ပြောရလျှင် ကျွန်မက လူကြောက်သူတယောက်သာ ဖြစ်သည်။
ကျွန်မ အကြောင်းကို သေသေချာချာ မသိသူများက ကျွန်မ၏ ပုံစံကို အပြင်ပန်းမှကြည့်ကာ သွက်သွက် လက်လက်ရှိသည်… ပြောတတ် ဆိုတတ်ရှိသည်… ရဲရဲတင်းတင်းနှင့် ပြတ်သားစွာ ဆုံးဖြတ် လုပ်ကိုင်တတ်ပုံရသည်… အစရှိသော မှတ်ချက်များကို ဖေါဖေါသီသီ ပေးလေ့ရှိကြ၏။ သူတို့သည် ကျွန်မ၏ အရာရာကို မဝံ့မရဲနိုင်မှု၊ လူတော မတိုးချင်မှု၊ အစိုးရိမ်ကြီးမှု၊ တခုခုဆိုလျှင် ကြောင့်ကြ တွေဝေကာ ချီတုံချတုံနှင့် မပြတ်မသားနိုင်မှု စသည့် ကျွန်မ၏ အတွင်းစိတ်နှင့် ပင်ကိုစရိုက်များကို နည်းနည်းလေးမျှ မရိပ်မိကြချေ…။ လက်ချိုး ရေတွက်၍ ရနိုင်လောက်အောင် နည်းပါးသော ကျွန်မနှင့် အလွန်ရင်းနှီးသော သူငယ်ချင်းများပင်လျှင် တော်ရုံတန်ရုံ မရိပ်မိကြ…။ အရေးကြုံလာမှ တစွန်းတစ သိသွားတတ်ကြသည်ချည်းသာ။ ထိုသို့ မရိပ်မိနိုင်အောင်များ ကျွန်မ ဟန်ကိုယ့်ဖို့နှင့် အလွန်တရာ ဟန်ဆောင်ကောင်းခဲ့ပါသလား ဟု ပြန်တွေးမိသည်မှာ အကြိမ်ကြိမ်…။
ဤသို့ လူကြောက်တတ်သော ကျွန်မ၏ အကျင့်ဆိုးများစွာအနက်က အလွယ်တကူ သိသာ ထင်ရှားသော အရာတခုကို ဖေါ်ပြရသော် လမ်းလျှောက်လျှင် ခေါင်းကို ငုံ့ကာ (သို့မဟုတ်) ခေါင်းငိုက်စိုက်ချကာ လျှောက်လေ့ရှိခြင်းပင် ဖြစ်သည်။ သူငယ်ချင်း အပေါင်းအသင်း နည်းပါးသောကြောင့် အချိန်အတော်များများမှာ ဘယ်သွားသွား ဘယ်လာလာ ကျွန်မ တယောက်တည်းသာ…။ ထိုအခါ ဘေးဘီ ဝဲယာကို အနည်းငယ်မျှ မျက်စိ မကစားတတ်ပဲ လမ်းကို ရှေ့ တပေ နှစ်ပေ သို့သာ တစိုက်မတ်မတ် ငုံ့ကြည့်ရင်း တွေးချင်ရာ တွေးကာ ကျွန်မ လမ်းလျှောက်တတ်သည်။ ပုခုံးကျော်ကျော် ရှည်လျားသော ညိုဖျော့ဖျော့ ဆံနွယ်များက ကျွန်မ မျက်နှာ သေးသေးလေးပေါ်တွင် အစဉ်အမြဲ ဖုံးကွယ် နေတတ်ကြသေးသည်။ ထိုအချက်သည်လည်း ကျွန်မ၏ မဝံ့မရဲဖြစ်နေတတ်သော အတွင်းစိတ်သဏ္ဍါန်ကို သွယ်ဝိုက်စွာ ဖေါ်ပြနေသည် ဟု သူငယ်ချင်းတယောက်က ထောက်ပြ ဝေဖန်ခဲ့ဖူးသည်…။
* * * * *
ဟိုးအရင် ခပ်ဝေးဝေး ကာလတခုတွင် ကျွန်မမှာ ညနေခင်း အညောင်းပြေ အညာပြေ အတူတူ လမ်းလျှောက်ထွက်ရန်၊ ရှုခင်းလှလှနေရာများသို့ ဓါတ်ပုံရိုက် ထွက်ရန်၊ ညနေစာ အတူ သွားစားရန်၊ စာကြည့်တိုက်များ စာအုပ်ဆိုင်များမှာ တမေ့တမော စာသွားဖတ်ရန် စာအုပ်တွေဝယ်ရန်၊ လူရှင်းရှင်း ကော်ဖီဆိုင်တခုမှာ ထိုင်ပြီး စာအုပ်တွေအကြောင်း ဓါတ်ပုံတွေအကြောင်း စကားတွေ အများကြီး ပြောရန်၊ ကျွန်မအကြောင်းကို ကျွန်မလောက် နီးနီး သိရှိ နားလည်ထားသော၊ ကျွန်မနှင့် ဘာသာစကားချင်း၊ အတွေး အရောင်ချင်း အကြိုက်ချင်း တူညီသော၊ ကျွန်မ အလွန်တရာ ရင်းနှီး ချစ်ခင်ရသော သူငယ်ချင်းတယောက် ရှိခဲ့ဖူးသည်။
အောချတ်လို လူထူထူ နေရာမျိုးတွင် သူနှင့် အတူ လမ်းလျှောက်တိုင်း ခြေလှမ်းအနည်းငယ်ခန့် အရောက်တွင် ငိုက်စိုက် ငိုက်စိုက်နှင့် လူအုပ်ကြားထဲ ရောနှောကာ သူနှင့် တကွဲတပြား ဝေးကွာသွားတတ်သော ကျွန်မကို သူ အမြဲလိုလို လိုက်လံ ရှာဖွေ ခဲ့ရဖူးသည်။ အရပ်မြင့်မားသော သူ့အတွက် လူတွေကြားထဲ ရောနှောနေသော ကျွန်မကို ရှာဖွေရသည်မှာ သိပ်မခက်ခဲလှသော်လည်း ဆံပင်များက ကျွန်မမျက်နှာပေါ်တွင် အမြဲလိုလို ဖုံးအုပ်နေတတ်သေးသည်ဖြစ်ရာ တခါတခါတွင် လူမှားမခေါ်မိစေရန် အလွန် သတိထားရသည်ဟု သူက ပြောပြတတ်ပါသည်။ ထိုအဖြစ်မျိုး အကြိမ်ကြိမ် ကြုံရဖန်များလာသောအခါ သူက ကျွန်မနှင့်အတူတူ အပြင်သွားမည်ကြံတိုင်း ထူးခြားသော အမှတ်အသားတခု ကျွန်မ၏ ပုခုံးပေါ်တွင် ဖြစ်စေ၊ ခေါင်းပေါ်တွင် ဖြစ်စေ ပြုလုပ်ထားရန် အကြံပြုလာပါသည်။ ဥပမာ - ရှောစောင် အဆင် လှလှတခု လည်ပင်းတွင် ပတ်ထားရန် (သို့မဟုတ်) ရုံးပိတ်ရက် ပေါ့ပေါ့ပါးပါး အဝတ်အစားဖြင့် သွားလာရသည့်နေ့မျိုးတွင် အဝတ်အစားနှင့် လိုက်ဖက်သော ဦးထုပ်တလုံး ဆောင်းလာရန် (သို့မဟုတ်) ဆံပင်ညိုညိုတွေပေါ်မှာ ဘီးကုတ် ကလစ် အဆင်ပြေရာ တခုခု ချိတ်တွယ် လာရန်… စသည်ဖြင့်…။ သူက အတည်ပြောနေသော်လည်း သူ့စကားအဆုံးတွင် ကျွန်မကတော့ ပြုံးရုံသာ ပြုံးနေလေ့ရှိပါသည်။
ယခုအချိန်မှာတော့ သူလည်း ကျွန်မနှင့် ဝေးလံသော နေရာဒေသ အသစ်တခုတွင် သူ့မိသားစုနှင့်အတူ အခြေတကျ ဖြစ်နေပြီမို့ အရင်အချိန်တွေကလို ကျွန်မကို အဖေါ်မလုပ်နိုင်တော့ပါ…။ လမ်းလျှောက်တိုင်း လူကွဲသွားသောကြောင့် သူ လိုက်လိုက် ရှာရသော၊ အပြင်ပန်းမှာ မာကျောကျော ကျွတ်ဆတ်ဆတ် ရှိနေသလောက် အတွင်းစိတ်က တိုးတိတ်စွာ မဝံ့မရဲနှင့် အားငယ်နေတတ်သော ကောင်မလေးတယောက်ကို သတိရနေဦးမည်လား… ကျွန်မ မသေချာပါ။ သူနှင့် အတူတူ သွားလာနေစဉ်အချိန်များက လမ်းလျှောက်လျှင် လူချင်း မကွဲကွာသွားစေရန် ကျွန်မ ပုခုံးကို ဖက်ထားခြင်း၊ ကျွန်မ လက်ကို တွဲကာ ဆုတ်ကိုင်ထားခြင်း (သို့မဟုတ်) သူ့ လက်မောင်းကို မှီတွယ်ထားစေခြင်း… စသည့် နည်းလမ်းများ ရှိသည်ကို သူ မသိပဲ နေလိမ့်မည် မဟုတ်ဟု ကျွန်မ ဆယ်လေး တလေး လောင်းရဲပါသည်…။ သို့သော်… ကံကြမ္မာသည် ကျွန်မကို နည်းနည်းလေးမျှပင် မျက်နှာသာ မပေးတတ်ခဲ့ပါ…။ ရှိပါစေတော့… …
ကျွန်မအနားတွင် သူ မရှိတော့သည့် နောက် သူနှင့် အတူတူ သွားနေကျ နေရာများကို ကျွန်မ တယောက်တည်း ငိုက်စိုက် ငိုက်စိုက်ဖြင့် သွားလာဖြစ်သောအခါ ကျွန်မအနားမှာ လစ်ဟာနေမှုကို သိသိသာသာ ခံစားရပါသည်။ စိတ်ထဲမှာ မကြည်လင်သောအချိန်များ ပို၍ များလာသောကြောင့်လား မသိ… ကျွန်မ ခေါင်းကို ငုံ့ကာ လမ်းလျှောက်ရခြင်းမှာ သိသိသာသာ နှစ်ချိုက် ပျော်ဝင်လာတာ ဖြစ်သည်။ သို့သော် ဘေးဘီဝဲယာကို စိုးစဉ်းမျှ မငဲ့ မစောင်းကြည့်ပဲ လျှောက်သွားရင်း စတိုးဆိုင်ကြီးတခုမှ မှန်တံခါးရွက်ကြီးနှင့် ဝင်တိုက်မိသော အခါ၊ စက်လှေခါးကို အတက်နှင့် အဆင်း မှား၍ စီးမိသောအခါ၊ ဓါတ်လှေခါးထဲမှ အထွက် ဈေးဝယ်လှည်းတခုကို ဝင်တိုက်မိသောကြောင့် ခြေမထိပ်မှာ ကွဲပြီး သွေးများ ထွက်လာသောအခါ၊ ရှေ့တည့်တည့်မှ အချက်ပေးသံ ဆူဆူညံညံဖြင့် လာနေသော စက်ဘီးသံကို မကြား၊ စက်ဘီးကိုလည်း မမြင်ပဲ အနားရောက်မှ ဟိုရှောင် သည်ရှောင်နှင့် လူမြင်ကွင်း လမ်းမကြီးပေါ်မှာ ထုတ်ဆီးတိုးသတဲ့သို့ ကို့ရို့ ကားယား ဖြစ်ရသောအခါ… ထိုအခါမျိုးတွင် ကျွန်မ တယောက်တည်း စိတ်ပျက်လက်ပျက် (သို့မဟုတ်) ဝမ်းနည်းစွာဖြင့် ရယ်မောနေခဲ့ဖူးပါသည်။
* * * * *
ထိုသို့ ခေါင်းငုံ့ကာ လမ်းလျှောက်ခြင်းသည် သာမန်ကိစ္စတခုဟု ထင်ထားသော်လည်း အခုတလောတွင် ကျွန်မကို ပြဿနာများစွာ ပေးနေကြောင်း သတိထားမိလာခဲ့သည်။ အကြောင်းမှာမူ ကျွန်မ လူများနှင့် မကြာခဏဆိုသလို ဝင်တိုက်နေမိခြင်းကြောင့်ပင်…။ ကျွန်မက လူတွေကို မမြင်ပဲ ဝင်တိုက်မိသည်လား… သို့တည်းမဟုတ် ကျွန်မလို ခေါင်းငုံ့ကာ ကိုယ့်လမ်းကိုယ် ကြည့်ရင်း လျှောက်တတ်သူတွေ ဒီမြို့လေးမှာ ပိုများလာသောကြောင့်လား… ကျွန်မ မစဉ်းစားတတ်ပါ။ သေချာသည်ကတော့ အခုတလော အတွန်း အတိုက်ပို၍ များလာခြင်းပင်။ ဝင်တိုက်မိမလို ဖြစ်တိုင်း ကိုယ့်ဖက်က မှန်သလား မှားသလား မစဉ်းစားနိုင်သေးခင်မှာ ဆောရီး ဆိုသော စကားလုံးကို တွင်တွင်သုံးကာ တောင်းပန်ဖြစ်ခဲ့သည်။ ကြာလာတော့ အနားမှာ လူတယောက်ယောက် ရောက်လာသလို ခံစားရတိုင်း ပါးစပ်က အကျင့်ကြီးပါနေကာ အလိုလိုနေရင်း ဆောရီး ဟု အော်တို ထွက်ချင်နေမိတော့သည်။
တညနေ ကျွန်မ စာကြည့်တိုက်မှ စာအုပ်ငှာပြီး အပြန်… လက်ထဲတွင် စာအုပ်များ တပွေ့တပိုက်နှင့်…။ စာကြည့်တိုက် အပြင်ရောက်တော့ မိုးက ရွာချင်သလိုလိုဖြစ်နေသည်ကို တွေ့ရသည်။ ထိုနေ့က ကျွန်မမှာ ထီးမပါခဲ့ပါ။ လေတချက်အဝှေ့တွင် မိုးသား ညိုမည်းမည်းတို့က ကောင်းကင်တခုလုံးကို မှောင်မိုက်သွားစေခဲ့တာ… ကျွန်မ လမ်းဆက်လျှောက်ရမည်လား စာကြည့်တိုက်ထဲ ပြန်ဝင်ရမည်လား တွေဝေနေဆဲ…။ ထို့နောက်မှာတော့ စာအုပ်များကို မိုးမစိုအောင် ထည့်စရာ အိတ်တခုခု ဝယ်ယူရန် စဉ်းစားမိရင်း စာကြည့်တိုက်ထဲသို့ ပြန်လှည့်အဝင်…
တစုံတယောက်နှင့် အရှိန်ပြင်းပြင်း ဝင်တိုက်လိုက်မိပြီ ဟု သိလိုက်သည်…။ နာကျင်မှုကြားမှပင် ဝင်တိုက်မိသူမှာ အမျိုးသားတယောက် ဟုလည်း အသေအချာ သိလိုက်ပါသည်…။ လက်ထဲမှာ ကိုင်ထားသော စာအုပ်များ အားလုံး ကြမ်းပေါ်သို့ တစစီ လွင့်စင် ပြုတ်ကျ ကုန်ကြသည်…။ ဆောရီး ဟူသော အက်ကွဲကွဲ တိုးရှရှ ကျွန်မအသံမှာ လည်ချောင်းဝကို ဖြတ်ပြီး ခြောက်သွေ့စွာ ထွက်ပေါ်လာခဲ့သည်။ မူးဝေ နောက်ကျိကာ ယိမ်းယိုင်သွားသော ခန္ဒာကိုယ်ကို အနီးရှိ နံရံဖက်ဆီသို့ ထိန်းကာ မှီတွယ်လိုက်မိသည်…။ ထုံးစံအတိုင်း မျက်နှာပေါ်မှ ဆံပင်များကြောင့် ဝင်တိုက်မိသူကို ဆံပင်တွေအကြားမှ ကြိုးစားပမ်းစား ရှာဖွေကြည့်နေဆဲ… ထိုသူက အနည်းငယ် ယိမ်းယိုင် ပျက်ပြားသွားသော သူ့ဟန်ချက်ကို ပြန်ပြင်လိုက်ကာ ကျွန်မကို လုံးဝ လှည့်မကြည့်ပဲ၊ စကားတစုံတရာ မဆိုပဲ ကျောခိုင်း ထွက်ခွာသွားခဲ့တာ ဖြစ်သည်။ သို့သော် သူ့နံဘေးမှာ သူနှင့် ပါလာဟန်တူသော မိန်းကလေးတယောက်ကို လှမ်းပြောလိုက်သော သရော် လှောင်ပြောင်ဟန် စွက်သည့် စကားတခွန်းကို ကျွန်မ ကြားဖြစ်အောင် ကြားလိုက်ရပါသည်…။
“အလကားပါကွာ… ဘေးနားမှာ ချစ်တယောက်လုံး ပါနေရက်သားနဲ့ ဇာတ်လမ်းလုပ်ပြီး လာ ဝင်တိုက်နေတယ်… ဟိုး ငယ်ငယ်တုံးက အထာတွေနဲ့… ဒါမျိုးတွေ ရိုးနေပြီ…”
အရှိန်ပြင်းစွာ တိုက်မိလိုက်သောကြောင့် မူးဝေနေသော ဝေဒနာထက် အဆပေါင်းများစွာ ပိုသော နာကျင်မှုမျိုးကို ကျွန်မ ခံစားလိုက်ရပါသည်။ နာကျင်နေသည့်ကြားမှပင် ကျွန်မလက်မှ လွတ်ကျသွားသော စာအုပ်များကို တအုပ်ချင်း ဖြေးညှင်းစွာ လိုက်လံ ကောက်ယူနေမိသည်။ စုစုပေါင်း စာအုပ် ခြောက်အုပ် လက်ထဲ ပြန်ရောက်လာအပြီးမှာ မျက်လုံးထဲ သူ့အလိုလို ပြည့်နှက်လာသော မျက်ရည်စများကို ကြိုးစားပမ်းစား သွေ့ခြောက်စေခဲ့ပြီး ကျွန်မ အသက်ကို တဝကြီး ရှူသွင်းလိုက်မိပါသည်…။
အရှေ့ဖက်ကို ဆက်လျှောက်ရမည်လား အနောက်ကို ပြန်လှည့်ရမည်လား မရေမရာ… ခြေလှမ်းများ နေသားတကျ မဖြစ်သေးခင်မှာ ရှိစု မဲ့စု သတ္တိများကို အကုန် ထုတ်သုံးရင်း ဆုံးဖြတ်ချက်တခုကို အခိုင်အမာ ချဖို့ ကြိုးစား တွေးတော နေမိတာ ဖြစ်သည်…။ သည်အတိုင်း ဆက်သွားလျှင် ဘယ်နည်းနှင့်မျှ အဆင်မပြေနိုင်…။ အမြဲတစေ ခေါင်းငုံ့ကာ လမ်းလျှောက်နေသ၍ တချိန်မဟုတ် တချိန်မှာ အခုလို အဖြစ်မျိုး နောက်ထပ် မကြုံနိုင်ဟု မည်သူက အာမခံနိုင်ပါမည်လဲ…။ သည်လို ပြင်းထန်သော (သို့မဟုတ်) သည့်ထက်ပို၍ နာကျင်စရာကောင်းအောင် ရင့်သီး လွဲမှားသော ကောက်ချက်မျိုး နောက်တခါ မကြားရနိုင်ဟု မည်သူက အာမခံနိုင်ပါမည်လဲ…။ သည့်ထက် ပိုဆိုးလျှင် ဝင်တိုက်မိရာမှ လဲကျကာ ထိခိုက် ကျိုးပဲ့ နာကျင်မှုများပင် ဖြစ်နိုင်ချေရှိသေးသည်။ ထိုနေ့မှ စတင်ကာ ကျွန်မ မျက်နှာကို ရှေ့တူရှုဆီသို့ တည့်တည့် ကြည့်ကာ လမ်းလျှောက်တတ်ဖို့ ကြိုးစားခဲ့တာ ဖြစ်သည်။
ကောင်းပြီ… ကျွန်မ ဆုံးဖြတ်ပြီးပြီ…။ ယနေ့မှစ၍ သွားလေရာ လာလေရာ လမ်းတလျှောက်မှာ ကျွန်မဖက်က စတင်ကာ တခြားသူတယောက်ကို လုံးဝ မတိုက်မိစေရ… အကယ်၍များ တစုံတယောက်က ကျွန်မကို မမြင်ပဲ အမှတ်တမဲ့ ဝင်တိုက်တော့မည်ဆိုလျှင် ကျွန်မက အရင် တင်ကြို မြင်နိုင်စေရမည်… ပြီးတော့ အသာအယာ ဘေးကို ဖယ်ထွက်ကာ ရှောင်ပေးလိုက်မည်ပေါ့… သူ့လမ်းကိုသူ လွတ်လွတ်ကင်းကင်း သွားပါစေ…။
* * * * *
သည်လို ဆုံးဖြတ်ချက်ချပြီး နောက်တနေ့ နံနက်မှာ ကျွန်မ အပြင်သွားရန် အိမ်မှ ထွက်လာခဲ့သည်။ စစချင်းမှာ မျက်နှာကို ရှေ့တည့်တည့်သို့ ဦးတည်ကာ ကြည့်ရန် အတော် ကြိုးစားခဲ့ရသည်။ မျက်လုံးများထဲသို့ တိုက်ရိုက် ထိုးဖေါက် ဝင်ရောက်လာသည့် နေရောင်ခြည် စူးစူး၏ ဒါဏ်ကို မသိမသာ ရှောင်လွှဲရင်း သတိထားနေသည့်ကြားမှ ခေါင်းက ငုံ့သွားပြန်သည်။ သို့သော် ရထားဘူတာ တခုစာခန့် လျှောက်အပြီးတွင်မူ ကျွန်မသည် မျက်နှာကို ရှေ့သို့ တည့်တည့်ကြည့်ကာ လမ်းလျှောက်ခြင်းဟူသော အဖြစ်နှင့် သူစိမ်းပြင်ပြင် မဟုတ်တော့ချေ။ ကျင့်သားရလာသော မျက်လုံးတို့ကလည်း အရှေ့တည့်တည့်မှသည် ဘေးဘီဝဲယာတို့ကို အသာ ငဲ့စောင်းကာ ကြည့်တတ်စ ပြုလာပြီ ဖြစ်သည်။
လမ်းဘေးတလျှောက်ဆီမှ စိမ်းစိုစို သစ်ပင်တန်းကလေးမှများ၊ လေပြေတချက် အဝှေ့တွင် ဝေ့ကာ ဝိုက်ကာ ကြွေလွင့်ကျလာသော သစ်ရွက်ခြောက်ကလေးများ၊ တကျီကျီ တကျာကျာ တေးဆိုနေကြသော ငှက်ရောင်စုံ ပေါက်စနလေးများ၊ ကျွန်မလိုပင် ကျောပိုးအိပ် ကိုယ်စီဖြင့် လမ်းလျှောက်နေကြသူများ၊ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းယူ လမ်းလျှောက်နေကြသူများ ကားမှတ်တိုင်တွင် ရပ်ကာ ကားစောင့်နေကြသူများ၊ လမ်းကူးရန် မီးပွိုင့် မီးအစိမ်းကို ရပ်စောင့်နေကြသူများ၊ ပလက်ဖေါင်းပေါ်တွင် စက်ဘီးကိုယ်စီဖြင့် သွားလာနေကြသူများ၊ အပြေးလေ့ကျင့်နေကြသူများ၊ ကလေး လက်တွန်းလှည်းများ ကိုယ်စီနှင့် အမျိုးသမီးများ… ထိုမြင်ကွင်းများအပြင် ပျင်းရိလေးတွဲစွာ သန်းဝေရင်း အမှိုက်သိမ်းနေသော သန့်ရှင်းရေးဝန်ထမ်း နှစ်ယောက်၊ သုံးထုပ်ကို တဒေါ်လာဟု ရေရွတ်ရင်း ဝှီးချဲဖြင့် တစ်ရှူးပေပါ ရောင်းနေသော မသန်မစွမ်း အမျိုးသမီးတယောက်… အားလုံးသည် ကျွန်မ၏ မြင်ကွင်းထဲသို့ အရောင်စုံ အသွေးစုံ ခံစားမှု အစုံစုံဖြင့်… ။
ထိုအခါ လမ်းဘေးဝဲယာမှ မြင်ကွင်းများကို ငေးမော ခံစားရင်း လမ်းလျှောက်ရခြင်းအပေါ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် နှစ်ချိုက်စွာ သာယာမိလာတာ ဖြစ်သည်။ ထို့အပြင် ကိုယ်လျှောက်မည့်လမ်းကို သေသေချာချာကြည့်ကာ တည့်မတ် ဖြောင့်တန်းစွာ လှမ်းလျှောက်တတ်လာခြင်း၊ မျက်နှာချင်းဆိုင်မှ လျှောက်လာနေသူများကို ဝင်မတိုက်မိစေရန် လှပ သေသပ်စွာ တိမ်းရှောင်တတ်လာခြင်း၊ ကျွန်မ၏ အနောက်ဖက်မှ ခပ်သုတ်သုတ်ခြေလှမ်းများဖြင့် ကျွန်မကို ကျော်ဖြတ်ကာ လျှောက်သွားကြသူများအတွက် ကိုယ်ကို အသာကျုံ့ပေးရင်း ကိုယ်နေဟန်ထား မပျက် ရှောင်တိမ်းပေးတတ်လာခြင်း စသည်တို့ကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ဝမ်းမြောက်ဖွယ် တွေ့ရလေသည်။
ထိုအချိန်မှာပဲ…
ကျွန်မ ခေါင်ငုံ့ကာ လမ်းလျှောက်တိုင်း လူချင်းကွဲသွားတတ်သောကြောင့် ငြိုငြင်ဟန် ပြတတ်သော ချစ်သူငယ်ချင်းတယောက်နှင့် ချွန်မြ စူးရှပြီး ရင့်သီးသော စကားလုံးတို့ဖြင့် ပစ်ပေါက်ကာ မျက်နှာကို ရှေ့တည့်တည့်သို့ ရဲရဲတင်းတင်း ကြည့်ရင်း လမ်းလျှောက်တတ်လာအောင် ပညာပေးခဲ့သော စာကြည့်တိုက်ရှေ့မှ အမျိုးသားတယောက်ကို ကျွန်မ ပြင်းပြင်းထန်ထန် သတိရနေခဲ့မိတာ ဖြစ်သည်။
မှတ်ချက် - ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း တွင် ဖေါ်ပြပြီး
လမ်းလျှောက်တတ်မှ လမ်းမပျောက်မှာကို သတိပြုမိစေနိုင်ခဲ့ပါတယ် ...
ReplyDeleteမြေကြီးကို ကြည့်ပြီး လမ်းလျှောက်သူ တစ်ယောက်အတွက် အားသာချက်တစ်ခုက မက်ခရို ဓါတ်ပုံကောင်းတွေ ရိုက်ဖို့ သူများထက် ပိုမြင်နိုင်တာ ပါပဲ..၊း) အဲ.. လူချင်း ခဏခဏ တိုက်မိလို့ ကင်မရာ မကွဲသေးဘူး ဆိုရင်ပေါ့လေ...၊း)
ReplyDeleteဘေးဘယ်ညာကို ချော်ထွက်မသွားအောင် မြဲမြံသေချာတဲ့ စကားလုံးတွေနဲ့ တစ်လှမ်းချင်း ခေါ်သွားတဲ့ ပို့စ်လေးပါ မသက်ဝေ...။
သြ.......လမ်းလျှောက်ပုံခြင်းတူနေသေးတယ်...အခုထိတော့ တယောက်မှ ၀င်မတိုက်ဘူးသလို...ပျောက်လို့ ရှာတဲ့သူလဲရှိသေးဘူး...
ReplyDeleteရွှေဒေါင်းတောင်မှာ လျှောက်ခဲ့ပြီးပြီ ဒီမှာတစ်ခေါက်ပြန်လာလမ်းလျှောက်ပါတယ် ခေါင်းငုံ့ပြီးတော့လေ...း)
ReplyDeleteခေါင်းငုံ့ ငိုက်စိုက် ဆံပင်များ မျက်နှာရှေ့တွင် ကွယ်နေမယ့် အမျိုးသမီးလေးတစ်ဦးကို မြင်ယောင်ရင်း ဖတ်သွား၏
ReplyDeleteနောင့်
အခုမှဘဲလမ်းလျှောက်ရင်နောက်ကျန်ကျန်နေတဲ့
ReplyDeleteလူကိုဘယ်လိုကူညီရမလဲသိတော့တယ်၊
ကျေးဇူးဘဲ၊ဖတ်ရင်းလဲခံစားရတယ်
၊အရေးအသားလှပါတယ်ဗျိုး.. :)
လမ်းလျှောက်ရင် ကျွန်တော်လဲ အတွေးလွန်လွန်နေတတ်လို့ ပြဿနာတတ်ပေါင်းများပြီ... လမ်းလျှောက်ရင် ပတ်ဝန်းကျင်နဲ့ တစ်သားတည်းကျဖို့  မျက်စိကိုဖွင့် နားကိုစွင့်ပြီး လျှောက်ဖို့ ကြိုးစားရဦးမယ်...
ReplyDeleteလမ်းလျှောက်ရင်း ဖြတ်သွားတဲ့ လူတွေ လိုက်ငေးရင်း ဘာစာရေးရင် ကောင်းမလဲလို့ တခါတလေ စဉ်းစားရတာ ကောင်းတယ်။
ReplyDeleteမသက်ဝေနဲ့အတူ လမ်းလာလျှောက်တာ အမရေ ...
ReplyDeleteဒီစာဖတ်ပြီးမှ ကိုယ့်ဘာသာကိုယ် ဘယ်လိုလမ်းလျှောက်ပါလိမ့်လို့ စဉ်းစားကြည့်မိတော့ ...
ရိပ်သာဝင်တုန်းက ... ကိုယ့်ခြေထောက်ရှေ့ တပေလောက်ကိုပဲ ကြည့်ပြီး ဘယ်လှမ်းတယ် ညာလှမ်းတယ် မှတ်ပြီး တအိအိနဲ့ လျှောက်ဖူးတယ်။
အလုပ်သွား ကျောင်းသွား ဘတ်စ်ကား ရထား မမီမှာစိုးလို့ ခပ်သုတ်သုတ် အပြေးအလွှားလဲ လျှောက်ဖူးတယ်။
စင်မြင့်ပေါ်မှာ ဆုယူ (ဆုပေး) အိနြေ္ဒကြီးနဲ့ ခပ်ဖြည်းဖြည်း လျှောက်ဖူးတယ်။
မရောက်ဖူးတဲ့ဒေသတွေ ရောက်ခါစ တယောက်ထဲ ကြောက်လို့ ဘယ်မှမကြည့်ဘဲ ဘုရားစာရွတ်ပြီး ခြေလှမ်းသွက်သွက်လဲ လျှောက်ဖူးတယ်။
ရှော့ပင်းစင်တာကြီးတွေမှာ ၀ယ်စရာမရှိဘဲ တခါတလေ ရောက်သွားခိုက် ဟိုငေးဒီငေး မော့တော့ မော့တော့လဲ လျှောက်ဖူးတယ်။
ရေးမယ်ဆို အများကြီး ... ပို့စ်တပုဒ် လုပ်လိုက်အုံးမှ :))
လမ်းများများလျှောက်မှ လမ်းလျှောက်ရခြင်းရဲ့ အရသာကို နှစ်သက်လာတတ်ခဲ့တယ်။
ReplyDeleteလမ်းလျှောက်ခြင်းမှာလည်း ပညာသားပါတယ်နော်.။ မဟုတ်ရင်ကိုယ့်ကိုလာတိုက်မိမှာ. ကိုယ်က သွားတိုက်မိမှာမျိုးတွေ ဖြစ်လာနိုင်သေးတယ်။။
ခုထိတော့ လမ်းကောင်းကောင်းလျှောက်တတ်နိုင်ဖို့ ကြိုးစားဆဲ...
တစ်ခါတစ်ရံ ခံပြင်းမှုဟာ ကောင်းသော ပြောင်းလဲခြင်း တစ်ခုကို ဖြစ်ပေါ်လာတတ်တယ် မသက်ရေ။
ReplyDeleteဝတ္ထုလေးဖတ်ဖူးသလိုလိုပါလားလို့ ဖတ်ရင်း တွေးလာတာ အဆုံးသတ်ကျမှ ပြန်သတိရသွားတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
am i the only 1 that just sees boxes as the words...
ReplyDeleteွှအနော့်များကြည့်ရေးသလားဟင် ခေါင်းငုံ ဆံပင်ကွယ်လျှောက်တာ ..ဟီး
ReplyDeleteပတ်ဝန်းကျင် ကြောင့်ပဲ ခု လို ခေါင်းမော့ကြည့်ဖြစ်တာလေးတွေ လည်း ရှိလာတယ်နော်...။ ပိုပို ပြီး များလာတယ်၊ ခေါင်းမော့တတ်လာတယ်၊ လမ်းလျှောက်တတ်လာတယ် လို့ ထင်တယ်..။ လမ်းလျှောက်တတ်အောင် သင်ပေးတာ ဖြစ်လို့  အဲ ပတ်ဝန်းကျင် ကို ကျေဇူးတင်ရမှာပေါ့ နော်..။
ReplyDelete