Friday, June 8, 2012
ကျွန်မချစ်သော ပန်းအိုးကလေးများ…
သစ်ပင် ပန်းပင်များကို ကျွန်မ မချစ်တတ်… ထို့အတူ ပန်းပွင့် လှလှများကို တမက်တမော ချစ်ခင်တတ်သော မိန်းကလေးများထဲတွင်လည်း ကျွန်မ မပါပါ။ သစ်ပင်ကို သစ်ပင်လိုသာ မြင်ပြီး အရွယ်စုံ အရောင်စုံ အဆင်းရော အချင်းပါ လှပ မွှေးပျံ့သော ပန်းပွင့်များကိုလည်း သာမန်ထက် မပိုသော အမြင်မျိုးဖြင့်သာ မြင်လေ့ရှိသည်။ ပြောရလျှင် သစ်ရွက် စိမ်းစိမ်းတွေကို ပန်းပွင့်ရောင်စုံများထက်ပင် ပိုသဘောကျတတ်သေးသူ…။ သို့သော် အိမ်ရှင်မ ပီပီ အိမ်က ဘုရားပန်းအိုးမှာတော့ ပန်းတွေ ဝေနေအောင် အမြဲ မပြတ်ထိုးတတ်ပြီး ဧည့်ခန်းနှင့် ထမင်းစားခန်းမှာ အလှစိုက် ပန်းအိုးအတွက် ပန်းရောင်စုံများကို မပြတ်အောင် ဝယ်တတ်ပါသည်။ ထို့အပြင် အိပ်ခန်း၊ မီးဖိုခန်းနှင့် အိမ်ခန်းထောင့်များမှာတော့ နေ့စဉ် ရေလောင်းစရာမလိုသော အိမ်တွင်းစိုက် သစ်ပင် စိမ်းစိမ်းများနှင့် အလှဆင်ထားတတ်ပါသေးသည်။
သစ်ပင် ပန်းမာန်များကို သာမန်သာ သဘောထားတတ်သော၊ သစ်ပင်တပင်၏ အရိပ်အာဝါသကို အထူးတလည် မခံစားတတ်သော၊ ပန်းတပွင့်၏ အလှအပကို မသာယာတတ် မယစ်မူးတတ်သော၊ သင်းပျံ့ပျံ့ နှင်းဆီရနံ့ကို အများနည်းတူ ရင်မခုန်တတ်သော၊ အိမ်တွင်းစိုက် သစ်ပင်များကို ရေမှန်မှန်လောင်းရမှာ ပျင်းတတ်သော ကျွန်မက ပန်းအလှထိုးရသော ပန်းအိုးများနှင့် သစ်ပင် ပန်းပင်များ စိုက်၍ရသော ပန်းစိုက်အိုးများကိုတော့ဖြင့် ထူးထူးခြားခြား နှစ်သက်မိပါသည်။
မည်သည့်အချိန်ကာလမှ စတင်ကာ ထိုပန်းအိုးလေးများကို ချစ်ခင်နှစ်သက်မိသည်ကို သေသေချာချာ မမှတ်မိတော့ပါ။ သို့သော်လည်း ပုပု ဝဝ ပိန်ပိန် ရှည်ရှည် လေးထောင့် အဝိုင်း ကြီးကြီး ငယ်ငယ် အရွယ်စုံ အရောင်စုံ ပုံပန်းသဏ္ဍာန် ပြုလုပ်သော ပစ္စည်း အမျိုးအမည် စုံလင်လှသော ပန်းအိုးများသည် ကျွန်မ မျက်စိထဲမတော့ အစဉ် လှပပြီး ချစ်ခင်နှစ်သက်စရာ လိုချင်စရာ ကောင်းနေတတ်သည်။ ထို့ကြောင့် ပန်းအိုးများကို တွေ့တိုင်း လိုလို မလိုလို မက်မက်မောမော ဝယ်ယူတတ်ပါသည်။ သည်လိုနှင့် အိမ်မှာ ကျွန်မ ဝယ်ယူ စုဆောင်းထားသော ပန်းအိုးတွေ တဖြည်းဖြည်းနှင့် များပြားလာပါသည်။ ထိုသို့သော အရွယ်စုံ ပုံသဏ္ဍာန်စုံ ပန်းအိုးလေးများကို ကြည့်ရင်းနှင့်ပင် ကျွန်မ အလိုလို ပျော်ရွှင်မိပါသည်။ ထို့အပြင် ပန်းအိုး တလုံးချင်းစီက ကျွန်မကို မတူညီသော ခံစားမှုများကို ပေးစွမ်းနိုင်ကြသည် ဟု ဆိုလျှင် ကျွန်မ သိပ်လွန်လွန်းရာ ကျနေမလား မသိ…။
အိမ်ပြောင်းခါနီးတုန်းက ကျွန်မ ဝယ်ယူစုဆောင်းထားသော ပန်းအိုးတလုံးချင်းစီကို သတင်းစာစက္ကူထူထူဖြင့် ပတ်ကာ ကဒ်ထူပုံးထဲကို စနစ်တကျ စီစဉ် ထည့်သိုခဲ့ရသော အချိန်လေးကို သတိရမိပါသေးသည်။ အိမ်သားများက အခြားပစ္စည်းများ ထုတ်ပိုး သိမ်းဆည်းနေကြသည်ကို လျစ်လှူရှုကာ ပန်းအိုး တလုံးချင်းစီကို စိမ်ပြေနပြေကြည့်လိုက်၊ ထိုပန်းအိုး တလုံးချင်းစီအကြောင်း စဉ်းစားလိုက်နှင့် ပုံးထဲကို တယုတယ ထည့်လိုက်နှင့် ကျွန်မ အချိန်တွေ ကုန်လို့ ကုန်မှန်းမသိ…။ အခြားဘာပစ္စည်းကိုမှ ကူမသိမ်းပေးသောကြောင့် အိမ်သားများ၏ မျက်စောင်းဒါဏ် မကြားတကြား အပြစ်တင်သံများကိုလည်း မမြင်ချင်ယောင် မကြားချင်ယောင် ဆောင်ရလောက်အောင် ပန်းအိုးများက ကျွန်မစိတ်ကို လွှမ်းမိုးခဲ့ပါသည်။ ထို့အပြင် ပစ္စည်းများ ရွှေ့ပြောင်းသောနေ့တွင်လည်း မင်နီစာလုံး အကြီးကြီးဖြင့် ကွဲတတ်သည် ဟု ရေးသားထားသော ပန်းအိုးများ ထည့်ထားသော ပုံးကိုသာ ကျွန်မ မျက်စိအောက်က အပျောက်မခံပဲ ကြည့်နေခဲ့မိပါသည်။
အိမ်အသစ်မှာ ပစ္စည်းများကို ပြန်လည် နေရာချထားချိန်တွင်လည်း ကျွန်မက ပန်းအိုးလေးများကို ဟိုနေရာ ဒီနေရာ လှပစွာနေရာ ချထားသော တာဝန်ကိုသာ ယူပါသည်။ ထိုသို့ နေရာချထားအပြီးတွင် အိမ်နားရှိ ပန်းဆိုင်မှ အမျိုးအမည်စုံလင်လှသော ပန်းများကို ဝယ်ယူလာပြီး ပန်းအိုးလေးများကို အလှဆင်ပေးလိုက်သောအခါ ကျွန်မအိမ်လေးသည် အလွန် နေချင့်စဖွယ်ဖြစ်သွားတော့သည်။ ထို့အပြင် ကျွန်မ ပန်းအိုးများ၏ အလှအပကြောင့် ပန်းများ ပိုလှသွားသည်ဟုလည်း အတ္တကြီးကြီးနှင့် တွေးတောနေမိသေးသည်…။
ပန်းအိုးလေးများကို စွဲလန်းချစ်ခင်တတ်သော ကျွန်မ.. ထိုပန်းအိုးလေးများကို ကြည့်ရင်း ပန်းအိုးလေးများ၏ အမှတ်ရစရာ အကြောင်းများကို တွေးရင်း.. တခါတခါ စဉ်းစားမိသည်။ နောက်တချိန် ကျွန်မ အသက်တွေကြီးပြီး အဖွားကြီး ဖြစ်သွားချိန်မှာ ကျွန်မ၏ သားသမီး မြေးမြစ်တွေကို ဟောသည်ပန်းအိုးလေးကတော့ ဘယ်တုန်းက ဝယ်ထားတာ၊ ဘယ်နေရာကို သွားရင်း တွေ့ခဲ့တာ၊ ဘယ်သူက လက်ဆောင်ပေးထားတာ စသည်ဖြင့် အောက်မေ့တသစွာ ပြောဆိုရင်း၊ ဟိုတုန်းက ဈေးနဲ့ဆို ဘယ်လောက်တောင် ပေးရတာ၊ အဲဒီအချိန်က အဖွား တလ ရတဲ့ လခက ဘယ်လောက် စသည်ဖြင့် ခေတ်မမှီတော့သော ကုန်ဈေးနှုန်းများနှင့် နှိုင်းယှဉ် တွက်ချက်ပြရင်း သူတို့ စိတ်ဝင်စားသည် ဖြစ်စေ မဝင်စားသည်ဖြစ်စေ တတွတ်တွတ် ပြောဆိုနေမိမည်လား ဟု…။ ထိုအခါ ကျွန်မအတွေးနှင့် ကျွန်မ အလွန်အမင်း ရယ်ချင်သွားပါသည်။
အမှန်ဆိုရလျှင် ပန်းအိုးလေးများကို ချစ်ခင်စွဲလမ်းတတ်သော ကျွန်မသည် ထိုပန်းအိုးလေးများကို အဆင်သင့် ဝယ်ယူစုဆောင်းရုံသာမက အခါအခွင့်သင့်ပါက အိုးကလေးတလုံး ဖြစ်အောင် ကိုယ်တိုင် ပြုလုပ်ချင်စိတ်များ ဖြစ်ပေါ်ခဲ့ဖူးပါသည်။ Ghost ရုပ်ရှင်ကားထဲမှ ဇာတ်ဝင်ခန်းတခုဖြစ်သော ဒယ်မီမိုးနှင့် ပက်ထရစ်ဆွေဇီးတို့ အိုးလုပ်သောအခန်းကို ကျွန်မ မကြာခဏ မြင်ယောင်နေတတ်ပါသည်။ တခါက ကြုံကြိုက်သောကြောင့် မြို့နှင့် မလှမ်းမကမ်းမှ အိုးဖုတ်သောနေရာကို ကျွန်မ သွားကြည့်ဖြစ်သောအခါ အိုးတလုံးဖြစ်အောင် လုပ်ဖို့ အမှန်တကယ် မလွယ်ကူမှန်း လက်တွေ့ သိခဲ့ရပါသည်။ ထိုနေ့က အိမ်အတွက် မြေအိုး စဥ့်အိုးများကို ဝယ်ယူရာတွင် သူတို့ပြောသော ဈေးအတိုင်း လုံးဝ မဆစ်ပဲ ကျွန်မ ဝယ်ယူခဲ့ပါသည်။
ထိုမျှသာမက တခုသော ကျောင်းအားရက်တွင် ကြွေပန်းအိုး အဖြူရောင် ပြောင်တလုံးမှာ အရောင်စုံ စက္ကူများ၊ ဓါတ်ပုံ အပိုင်းအစများ၊ အမှတ်တရ စာလုံးများကို ဒီဇိုင်းဖေါ်ကာ ကြွေမှာ ကပ်သော ကော်ကောင်းကောင်းဖြင့် ကပ်ပြီး အလှဆင်ခဲ့ဖူးပါသေးသည်။ ထိုပန်းအိုးလေးကို သူငယ်ချင်းတယောက်၏ မွေးနေ့တွင် လက်ဆောင်အဖြစ် ပေးလိုက်သောအခါ အံ့သြပျော်ရွှင်သွားသော သူငယ်ချင်းကိုကြည့်ပြီး ကျွန်မပါ လိုက်ပါ ပျော်ရွှင်ခဲ့ဖူးပါသည်။
ကျွန်မ ချစ်သော ပန်းအိုးလေးများအားလုံးကို အတတ်နိုင်ဆုံး တယုတယ သတိထား၍ ကိုင်တွယ်ခဲ့သော်လည်း တခါတရံ အဆင်မသင့်ပဲ ပန်းအိုးကလေးများ ကွဲအက် ပျက်စီးသွားခဲ့ဖူးပါသည်။ ထိုအချိန်မျိုးတွင် ဆုံးရှုံးသွားသော ပန်းအိုးကလေး တလုံးအတွက် သနား ကြင်နာစိတ်မျိုးနှင့်အတူ နှမျောစိတ်ရော ဝမ်းနည်းစိတ်ပါ ပါဝင်ပေါင်းစပ်ကာ ရက်အတန်ကြာသည်အထိ စိတ်ထိခိုက် ခံစားနေရခဲ့ဖူးပါသည်…။
ထိုကဲ့သို့ ပန်းအိုးကလေးများကို ချစ်ခင်သော၊ ကိုယ်တိုင် အိုးကလေးတလုံး ဖန်တီးလိုစိတ်ရှိသော ကျွန်မ၏ ဆန္ဒများ မကြာသေးသော ရက်ပိုင်းအတွင်းက ပြည့်ဝခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် iTunes Store မှ တဆင့် Let’s create! Pottery ဟူသော Application လေးကို ရှာဖွေတွေ့ရှိခဲ့သောကြောင့်ပင်…။ ထို Application လေးမှာ အိုးကလေးတွေကို မိမိစိတ်ကြိုက် အရွယ်မျိုးစုံ ပုံစံမျိုးစုံ လုပ်လို့ရသည်။ အရောင်လှလှ ခြယ်လို့ရသည်။ ပြီးတော့ ကိုယ် လိုချင်သော အဆင် ဒီဇိုင်းလေးများ ရွေးချယ်ပြီး အလှဆင်လို့ရသည်…။ အိုးကလေးတွေသာမက လက်ကိုင်ကိုင်းလေးများ တပ်ထားသော ကော်ဖီပန်းကန်လေးများကိုလည်း ပြုလုပ်လို့ရသည်။ အဖုံးလေးတွေလည်း တပ်လို့ရသေးသည်…။ ထိုနေ့မှစကာ ကျွန်မ အချိန်ရှိတိုင်း အရောင်စုံ ပုံသဏ္ဍာန်စုံ ပန်းအိုးကလေးတွေ ပြုလုပ်နေခဲ့မိတော့သည်။
ထိုပန်းအိုးကလေးများကို အပြင်မှာ တကယ် ကိုင်တွယ်အသုံးပြု၍ မရနိုင်သော်လည်း အမှတ်တရအနေဖြင့် ဓါတ်ပုံ Album လေး တခု လုပ်ထားပြီး မကြာခဏ ပြန်ကြည့်ရင်း ကျေနပ် ပျော်ရွှင်နေခဲ့ပါသည်။
ကျွန်မလိုပင် ပန်းအိုးကလေးများကို ချစ်ခင်နှစ်သက်သူများ၊ ပန်းအိုးကလေးများကို ကိုယ်တိုင် ဖန်တီးချင်သူများ ထို Application လေးကို အသုံးပြုကာ ပန်းအိုးလှလှများ ပြုလုပ်နိုင်ကြောင်း အသိပေး မျှဝေလိုစိတ်ဖြင့် သည်ပိုစ့်ကို ရေးပါသည်…။
ပျော်စရာကောင်းသော ပိတ်ရက်များ ဖြစ်ကြပါစေ...
12 comments:
  1. သက်ဝေက ပန်းအိုးလုပ်တယ်ဆိုတော့ Ghostရုပ်ရှင်ကို သတိရတယ်။ အခု အဲဒီရုပ်ရှင်ထဲက မင်းသမီးခင်မျာ အိမ်ထောင်ပျက်ပြီး ဆေးစွဲနေလေရဲ့။ မင်းသားကတော့ ကင်ဆာနဲ့ ကြွသွားရှာပြီ။ ဘာပဲပြောပြော သက်ဝေရဲ့ပန်း အိုးတွေကတော့ လှပါသဗျာ။ မြန်မာပြည်မှာ စစ်ကိုင်းအိုးက နာမည်ကြီးတယ်။ ကျောက်မြောင်းအိုးဆိုတာလည်း အိုးလောကမှာ ဆရာကြီးပဲ။ ရန်ကုန်ကျောက်မြောင်းမဟုတ်ဘူး။ အညာက။ ရန်ကုန်အနီးမှာတော့ တွံတေးအိုးလုပ်ငန်းက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အိုးသမ သက်ဝေ ကျန်းမာပါစေ။
    ReplyDelete
  2. ချက်ခြင်းကို ဒေါင်းပြီးဆော့နေတာ
    အရောင်တွေက ဘယ်လိုသွင်းလဲမသိဘူးနော်။
ိစိတ်ဝင်စားတယ်ဗျ
    (လီယို)
    ReplyDelete
  3. ဘုရားရေ... အိုးသမ ဆိုပါကလား... :D
    ဆရာဘလူးစကိုင်းက နာမည်ပေး သိပ်တော်တာ ဟိုတခါ ဘောလုံးပွဲ အကြောင်းမှာထဲက သိလိုက်ပါတယ်... ဒါနဲ့  စကားမစပ် Euro 2012 တွေ စတော့မယ်နော်... :-)
    လီယို... အရောင်လေးတွေက တခုကို ၁၀ နဲ့ ဝယ်ပြီး လက်ကလေးနဲ့ပဲ လိုက်ပွတ်လိုက်ရုံပဲ... It's really really fun... :=)
    ReplyDelete
  4. ကိုယ်လည်းပန်းအိုးခရေးဇီးတစ်ယောက်ဘဲ။
    မြန်မာပြည်မှာခရီးသွားတိုင်းပွဲဈေးတွေသွားတိုင်းဝယ်ခဲ့တာပန်းအိုးဆိုက်စုံအမျိုးစုံ။ အထူးသဖြင့်စဥ့်တွေပေါ့။ သေးသေးကွေးကွေးလေးတွေဝယ်လာ။ အဲဒီထဲကိုမရမကပန်းပင်ထဲ့စိုက်။ ပန်းအိုးထိုး။
ီနိုင်ငံခြားသွားရင်လည်းအဲလိုမျိုးတွေဘဲဝယ်။
    အို်င်အိုရာ
    ReplyDelete
  5. Nice creation & nice hobby...
    Cheers... Thet Wai... :-)
    ReplyDelete
  6. ကျေးဇူး မမသက်ဝေ သာမီးအဲလို ပန်းအိုးလုပ်တာတို့ ပန်းချီဆွဲတာတို့ကြိုက်တယ် အဲဒါလေး ဒေါင်းလိုက်ဦးမယ်..။ ပန်းအိုးလှလှလေးတွေလုပ်ပြီးရင် လာကြွားမယ်...း)
    ReplyDelete
  7. ကျနော်ကအိုးသတိမထားဘဲအပင်နဲ့အပွင့်ဘဲသတိထားသူဆိုတော့ဒီစာလေးကစိတ်ဝင်စားစရာနယ်သစ်ဖြစ်တဲ့အတွက်ကျေးဇူး... :)
    ReplyDelete
  8. စာရေးသူ သက်ဝေ စိတ်ကျန်းမာ ခြင်းနဲ ကိုယ်ကျန်းမာခြင်းနဲပြည့်စုံပါစေ
    ReplyDelete
  9. ဒီပို့စ် ဖတ်ပြီး ပန်းလှလှလေးတွေ ပန်းအိုးထဲမှာ လှလှပပ ဖြစ်အောင် ဂရုတစိုက်ထိုးပြီး၊ ဘုရားလှူဖြစ်ပါတယ်။
    ReplyDelete
  10.ွဂို့စ်ရုပ်ရှင်ကားကို သီချင်းနဲ့အတူ မြင်ယောင်လာမိတယ် အစ်မသက်ဝေ..။ အဲ့ဒီအချိန်တုန်းကကြည့်ပြိး မျက်ရည်တွေ ဘူးသီးလုံးလောက် ကျခဲ့ရတဲ့ မြသွေး အနှစ်သက်ဆုံး အချစ်ဇာတ်ကားလေးပေါ့။ ပန်းအိုးလေးတွေ အစ်မသက်ဝေ ဖဘမှာတင်ထဲက သတိထားဖြစ်နေခဲ့တယ်။ ကိုယ်တိုင်လုပ်ကြည့်မယ့်အစား အစ်မသက်ဝေလုပ်ပြီးသားလေး စွန့်ကျဲပါလားဟင်..?? :)
    ReplyDelete
  11. "ကျွန်မ ပန်းအိုးများ၏ အလှအပကြောင့် ပန်းများ ပိုလှသွားသည်ဟုလည်း အတ္တကြီးကြီးနှင့် တွေးတောနေမိသေးသည်…။"
    ဘယ်လောက်ကောင်းတဲ့ ဝိုင်ပဲဖြစ်ဖြစ်၊ ပလပ်စတစ် ခွက်နဲ့ ထည့်သောက်ရင် ပေါ့ပျက်ပျက်နဲ့ အရသာ မရှိတော့ဘူးလို့ ပြောစမှတ် ရှိတယ်မဟုတ်လား၊ ပန်းအိုး တွေရဲ့ အလှအပက ပန်းတွေကို ပိုလှသွားစေတယ် ဆိုတာလည်း အဲဒါမျိုးပဲ ဖြစ်မယ်ထင်တယ်နော်..၊း)
    အိမ်တွင်းဖြစ် ပန်းအိုးလေးတွေ လှတယ် မသက်ဝေ..။
    ReplyDelete
  12. အိုးလေး..လုပ်ပါဟေ့... အိုးလေးလုပ်ပါဟေ့....
    မှတ်ချက် ဟထိုး လုံးဝ (လုံးဝ) မပါပါ :P
    ReplyDelete
အမှတ်တရ ရေးခဲ့ပါ...