Monday, August 27, 2012

မင်းသမီးရဲ့ အနှေးရုပ်ရှင်

- အဲဒီ အမျိုးသမီးကို လူအများက မင်းသမီး ဟု ခေါ်ကြ -

ပြကွက် (၁)

မင်းသမီးဟာ ဝဲ - ယာ တဖက်တချက်မှာ တာဝန်ရှိသူတွေ - ကိုယ်ရံတော်တွေ ခြံရံပြီး ခန်းမထဲက ထွက်အလာ - မင်းသမီးဟာ ပါးလွှာသော်လည်း အရှေ့ပိုင်းတပိုင်းလုံး လည်ပင်းအထိ လုံခြုံတဲ့ အဖြူရောင် တန်ဖိုးကြီး ပိုးဂါဝန်ရှည်ကို သေးသွယ်တဲ့ ခန္ဒာကိုယ်မှာ အချိုးတကျ ဝတ်ဆင်ထား - ကျောဖက်မှာ သိုင်းထားတဲ့ ကြိုးသေးသေးလေး နှစ်ချောင်းကလွဲလို့ ခါးဆစ်ထိအောင် ဝတ်လစ်စလစ် - မင်းသမီးဟာ ချွန်မြလှပတဲ့ လေးလက်မ ဒေါက်သေးသေးလေးနဲ့ ရွှေအိုရောင် ကြိုးသိုင်းဖိနပ်ကိုစီးလို့ အနီရင့်ရင့် အမွေးပွ ကော်ဇောပေါ်ကို - တလှမ်းချင်း တလှမ်းချင်း - ကနွဲ့ကလျ လှပစွာ လျှောက်အလာ ရှည်လျားစွာ ဝဲနေတဲ့ ဂါဝန်စဟာ အနီရောင် ကော်ဇောနဲ့ တင့်တယ်စွာ မဟာမိတ်ဖြစ် - အရောင်စုံ မီးပွင့်တွေအကြား ကင်မရာမင်းတွေရဲ့ ဖျိုးဖျိုးဖြတ်ဖြတ် မီးရောင်တွေကြားမှာ လိမ်မော်နီရောင် ပြေပြေ သုတ်လိမ်းထားတဲ့ ပိပိရိရိ သေသပ်ပြီး ပုံကျ လှပတဲ့ နှုတ်ခမ်းပါးကနေ - ပန်းရင့်ရောင် ပါးပြင် - မို့ - တက်လာသည်အထိ - အပြုံးလဲ့လဲ့ကို အဆက်မပြတ် ချွေချ - တချက် တချက်မှာ ရှေ့တူရှူကို လှမ်းနေရင်းကနေ အနောက်ဖက်ကို ခေါင်းလေး စောင်းငဲ့လို့ မခို့တရို့ - လည်ပြန် ပြုံးပြ - မင်းသမီး ဖြတ်သွားတဲ့လမ်းတလျှောက်မှာ အကောင်းစား နာမည်ကြီး ရေမွှေးနံ့တွေ ဝေ့ဝဲ သင်းပျံ့ - အလှပြင်ထားတဲ့ ကိုးနှစ် ဆယ်နှစ်အရွယ် ကလေးမလေးတယောက်က ခရမ်းရောင် သစ်ခွတွေပါတဲ့ ပန်းစည်းခပ်ကြီးကြီးတစည်း မင်းသမီးကို လှမ်းပေးပြီး နှုတ်အဆက် မင်းသမီးရဲ့ အပြုံးတွေ ပိုပြီး လင်းလက်သွား ကင်မရာက မီးပွင့်တွေလည်း ပို လက်သွား - မင်းသမီးဟာ အနီရောင် ကော်ဇောတလျှောက် လှလှပပ ကြွကြွရွရွ လှမ်းလျှောက်အပြီးမှာ တံခါးလက်ကိုင် အသင့်ဖွင့်ပေးထားတဲ့ အနက်ရောင် ကားကြီးထဲကို ညင်သာစွာ ဝင်ထိုင် - ညာလက်ကလေး ကို အသာအယာ မြောက်ပြီး လက်ပြ နှုတ်ဆက် - စဉ်မှာ - ရာ ထောင် သောင်းမက ကြိတ်ကြိတ်တိုးနေတဲ့ ပရိသတ်က မင်းသမီးရဲ့ မျက်နှာတခြမ်းနဲ့ အပြုံးတစကို မြင်ရဖို့အရေး သူ့ထက်ငါ အရှေ့ကိုရောက်အောင် အလု အယက် တိုးဝှေ့ကြ - မင်းသမီးရဲ့ အမည်နာမကို ရေရွတ်ရင်း လက်တွေ ဝှေ့ယမ်းလို့ မင်းသမီးကို အားပါးတရ နှုတ် ဆက် ကြ -

ပြကွက် (၂)

မင်းသမီး စီးလာတဲ့ အနက်ရောင် ကားကြီးဟာ ခြံဝင်းကျယ်တခုထဲ ဝင်သွားအပြီး နန်းတော်တမျှ ကြီးကျယ် ခန်းနားတဲ့ အဆောက်အဦးတခုရှေ့မှာ ရပ် - ကားရပ်လိုက်တယ်ဆိုရင်ပဲ မင်းသမီးဟာ ကားတံခါးကို ဝုန်းကနဲ - လာဖွင့်ပေးတဲ့သူကို မစောင့် - သူ့ဟာသူ - ကြမ်းတမ်းစွာ တွန်းဖွင့်ပလိုက် - တံခါး အပွင့်မှာ ဂါဝန်ရှည်ကို လုံးထွေးပြီး မ - ကိုင်ရင်း ဆိုးဆိုးဆတ်ဆတ် ခြေလှမ်းနဲ့ အတူ ကားပေါ်က အဆင်း - ပါးစပ်ကလည်း အိမ်အကူ - လို့ ယူဆရတဲ့ - မိန်းကလေးတယောက်ရဲ့ နာမည်ကို ခပ်ကျယ်ကျယ် အော်ခေါ်ရင်း - လက်က ကိုင်ထားတဲ့ ပန်းစည်းကို လှေခါးရင်းတနေရာကို လွှင့်ပစ်လိုက်ရင်း - ခြေထောက်မှာ စီးထားတဲ့ ရွှေအိုရောင် ကြိုးသိုင်းဖိနပ်ကို ခပ်ရမ်းရမ်း ကန်ချွတ်လိုက်ရင်း - ဂါဝန် ဖြူလွလွကို - မညှာမတာ - လုံးထွေး ပင့်ကိုင်ရင်း လှေခါးထစ်တွေကို ခြေသံ ပြင်းပြင်း နဲ့ လှမ်းတက်အသွား စောင့်ကြိုနေကြတဲ့ အခြွေအရံတွေ အိမ်အကူတွေကို ခပ်ကြမ်းကြမ်း အမိန့်ပေး စေခိုင်းသံတွေနဲ့ အတူ ဆဲရေး တိုင်းထွာတဲ့ စကားလုံးတွေနဲ့ ပစ်ပေါက် - ကြားကြားသမျှ လူအကုန်က ဦးခေါင်းကို ကြမ်းပြင်နဲ့ ထိလုနီးပါး ညွတ်ပြီး မင်းသမီးရဲ့ အမိန့်ကို နာခံကြ - မင်းသမီးရဲ့ ချောမွေ့ လှပတဲ့ မျက်နှာဟာ မျက်နှာဖုံးအတုကို ခွာချလိုက်သကဲ့သို့ - မျက်လုံးနီနီ - နှာယောင် ကောက်ကောက် - ရှည်လျား ချွန်မြ သွားစွယ်များ - သွေးစွန်းနေသော နှုတ်ခမ်းရဲရဲများဖြင့် - တမဟုတ်ချင်း အရုပ်ဆိုးကာ အ ကျည်း တန် သွား -

ပြကွက် (၃)

အဖြူရောင် လင်းလင်း အိပ်ခန်းတခု နံရံတွေ ပြူတင်းပေါက် ဘောင်တွေကလည်း အဖြူရောင် - ပန်းနုရောင် လွှမ်းတဲ့ ချည်သားစစ်စစ် အိပ်ယာဖုံး နဲ့ ပန်းနုရောင် ဇာခန်းဆီးရှည် - ကနုတ်ပန်းတွေ စီခြယ်ထားတဲ့ ပရိဘောဂအစုံ နှင်းဆီဖြူတွေ ထိုးစိုက်ထားတဲ့ ပန်းအိုးတွေက နေရာ အတော်များများမှာ နေရာယူ - ခရစ်စတယ် စီခြယ်တဲ့ မီးဆိုင်း - ဂီတသံ တိုးညင်းစွာ ပျံ့လွင့် - မင်းသမီးရဲ့ အိပ်ခန်း - မင်းသမီးဟာ ခေါင်းက ဆံပင်တွေကို ဖြေလျော့ ကိုယ်ပေါ်မှာ ရှိနေတဲ့ ဂါဝန်ရှည်ကို ဖြေလျော့ အိပ်ရာဘေး စားပွဲပေါ်က ဆေးလိပ်ဘူးနဲ့ မီးခြစ်ကို လှမ်းယူ ဆေးလိပ်မီးခိုးတွေကြားထဲ အချိန်အတော်ကြာ နစ်မျောအပြီးမှာ အိပ်မက်ယောင်သူတယောက်လို တစုံတခုကို အရူးအမူး လိုက်လံ ရှာဖွေ ပါးစပ်ကလည်း ဆဲရေး တိုင်းထွာသံ တစွန်းတစနဲ့အတူ မျက်စိနား လက်နား နီးစပ်သမျှ ပစ္စည်းတွေကို တခုမကျန် တွန်းထုတ် - ပစ်ပေါက် - ကန်ကျောက် - နောက်ဆုံးမှာ သူလိုချင်တာကို ရှာ ဖွေ တွေ့ ရှိ သွား - အဖြူရောင် ဆေးပြား သေးသေးလေး နှစ်ပြား - ကို - ခရစ်စတယ် ဖန်ခွက် လှလှလေးထဲက ရေနဲ့အတူ မော့ချလိုက် - ပြီးတော့ ဖန်ခွက်ကို အခန်းထောင့် တနေရာကို ပစ်ပေါက်လိုက် - ခွမ်း - ဖန်ခွက် အစိတ်စိတ် အမွှာမွှာ ကွဲကြေသွား - ပြီးတာနဲ့ အိပ်ယာပေါ်ကို အရုပ်ကြိုးပြတ် ခွေ ခေါက် လှဲ ချ - လဲ ကျ - တိမ်တွေလား - နဂါးငွေ့လား -

ပြကွက် (၄)

မင်းသမီး ဝတ်ဆင်ခဲ့တဲ့ ညနေခင်း ပွဲတက် ပိုးဂါဝန်ရှည်ဟာ ကုတင်ခြေရင်း ဆေးလိပ်ပြာခွက်ထဲက မီးမငြိမ်းသေးတဲ့ သောက်လက်စ ဆေးလိပ်တိုနဲ့ ထိ တွေ့ မိတ် ဆက် ရင်း တငွေ့ငွေ့ လှိုက်စား - တ မြည့် မြည့် နဲ့ - တ တိ တ တိ - လူ မ သိ သူ မ သိ - လောင် ကျွမ်း နေ -

- အဲဒီ အမျိုးသမီးကို လူအများက မင်းသမီး ဟု ခေါ်ကြ -


16 comments:

  1. သိသလိုလိုပဲ အဲ့မင်းသမီးကို......

    ReplyDelete
  2. ဖိစီး မှူများ နေတဲ့ သူတယောက် တနေကုန် ဟန်ဆောင်ပြုံးရမှာ ပင်ပန်းမှာပေါ့နော် ။ ဒါမှ မဟုတ် ဆေးကြောင့်များ ပိုဆိုးလေသလားး

    ReplyDelete
  3. ဒီ အက်ဆေးအတွက် သက်ဝေကို ဘယ်လို ဆက်သွယ်လို့ရနိုင်မယ် ဆိုတာ သိပါရစေ...

    ကျေးဇူးတင်လျက်

    W-L-A

    ReplyDelete
  4. W-L-A
    ဆက်သွယ်စရာ Email က thetwai.blog@gmail.com ပါ... ကျေးဇူးတင်ပါတယ်...း))

    ReplyDelete
  5. ဒီလိုမျိုးတွေ များမယ်ထင်တယ်နော် ညီမသက်ဝေ ပုံဖော်တာလေးက ပီပြင်လွန်းလှပါတယ်


    ခင်မင်တဲ့

    ReplyDelete
  6. သနားတယ်...အဲဒီမင်သမီးလေးကို...
    ချီးကျူးချင်တာကတော့ စာရေးကောင်းတဲ့ ကိုသက်ဝေကို...:) တော်ချက်...:)

    ReplyDelete
  7. ပန်ဒိုရာAugust 28, 2012 at 4:59 AM

    really really a lovely piece!

    ReplyDelete
  8. ကိုသက်ဝေတဲ့..ဟိ...

    ReplyDelete
  9. လုပ်ပါဦးဒုတိယပိုင်းပါ..

    ReplyDelete
  10. တော်သေးတာပေါ့ ဆေးပြားလေးပဲသောက်လို့ ဆေးထိုးအပ် မသုံးတာ၊
    ဘာပဲဖြစ်ဖြစ် ကျနော်ကြိုက်တဲ့ ဝိုက်တနီကို သတိရသွားတယ်။

    ReplyDelete
  11. မင်းသမီးတချို့ရဲ့ လက်တွေ့ဘဝတွေကို နီးစပ်စွာပုံဖော်ပြသွားတာ ပီပြင်လိုက်တာ...

    ReplyDelete
  12. ဖတ်ရင်းမောသွားရတဲ့ စာသားများ ...

    ReplyDelete
  13. မိုက်တယ်...အစ်မ :)။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...