Friday, December 14, 2012

ပုဒ်မ / မ ချ ဖြစ် တဲ့ / ညနေ // မှ // ပုဒ်မ / ချ ဖြစ် တဲ့ / ညနေ သို့

တကယ်တော့ အဲဒီ ညနေဟာ ပုဒ်မ // မ ချ ဖြစ် တဲ့ // ညနေ တခုသာ ဖြစ်တယ် //
စာတကြောင်းရဲ့ အဆုံးသတ်မှာ ပုဒ်မတခု ချပေးဖို့ သေသေချာချာ လို အပ် မှန်း သိပေမယ့် /
အဲဒီညနေက ရေးသမျှ စာကြောင်းတိုင်းမှာ / ပုဒ်မ မချဖြစ်ခဲ့ဘူး //
အမှန် တကယ် မေ့လျော့နေလို့ပဲ ဖြစ်စေ / တမင် မေ့ချင်ယောင် ဆောင်နေရင်းပဲဖြစ်စေ /
အဲဒီညနေမှာ ပုဒ်မ မချဖြစ်ခဲ့ဘူး //
မလိုအပ်လို့ပဲ ဖြစ်စေ / မှားယွင်းလိုလို့ပဲ ဖြစ်စေ / အဲဒီညနေမှာ ပုဒ်မ မချဖြစ်ခဲ့ဘူး //

တယောက်ရဲ့ အပြုံးကို တယောက်က တသက်စာ အမိအရ သိမ်းဆည်းထားဖို့ ကြိုးစားတဲ့ / အဲဒီညနေမှာ ပုဒ်မ မချဖြစ်ခဲ့ဘူး //
တိမ်တွေ ပျံလာတာကို မော့ကြည့်ပြီး သံစဉ် စာသား မရေရာတဲ့ သီချင်းတပုဒ်ကို ဆိုညည်းမိတဲ့ / အဲဒီညနေမှာ ပုဒ်မ မချဖြစ်ခဲ့ဘူး //
ဟိုး စင်္ကြ၀ဠာအဆုံးအထိ စိတ်ကူးအတွေးတွေ ဖြန့်ကျက်ရင်း ကာရန်မညီညာတဲ့ ကဗျာတပုဒ်ကို ရေးစပ်မိတဲ့ /
အဲဒီညနေမှာ ပုဒ်မ မချဖြစ်ခဲ့ဘူး //
တကယ်က အဲဒီညနေမှာ ပုဒ်မတွေဟာ အနီးအနားမှာပဲ ပျောက်ချင်းမလှ ပျောက်ဆုံးနေခဲ့တာ //
သတိရလို့ လိုက် ရှာ ကြည့် ပြန်တော့လည်း တွေ့ရသမျှ ပုဒ်မတွေဟာ ပုဒ်မ မပီသခဲ့ဘူး //

ကြည့်ပါအုံး - - -
သည်းကြီးမဲကြီး ရွာနေတဲ့ ဒီဇင်ဘာရဲ့ မိုးစက်တွေအောက်မှာ မိုးစိုရင်း တွန့်လိမ်နေတဲ့ ပုဒ်မတခု /
စီတန်း ချိတ်ဆွဲထားတဲ့ ခရစ်စမတ် ကြယ်မီးပုံး ရောင်စုံတွေအောက်မှာ ဆေးသားပျက် အရောင်မှိန်နေတဲ့ ပုဒ်မတခု /
စည်စည်ကားကား ပွဲတော်ကြားမှာ ပိတ်မိရင်း လမ်းပျောက်နေတဲ့ ပုဒ်မတခု /
ဟိုး ရှေ့နားက သစ်တောအုပ် စိမ်းစိမ်းလေးထဲမှာ တိတ်တဆိတ် ငုံ့လျှိုး ပုန်းကွယ်နေတဲ့ ပုဒ်မတခု /
မီးမှိန်မှိန် အခန်းကျဉ်းလေးထဲမှာ အသက်ရှူ မ ၀ တ ၀နဲ့ အကျဉ်းကျနေတဲ့ ပုဒ်မတခု /
မနာလို ၀န်တိုသူတွေရဲ့ လက်ထဲမှာ မောက်မာ ၀ံ့ကြွားနေတဲ့ ပုဒ်မတခု /
ရထား သံလမ်းနဲ့ ရထားဘီးတို့ ပွတ်တိုက်သံတွေ ကြားမှာ ညပ် ပါ ကျိုး ပဲ့နေတဲ့ ပုဒ်မတခု /
ကမ်းစပ် တနေရာက မြက်ရိုင်းပင်ရှည်တွေကြားမှာ နွံ နစ် ညစ်ထေးနေတဲ့ ပုဒ်မ တခု /
ပစ္စည်း အဟောင်း - သတင်းစာ အဟောင်း - နာရီ အဟောင်း - ကာလ အဟောင်း - ဒေသ အဟောင်း - အဟောင်းတကာ့ အဟောင်း အနွမ်းတွေကြားမှာ / အင်္ဂါမစုံတော့တဲ့ ပုဒ်မတွေ / ပုဒ်မရယ်လို့ မပီပြင်တော့တဲ့ ပုဒ်မတွေ / ဟို တ ခု ဒီ တ ခု / နေ ရာ အ နှံ့ ပျံ့ ကျဲ လို့ //

နောက်ဆုံးမှာ မဖြစ်မနေ ပုဒ်မ ချရမယ့် ညနေ တခုကို ရောက်လာခဲ့တယ် //
ချစရာ ပုဒ်မ ရှာမတွေ့လို့ ကြံရာမရတဲ့အဆုံး ဆုံမှတ်မရှိ ဖြောင့်တန်း ယှဉ်ပြိုင်နေတဲ့ မျဉ်းပြိုင် လှလှ နှစ်ကြောင်းကို လိုက်ရှာခဲ့တယ် // ဘူတာရုံရှေ့မှာ တွေ့တယ် //
ရထားတွေ မလာသေးခင် အချိန်မှာ / သို့မဟုတ် / ရထားတွေ ခုတ်မောင်းသွားပြီးတဲ့ အချိန်မှာ / တိတ်တဆိတ် / သယ်ယူလာပြီး ပုဒ်မနေရာမှာ အစားထိုးလိုက်တယ် //

မကြာခင်အချိန် အတွင်းမှာပဲ / ညနေဟာ / မဆုံးနိုင်အောင် ရှည်လျားလှတဲ့ ပုဒ်မ အကြီးကြီးတချောင်းနဲ့ အတူ /
ပိတ် ဆည်း ဆွံ့ အ မှောင် မိုက် ရင်း / နိဂုံးချုပ် သွားတော့တယ် //
ဟုတ်တယ် / ဒီညနေဟာ ပုဒ်မ // ချ ဖြစ် တဲ့ // ညနေပဲ //


7 comments:

  1. Too nice .... I'm really like yours beautiful poem,
    great Ma Thet Wai :)

    ReplyDelete
  2. Beautiful indeed...!!

    ReplyDelete
  3. သိပ်လှတဲ့ အက်ဆေးတစ်ပုဒ်ကို ဖတ်ခွင့်ပေးတဲ့အတွက် ကျေးဇူး မမသက်ဝေ Clinique အတွက်လဲ ကျေးကျေးပါ...း) ခုမှပြောဖြစ်တယ်

    ReplyDelete
  4. ရထားနင်းခံလိုက်ရတာလားဟင်? ဇာတ်လိုက် ကလေ..

    ReplyDelete
  5. ပုဒ်ထီးရော .

    ReplyDelete
  6. ပုဒ်မ မချဖြစ်သေးတဲ့ ဘဝ ... :)

    ReplyDelete
  7. အခေါက်ခေါက်အခါခါ ဖတ်ပြီးမှ ပုဒ်မချပြီး ပြုံးနိုင်တော့တယ်။ ကိုယ့်အစ်မရဲ့ ရေးချက်ကို လက်ဖျားခါပြီး ပြန်သွားရပြီ :D

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...