြောင်းကြားရသော အကူအညီမျိုးကို ကူညီပေးရခြင်းသည် သည်တခါ ပထမဦးဆုံး နှင့် နောက်ဆုံးအကြိမ်သာ ဖြစ်ပါစေတော့ဟု သူမ အထပ်ထပ် ဆုတောင်းနေမိပါသည်။




13 comments:

  1. အနုပညာဆိုတာ ထုံကူးခြင်းများလား။ ...

    ညီမတော့ ဇာတ်လမ်းကြောင်းထက် .. မြင်ကွင်းကို ပိုပြီးစွဲလန်းသွားမိသွားသလားပဲ အစ်မရေ..။

    နောက်ပြီး ဒီစာကို ဖတ်နေရင်း မြက်ရိုင်းတွေအပြိုင်းပြိုင်းထနေတဲ့ နယ်မြို့လေးတစ်မြို့ရဲ့ ဘူတာလေးတစ်ခုကို ပုံဖော်နေမိတယ်။

    ReplyDelete
  2. ဖတ်နေရင်း မြင်ယောင်နေတာက ကိုယ့်မြို့က ဘူတာရုံ အဟောင်းအအိုလေး...။
    ပြန်မလာနိုငတော့ဘူးလား..သနားပါတယ်.. ၃ နှစ်တောင်စောင့်နေရတာ....။
    အဲ့လောက်အကြာကြီး စောင်နေ့ရတာ သူ့အမျိုးသမီး သွားနိုင်၊ ရောက်နိုင်တဲ့ နေရာတွေကို ဆက်စဉ်းစားနေတယ်...အစ်မသက်ဝေ...။

    ReplyDelete
  3. ကြားထဲကလူ အင်မတန် အနေခက်စေမယ့် ကိစ္စပါပဲ၊ ဝမ်းနည်း၊ နာကျင်ရမယ့် သတင်းတွေကို သယ်ဆောင်လာတဲ့ သူတွေဟာ သတင်းဆိုးအတွက် ကြိုတင်ပြီး (ကြားထဲက) ဝမ်းနည်းရသလို အဲဒီသတင်းကို လက်ခံမယ့် လူအတွက်လည်း ကြိုပြီး စိတ်မကောင်း ဖြစ်နေရပြန်တယ်၊

    ကိုယ့်လည်ပင်းက ပုဝါ ဘယ်ကျလို့ ကျနေမှန်းတောင် မသိခဲ့တဲ့ အမျိုးသမီးလေးဟာ ယမ်းမှုန့်တွေ သိပ်ထားတဲ့ မိုင်းဗုံးတစ်လုံးဆီကို ကိုယ့်ကိုယ်ကို အလောင်ကျွမ်းခံပြီး မီးတောက်တစ်စ ပို့ပေးရတဲ့ စနက်တံ တစ်ချောင်းလိုပါပဲ၊ စာစုလေးက တိုတိုလေး..၊ ဒါပေမယ့်..မော.... ....တယ်..။

    ReplyDelete
  4. သတင်းဆိုးတွေကို မပေးချင်တာတော့ အမှန်ပဲ.. HR မှာလုပ်နေတာဆိုတော့ Extension of probation တို့ Letter of termination တို့ဆို ဘယ်သူ့ကိုမှ မပေးချင်ဘူး.. လစာတိုးတာတို့ ဆုကြေးပေးတာတို့ဆိုရင်တော့ ASAP ပဲ..း)

    ReplyDelete
  5. မျက်လုံးထဲ ပေါ်လာအောင် သရုပ်ဖေါ်နိုင်တဲ့ စာရေးဟန်မျိုး...
    ကျွန်တော့ Magazine အတွက် ဆက်သွယ်ချင်ပါတယ် စာရေးသူကို ဆက်သွယ်လို့  ရမယ့် လိပ်စာလေး သိပါရစေ
    ကျေးဇူးတင်ပါတယ်

    ReplyDelete
  6. ဖတ်ရင်းစိတ်မကာင်းဖြစ်မိတယ်။ မျှော်နေတဲ့သူကိုလည်းကိုယ်ချင်းစာမိတယ်..
    သိသိနဲ့ပေးရတဲ့ သူနေရာကိုလည်း ၀င်ကြည့်မိတယ်..

    ခင်တဲ့
    ဝသုန်

    ReplyDelete
  7. ဘဝဆိုတာတကဲ့ရထားတွေပေါ့ကလေးရယ်... :)

    ReplyDelete
  8. ခံစားရတယ်.....း(

    ReplyDelete
  9. Mirror နဲ့ စင်စင်... စိတ်မရှည် လက်မရှည် ရေးဖြစ်တဲ့ ပိုစ့်လေးမှာ လစ်ဟာသွားတဲ့ အချက်တွေကို ဖြည့်စွက်ပြီး မြင်ကြည့်ပေးသွားတာ သိပ်ကျေးဇူးတင်ပါတယ်...

    ကိုညီလင်းသစ်... ကိုညီလင်းရဲ့ ကော်မန့်က အမ ပိုစ့်ကို ပြည့်စုံအောင် ဖြည့်ပေးသွားသလိုပါပဲ... တကယ် ကျေးဇူးတင်ပါတယ်...

    မြူးမြူး... ကိုယ့်ရုံးက လုပ်ဖေါ်ကိုင်ဖက်တွေကို ကောင်းသတင်းတွေပဲ ပေးချင်တဲ့ စိတ်ကလေးကို သဘောကျတယ်...

    ReplyDelete
  10. Editor... စာလာဖတ်တာ ကျေးဇူးပါ..
    thetwai.blog@gmail.com ကို ဆက်သွယ်လို့ရပါတယ်...း))

    ReplyDelete
  11. ညီမ ဝသုန် ဆရာမှူး နဲ့ ညီမ မိုးငွေ့...
    ကော်မန့်လေးတွေအတွက် ကျေးဇူးတင်ပါတယ်... စာ အသစ်တွေ မှန်မှန်ရေးဖြစ်အောင် ကြိုးစားနေပါတယ်...း))

    ReplyDelete
  12. သူမ..ပြန်မလာချင်တော့လောက်အောင်..သူဘာများလုပ်ခဲ့လဲလို့ တွေးနေမိတယ်။ သုံးနှစ်ထိုင်စောင့်နေမယ့်အစား..နီးဖို့..ကြိးစားသင့်တာပေါ့လို့...တွေးနေမိတယ်
    အဆိုးမြင်သူ...mm

    ReplyDelete
  13. မျှော်လင့်ချက်ဆိုတာ မရေရာ မသေချာတဲ့ အရာတစ်ခုကို စောင့်စားနေရသလို ဘဝနဲ့ဆန္ဒဆိုတာ လည်းတစ်ထပ်တည်းကျဘို့ ခဲယဉ်းတယ် မသက်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...