Wednesday, July 18, 2012

ကျွန်မ၏ ကမ္ဘာ


ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီဟု သိလျှင် သိချင်း စိတ်ကူးအတွေးထဲမှာ မြင်ယောင်လိုက်မိသည်က အသားဖြူဖြူ အရပ်ရှည်ရှည် မျက်လုံး နက်နက် ဆံပင် နက်နက်နှင့် အချောစားကြီး မဟုတ်သော်လည်း ဥာဏ်ရည် ထက်မြက်ကာ သွက်သွက်လက်လက် ချက်ချက်ချာချာနှင့် ချစ်စဖွယ်ကောင်းသော သမီးကလေး တယောက်သာ ဖြစ်သည်။ ကျွန်မနှင့် အတူတူ ဈေးတကာ ဈေး လှည့်ပတ်ပြီး shopping ထွက်ရန်၊ ကျွန်မနှင့် အဝတ် ဆင်တူတွေ ဝယ်ယူ ဝတ်ဆင်ရန်၊ မိန်းကလေးတို့ ကြိုက်တတ်သော လမ်းဘေးစာ ချဉ်ချဉ်စပ်စပ်များကို အိမ်က လူကြီးများ မသိအောင် တိတ်တိတ်ကလေး သွားစားရန်၊ ကျွန်မနှင့် တိုးတိုးဖေါ် တိုင်ပင်ဖေါ် သမီးကလေး တယောက်အဖြစ် နေ့စဉ်နေ့တိုင်း စိတ်ကူး မြင်ယောင်ကာ ကြည်နူး ပျော်ရွှင်နေခဲ့မိသည်။ ကျွန်မ၏ အတွေးကို အမျိုးသားအား ပြောပြမိတော့ “ခင်ဗျားလို သမီးဆိုးဆိုးလေးဆို ကျွန်တော် သမီးနှစ်ယောက် ထိန်းရတော့မှာပေါ့…” ဟု မချိသွားဖြဲ ပြောရှာသည်။

သည်လိုနှင့် သားလေးလား သမီးလေးလား သိရန် အာထရာဆောင်း ရိုက်ရမည့်နေ့ကို ရောက်လာခဲ့သည်။ ထိုနေ့မနက် အိပ်ရာမှ နိုးနိုးချင်း စိတ်ထဲမှာ တမျိုးဖြစ်နေခဲ့သည်။ ဘာဖြစ်နေမှန်း ကိုယ့်ကိုကိုယ် သေသေချာချာ ဆန်းစစ်ကြည့်လိုက်သောအခါ အရင်ကလို သမီးလေးလိုချင်တာ မဟုတ်တော့ပဲ သားလေးသာ လိုချင် တောင့်တသောစိတ် ဖြစ်နေသည်ကို တွေ့ရသည်။ တချိန်လုံး သမီးလေးသာ လိုချင်နေခဲ့သော ကျွန်မ၏ စိတ်များ ထိုနေ့ မနက်မှာပင် ရုတ်ချည်း ပြောင်းလဲသွားခဲ့တာ အံ့သြစရာ… ထိုနေ့ မနက်က ဆေးခန်းမသွားခင် မရှိမဲ့ ရှိမဲ့ အချိန်လေးမှာ ဘုရားရှိခိုးရင်း သားလေးဖြစ်ပါစေ ဟု တတွတ်တွတ် ဆုတောင်းနေခဲ့မိတော့သည်။

ကျွန်မ ဆုတောင်း ပြည့်ခဲ့ပါသည်။ အာထရာဆောင်း ရိုက်ပေးသော ဆရာဝန်မက ယောင်္ကျားလေး… ဟု ပြောလိုက်သောအခါ ကျွန်မ တသက်မှာ တခါမှ မပျော်ဖူးသော အပျော်မျိုး၊ တခါမှ မခံစားဖူးသော ကြည်နူး ပီတိမျိုးဖြင့် ပြောမပြတတ်အောင် ဝမ်းသာ ပျော်ရွှင်ခဲ့ရပါသည်။ ကျွန်မဗိုက်ထဲမှာ ရှိနေသော ကလေး သေးသေးလေးဟာ သားကလေး တဲ့ ဟူသော ကြည်နူး ပီတိကို တစိမ့်စိမ့် ခံစားရင်း ကျွန်မ မျက်နှာမှာ တချိန်လုံး ပြုံးရွှင်နေခဲ့ပါသည်။ အမျိုးသားကတော့ ဘာလေးဖြစ်ဖြစ် ချစ်မည်ဟု ပြောထားပြီးသားမို့ ထူးထူးခြားခြား ပျော်ရွှင်မှုမျိုးကို မပြပါ။ အရာရာကို ထိန်းသိမ်း မျိုသိပ်တတ်ပြီး ခံစားချက်ကို လူမြင်အောင် မပြတတ်သော သူ့အကျင့်ကြောင့် ဖြစ်ပါလိမ့်မည်။ အပျော်လွန်ကာ ခုန်ဆွ ခုန်ဆွ ဖြစ်နေသော ကျွန်မကို ကြည့်ကာ “ထ တော့ မခုန်လိုက်ပါနဲ့ ငြိမ်ငြိမ်နေပါ ကြီးတော်လေး…” ဟု ပြောသော သူ့စကားသံမှ အပျော်များကိုတော့ ကျွန်မ ကူးစက်ခံစား၍ ရခဲ့ပါသည်။

*****

သားကလေး မွေးလာသောအခါ အားလုံးက တညီတညွတ်တည်း အဖေနှင့် တူသည်ဟု ပြောကြသည်။ ဒီလောက် မွေးပေါက်စ နီတာရဲလေး… ဘာမှ ရေရေရာရာ ခွဲခြား မရခင်မှာ အဖေနဲ့တူသည်ဟူသော အပြောကို ကျွန်မ နည်းနည်းမှ ခံစား၍ မရပါ…။ ကျွန်မ၏ ဝမ်းဗိုက်အတွင်းမှာ ကိုးလ ဆယ်လ ရှင်သန် နေထိုင်ခဲ့သော၊ နေ့တဒူဝ ကျွန်မ စားသောက် နေထိုင် လှုပ်ရှား ဆောင်ရွက်သမျှ အကောင်း အဆိုး အားလုံးကို ကျွန်မနှင့်အတူတူ မျှဝေ ခံစားကာ သွေးတူ သားတူ ကြီးပြင်းလာခဲ့သော၊ ကျွန်မ၏ ဗိုက်ကို ခွဲစိတ်၍ မွေးဖွားခဲ့ရသော ဤသားကလေးသည် တူချင်းတူ ကျွန်မနှင့်သာ တူသင့်သည် မဟုတ်ပါလော။ သားကလေး ရက်သားမှာပင် ကလေးက အဖေနဲ့ တူတာတော့… ဟူသည့် အပြောတွေကို ကျွန်မ တိတ်တဆိတ် မုန်းတီး နာကျင်နေခဲ့မိပါသည်။

သို့သော်လည်း သူများတွေ ဘယ်လိုပြောပြော အပြစ်ကင်းစင်လှသော သားကလေးက ကျွန်မအတွက် ကမ္ဘာပေါ်တွင် ချစ်စရာအကောင်းဆုံး လူသားလေးတယောက်သာ ဖြစ်တော့သည်။ သားလေးသာ ကျွန်မ၏ ဘဝ ကျွန်မ၏ ကမ္ဘာ ဖြစ်လာခဲ့သည့်အပြင် ကမ္ဘာကြီးလောက်ကို ချစ်ရသောကြောင့် သားလေးကို ကမ္ဘာလုံး ဟုပင် ခေါ်မိသည်…။ အေးဆေးပြီး အငိုအရယ် နည်းလှသော သားလေးကို မျက်တောင်မခတ် ကြည့်နေရင်း အသက်ရှုရန်ပင် မေ့နေခဲ့ကြောင်း ကျွန်မကိုယ် ကျွန်မ ကြိမ်ဖန်များစွာ သတိထားမိလာသောအခါ ဆရာမ ဂျူး ရေးသားသော တဦးတည်းသော သား ဝတ္ထုကို အခေါက်ခေါက် အခါခါ ပြန်ဖတ်ရင်း သက်ပြင်းရှည်ကြီးများကို မကြာခဏ ချဖြစ်ခဲ့ပါသည်။

ကျွန်မ၏ ကမ္ဘာလုံးလေး တဖြည်းဖြည်း ကြီးလာပြီ… အများသူငါတွေ ပြောကြသလို ကလေးက အဖေနဲ့ တူတာတော့.. ဟူသော အသံတချို့ ပျောက်သွားပြီး ကလေးက အဖေနဲ့ အမေ ရောပြီး တူတာပဲ… ဟု ပြောတတ်လာကြပါသည်။ ထိုစကားကို စ ပြောသူ ကျွန်မ အချစ်ဆုံးသူငယ်ချင်း၏ လက်ကို ဆုတ်ကိုင်၍ သားလေးက ငါနဲ့လဲ တူလာတာ သေချာပါတယ်နော်… ဟု တဖွဖွ မေးနေခဲ့မိပါသည်။ သားကို သူ့အဖေနဲ့ တူတာ မနာလို တိုရှည်ဖြစ်ပြီး အမေနဲ့ မတူမှာ စိုးရိမ်နေသော ကျွန်မကို အမျိုးသားက မကြာခဏ ရယ်မော နောက်ပြောင်နေတတ်ပါသည်။

*****

သားလေးသည် အရွယ်နှင့်မလိုက်အောင် ထက်မြက် ထူးချွန်ပြီး အစစ အရာရာမှာ တည်ငြိမ် ရင့်ကျက် နားလည်နေခဲ့သည်။ သားကို မျက်စိအောက်က အပျောက်မခံနိုင်အောင် အကဲပိုခဲ့သော ကျွန်မ… သားလေး ပထမဆုံး ကျောင်းစတက်သည့်နေ့က မျက်ရည် တွေတွေကျကာ ရူးချင်သလိုလို ဖြစ်သွားခဲ့ပါသည်။ ကျောင်းမသွားခင် တပတ်လောက်ကတည်းက သားကို ကျောင်းအကြောင်း ပြောပြပြီး တူညီဝတ်စုံလေးများ ဝတ်ဆင်ကာ ကျောင်းတက်ကြသော ကလေးများကို လိုက်ပြခဲ့ပါသည်။ ကျောင်း မကြောက်အောင် ပုံပြင်စာအုပ်များ အရုပ်ကလေးများပါသော စာအုပ်များမှတဆင့် သားကို ကျောင်းနှင့် မိတ်ဆက်ပေးထားပြီးသား ဖြစ်သော်လည်း စိတ်ထဲမတော့ တထင့်ထင့်နှင့်…။ ထိုနေ့က ကျွန်မကိုယ်တိုင် သားကို ကျောင်းလိုက်ပို့ပါသည်။ ကျောင်းရှေ့မှာ ကားရပ်ပေးလိုက်သောအခါ လာကြိုသော ဆရာမကလေး၏ လက်ကိုဆွဲကာ အမေလုပ်သူကို တချက်ကလေးမျှ လှည့်မကြည့်ပဲ ကျောင်းထဲသို့ ဝင်သွားသော သားကို ကျွန်မ အံ့သြတကြီး ကြည့်နေမိပါသည်။ ဘုရားရေ… သံယောဇဉ်ကတော့ ခပ်ပြတ်ပြတ်ထဲကပါလား…။ တဆက်တည်းမှာပင် ကျွန်မ၏ ချစ်လှစွာသော ခင်ပွန်း၊ သား၏ ဖခင်ဖြစ်သူကလည်း ၃ နှစ်သားထဲက သူ့ မိဘများနှင့် ခွဲကာ ကြီးတော်များ ဘကြီးများနှင့် တနယ်တကျေးမှာ နှစ်အတန်ကြာ လိုက်ပါ နေထိုင်ခဲ့ဖူးသည်ကို ပြန်အမှတ်ရမိတော့ ကျွန်မ တယောက်တည်း ပြုံးရယ်မိပါတော့သည်။

တစ တစ ကြီးပြင်းကာ လူလားမြောက်လာသော သားကလေးသည် ရုပ်ရည်အားဖြင့် အဖေနှင့်သာ တူသည် ဟု ပြော၍ မရတော့ချေ။ အဖေရော အမေပါ နှစ်ယောက်စလုံးနှင့် တူသည်ဟု ပြောကြတော့ အကျေနပ်ကြီး ကျေနပ်နေရသူမှာ ကျွန်မဖြစ်သည်။ သို့သော် သားကလေး၏ အမူအယာ အကျင့်စရိုက် အပြုအမူ အပြောအဆို အနေအထိုင်များ ကြိုက်နှစ်သက်သောအရာများ အားလုံးမှာ သူ့အဖေနှင့် ချွတ်စွပ်တူနေသည်ကို အခြားသူများက အလွယ်တကူ မသိနိုင်သော်လည်း သားနှင့်အတူ အချိန်ပြည့် ရှိနေသော ကျွန်မကတော့ ကောင်းကောင်းကြီး သိနေခဲ့ပါသည်။

သားကလေး လေးဖက်သွားတတ်သောအချိန်က ဖြစ်ပါသည်။ တညနေ ကျွန်မ ခေါင်းလျှော်ပြီး ဆံပင်များကို ခြောက်လွယ်အောင် မစည်းပဲ သူ့အတိုင်း ချထားချိန်မှာ သားကလေးက လေးဖက်တွားကာ ကျွန်မအနားကို ရောက်လာပါသည်။ သားလေး လက်ထဲတွင်မူ ဆံပင်စည်းသော သိုးမွေးကွင်း အနီရောင်လေးကို သူ့လက်ချောင်း ဖေါင်းဖေါင်းကလေးနှင့် ကိုင်လျက်… ကျွန်မမှာ သားကလေးကိုတလှည့် ခေါင်းစည်းသော ကွင်းကလေးကို တလှည့် ကြည့်ရင်း အံ့သြစိတ်ကို ထိန်းမရအောင် ဖြစ်ခဲ့ရပါသည်။ သားကလေး၏ ဖေဖေက ကျွန်မ၏ ခါးကျော်သော ဆံပင်ရှည်များကို နှစ်သက် မြတ်နိုးသော်လည်း ဆံပင်များကို မစည်းပဲ သည်အတိုင်း ချထားလျှင် မကြိုက်ချေ။ ဆံပင်ရှည်များကို မဖြတ်နိုင်သော ကျွန်မကလည်း သူ့စကားကို နားထောင်၊ သူ့အကြိုက်ကို လိုက်ကာ အမြဲ စည်းနှောင်ထားသည်သာ။ ယခုလည်း ငါးလကျော် ခြောက်လနီးနီး ရှိပြီး စကားပင် မပြောတတ်သေးသော သားကလေးက ကျွန်မ ဆံပင် ချထားသည်ကို နှစ်သက်ပုံမရ…။ ဆံပင်များကို စည်းနှောင်ရန် ခေါင်းစည်းကွင်းကလေးကို လေးဖက်တွားကာ လာပေးသည်လေ…။ သူတို့ သားအဖ နှစ်ယောက် တူညီပုံများကို ရေးပြနေရလျှင်ဖြင့် ကျွန်မစာမှာ ဆုံးနိုင်မည် မထင်။

*****

သားကလေး အသက် ၈ နှစ် အထိ ကျွန်မ အလုပ်မလုပ်ပဲ သားကို အရိပ်တကြည့်ကြည့်နှင့် အချိန်များအားလုံး သားကို ပေးခဲ့သည်။ သားကလေးနှင့် ကျွန်မသည် သားလေး ကျောင်းသွားနေသော အချိန်မှလွဲ၍ တခြားအချိန်များမှာ လုံးဝ မခွဲခွာဖူးပါ။ ကျွန်မ ချစ်ရသော သားကလေးသည် အေးဆေးသည်။ စကားနည်းသည်။ ပြောစရာရှိလျှင်တော့ ချက်ကျ လက်ကျ ပြောတတ်သည်။ ဘာမှ မပူဆာတတ်၊ ကွန်ပလိန်း မတက်တတ်၊ မလိမ်ညာတတ်၊ ဟန်မဆောင်တတ်၊ အချိန်တော်တော်များများမှာ စာဖတ်နေတတ်တာ များသည်။ မှတ်ဥာဏ်ကောင်းသည်။ အတန်းထဲမှာ စာတော်သောကလေး၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိသော၊ စည်းကမ်းရှိပြီး မပျင်းတတ်သော စံပြ ကျောင်းသားလေး တယောက် ဖြစ်သည်။ ကျွန်မက စကားများသည် အပေါင်းအသင်းများသည် ပူညံပူညံ ပွစိပွစိ လုပ်တတ်သည် ဥာဏ်ကောင်းသော်လည်း ဝီရိယမရှိ၊ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှု မရှိ၊ တခုခုဆို ပျင်းရိကာ အတတ်နိုင်ဆုံး အချိန်ဆွဲတတ်သည်။ ထိုသို့သော ယေဘုယျ အကြောင်းအရာလေးတွေမှာ သားကလေးသည် ကျွန်မနှင့် တူမနေသည့်အတွက်မူ ကျွန်မ များစွာ ဝမ်းသာ ခဲ့ရသည်။

ကျွန်မက ခရက်ဒစ်ကဒ် အေတီအမ်ကဒ်တွေ ဘယ်လောက်ပင် ပါပါ၊ အိပ်ထဲ ပိုက်ဆံအရွက်မပါလျှင် မနေတတ်သူတယောက်ဖြစ်သောကြောင့် အမြဲလိုလို စိုးရိမ်တကြီးဖြင့် သားကို မုန့်ဖိုး ပိုပိုလျံလျံ ပေးတတ်သည်။ သားကတော့ ထိုမုန့်ဖိုးတို့ကို လိုအပ်သလောက်သာ သုံးပြီး ပိုသမျှကို စုဆောင်းတတ်သည်။ အကြွေစေ့တွေ များလာလျှင် ပိုက်ဆံ အရွက်များနှင့် လဲလှယ်ကာ စုသည်။ ထို့ထက် ပို များလာလျှင် ဒေါ်လာ ဝယ်စုသည်။ ဘုရားရေ… ကျွန်မဘဝမှာ ပိုက်ဆံစုသည့်အလုပ်ကို တခါမှ မလုပ်စဖူး…။

သားလေးတို့ ကျောင်းတွေသည် မနက် ၇ နာရီ ကျော်မှာ အရောက်သွားရသည်။ ထိုအခါ သားလေး အိပ်ရာမှ ထသည့် အချိန်မှာ ၆ နာရီ ၁၅ မိနစ် ဖြစ်သည်။ ယခုအချိန်အထိ သားလေးကို ကျောင်းသွားဖို့ တခါမှ ခက်ခက်ခဲခဲ မနှိုးခဲ့ရချေ။ သည်နေရာမှာတော့ စောစောအိပ်ပြီး စောစောထတတ်သော အဖေတူ သားကလေးသည် မနက် ထရန် Alarm ပေးထားပြီး အိပ်ရာထ ရေချိုး အဝတ်လဲ မနက်စာ စား စသည်ဖြင့် အစီအစဉ်အတိုင်း စနစ်တကျ လှုပ်ရှားသူ ဖြစ်သည်။ သူတို့ သားအဖနှစ်ယောက် ၆ နာရီ ၄၅ လောက် အိမ်က ထွက်ကြချိန်မှာ ကျွန်မက နိုးတဝက် အိပ်တဝက်ဖြင့်သာ အိပ်ယာထဲမှာ ကျန်ခဲ့စမြဲ…။

သားကလေး အသက် ၁၂ နှစ်မှာ နှစ်ဖက်သော မိဘ ဖိုးဖွား ညီအကို မောင်နှမတွေ စုံလင်စွာဖြင့် ရှင်ပြုပေးလိုက်သည်။ ခေါင်းပြောင်ပြောင် လုံးလုံးလေးနှင့် ကိုရင် ဝဝကလေးကို ကြည့်ရင်း ကြည်နူးစွာဖြင့် ချစ်ခင်စိတ်များ တိုးပွားရသည်။ တခါမှ အိမ်နဲ့ အဝေးမှာ ခွဲမအိပ်ဖူးသော သားကလေးအတွက် တကြောင့်ကြကြ ဖြစ်နေရသည်။ သားဖေဖေကလည်း အလုပ်မအားသောကြောင့် သားနှင့်အတူ ရဟန်း မဝတ်နိုင်။ သို့သော်လည်း သားကလေးသည် သာသနာ့ဘောင်တွင် ကိုးရက် တိုင်တိုင် ပျော်မွေ့ခဲ့သည်။ သူ့ကို စိတ်မချသောကြောင့် မနက်တခေါက် ညတခေါက် သွားကြည့်ခြင်းကို သူက မနှစ်သက်။ တတိယမြောက်နေ့တွင်မူ နောက်နေ့တွေမှာ လာကြည့်ရန်မလိုတော့ကြောင်း၊ သူ အစစ အဆင်ပြေကြောင်း စိတ်ပူရန် မလိုကြောင်းနှင့် သူ ကိုရင်ထွက်မည့်နေ့ မှသာ လာတော့ရန် အတိအလင်းပင် ဖွင့်ပြောခဲ့သည်။ အမေနှင့် အနီးကပ် လက်ပွန်းတတီးနေခဲ့သော သားမို့ အမေကို လိုအပ်သည်ထက် ပို၍ တွယ်တာနေလေမည်လား ဟူသော ကျွန်မ၏ ပူပူပန်ပန် အတွေးများသည် သား၏ ပြတ်သားသော စကားအောက်တွင် ကွယ်ပျောက်သွားခဲ့သည်။ သံယောဇဉ်နည်းတာ ကောင်းတာပေါ့လေ မခံစားရဘူးပေါ့… ဟု ဖြေသိမ့်ကာ တွေးနေမိသည်။ ပြောရလျှင် ကျွန်မက စိတ်နှလုံး ပျော့ပျောင်းပြီး အရာရာကို ချစ်ခင်တွယ်တာတတ် သံယောဇဉ်ကြီးတတ်သူတယောက်…။ ချစ်တတ်သော သူများသည် မချစ်တတ်သော သူများထက် ပို၍ ထိခိုက်နာကျင် ခံစားရတတ်စမြဲ မဟုတ်လား… သားပိစိလေး ကြီးလာရင် အချစ်ကြောင့် ထိထိခိုက်ခိုက် မခံစားရဖို့အရေး ကြိုတင် တွေးဆ ပူပန်နေတတ်သော အမေတယောက်၏ အတ္တများမှာ တဆိတ်တော့ အံ့သြစရာပင်…

ဖိနပ် အဝတ်အစား အသုံးအဆောင် ဘယ်အရာကိုမှ မပူဆာတတ်သော၊ ဗိုက်ဆာနေချိန်များမှာ ဗိုက်ဆာတယ် ဟု မပြောတတ်ပဲ ရေခဲသေတ္တာကို ဖွင့်ပြီး စားစရာ ရှာနေတတ်သော၊ အဝတ်ဆိုလျှင် အရောင်မှိန်မှိန်များကိုသာ နှစ်သက်တတ်သော၊ ကြိုက်နှစ်သက်သော တီရှပ်များ ဘောင်းဘီများကို ဘယ်အချိန်မှာ မဆို ဘယ်လိုလမ်းမျိုးကို မဆို ထပ်ခါတလဲလဲ ဝတ်တတ်သော၊ ဆီများများနှင့် ကြော်ထားသော အစားအစာများ၊ ပေါင်မုန့် ကြက်ဥ ချိစ် ဝက်ပေါင်ခြောက် ဝက်အူချောင်း စသော အနောက်တိုင်း အစားအစာများကို ကြိုက်နှစ်သက်သော၊ အရာရာမှာ စည်းစနစ်ကျသော၊ ပိုက်ဆံ စုတတ်သော၊ သံယောဇဉ် အတွယ်အတာ နည်းပါးပုံရသော၊ လက်ချိုးရေတွက်၍ ရနိုင်လောက်အောင် နည်းပါးသော သူငယ်ချင်းမိတ်ဆွေများကို ခပ်မှန်မှန်သာ ဆက်ဆံ ခင်မင်တတ်သော၊ မလိုအပ်ပဲ အလွန်အကျွံ အားမနာတတ်သော၊ စိတ်ခံစားမှုများကို လွယ်လင့်တကူ ထုတ်မပြတတ်သော… စသည့် သားလေး၏ အကျင့်စရိုက်များမှာ တနေ့ထက် တနေ့ အဖေနှင့်သာ တူလာသည်ကို ကျွန်မ ဘယ်လိုမျှ မငြင်းနိုင်ပါချေ။ ကျွန်မနှင့်ကတော့ ထိုအချက်တွေအားလုံးမှာ ဆန့်ကျင်ဖက်… မွေးထားရသော အမေနှင့် အနည်းငယ်ကလေးမျှပင် မတူရကောင်းလားဟု သားကို ငြူစူလျှင်လည်း သားအဖနှစ်ယောက်စလုံးက ကျွန်မကို ချစ်စနိုး လှောင်ပြောင်ကာ အသံထွက်အောင် ရယ်မောနေကြသည်သာ။

*****

သို့သော် သားကလေးသည် အိမ်အောက်တွေမှာ ပုံစံအမျိုးမျိုးဖြင့် တွေ့ရတတ်သော ကြောင်ကလေးများကို ချစ်ခင်နှစ်သက်စွာဖြင့် မီမီ မီမီ ဟု လိုက်ခေါ်တတ်သည်။ တခါတရံ ကြိုးကလေး တန်းလန်းဖြင့် သခင်တွေနောက် ကောက်ကောက် ကောက်ကောက် လိုက်နေတတ်သော ခွေးပုလေးများကို လိုချင်သည်ဟု ပြောတတ်သည်။ ပလတ်စတစ်ဗုံးလေးများထဲမှာ တလှုပ်လှုပ်ဖြင့် ဆော့ကစားနေတတ်သော Hamster လေးများကို ဝယ်ပေးမလားဟု မေးတတ်သည်။ အင်း… သည်လိုဆိုပြန်တော့ သားကလေးသည် ကျွန်မထင်သလောက် နှလုံးသားအေးစက်ကာ သံယောဇဉ်နည်းပါးသောသူတယောက်တော့ဖြင့် မဟုတ်တန်ရာ…

တခါ သားတို့ ကျောင်းက Art Lesson အတွက် ပန်းချီဆွဲစရာ ဆေးတွေ စုတ်တံတွေ ဝယ်ပေးရပြန်သည်။ သူဆွဲသော ပန်းချီကားများမှာ အများအားဖြင့်တော့ ကျွန်မသိပ်မသိသော ကာတွန်းဇာတ်ကောင် ပုံများဖြစ်သည်။ သားကလေး ဆွဲသော ပုံများမှာ အသက်ပါကာ တူလွန်းသဖြင့် သူငယ်ချင်းများက ပိုက်ဆံပေးကာ ဝယ်ယူကြသည် ဟု သားကပြန်ပြောသောအခါ ကျွန်မ ရင်ဘတ်ကို ဖိရသည်။ သားရယ်… သူငယ်ချင်းတွေကို ပိုက်ဆံနဲ့ ရောင်းရတာ အားနာစရာကြီး… အလကားပေးလိုက်ရောပေါ့… ဟု ပြောမိသောအခါ သားက သူရင်းနှီးထားရသည်များ နှင့် ပေးလိုက်ရသော အချိန်တို့ကို တွက်ပြကာ သူ့ လက်ရာအတွက် ဤမျှသော ငွေကြေးကို ယူရန် သင့်တော်ကြောင်း စီးပွားရေးပညာရှင်ကြီး တယောက်နှယ် စနစ်တကျ ကျွန်မကို ရှင်းလင်း ပြောဆိုပြလေသည်။

သားကလေး အသက် ၁၀ နှစ်ကျော်ကျော်တွင် သီချင်းနားထောင်ရန် iPod ဝယ်ပေးပါ ဟု ပြောလာသောအခါ အူလှိုက် အသည်းလှိုက် ပျော်ရွှင်စွာ လိုက်ဝယ်ပေးသူမှာ ကျွန်မဖြစ်သည်။ ကျွန်မ၏ သားကလေးသည် သီချင်း ဂီတနှင့် ပျော်မွေ့တတ်ပြီကော…။ သားဖေဖေသည် ဂီတနှင့် ပတ်သက်လျှင် တီးလုံးသံ သက်သက်ကိုပင် တခါတရံမှ နားထောင်တတ်သူလေ…။ သိပ်မကြာခင်မှာ သားကလေးက iPod နှင့် တွဲနားထောင်ရန် သူစုထားသော မုန့်ဖိုးဖြင့် Beats Headphone တခု ဝယ်လာပြန်သည်။ သူ့အတန်းဖေါ် သူငယ်ချင်းများနှင့် ဆင်တူ ဝယ်ကြသည် ဟု ဆိုသည်။ ထိုပစ္စည်းမှာ ဈေးမသေးလှချေ။ ပိုက်ဆံနှင့် ပတ်သက်လာလျှင် စည်းကမ်းတကျ သုံးစွဲတတ်သော်လည်း သူတို့ လိုချင်သောအရာဆိုလျှင် ဘယ်လောက်ပင်ဈေးကြီးကြီး နည်းနည်းမှ အနှမျော အတွန့်တိုမရှိပဲ ဝယ်တတ်သော အကျင့်မှာ သူ့ အဖေနှင့် ချွတ်စွတ်။ ထိုကျသင့်ငွေကို ကျွန်မ ပြန်ပေးချင်လိုက်သည်မှာ လက်ကို ယားနေသည်။ သို့သော် သားဖေဖေက ထားလိုက် သူ့ဟာသူ ကြိုက်တာ သုံးပစေ… နေရာတိုင်း လိုက်ပြန်မပေးနေနဲ့… ဟု တိုးတိုးပြောကာ တားမြစ်သောကြောင့် ကျွန်မမှာ မအီမလည်နှင့် ငြိမ်နေလိုက်ရသည်။ သောကြာည စနေည လို ညမျိုးမှာ နားမှာ Headphone တပ်ရင်း အိပ်ယာထဲမှာ သီချင်းနားထောင်ကာ ဇိမ်လုပ်နေတတ်သော သားကိုကြည့်ပြီး ကျွန်မ ဝမ်းသာရသည်။ အင်း.. ဒီလိုဆိုတော့လည်း ကျွန်မသားကလေးသည် သည်အဖေ သည်အမေ နှစ်ယောက်စလုံးနှင့် မျှမျှတတ တူညီနေတာပါပဲလား ဟု ကျွန်မ ကျေကျေနပ်နပ်ကြီး လက်ခံမိပါသည်။

သားတယောက်တည်း ပျင်းစရာကြီး ညီမလေး တယောက်လောက် မလိုချင်ဘူးလား ဟူသော အမေးကို ခါးခါးသီးသီး ငြင်းဆန်သော သားကလေးသည် သူ၏ တဝမ်းကွဲ ညီလေး ညီမလေးများအကြားမှာ လူကြီးဆန်ဆန် မျှမျှတတ အလိုက်သင့် အလျားသင့် ပေါင်းသင်း ဆက်ဆံတတ်သည်ကို တွေ့မှ ကျွန်မ စိတ်အေးရတော့သည်။ သားကလေးကို ကိုယ့်အတွက်သာသိပြီး တကိုယ်ကောင်းဆန်ဆန် နေတတ်သော အတ္တကြီးသည့် လူကလေးတယောက် မဖြစ်စေချင်ပါ။

သားကလေး ကြီးလာရင် အိမ်ထောင်မပြုပဲ မေမေတို့နဲ့ပဲ နေမလား ဟူသော အတ္တကြီးမားလှသော မေးခွန်းမျိုးကို ကျွန်မ နှစ်ကြိမ် သုံးကြိမ် မေးခဲ့ဖူးပါသည်။ မလိမ်ညာတတ်သော ဟန်မဆောင်တတ်သော သားကလေးက ကျွန်မ စိတ်ချမ်းသာစရာ အဖြေမျိုး မပေးခဲ့ပါ။ Generation ပျောက်သွားမှာပေါ့ ဟူသော လူကြီးဆန်ဆန် သူ့အပြောမှာ ကျွန်မ ငိုရအခက် ရယ်ရ အခက်။ နောက်ကို ဤသို့သော မေးခွန်းမျိုးကို ဘယ်တော့မှ ထပ်မမေးမိရန်သာ ကိုယ့်ကိုကိုယ် ဆုံးမရသည်။ အလားတူပင်… နောက်ကို မမေးရန် ဆုံးဖြတ်ထားသော မေးခွန်းတခုမှာ ဖေဖေနဲ့ မေမေ ဘယ်သူ့ကို ပိုချစ်သလဲ ဟူသော မေးခွန်းဖြစ်သည်။ စကားစပြောတတ်သော အချိန်မှစကာ ယခုအချိန်အထိ ထိုမေးခွန်း၏ အဖြေမှာ တသမတ်တည်း… နှစ်ယောက်စလုံးကို အတူတူ ချစ်တယ် ၅၀ - ၅၀ ပဲ ဟူ၍သာ ဖြစ်သည်။ ကျွန်မ လိုချင်သော မေမေ့ကို ပိုချစ်တယ် ဟူသော အဖြေမျိုး မရသော်လည်း သားကလေး၏ ရိုးသား ဖြောင့်မှန်သော အဖြေလေးကို ကျွန်မ မက်မောပါသည်။ တခါတရံတွင်မူ ကျွန်မက သားရယ် သားလေးကို မေမေက မေမေ့ဗိုက်ထဲမှာ အကြာကြီး ခေါ်ထားရတာလေ… မေမေ့ကို နည်းနည်းတော့ ပိုချစ်သင့်တာပေါ့… ဟု အထွန့်တက်ကာ ကျီစယ်မိပါသည်။ ထိုအခါ သားလေးက မေမေကလည်း မေမေတယောက်တည်း သားကို မွေးလို့မှ မရတာ… ပါပါ မရှိရင် သားသား မရှိ၊ မေမေ မရှိရင် သားသား မရှိလေ… ဒါကြောင့် အတူတူပဲ ချစ်တာပေါ့… ဟူသော စကားကို ဒိုးဒိုးဒေါက်ဒေါက် ပြန်ပြောပါသည်။ ထိုမျှသာမက သူတို့ ကျောင်းမှာ သင်ရသော Human Fertilization နှင့် သက်ဆိုင်သော အကြောင်းအရာများကိုပါ ရှင်းလင်းပြောပြရန် စကားစတတ်ပါသေးသည်။ ထိုအချိန်မျိုးတွင် ဘုရားရေ ဟု အကြိမ်ပေါင်းများစွာ ရေရွတ်ရင်း စားစရာ တခုခု ရှာပေးပြီး သူတို့ သားအဖကို ပါးစပ်မြန်မြန်ပိတ်ခိုင်းရသူမှာ ကျွန်မသာ…။

သားကလေးသည် ကျွန်မလိုပင် ကြောင်ကလေး ခွေးကလေးတွေကို ချစ်တတ်သည်၊ သီချင်းတွေ နားထောင်တတ်သည် စာဖတ်တတ်သည်။ အင်္ဂလိပ်လိုသာမက တရုတ်လိုပါ အက်ဆေး လှလှတွေ ရေးတတ်သောကြောင့် မကြာခဏ ပြိုင်ပွဲတွေ ဝင်ရသည်။ ဆုတွေ ရသည်။ English Literature ကို အတန်းထဲမှာ အမှတ်အများဆုံး ရတတ်သည်။ တခါတရံမှာ ကျွန်မ မတတ်သော ပန်းချီဆွဲခြင်း အမှုကို ပြုတတ်သည်။ ကျန်တာတွေမှာ ကျွန်မနှင့် မတူသော်လည်း ထိုအချက်များမှာ ကျွန်မနှင့်တူနေသည်ကို ကျွန်မ အလွန် ကျေနပ်ရသည်။ တနေ့ တနေ့ ထိုကမ္ဘာလုံးလေး ဘယ်နေရာမှာများ ကျွန်မနှင့် တူလာလေမည်ကို ကြည့်ရသည်မှာ အမော…။

တရက်ကတော့ သားလေး၏ ရေချိုးခန်းအဝင်ဝရှိ စင်ကလေးပေါ်တွင် စာအုပ် တအုပ်တွေ့ရသည်။ နောက် တရက် နှစ်ရက် သုံးလေးရက် ကျွန်မ ဆက်တိုက် သတိထားကြည့်မိသောအခါ သားလေးသည် ရေချိုးခန်းဝင်လျှင် စာအုပ်ဖတ်နေတတ်ကြောင်း သေချာသွားသည်။ ထိုအခါ သားဖေဖေကို သားဆီမှာ ကျွန်မနှင့်တူသော အချက် တချက် ထပ်တိုးလာပြီဟု အကျိုးအကြောင်း ပြောပြရင်း ဝမ်းပမ်းတသာ သတင်းပေးမိသောအခါ သားဖေဖေက ကျွန်မကို အရူးမ ဟု နာမည်ပေးလေတော့သည်။

သို့သော် သားကလေးသည် သင်္ချာတွက်လျှင် အလွန် ရှမ်းတတ်သည်ကို တဖြေးဖြေးနှင့် ကျွန်မ သိလာခဲ့သည်။ မြတ်စွာဘုရား… တချိန်လုံး အဖေနဲ့ တူနေခဲ့သမျှ ဒီနေရာမှာတော့ အလွဲကြီး လွဲပါပေါ့လားဟု တွေးရင်း စိတ်မသက်မသာ ဖြစ်ရသည်။ ဟုတ်သည်… ကျွန်မ ငယ်ငယ်က သချာင်္မှာ ရှမ်းတတ်လွန်းသောကြောင့် ဆရာမများက ရှမ်းမ ဟု ခေါ်ကြသည်။ အခုတော့ သားကလေးက သည်လို မကောင်းတဲ့ အချက်မှာ ကျွန်မနှင့် ချွတ်စွတ် တူနေလေပြီကော…။ သားကလေးသည် သချာင်္ပုစ္ဆာများတွင် အပေါ်တကြောင်းမှာ 7 ဟု ရေးထားသော်လည်း နောက်တကြောင်းတွင် 9 ဖြစ်သွားတတ်သည်။ အပေါ်တဆင့်မှာ ရေးထားသော အနှုတ်လက္ခဏာက အောက်တဆင့် ရောက်သောအခါ အပေါင်း ဖြစ်သွားသည်။ မေးခွန်းထဲက ဂဏန်းများကို အဖြေလွှာထဲ ကူးရေးရာမှာ တလွဲကူးရေးတတ်သည်။ အဖြေမှန် ရပြီးသည့်တိုင် အောက်ဆုံးမှာ Answer = ဟု အဖြေထိုးသောအခါ တလွဲကူးရေးတတ်ပြန်သည်။ သချာင်္ဆို ဘယ်တော့မှ ၁၀၀ ပြည့်သည်မရှိ၊ အမှတ်များမှာ ဟိုက ဒီက ဆီလို အပေါက်ရှာပြီး ရော့နေလေတော့သည်။ ထိုအခါ တအိမ်လုံးက Like Mother, Like Son ဟု ဝမ်းမြောက်ဝမ်းသာ ထောပနာ ပြုကြလေသည်။ တူမယ့် တူတော့လည်း တလွဲ… သားရယ်…

*****

အခုဆိုလျှင် ချစ်ရသော ကျွန်မ၏ သား ကမ္ဘာလုံးလေး အသက် ၁၄ နှစ် ပြည့်ပြီးသွားပြီ။ ဖေဖေ မေမေတို့ထက်လည်း အရပ် ပိုရှည်သွားပြီ။ လူကြီးလေးတယောက်နှင့်လည်း အတော်ကို တူလာပြီ။ ငယ်ငယ်က ကျွန်မနှင့် မတူသောကြောင့် အလိုမကျခဲ့ရသမျှ အခုအချိန်မှာတော့ ဘာမှ ထူးထူးခြားခြား မခံစားနေတော့ပြီ။ သားလေး သူ့ဖေဖေဆီက ကောင်းတဲ့ အကျင့်လေးတွေ ရတာကိုလည်း ကြည်ဖြူပေးလိုက်မည်။ ကျွန်မနှင့် မကောင်းတဲ့ အကျင့်လေးတွေ လာတူနေတာကိုလည်း ဒီတိုင်း ရယ်ကာ မောကာ ကြည့်နေလိုက်မည်။ ဖေဖေ မေမေတို့ရဲ့သားဟာ ဖေဖေ မေမေ နှစ်ယောက်စလုံးနဲ့ မျှမျှတတ တူရပေမပေါ့…။

ရှေ့လျှောက် သားကလေးကို သူ ဝါသနာပါသော လမ်းကို ဖြောင့်ဖြောင့်ဖြူးဖြူး လျှောက်နိုင်ရန်၊ သူ ဖြစ်ချင်သော ဆန္ဒများ မတိမ်းမစောင်းပဲ ဖြစ်မြောက်စေရန် ကျွန်မ လိုအပ်သလို ကူညီ ပံ့ပိုးပေးမည်။ ကိုယ်က မိဘပဲ ဟုဆိုကာ ကလေးကို အနိုင်ယူပြီး ကိုယ်လိုချင်သလို ပုံစံခွက်ထဲ အတင်း ထိုးသွင်းထည့်တတ်သော မိဘမျိုး ကျွန်မ မဖြစ်ချင်ပါ။ စုန်ရေသာ ရှိပြီး ဆန်ရေ မရှိသော မိဘမေတ္တာအကြောင်း ပါးစပ်မှ ထုတ်ဖေါ် ပြောပြစရာမလိုပဲ သားကလေး သိနေအောင် ကျွန်မ အစဉ်အမြဲ ကြိုးစားနေမည်သာ…။

သက်ဝေ
(၂၂ မေ ၂၀၁၂)

July 2012 - International Look Magazine

29 comments:

  1. အားကျတယ်

    ချစ်စဖွယ်မိသားစု

    ReplyDelete
  2. အမသားလေးအကြောင်းကိုခုမှအစအဆုံးဖတ်ရတာ..။ ရေးထားတာကောင်းလိုက်တာ..။ မိခင်တစ်ယောက်ရဲ့မေတ္တာနဲ့ အဖြူရောင်အတ္တတွေကိုလည်းမြင်နေရတယ်...။ သားကလေးရုပ်က အမေနဲ့တကယ်တူတာ ဟိုတခါ ဓါတ်ပုံကြည့်ဖူးတယ်လေ...။

    ReplyDelete
  3. I thought u have no children. :)

    ReplyDelete
  4. Like like like


    Sinsin

    ReplyDelete
  5. မသက်ရေ သားသမီးတွေ လိမ္မာရေးခြားရှိတယ်ဆိုတာ မိဘရဲ့ထိန်းသိမ်းမှုနဲ့ ပတ်ဝန်းကျင်အပေါ်မှာလည်း အများကြီးမူတည်တယ်လို့ ယူဆတယ်။
    အထူးသဖြင့်သားယောက်ျားလေးတွေဟာ အရွယ်ရောက်လာရင် အများအားဖြင့် အပေါင်းအသင်းကိုခုံမင်တတ်ကြတယ်။ စာရေးကောင်းတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. ချစ်စရာ ကောင်းလိုက်တဲ့ အက်ဆေးလေး...၊ ပထမတော့ နေ့လယ် ထမင်းစားချိန်မှ ပြန်လာဖတ်မလို့ပဲ၊ အစတစ်ကြောင်း၊ နှစ်ကြောင်းလောက် ဖတ်ပါဦးမယ်လေ ဆိုပြီး သတိထားမိတော့ နောက်ဆုံးစာကြောင်း ရောက်နေပြီ၊ ကဲ.. မခက်ဘူးလား၊း)

    မိခင်တစ်ယောက်ရဲ့ မေတ္တာကို အပြည့်အဝ ခံစားရတယ်၊ တစ်ဦးတည်းသော သားကို ချစ်တတ်တဲ့ မိခင်တွေရဲ့အတ္တလေးတွေကလည်း လူသားဆန်မှုကို ပြတယ်၊ ထူးချွန်ထက်မြက်တဲ့ ဒီလို သားမျိုးကို ပိုင်ဆိုင်ထားတဲ့ မိဘတွေ အနေနဲ့ ဆယ်စုနှစ် တစ်ခုခွဲ နီးပါးအတွင်းမှာ ဘယ်လို ပီတိမျိုးတွေနဲ့ ပျော်ရွှင်ဝမ်းမြောက် နေခဲ့မလဲဆိုတာ စာနာ၊ နားလည်ပြီး မုဒိတာ ပွားမိပါတယ်...။

    ReplyDelete
  7. ရေချမ်းနဲ့ ရေစင်ကတော့ မိဘနဲ့ တူတာတွေလည်းရှိ၊ မတူတာတွေလည်းရှိ...
    ညီအကိုချင်းလည်း...တူတာတွေလည်းရှိ၊ မတူတာလည်းရှိ...။

    မိဘတိုင်းက သားသမီးတွေအပေါ် မျှော်လင့်သလို တို့များလည်း မျှော်လင့်လျက်ပဲ...မျှော်လင့်လျက်ပါပဲ...။

    ReplyDelete
  8. မိခင်တစ်ယောက်ရဲ့ မေတ္တာကို ချစ်ဖို့ကောင်းအောင်ကို ရေးတတ်တယ်။
    အစ်မတို့မိသားစုလေးကို ချစ်လိုက်တာ။

    ReplyDelete
  9. သားလေးအကြောင်းရေးထားတဲ့ မိခင်မေတ္တာအဖွဲ့လေး...

    ReplyDelete
  10. ကိုယ်လဲ သားတစ်ယောက်ရှိတာ့ ဖတ်ရတာ တကယ်ဆွဲဆောင်မူရှိတယ်၊ ကျွန်တော့်သားနဲ.ရွယ်တူလောက်ရှိမယ်ထင်တာ အမသားရဲ့က အသက်တစ်နှစ်ပိုကြီးတယ်၊

    ကျွန်တော်သားကလဲ ကျွန်တော်နဲ.သိပ်မချစ်ဖူးထင်လို. ကျွန်တော့်ရဲ့ ဆရာတစ်ယောက်ကို ငြီးခဲ့ဖူးတယ်၊ ကျွန်တော်အထင်က သားက အမေကိုချစ်တယ်၊ သမီးက အဖေကိုချစ်တယ်လို.ထင်မိတယ်၊ ကျွန်တော်ဆရာက သားတစ်ယောက်၊ သမီးတစ်ယောက်ရှိပါတယ်၊ သူ.အပြောရ ၀မ်းထဲမှာ ကိုးလလွယ်တဲ့ အမေနဲ.တော့ ခင်တွယ်တဲ့ သံယောဇဉ်က နှိုင်းယှဉ်လို.မရဖူးလို.ပြောပါတယ်၊ ဆရာရဲ့အပြောအရ သူ.ရဲ့ သားရော၊ သမီးပါ အမေကိုပဲ ပိုခင်တွယ်တယ်လို.ပြောပါတယ်၊

    ကြုံရင်ကြုံသလို ချွေးမလုကြတာပေါ့၊

    ReplyDelete
  11. ဖေဖေ့ လိုပဲ.. မိန်းမ ချောချော မြင့်မြင့် ချစ်ရှာလေး ရ မှာ သေချာနေပြီ..ဒါဆို..း)

    ReplyDelete
  12. သားတယောက်အမေများခေါင်းစားသွားး ။

    ReplyDelete
  13. ရေးထားတာလေး ကောင်းလိုက်တာ... မိခင်တစ်ယောက်ရဲ့ မေတ္တာကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရအောင်ကို အရေးအသားက ဆွဲခေါ်သွားတယ်...

    ReplyDelete
  14.း) ညီမတို့အဖြေရှာမရတဲ့ ကိစ္စတစ်ခုကို ခပ်လှမ်းလှမ်းကနေ နားစွင့်နေရင်း .. အချိန်အတော်ကြာထိ ဒီမှာလည်း လုံးချာလည် လိုက်နေတော့ .. သူကလေးက ထလာပြီး ရှင်းပြသေးတာ။ :)

    ReplyDelete
  15. သားက ၁၄နှစ်သာဆိုတာ အရပ်ကြီးက အရှည်ကြီး... တကယ့်လူပျိုကြီးပဲနော်... အစ်မသက်ဝေနဲ့တူလို့ ချောတာ...
    ဟီး.. အစ်ကိုကြီး မသိစေနဲ့...

    ReplyDelete
  16. ၁၄ နှစ်သားလေး အဖေ အမေ ထက်တောင် အရပ်ရှည်သွားပြီလား ။ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ပိုက်ဆံ စုတတ်တဲ့ သားလေး ခလုတ်မထိ ဆူးမငြိ ဘဲ ပျော်ရွှင် ကျန်းမာ ချမ်းသာ သော ဘ၀ ကို ပိုငဆိုင်ပါစေသော်ဝ် ။

    ReplyDelete
  17. ကြည်နူးစရာလေး .. ဖတ်လို့ အရမ်းကောင်းတာပဲ .. များများရေးပါဗျို့ :D

    ReplyDelete
  18. ဖတ်ဖို့ save လုပ်သွားတယ် အစ်မရေ
    ဖတ်ပြီးသွားတော့မှ လာပြီးမန့်တော့မယ်

    ReplyDelete
  19. နွေးနေခြည်July 19, 2012 at 4:20 PM

    ကြည်နူးစရာမိသားစုလေး ... ဖတ်လို့ကောင်းလို့ ပြီးသွားမှာတောင် စိုးရိမ်မိတယ်း)

    ReplyDelete
  20. သူ့စိတ်လေးကိုသဘောကျတယ်
    ကြောင်လေးတွေချစ်တတ်တယ်ဆိုလို့ ပိုသဘောကျသွားတယ်
    ဒါ့ပုံ ပြပါမမ

    ReplyDelete
  21. အမရေးထားတာကို ဖတ်ပြီး သိဖူးခဲ့တဲ့ အန်တီ တယောက်ကို သတိရမိတယ်။

    ReplyDelete
  22. သားကအရပ်ကြီးကိုယ့်ထက်ရှည်ပြီးလူကြီးဖြစ်လာတဲ့အချိန်ကအချိုမြိန်ဆုံးဘဝရဲ့နှောင်းပိုင်းကာလတွေထင်တယ်
    ဖတ်ရတာအရမ်းကောင်းပါတယ်... :)

    ReplyDelete
  23. ဒီပို့စ်ကို ဖဘကနေဖတ်ပြီးသွားပေမယ့် ခုမှမန့်ရတယ်။ ကိုယ်တိုင်လည်းမိခင်တစ်ယောက်မို့ အစ်မ ရေးထားတာလေး ရင်ဘတ်ထဲကိုတန်းရောက်တာပဲ။ နှစ်နှစ်သာ ရှိသေးတဲ့သမီးကလေးကိုလည်း ကြည့်ရင်းနဲ့ အချစ်ပိုလာရလို့ ကိုယ့်ကိုကိုယ်တောင်ကြောက်မိတယ် မ ရယ်။

    ReplyDelete
  24. မမရဲ့ ကမ္ဘာကို ၀င်ကြည့်သွားတယ်။ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကိုညီလင်းသစ်ပြောသွားသလို လူသားဆန်တဲ့ အတ္တကို လှလှပပလေး ရေးဖွဲ့သွားတာ သိပ်ကောင်းတာပဲ။း)

    ReplyDelete
  25. အိုး
    မမမှာ သားလူပျို တစ်ယောက်ရှိတယ်ပေါ့...
    ပျော်စရာ မိသားစုလေး အကြောင်းဖတ်ရတာ
    အပျော်တွေ ကူးလာတယ်။

    နှင်း

    ReplyDelete
  26. ဖတ်လို့အရမ်းကောင်းပါသည်၊
    သားဆိုတော့
    18နှစ်ပြည့်ရင်တော့ စစ်မှုထမ်းရပါမည်၊
    ပြီးလျှင် အနည်းငယ်ရိုက်သွင်းခြင်းကိုတော့ ခံရပါမည်၊
    အဆိုးနှင့်အကောင်းတွင် အကောင်းများကို ရယူနိုင်ပါစေ၊

    ReplyDelete
  27. ချစ်စရာသားလေးနဲ့ချစ်စရာမေမေ ထာဝရပျော်ရွှင်ချမ်းမြေ့ကြပါစေ.....

    ReplyDelete
  28. ဖတ်နေတုန်းမှာ မိခင်တစ်ယောက်ရဲ့ ကြီးမားတဲ့ မေတ္တာတွေက ချစ်စရာကောင်းတဲ့ အရေးအသားကနေ တသိမ့်သိမ့် ဖြာထွက်နေသလို ခံစားလိုက်ရတယ်။ တဝကြီး ဖတ်သွားပါတယ် အစ်မသက်ဝေ...

    ReplyDelete
  29. မိခင်တစ်ယောက် ရဲ့ မေတ္တာတရား အကြောင်း ဖတ်ရတယ် ။ အမေ့ ကို သတိရတယ် ။ အမေတွေ အားလုံးက သားတွေ အပေါ်မှာ အဲလိုပဲ နဲ့ တူပါရဲ့ ...

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...