စနေနေ့ မနက်ခင်းသည် အခါများစွာကလိုပင် နှစ်လိုဖွယ်ရာ ကြည်ကြည်လင်လင်…။
သို့သော် စိတ်ထဲမှာတော့ အိမ် ဆိုတာ ရှင်းစရာ လင်းစရာ လုပ်စရာ ကိုင်စရာ ဝေယျာဝစ္စ အလွန်များသော နေရာတခုသာ ဖြစ်ပေတော့သကိုး ဟု မကျေမချမ်းဖြင့် ကောက်ချက်ချနေမိသည်။ ဒီတပတ် အိမ်ရှင်းမည် ဟု ကြိုတင်တွေးတောထားသည့်အတိုင်း အိပ်ရာနိုးနိုးချင်း မျက်နှာသစ် သွားတိုက်၊ ကော်ဖီတခွက် သောက်ပြီး တအိမ်လုံးကို လှည့်ပတ် ကြည့်ရင်း ဘယ်နားက စရှင်းရပါ့မလဲဟု စဉ်းစားနေမိသည်။ သည်လိုအချိန်မှာ လက်ပတော့၊ အိုင်ပက် အိုင်ဖုန်းနှင့် ဖတ်လက်စ ဝတ္ထုများ မဂ္ဂဇင်းများကို မျက်စောင်းပင် ထိုးမကြည့်ရဲ…။ ထိုအရာများကို တို့ ထိ လိုက်မိပါက အိမ်ရှင်းသောအလုပ် ပြီးမြောက်အောင်မြင်တော့မည် မဟုတ်ချေ။
ပထမဦးစွာ ဘုရားပန်း နှင့် သောက်တော်ရေ လဲရင်း ဘုရားစင်ကို အရင် သန့်ရှင်းလိုက်သည်။ ထို့နောက် အိပ်ခန်းဝမှာ ရပ်ကြည့်ရင်း ဒီတပတ် အိပ်ရာခင်းလဲရမှာ သတိရသွားပြီး အိပ်ရာခင်း အသစ်တစုံ သွားယူကာ အိပ်ရာခင်း လဲသည်။ ဘယ်လောက် ပူပူအိုက်အိုက် Quilt ဆိုသော အရာ (ဂွမ်းကပ်) မပါလျှင် မအိပ်တတ်သူမို့ အိပ်ရာခင်းလဲတိုင်း သူများထက် ပိုပင်ပန်းရသည်။ အိပ်ရာခင်း အသစ်မစွတ်မီ မွေ့ယာကို ဖုန်ခါ ခေါင်းအုံးတွေကို လုံးလုံးလေး ဖြစ်အောင်ဖွ… ပြီးမှ အိပ်ရာခင်း Quilt Cover ခေါင်းအုံးစွတ် အားလုံး သေသေသပ်သပ်ဖြစ်အောင် စွတ်လိုက်သည်…။ အရင်ကတော့ အားအားယားယား တပတ်တခါ အိပ်ရာခင်းလဲသည်။ Aussino ကို အကြီးအကျယ် အလုပ်အကျွေးပြုသူများထဲတွင် တယောက် အပါအဝင် ဖြစ်သည်။ အခုတော့ အဲလောက် အကဲမပါတော့ချေ။ ဆယ်ရက် တခါ (သို့) နှစ်ပတ် တခါလောက်မှ အိပ်ရာခင်း လဲဖြစ်တော့သည်။ တကယ်တော့ သိပ်လည်း အချိန်များများမှ မအိပ်တာလေ ဟု သက်သာသလို ဖြေတွေး တွေးတတ်သူမှာ ကျွန်မဖြစ်သည်။
တလက်စထဲမှာ အိပ်ခန်းထဲရှိ မှန်တင်ခုံ၊ စားပွဲ စသည့်အရာများပေါ်တွင် ရှိနေသော မှန်တံခါးတွေ အလုံ ပိတ်ထားသည့်ကြားမှ ဘယ်ကနေ ဘယ်လိုရောက် ရောက်လာကြမှန်း မသိသော ဖုန်မှုန့်နုနုလေးများကို အဝတ်ဖြင့် လိုက်သုတ်သည်။ အိပ်ခန်းထဲ အားလုံးရှင်းပြီးသွားသောအခါ အသစ်ခင်းထားသော အိပ်ရာခင်း လှလှပေါ် လှဲ အိပ်ချလိုက်ချင်သော စိတ်ကို အသာဖယ်ရင်း ဖုန်စုတ်စက်ဖြင့် တအိမ်လုံး ဖုန်စုတ်ဖို့ ပြင်ဆင်သည်။ ဖုန်စုတ်ရာတွင် အများဆုံးပါဝင်သော ပစ္စည်းများမှ ဆံပင်ချည်များသာ ဖြစ်ပေလိမ့်မည်။ တခန်းဝင် တခန်းထွက်နှင့် တအိမ်လုံး ဖုန်စုတ်ပြီး သကာလမှာ လူက အတော်လေး ခြေကုန်လက်ပမ်း ကျချင်နေပြီ…။ သို့သော် တဝက်တပျက်မှာ နားလိုက်လျှင် ပျင်းသွားပြီး ဘာမှ ဆက်မလုပ်ချင်လျှင် ဘာအလုပ်မှ ပြီးမြောက်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် မနားရဲ…။
လျှော်စရာ အဝတ်ဟောင်းခြင်းကို ယူကာ အဝတ်များကို ရုံးဝတ် တပုံ၊ အိမ်နေရင်း အဝတ်များ တပုံ နှစ်ပုံခွဲလိုက်ပြီး အဝတ်လျှော်သည်။ စက်မှ ထွက်လာသော အဝတ်များကို အခြောက်ခံစက်ထဲထည့် ပြီးတော့ နောက်တပုံ ဆက်လျှော်… ပြီးသွားတော့ အခြောက်ခံ.. ထိုအဝတ်တွေကုန်တော့ ခုနက လဲထားသော အိပ်ရာခင်းအဟောင်းတွေကို လျှော်ရပြန်သည်။ အခြောက်ခံစက်မှ ထွက်လာသော အဝတ်များကို ချိတ်ဖြင့် ချိတ်တန်တာ ချိတ်… ခေါက်တန်တာ ခေါက်… ထိုစဉ်မှာပင် ဒီတပတ် အကူကောင်မလေး မအားသောကြောင့် မလာနိုင်ပါဟု ပြောထားတာ သတိရသွားသည်။ သို့ဆိုလျှင်ဖြင့် ကိုယ့်ဟာကိုယ် မီးပူတိုက်ရတော့မည်ပဲ… ဝှူးးးးးးးးးးးးးးးးးး
တွေးနေရင်း တလက်စထဲမှာ ဒါဆို ဒီတပတ် ဆိုင်မှာ လက်သည်းနီ သွားဆိုးလို့ ရသည်ဟု တွေးမိကာ ဆိုင်ကို ဘွတ်ကင်လုပ်ဖို့ သတိရသွားသည်။ ဘာဆိုင်လို့လဲ… ဟုတ်လား… ပြောပြပါမည်…။ ကျွန်မသည် နေရာတကာ မိန်းမ မဆန်တတ်သော်လည်း တခါ တခါမှာ မိန်းမဆန်ဆန် တွက်ချက်တတ်ပါသည်။ ဖြုန်းတီးချင်သော နေရာများတွင် ဘာမှ လှည့်မကြည့်ပဲ ဖြုန်းတီးတတ်သော်လည်း တချို့နေရာတွေမှာ မလိုအပ်ပဲ အလကားနေရင်း စစ်စီနေတတ်သည်ကိုလည်း အံ့သြဖွယ် တွေ့ရသေးသည်။ အိမ်အကူ ကောင်မလေးကို တနာရီအလုပ်ချိန် ၁၀ နှုန်းဖြင့် ပေးရလေရာ တပတ်ကို မီးပူတိုက် ရေချိုးခန်း မီးဖိုခန်းဆေး ဆိုလျှင် အနည်းဆုံး ၃၀ - ၄၀ တော့ ပေးရစမြဲ…။ ထိုအခါ အိမ်အလုပ်လည်း သူများကို ပိုက်ပိုက်ပေးပြီး လုပ်ခိုင်းကာ ကိုယ်က ဆိုင်မှာ လက်သည်းနီ သွားဆိုးမည်ဆိုလျှင် ပိုက်ပိုက် နှစ်ခါ ကုန်တာကြောင့် နည်းနည်းတော့ အပြစ်မကင်းသလို ခံစားရသည်။ ဒီတပတ်တော့ အိမ်အလုပ်တွေ ကိုယ်တိုင်လုပ်ရမည်ဖြစ်သောကြောင့် သူ့အတွက် ပိုက်ပိုက်ပေးရန်မလို… ထိုပိုက်ပိုက်ကို လက်သည်းနီ သွားဆိုးလိုက်လျှင် အဆင်ပြေပေမည် ဟု ကြံစည် တွက်ချက် တွေးတောကာ မအားတဲ့ကြားက အချိန်လုပြီး ဆိုင်ကို ဖုန်းဆက်ကာ ဘွတ်ကင် လှမ်းလုပ်လိုက်သည်…။ မပိုင်လား…
အဝတ်တွေ ခေါက်ပြီးတော့ ရေချိုးခန်းနှစ်ခန်းကို ဆေးဖြန်းသည်။ တိုက်ရ ချွတ်ရ သက်သာစေရန် ဆေးကို တတ်နိုင်သမျှ များများ ဖြန်းသည်။ ရေချိုးခန်းတွေကို ဆေးဖြန်းထားစဉ်မှာ စာအုပ်စင် ထမင်းစားပွဲ ဧည့်ခန်းမှ စားပွဲ ကုလားထိုင် အားလုံးကို အဝတ်ဖြင့် ဖုန်သုတ်သည်။ အရင်ကတော့ ဧည့်ခန်းထဲမှာ ချစ်စရာကောင်းလှသော မွေးပွအရုပ်ကလေးများကို လှလှပပ စီစီရီရီ ထားခဲ့ဖူးသည်။ အခုတော့ ဖုန်များစုဝေးရာ အရုပ်ကမ္ဘာ ဖြစ်နေတတ်သောကြောင့် သူတို့ကို သေသေချာချာ လျှော်ဖွတ်ပြီး ပလတ်စတစ်ဗုံး အကြီးစားများဖြင့် ထည့်သိုကာ စတိုခန်းမှာ သိမ်းဆည်းထားလိုက်ပြီ ဖြစ်သည်။ ဧည့်ခန်းကြမ်းပြင်ပေါ်မှာ ရှိနေသော သတင်းစာအဟောင်းများ ကြော်ငြာများ စသည်တို့ကို လွှင့်ပစ်သည်…။
ထို့နောက် သစ်ပင်လေးများကို ရေဖြန်းသည်။ ငါးများကို အစားကျွေးသည်။ အစာဆိုမှ ကိုယ့်ကိုယ်ကိုယ် အစာကျွေးဖို့ သတိရကာ မနေ့က တွေးထားသည့်အတိုင်း ကြာဇံချက် ချက်ဖို့ ကြက်သားတွေ ပြုတ်သည်။ ကြာဇံနှင့် အပေါင်းအပါတစုကို ရေစိမ်သည်။ ဆီသတ်ရန် နှင့် ထောင်းထုထည့်ရန် ကြက်သွန်နီ ကြက်သွန်ဖြူ ငြုတ်ကောင်း စသည်တို့ကို အသင့်ပြင်သည်။
အဲဒါတွေ ပြင်ဆင်ပြီးသောအခါ ရေချိုးခန်းတွေကို လက်ကြောမတင်းစွာဖြင့် အမြန်ဆုံး ဆေးကြောလိုက်သည်။ အဖြူဆွတ်ဆွတ် ဘေစင်တွေကိုတော့ သေသေချာချာ တိုက်ချွတ်ပါသည်။ ပြီးတော့ ဘေစင်ပေါ်က မှန်တွေကို မှန်ဆေးသော အရည်ဖြင့် ဖြန်းကာ ကြည်ကြည်လင်လင်ဖြစ်အောင် အချိန်ယူ၍ ဆေးသည်။ ကြည့်မှန်တွေ မကြည်လင်လျှင် ရှိရင်းစွဲရုပ်ထက် ပိုပြီး အိုမင်း ရင့်ရော်ကာ ရုပ်ဆိုးသွားတတ်သည် မဟုတ်ပါလား…။
အဲဒါတွေ ပြီးတော့ ကြာဇံချက်ကို မီးပြင်းပြင်းဖြင့် သွက်သွက်လက်လက် ချက်လိုက်သည်။ ကြာဇံချက်နှင့် တွဲစားရန် ငုံးဥ မရှိသောကြောင့် ကြက်ဥ ပြုတ်သည်။ ဆာလာသည်နှင့် ချက်ချင်း စားနိုင်ရန် နံနံပင် ငြုတ်သီးမှုန့် သံပုရာသီးတို့ကို အမြန် ကောက်စုကာ ထမင်းစားပွဲပေါ် တင်ထားလိုက်သည်။ Hungry man is angry man…!!!
အားလုံး ချက်ပြုတ်အပြီးမှာ မီးဖိုခန်းကို ရှင်းလင်း သိမ်းဆည်းကာ ဆေးကြောဖို့ ပြင်သည်။ မီးဖိုနံရံမှ ဆီစက်အချို့နှင့် မီးဖို ဘေးပတ်ပတ်လည် နေရာများကို မသန့်ရှင်းခင် ဆေးအရင်ဖြန်းပြန်သည်။ လူအင်အား စိုက်ထုတ်မှု နည်းနိုင်သမျှ အနည်းဆုံး ဖြစ်စေရန် နေရာတကာကို ဆေးဖြန်းလိုက်ရမှ ကျေနပ်သူ ဖြစ်သည်…။ ပြီးတော့ ကြမ်းသုတ်သော အဝတ်စများ၊ မီးဖိုခန်း ကြမ်းမှာခင်းထားသော အခင်းများနှင့် ရေချိုးခန်းဝမှာ ခင်းသော အခင်းများကို တခါ လျှော်ရပြန်သည်…။ အခြောက်ခံရပြန်သည်။
အခုတော့ အားလုံး ရှင်းပြီးပြီ…။ အိမ်လည်း အတော်လေး ပြောင်ရောင်သွားပြီ…။ ရေချိုးပြီး ကြာဇံချက် စားလိုက်သည်။ လုပ်စရာဆိုလို့ မီးပူတိုက်စရာ တခု တိတိသာ ကျန်တော့သည်။ Mission accomplished…!!!
တမနက်လုံး မနားမနေ ဇယ်ဆက်သလို လုပ်ကိုင်ဆောင်ရွက်အပြီးမှာ အပြင်သွားနေသော သူ အိမ်ပြန်ရောက်လာလေသည်။ မျက်နှာသေလေးဖြင့် တံခါးဖွင့်ပေးပြီး တမနက်လုံး လုပ်ထားသော အိမ်အလုပ်များကို "မပြောလဲ သိ…" "ဒီလောက်ဆို သဘောပေါက်…" အစရှိသော အမူအရာဖြင့် ပြလိုက်သည်။ ထို့နောက် သည်စာကို ရေးနေရင်းတန်းလန်းမှာပင် “ညနေကျ ဘယ်သွားရမှာလဲ…” ဟု ဘာမှ မဖြစ်သလို ဘာမှ မသိသလို လေသံမျိုးဖြင့် မေးလိုက်ရာ သူက “ဒီနေ့ ဈေးဝယ်မယ်ဆို…” ဟု အလိုက်တသိ ပြောလာလေသည်။ ဝမ်းသာ ပျော်ရွှင်သွားပြီး တဟိဟိနှင့် ရယ်လိုက်ချင်သော်လည်း ဘာမှ ထူးထူးခြားခြား မဖြစ်လေဟန် ပုံမှန်ဖြစ်အောင် ကြိုးစားကာ “အင်းလေ သွားကြတာပေါ့…” ဟု ပြန်ပြောလိုက်သည်။
စိတ်ထဲမှာတော့ တမနက်လုံး အိမ်ရှင်းထားရသည်ကို အကြောင်းပြုကာ ဈေးပတ်ပြီး ထင်ရာတွေ ဝယ်ပလိုက်အုံးမည် ဟု ဝမ်းသာအားရ တွေးတောရင်း ရေးလက်စ စာကို အမြန်ဆုံး အဆုံးသတ်နေမိပါတော့သည်…။
Happy Weekend to you all…!!
See you at Orchard… :)))

ဈေးဝယ်ပြီးရင်လည်း ပို့စ်တင်ပါမမ
ReplyDeleteသူများဝယ်တာေ၇ာပြီး သရေကျချင်လို့ပါ။
ချစ်ဖို့ကောင်းလိုက်တာ
ReplyDeleteရေးထားတာလေး ဖတ်ပြီး ပြုံးစိစိဖြစ်ရတယ်။
အစ်မကို တော်တော်ချစ်မှာနော်။
တစ်နေ့တာလေးကိုဘဲ စိတ်ဝင်စားအောင် ချစ်ဖို့ကောင်းအောင် ရေးတတ်တယ်။
အဟင့် ကိုကြီးက ဈေးတွားမယ်လို့ပြောတယ်
ReplyDeleteအိမ်ကဟာဆို ရှင်းထားတဲ့အိမ်လေးကနေချင်စရာလေး အိမ်မှာပဲနေရအောင်လို့ပြောမှာ
ကျွန်တော်တို့လည်း ဈေးသွားဝယ်တယ် ဒါပေမယ့် wet-market :D
ReplyDeleteအမက အိမ်ရှင်းရတာလား အိမ်မှာဆို ကျွန်တော်ရှင်းရတာ
လက်စသတ်တော့ တမနက်လုံး ခြုံထွင်နေတာကိုး :P
ReplyDelete၀ှီး...မြန်ထှာ
ReplyDeleteတို့များဆို ၃ရက်လောက်ခွဲလုပ်မှာ...းP
အောချာဒ်အပေါ်မှာနေတာ၊
ReplyDeleteအောက်ရောက်ရင်လေချွန်လိုက်... :)
အစ်မလုပ်တာ မြန်လိုက်တာ..
ReplyDeleteအနော်လုပ်ရင် လုပ်ရင်း စဉ်းစားနေတာနဲ့ အိပ်နေတဲ့ကလေးကနိုး
ဒါမှ မဟုတ်.. ရှင်းနေရင်း တစ်ခုခုပြုတ်ကျလို့ အသံထွက်ပြီး ကလေးကနိုး...
မြန်တာ ဟုတ်ပ ကြာဆံဘယ်လိုချက်လိုက်ပါလိမ့်
ReplyDeleteအိမ်မှုကိစ္စတွေဖတ်ရရင် မမသက်ဝေ ခြေလှည့်လက်လှည့်သင့်တာ သိပ်သဘောကျတာပဲး)
ReplyDeleteမသက်ဝေ ရေးထားတာတွေကြည့်ပြီး ကိုယ့်ကိုကိုယ်ပြန်မြင်ယောင်လာတယ်။ :D
ReplyDeleteဇယ်ဆက်သလို ဆိုတာ ဒါပဲနေမှာ..၊း) အမောတကောနဲ့ လိုက်ဖတ်နေရင်း gap လေးတစ်ခု သွားတွေ့တယ်၊ အဝတ်တွေ စက်ထဲမှာ လျှော်နေတုန်း ဘာတွေများ လုပ်သလဲ-လို့?း)
ReplyDeleteလိုချင်တာ ဝယ်ဖို့၊ လုပ်ချင်တာကို လုပ်ဖို့အတွက် justification လုပ်တဲ့ မသက်ဝေရဲ့ နည်းတွေကို သဘောကျတယ်ဗျာ၊ တစ်အိမ်လုံးရဲ့ သန့်ရှင်း၊ သပ်ရပ်မှုနဲ့ လဲလှယ်၊ ချိန်ထိုးပြီး ဆိုးထားတဲ့ လှလှပပ လက်သည်းကလေးတွေ ကလည်း ဟောဒီ စနေမနက်ခင်းကို ပြန်သတိရစေမှာ အသေအချာ...။း)
ဖတ်ရင်းမောလာတယ် ဟိဟိ မီးက အချက်အပြုတ်ပဲရတာ အဲလိုအိမ်အလုပ်ကျတော့ ပျင်းတယ်လုပ်ရမှာ...။ ဒါနဲ့လက်သည်းဘာအရောင်လေးဆိုးလဲ ဖဘမှပြဦး..။
ReplyDeleteကောင်းလေစွတကား .. အာ့လို အလိုလိုက်သူကလေးကလည်း အဆင်သင့်ဆိုတော့ ...
ReplyDeleteအိမ်ရှင်မတွေက ဒီလိုပါပဲအစ်မရေ..။ တစ်ယောက်ထဲ တစ်နေ့လုံး ဒေါင်ချာဆိုင်းခဲ့သမျှ အပြီးသတ်မှာတော့ ဇာတ်သိမ်းလေးက လှသွားတာပေါ့။
ReplyDeleteလက်သည်းကို အဲ့ဒီနေ့တော့ သွားမဆိုးဖြစ်လိုက်ဘူး မှတ်တယ်။
အစ်မသက်ဝေရေ...အဲ့ဒီလို ငွေသက်သာစရာ နေရာလေးပေါ်လာရင် ပိုက်ဆံကို ဒီအတိုင်း ထားထားလိုက်မယ် စိတ်မကူးဘူး၊ ဆင်ခြေတစ်ခုခု ပေးပြီး အစားထိုးသုံးလိုက်တာ မြသွေးနဲ့ သွားတူတယ်..ဟီး။
တစ်နေ့ကပဲ ဆိုင်မှာခေါင်းလျော်အနှိပ်ခံချင်လို့ မိုးတွေ ဒီလောက်သည်းနေတာ အိမ်မှာလျော်ရင် အခန့်မသင့်ဖျားလို့ ဆေးဖိုးကုန်မယ့်အတူတူ ဆိုင်မှာ သွားလျှော်တာ ပိုကောင်းမယ်၊ မဟုတ်ဘူးလား.. ဟုတ်တယ်ဆို ကိုယ့်ဟာကိုယ် မေး၊ ကိုယ့်ဟာကိုယ်ဖြေပြီး ဆိုင်မှာ သွားလျှော်ပစ်လိုက်တယ်.. ဘယ်ရမလဲ.. :)
အစ်မထက် သာသွားပြီနော်... :)
စနေမနက်ခင်း အလုပ်ရှုပ်ပုံလေး ရေးထားတာ သဘောကျတယ်း) မသက်တို့အသက်အရွယ်တုန်းကတော့ တီတင့်လည်း ဒီလိုပဲ လုံးခြာလိုက်နေခဲ့တာ ကလေးကလည်းငယ် အလုပ်ကလည်းတစ်ဖက်ပေါ့ကွယ် အိမ်ထောင်ကျထဲက အသိုင်းအဝိုင်းပါ တစ်ခါတည်းပါလာတော့ အိမ်မှာ ၁၀ယောက်တောင် ဟိဟိ။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အလုပ်များတဲ့ကြားကစာရေးတဲ့သူများအားကျချင်စရာ၊ကျွန်တော့်မှာတော့အခုမှ ၃ပုဒ်လုံးစုပြီး ဖတ်ဖြစ်တော့တယ်။
ReplyDeleteမမ
ReplyDeleteမမရေ
ReplyDeleteချစ်စရာကောင်းလိုက်တာ