Thursday, August 16, 2012

ပြိုင်တူကတဲ့ပွဲ

ပြိုင်တူကတဲ့ပွဲဟာ ကောင်းခန်းကို ရောက်နေတယ် သူတို့ဟာ ဆန်းပြားလှပတဲ့ ကကြိုးအသစ်တွေကို ဖန်တီး တီထွင်ကြတယ် ပြီးတော့ ကကြိုးတွေ တကြိုးပြီး တကြိုး မမောနိုင် မပန်းနိုင် ကပြ အသုံးတော်ခံကြတယ် တဖက်ရဲ့ ကကြိုးကို တဖက်က ကြည့်တယ် တဖက်ရဲ့ ကကြိုးကို တဖက်က ညှိတယ် ဒါပေမယ့် ကကြိုးတွေကတော့ ရှေ့ နောက် မညီညာဘူး သူတို့ဟာ သံစဉ်တွေကို အပြိုင်အဆိုင် ရှာကြတယ် ပြီးတော့ သံတူ ကြောင်းကွဲ သီချင်းတွေကို တလှည့်စီ သီဆိုကြတယ် တဖက်ရဲ့ အသံက မာန်ပါတယ် တဖက်ရဲ့အသံက ထန်လာတယ် ဒါပေမယ့် အသံတွေကတော့ နရီ စည်းဝါး မညီညာဘူး သူတို့ဟာ တဖက်နဲ့တဖက် အကဲခတ်ကြတယ် တဖက်ရဲ့ ခြေလှမ်းကို တဖက်က ကြည့်နေတယ် တဖက်ရဲ့ စိတ်မှန်းကို တဖက်က သိနေတယ် တဖက်ရဲ့ အမူအကျင့်ကို တဖက်က မွေးစားတယ် တခါတရံမှာ တဖက်က ပညာသားပါတယ် တဖက်က လူအင်အားသာတယ် တဖက်ရဲ့အမှားကို ထောက်ဖို့ တဖက်က ကြိုးစားတယ် တဖက်ရဲ့ ဟာကွက်ကို တဖက်က အသာ နှက်တယ် တဖက်က ခပ်ကျဲကျဲ လှမ်းရင် တဖက်က ခပ်စိတ်စိတ် လိုက်တယ် တခါတရံမှာ တဖက်နဲ့ တဖက် ချိန်ညှိပြီး ပြိုင်တူလှမ်းတဲ့အခါလည်း လှမ်းကြတယ် မျက်နှာဖုံးစွပ် ကိုယ်စီနဲ့ ခြေကို အသာ ဖေါ့လို့ ခပ်ဖွဖွ လှမ်းတဲ့အခါလည်း လှမ်းကြတယ် တဖက်က အတိတ်ကို ဖွက်တယ် တဖက်က အရိပ်ကို ရှက်တယ် တဖက်က ပရိယာယ်ပါးတယ် တဖက်က မာယာများတယ် တဖက်က သိက္ခာကို တန်ဖိုးထားတယ် တဖက်က စိတ်နာသလို ပြန်ကြိုးစားတယ် သာတဲ့ဖက်က နှလုံးလှတယ် နာတဲ့ဖက်က အပြုံးမြတယ် ပွဲက စတော့မယ် သေချာတာကတော့ တကယ် ကြည့်ကောင်းမယ့် ပွဲပဲ သူတို့ဟာ မြွေ မြွေခြင်းမို့ ခြေမြင်ကြတယ် - တကယ်တော့ မြွေမှာ ခြေရှိလား မရှိလားဆိုတာ သူတို့ မစဉ်းစားနိုင်ကြဘူး - သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် ဆွဲတင်လိုစိတ်ရှိတယ် တဖက်ကို ထိုးချလိုစိတ်တော့ မရှိကြဘူးလို့ (ထင်ရတယ်) သူတို့ဟာ တဖက်နဲ့တဖက် မခန့်လေးစား မထီမဲ့မြင် သရော်လှောင်ပြောင် စော်ကား မော်ကား မနာလို ဝန်တိုစိတ်တွေ မရှိကြဘူးလို့ (ထင်ရတယ်) သူတို့ဟာ ပွဲမစခင် စင်နောက်မှာ တယောက်ကိုတယောက် လှိုက်လှဲ ဖေါ်ရွေစွာ လက်ဆွဲ နှုတ်ဆက်ကြတယ် ဝိုင်ခွက်တွေရဲ့ နှုတ်ခမ်းချင်း ထိတိုက်သံကို ကြားလိုက်ရတယ် ပြီးတော့ ခပ်အုပ်အုပ် ဆဲရေးသံ တချို့ နဲ့ တောက်ခေါက်သံ တချို့ အဲဒီအချိန်မှာပဲ ပွဲကြည့်ပရိတ်သတ်တွေဟာ ပွဲခင်းထဲကို ဖိတ်စာမပါပဲ တဖွဲဖွဲ ရောက်လာကြတယ် အခုဆိုရင် ပြိုင်တူကတဲ့ပွဲဟာ သေချာပေါက် ကောင်းခန်းကို ရောက်နေပြီ…



9 comments:

  1. online နဲ့ ပုံနှိပ် လား? သယ်ရင်း
    တို့များက ဝေလေလေ ထဲက ပါမယ်း)

    ReplyDelete
  2. ကြိုက်တယ်.. ကာရန် ပါတယ် စာသားတွေကျစ်လစ်တယ်၊ ရိုးရှင်းတယ်၊ တွေးရတယ်။

    ReplyDelete
  3. အုံလိုက်ကျင်းလိုက် အရွေ့၊ ဆူညံမှုနဲ့ တိတ်ဆိတ်မှု တလှည့်စီ၊ စုစည်းမှု၊ ကျဲပြန့်မှု၊ အစီအစဉ်တကျ ရှိမှု၊ ပရမ်းပတာဖြစ်မှု၊ ...၊ ဒါတွေကို ဖတ်ရင်းနဲ့ ခံစားရတယ်၊

    အရမ်းသဘောကျတယ် မသက်ဝေ..၊ လက်မနှစ်ချောင်းလုံး ထောင်ခဲ့တယ်...။

    ReplyDelete
  4. ဇာတ်မှာ အခန်းတွေက အနိမ့်အမြင့်ရှိတယ်၊ ကောင်းခန်းပြီးရင်…………………

    ReplyDelete
  5. တက်ညီလက်ညီ တစ်ခန်းရပ်ပြဇာတ်လေး ပီပီပြင်ပြင်လေး အဆုံးသတ်သွားပါတယ် မသက်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. လှပအားကောင်းတဲ့ကဗျာလေးပါ။ ဒီဘက်မှာ ကြိုးညှိခြင်းကဗျာစာအုပ်လေး ထုတ်ဖြစ်ချိန်မှာ ဆိုတော့ ဒီကဗျာလေးနဲ့လည်း တိုက်ဆိုင်နေတယ်။ ကဗျာထဲမှာလည်း ကြိုးတွေပါတယ်မဟုတ်လား။ အမှတ်တရပေါ့။

    ဒါပေမယ့် ကြိုးညှိခြင်း ထဲမှာတော့ အမှားထောက်ခြင်းတွေ အသာနှက်ခြင်းတွေ မာယာတွေ သာတာနာတာတွေ မပါဘဲ ဆရာမတွေအတွက် ပေါ့ပေါ့ပါးပါး ကြည်နူးစရာအချိန်လေးတွေ ဖန်တီးဖြစ်ခဲ့တာ ဝမ်းသာမိတယ်။

    ReplyDelete
  7. လာ ထိုင် ကြည့် ..
    လာအားပေးပါတယ်.. မသက်ဝေ ..
    မုန့်ကျွေးပါ =)

    ReplyDelete
  8. ပြိုင်တူကတဲ့ပွဲလေး သေချာပေါက် ကောင်းခန်းကို ရောက်နေပါပြီ...။ စောင့်ကြည့်ကြတာပေါ့...

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  9. ဒီ ေ န ရ ာ ကို
    မ ၾက ာ ခ ဏ ေ ရ ာ က္ ေ ပ မ ယ့်
    ဒီ စာ စု ကို ဘာ လို့ မ ဖ တ် ခဲ့ ရ တာ လဲေ တွး မ ရ ဘူး
    မို က် တ ယ်
    အ ရ မ်း မို က် တ ယ်

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...