Showing posts with label မိတ်ဆွေများရဲ့ လက်ရာ. Show all posts
Showing posts with label မိတ်ဆွေများရဲ့ လက်ရာ. Show all posts

Friday, February 14, 2020

လောကဟင်းလင်းပြင်

လောကကြီးက လှနေလည်း...
မပြည့်စုံဘူးလို့ ဆိုမယ်..

Monday, September 9, 2013

ပေးစာတစ်စောင်

မျက်နှာစာအုပ်မှာ တွေ့ သိ ခဲ့ရတဲ့ ညီမ တစ်ယောက်ဆီက ပေးစာပါ။
ချစ်ရတဲ့ သက်ရေ... လို့ အစချီထားတဲ့ စာလေးမှာ တပ်ထားတဲ့ ခေါင်းစဉ်က "သက်ထံသို့ ပေးစာ" တဲ့...
မျှော်လင့်မထားတဲ့ စာတစ်စောင်မို့ အံ့သြခြင်းတွေနဲ့အတူ ကြည်နူး ၀မ်းသာခြင်းတွေကိုပါ တပါတည်း သယ်ဆောင်လာခဲ့တဲ့ ပေးစာလေး... သူ လက်ရှိသယ်ပိုးထားတဲ့ အိတ်ကလေး တစ်လုံးနဲ့ ပတ်သက်တဲ့ အတွေး အမြင်လေးနဲ့ အရာရာကို အတတ်နိုင်ဆုံး ပေါ့ပါးလွတ်လပ်စွာ သယ်ပိုးထားလိုတဲ့ စိတ်ကလေးက ချစ်စရာမို့ အမှတ်တရ ပြန်လည် ဝေမျှ လိုက်ပါတယ်…
အပြင်မှာ တွေ့ပြီး လှမ်းခေါ်လိုက်ဖို့ အခွင့်ကြုံချင်ပါတယ် ချစ်သော ချယ်ရီ…


သက်ထံသို့ ပေးစာ

September 7, 2013 at 12:14am

(အသက်ချင်းကွာလို့ ကိုယ် ညီမနဲ့ အမ နဲ့ မသုံးချင်ဘူး။ ခွင့်လွှတ်ပါကွယ်။)

ချစ်ရတဲ့ သက်ရေ...

ဒီလို tag ပို့စ်ကို ရေးရအောင် ကိုယ် blogger တယောက် မဟုတ်ပြန်ဘူး။ ဒါပေမဲ့ ကိုယ် သက်ဆီ စာရေးချင်တယ်။ သက်ရဲ့ သူငယ်ချင်းတွေအပေါ် စာရေးစေချင်တဲ့ logic လေးရယ်၊ အမြဲ check နေအောင် ကပ်ပေးလိုက်တဲ့ သတိလေးတစ်ခုကို message ပေးနိုင်တဲ့ အတွက် သက်သူငယ်ချင်းတွေ ကိုယ်စား ဒီကလေးမ တယ်တော်တာပဲ လို့ ကိုယ် ကောက်ချက်ချမိလိုက်တယ်။ ကိုယ် သက်ရဲ့ blog လေးကို ကိုယ်ဟိုး လွန်ခဲ့တဲ့ ၃ ၄ နှစ်လောက်ကထဲက ကြည့်ဖြစ်ခဲ့တယ်လို့ ဆိုရင် ကိုယ်ဟာ အမာခံ ပရိသတ်လို့ ဆိုရတော့မလားဘဲနော်။ ကဲ.. ဆရာမ.. ကိုယ်လေရှည်တာများသွားဘီ။ Main ကို အဓိကထားတော့ ကိုယ်ရေးချင်တဲ့ အကြောင်းအရာက အိတ်။

ကိုယ် ငယ်ငယ်ကတော့ ခပ်လေးလေး အိတ်တွေကို လွယ်ဘူးတယ်။ ကိုယ့်မှာ အမြဲ နှစ်ဖက်ခွတတ်တဲ့ စိတ်ရှိတယ်ကွ။ အိတ်ရဲ့ Purpose က ထည့်ဖို့၊ ထည့်လို့ရရင် ပြီးပီ ဆိုတဲ့ ဒဿနရယ်၊ brand လေးလွယ်ရင် confidence ရှိတဲ့ စိတ်မျိုးရယ်။ (အဲ... ၀ယ်ပြီးမှ ၀ယ်မိတာ မှားပြီဆိုပြီး နောင်တ ရတတ်တဲ့ ချစ်တီးဆန်ဆန် စိတ်ကလေးလဲ ရှိပါ့ကွယ်)

ကဲ.. ကဲ... အထဲမှာ ဘာတွေရှိမလဲ... ကိုယ် တစ်ပတ်တစ်ခါ အိတ်နဲ့ အထဲက ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်တယ်။ ပါတဲ့ ပစ္စည်းတွေ ကိုယ်အလွတ်ရနေတာပေါ့ကွာ။ သက်ကလေးသိအောင် ကိုယ်ပြောပြမယ်။ နားထောင်နော်။

(၁) ပိုက်ဆံအိတ် (အပေါ့ဆုံးဟာကို ရွေးဝယ်ထားတာ၊ ဘောင်းဘီအိတ်ထဲ ထည့်လို့လွယ်အောင်)

(၂) ဖုန်း (ခေါ်မဲ့ လူလဲ မရှိပါဘူးကွာ။ နောက်ပြီး အမြဲ အသံပိတ်ထားလေ့ရှိတယ်)

(၃) External HardDisk ( ရုံးအလုပ် ရုံးမှာလုပ်၊ ကျောင်းအလုပ် ကျောင်းမှာလုပ်လို့ စိတ်ဖြတ်ထားပေမဲ့ second backup ထားတာအကျင့်ဖြစ်နေလို့ သူ့ကို လေးလေးနဲ့ သယ်နေရသေးတယ်)

(၄) ငုံဆေးဘူးနဲ့ ဆေးဖြန်းတဲ့ဟာ (ငုံဆေးတွေ ဆောင်လွန်းလို့ ကိုယ်နဲ့ စကားမပြောရဲဘဲ နေနေဦးမယ်... ဟဲဟဲ... အမှန်က ကိုယ်က အသားတွေစားမိရင် သွားသိပ်ကိုက်တတ်လို့ ဒါလေးတွေငုံလိုက် ဖြန်းလိုက်ရင် ပူရှိန်းရှိန်းနဲ့ နေလို့ကောင်းနေသလားလို့)

(၅) အကိုက်အခဲပျောက်ဆေး တစ်ကဒ် (ဘာကိုက်ကိုက် အကိုက်ပျောက်ဆေး ဆေးသောက်တဲ့ အကျင့် ရှိတယ်ကွ.. ဒါလဲ ဆိုက်ကို တမျိုးပဲ.. မသောက်ရဘဲ ဆောင်ထားတာနဲ့တင် ပျောက်နေဘီထင်တာ)

(၆) Access Card

(၇) Wet Tissue, Normal Tissue, Oil Control Film (Tissue နဲ့ ပတ်သက်တာ သိပ်များနေတယ်.. :D )

(၈) နားကြပ်ထည့်တဲ့ အိတ်

(၉) လက်ရှိဖတ်နေတဲ့ စာအုပ် (tuesdays with Morrie)

ဒါပဲလားလို့ ဆိုရင် ဒါပါပဲလို့ပဲ ပြောချင်ပါတယ်။
ကိုယ့်မှာ အကြွေစေ့ထည့်တဲ့ အိတ်ကလေး တခုရှိခဲ့ဖူးတယ်။ ခုတော့ အနိစ္စတရားတခုကြောင့် သူ ကိုယ်နဲ့ ဝေးရာကို ထွက်သွားဘီ။ ကိုယ့် အလုပ်က အိမ်နဲ့ သိပ်နီးတယ်လေ။ အမှန်က ကိုယ့် ရုံးက အံဆွဲလေးထဲမှာ ပစ္စည်းတွေ လိုအပ်တဲ့ ပစ္စည်းတွေ ရှိတာပေါ့။ ရုံးဝေးရင်တော့ ဒီထက်ပိုပြီး ပစ္စည်းတွေ ယူမလားဘဲ။

ကိုယ်က လက်လွတ် ခြေလွတ်နေရတာကို သိပ်ကြိုက်တယ်။ ဒါပေမဲ့ ခရီးသွားရင်တော့ ကိုယ် စုံလင်အောင် ထည့်လေ့ရှိပါတယ်ကွယ်။ စာအုပ်တို့ ရေးစရာတို့ ဆောင်လေ့ မရှိဘူး။ သိပ်လုပ်ချင်တဲ့ အရာတစ်ခုရှိရင် ဖုန်းက Notes ထဲမှာ မှတ်ထားတယ်။ အဲဒီထက်များသွားရင်တော့ အသံသွင်းထားတယ်။ များသောအားဖြင့်တော့ task တွေကို ခေါင်းနဲ့ မှတ်လေ့ရှိတယ်။ ဦးနှောက်က အမြဲခိုင်းနေမှ မဟုတ်လား။ ကိုယ် အိမ်ပြန်တဲ့လမ်းမှာ နဲနဲ အားနေရင် ကိုယ့်အကြောင်းကို သုံးသပ်တယ်။ လုပ်စရာရှိတဲ့ Plan တွေကိုတော့ Google Calender ထဲမှာ မှတ်ထားတယ်။

အရင်တုန်းကတော့ တရားစာအုပ်ယူလေ့ ရှိတယ်။ နောက်ပိုင်းတော့ မေတ္တသုတ်နဲ့ ဗုဒ္ဓ နုဿတိကို စိတ်နဲ့ပဲ မှတ်တော့တယ်။ ထွက်လေ ၀င်လေကြားက ကိုယ်ပေါ့။ တခါတလေ Aircon လေ ကြီးစိုးတဲ့ နေ့မျိုးဆို ထိုင်နေရင်း နဲ့ အိမ်မက်တွေက အရောင်ကိုစုံရော။

ကဲ... သက်ရေ....



ကိုယ့် အပါးတော်မြဲလေးက ပေါက်စနကလေးရယ်... နော်။ သြော် ဒါနဲ့.. မိုးသိပ်ရွာတဲ့နေ့ဆို ထီးယူသွားလေ့ရှိတယ်။ + / - က အမြဲ ရှိနေတယ်။ အိတ်ထဲမှာ အရာဝတ္တုတွေက အမြဲ ပုံသေမရှိဘူး။ အင်းပေါ့လေ... လောကမှာ ဘယ်အရာက တည်မြဲပါလိမ့်မလဲနော်။ ကိုယ်ကျောင်းသွားတဲ့ ကျောပိုးအိတ်ကိုတော့ သက်ကို မပြတော့ဘူး။ စာအုပ်တွေနဲ့ အတူ စိတ်တွေပါ လေးလွန်းလို့ သက်ကလေးပါ အလေးဒဏ်တွေ ကူးနေပါဦးမယ်။း)

ဟုတ်ကဲ့ ဆရာမ။ ကိုယ်နိဂုံးချုပ်တော့မယ်။

အိတ်ဆိုတာ စိတ်တစ်ခုရဲ့ ဖွင့်ဆိုချက်ဆိုရင် ကိုယ့်အိတ်ကလေးဟာ လစ်ဟာနေတဲ့ အရာတွေ အများသားပဲ။

ဒါပေမဲ့ ဒီလစ်လပ်မှုတွေကို နေရာတစ်ခုမှာ ပြည့်စုံစွာထားထားတယ်ဆိုတာကိုတော့ အပေါ်ယံကြည့်သူဆိုရင် ဘယ်မြင်နိုင်ပါ့မလဲနော်။ ဒီလိုပဲ လောကကြီးမှာလဲ ကိုယ်မမြင်နိုင်တဲ့ နေရာတွေမှာ ပြီးပြည့်စုံမှုဆိုတာ ရှိနေစမြဲပါ။

လောကမှာ ပျော်ရွှင်ခြင်းတွေ ၀မ်းနည်းခြင်းတွေ ပြည့်စုံခြင်းတွေကို တစ်နေရာမှာထားပြီး ကိုယ်လက်ရှိသယ်ပိုးရတဲ့ အရာတွေကိုတော့ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်နဲ့ လွယ်ထားတဲ့ လူတစ်ယောက်ကို အပြင်မှာ တွေ့ခဲ့ရင် သက် လှမ်းခေါ်လိုက်နော်။
သက်ကို ကိုယ် အမြဲ ပြုံးပြ နှုတ်ဆက် နေမှာပါ။

Tuesday, February 14, 2012

ချစ်သူ ညနေခင်း


ကမ္ဘာလေးရေ
ရင်ခုန်သံတွေ နှိုးပေးတဲ့အတွက်
မျှော်လင့်ချက်တွေ ပျိုးပေးတဲ့အတွက်
ကိုယ့်ရဲ့ရပ်တည်ရှင်သန်ခြင်းဟာ
မင်းနဲ့သာ သက်ဆိုင်ပါကြောင်း…

ကမ္ဘာလေးရေ
နေ့တွေညတွေ ဘယ်လောက်ရှည်ရှည်
အတူနေရမယ့် အချိန်အတွက်
နိုးလျက် အိပ်မက်တွေမက်ရင်း
ပူပြင်းမှုရော အေးခဲမှုပါ
ကိုယ် ဥပေက္ခာ…

ကမ္ဘာလေးရေ
ဒီအချိန်တွေမှာ မင်းအိပ်နေပြီ
ဒီအချိန်တွေဆို မင်းနိုးနေပြီ
ကြယ်တွေဆီကတဆင့် မင်းကို လှမ်းကြည့်တယ်
နေမင်းနဲ့ပါလာတဲ့ မင်းရင်ငွေ့ကို ဝတ်ဆင်တယ်…

ကမ္ဘာလေးရေ
ဟန်ဆောင်နေကြရင်း ရေတွက်ရင်းနဲ့ပဲ
ကိုယ်နဲ့မင်း ချိုညနေခင်းဟာ ရှက်သွေးဖြာ
သာယာတဲ့ တို့အနမ်းကို
ပင်လယ်ကပဲ “ကြမ်းတယ်” လို့
အတင်းပြောသွားရတယ်ရှိသေး... ...

*** သတိတရ ရေးပေးတဲ့ ကဗျာဆရာကို ကျေးဇူးတင်ပါတယ်... :=)

Wednesday, April 6, 2011

ချစ်ခြင်း၏ အစွန်းများ

Daily Dislike ကို ရေးနေတုန်းမှာ ကြားဖြတ်ပြီး ဒီပိုစ့်လေး တင်ချင်ပါတယ်…။
Invisible လူသားတယောက်ကို အချစ်အကြောင်း ပြောရအောင် ဆိုတဲ့ တက်ဂ်ပိုစ့် ရေးပေးပါလားလို့ ပြောလိုက်လို့ ရေးပေးလာတာပါ…။ စာနဲ့ လိုက်ဖက်တဲ့ ပုံလေးတွေကိုပါ တခါတည်း ပေးလာတာမို့ အတော် အဆင်ပြေသွားတယ်…။ ချစ်ခြင်း၏ အစွန်းများ တဲ့… ဖတ်ကြည့်ပါအုံးနော်…။

*****


ချစ်ခြင်းဆိုတဲ့ အကြောင်းအရာက တကယ့်ကို သိမ်မွေ့နူးညံ့လွန်းတယ်။ တယောက်နဲ့ တယောက် တမိသားနဲ့ တမိသား အကြားအမြင် အတွေ့အထိတွေနဲ့ စွဲလမ်းမှုတွေ တစစ ပွားများဖို့ မဟုတ်လား။ သူ့ကို ကိုယ်လို၊ ကိုယ့်ကို သူ့လို ဖြစ်အောင် ချစ်ကြဖို့ဆိုတာ တကယ်တမ်း လွယ်လင့်တကူ ဖြစ်ပေါ်စေတတ်တာမှ မဟုတ်တာ။ ဒါပေမယ့် အမှန်တကယ် ချစ်တတ်ကြဖို့ကိုတော့ ဘယ်သူကမှ သတိမပြုတတ်ကြပါဘူး။ ချစ်ခြင်းရဲ့ အစွန်းတွေရဲ့နောက်မှာ ကောက်ကောက်ပါရင်း ချစ်ခြင်းကိုပဲ အပြစ်မြင် အပြစ်ဖို့ နေတတ်ကြစမြဲ။

သမုဒယသစ္စာဆိုတဲ့ အစွဲတွေကြောင့် ဒုက္ခသစ္စာဆိုတဲ့ အကျိုးတွေ ဆက်တိုက်ဖြစ်ဖို့ ချစ်ခြင်းဆိုတဲ့ အရာတွေကို နှစ်နှစ်ခြိုက်ခြိုက် ဖန်ဆင်းရင်း အမြဲအသင့်ဖြစ်နေခဲ့ ကြတာပဲမဟုတ်လား…

ကိုယ်တိုင်ရေးတဲ့ အချစ်ဇာတ်လမ်းတွေထက် အများသူငါ သိပြီးဖြစ်တဲ့ ဇာတ်လမ်းတပုဒ်နဲ့ပဲ ချစ်ခြင်းရဲ့ အစွန်းတွေကို ခွဲထုတ်ကြည့်မိတယ်။ တကယ်တမ်းတော့ အချစ်ဆိုတာ ပူလောင်ခြင်းလား အေးမြခြင်းလားဆိုတာ မှန်ကြည့်သူတွေ မှန်ရှေ့ရပ်သလိုမျိုးပါ။ ရာမယဏဇာတ်တော်ဆိုရင် အာရှတိုင်းရင်းသားတွေအတွက် အစိမ်းသက်သက်မဟုတ်တာတော့ သေချာပါတယ်။

ရာမယဏ ဇာတ်တော်ကို အကြမ်းဖျင်း ကြားဖူးနားဝလောက်တော့ သီချင်းတွေ စာတွေ ကဗျာထဲမှာ အမျိုးမျိုး သီကုံးခဲ့ကြတာမို့ပါပဲ။ ဒီဇာတ်တော်ထဲမှာ သနားဖို့အကောင်းဆုံးသူက ဒဿဂီရိပဲ မဟုတ်လား။ သူရဲ့ ဆွေမျိုးညာတိတွေ သူ့ရဲ့အာဏာ နောက်ဆုံး သူ့အသက် အရာအားလုံးကို ဆုံးရှုံးရသည်အထိ ချစ်ပြခဲ့တာ။ ဒါပေမယ့် သူ့ရဲ့ ချစ်ခြင်းကို သူ မထိန်းကျောင်းနိုင်ခဲ့ဘူး။ ချစ်ခြင်းရဲ့ အစွန်းဆိုတဲ့ မျက်နှာအရပ်တွေဆီ ပြေးထွက်ရင်း နောက်ဆုံး အရှုံးတွေ ပူဆွေးခြင်းတွေ ငိုကြွေးခြင်းတွေကို လက်ဝယ်ပိုက်ခဲ့ရတဲ့ သူ့အဖြစ်က အားလုံးအတွက် ဥပမာပြုစရာ လူကြမ်း လူရမ်းကားကြီးရယ်လို့ အပြစ်ဖို့စရာ ဖြစ်စေခဲ့တယ်။

လက္ခဏာရဲ့ အနစ်နာခံစွန့်လွှတ်တဲ့ ချစ်ခြင်းမေတ္တာ။ ဒီမေတ္တာက အေးမြမှုရဲ့ သရုပ်ပါ။ မိမိချစ်ခင်သူရဲ့ စိတ်ချမ်းမြေ့ပျော်ရွှင်မှုကို ဘေးကနေ ကြည့်ရင်း မိမိကိုယ်တိုင် ပီတိသောမနဿဖြစ်စေဖို့ဆိုတာ ခက်ခဲတဲ့ အရာ။ အသွားရှိတဲ့လမ်းပေမယ့် အမှန်စစ်စစ် လျှောက်ဖို့တော့ ခက်တယ်။ ကိုယ်တိုင် ရွေးချယ်ခွင့်ရှိမယ်ဆိုရင်တော့ ဒီလမ်းကို ငြင်းပယ်ဖြစ်မိမယ် ထင်တယ်။ ပိုးဖလံမျိုးဆိုတာ မီးကိုပဲ တိုးတယ်လို့ ဆိုတာကိုး။

သီတာရဲ့ သစ္စာ။
ခုခေတ်အခါထဲမှာ သစ္စာဆိုတဲ့ စကားလုံးကို စာအုပ်တွေထဲမှာပဲ သုံးနှုန်းကြတော့တယ် ထင်ပါတယ်။ မိမိချစ်သူ အိမ်ထောင်ဖက်အတွက် သစ္စာစောင့်သိဖို့ဆိုတာ ယုံတမ်းစကားတွေလို့ ထင်နေမိတယ်။ ချစ်သူဆိုတဲ့အရာမှာတင်ပဲ ထည်လဲအပြိုင် သူနိုင်ကိုယ်နိုင် ကြဲရုံမကဘူး အိမ်ထောင်ဖက် ဖြစ်လာတော့လည်း ဝေးနေလို့၊ ခွဲနေရလို့၊ အနေနီးစပ်သွားလို့ စတဲ့အကြောင်းပြချက် (တကယ်က အကြောင်းပြချက်ဆိုတာ ရှာတတ်တဲ့သူတွေအတွက် အရာ အထောင် အသောင်းမက) တွေနဲ့ ဖောက်လွဲဖောက်ပြန်ခြင်းကို ထမင်းစားရေသောက်လို ကျူးလွန်းတတ်ကြပြန်တယ်။ သူတပါးလက်အောက်မှာ ခြိမ်းလို့ တခါ ခြောက်လို့ တမျိုး ချော့လို့ တသွယ် နည်းမျိုးစုံသုံးပေမယ့် ခိုင်ကျည်တဲ့ မယ်သီတာရဲ့ သစ္စာတရားကိုတော့ ဒီဇာတ်လမ်းမှာ အသိအမှတ် မပြုပဲကို မနေနိုင်ဘူး။ ခုခေတ်ခါမျိုးဆို မယ်သီတာ ဒဿကတော် ခပ်လွယ်လွယ်နဲ့ လုပ်လိုက်မှာ မုချအမှန်ပဲ။

ရာမ ရဲ့ ပူလောင်ခြင်းများ။ ရာမရဲ့ ချစ်ခြင်းတွေက ဒဿလောက်မပြင်းထန်သလို လက္ခဏာလောက်လည်း မအေးချမ်းပြန်ဘူး။ သီတာပါသွားပြီဆိုတဲ့နောက်ကို တကောက်ကောက်လိုက်ရင်း သံသယဆိုတဲ့ ပူလောင်ခြင်းတွေကို ပျိုးယူခဲ့တာ။ သီတာကို ပိုင်ပိုင်ပြန်လည်ရရှိသည့်တိုင် အစွန်းအထင်းရှိခဲ့ဖူးတဲ့ အထည်တခုလို ကြည့်ခဲ့တဲ့ ရာမ ရင်ထဲက ပူလောင်ခြင်းကို ကူးယူခံစားမိတယ်။ တရှိန်ငြီးငြီးနဲ့ပါ။

အထက်က ချစ်ခြင်းတွေအပြင် နောက်ထပ် ညီအစ်ကိုမောင်နှမတွေရဲ့ ချစ်ခြင်းကိုပဲ ဒီဇာတ်ထဲမှာ ထည့်သွင်းဖော်ပြထားပြန်တယ်။ လက္ခဏာရဲ့ အတိုင်းမသိ အစ်ကိုအပေါ်မှာ ပေးဆပ်ခြင်း၊ စောင့်ရှောက်ကာကွယ်ခြင်းတွေက ဒီခေတ်ထဲမှာ ဘယ်လိုမှ အစရှာလို့ မရနိုင်တော့။ အစ်ကိုကလည်း သူ့အတ္တနဲ့ သူ၊ ညီကလည်း သူ့အတ္တနဲ့ သူ မင်းလမ်းမင်းသွား ငါ့လမ်းငါသွားဆိုတဲ့ ချစ်ခြင်းတွေပဲ တွေ့ရတာများပါတယ်။ သုချိပ်နဲ့ ဘာလီလို သူတပြန်ကိုယ်တပြန်သတ်ကြမယ့် ညီအစ်ကိုမောင်နှမတွေ များသည်ထက် များမယ်ထင်ရဲ့။

သေသွားတဲ့သားနှစ်ယောက်အတွက် မိခင်ရဲ့ချစ်ခြင်းမေတ္တာအစွန်းကိုလည်း မြင်တွေ့နိုင်တယ်။ သူသာ ဒဿကို မတိုက်တွန်းခဲ့ရင် ဆိုတဲ့ အတွေးမျိုး တချိန်လုံးတွေးနေမိတယ်။ မိခင်တယောက်ရဲ့ သောကအပူမီးကို ခံစားနားလည်ပေးနိုင်ပေမယ့် အမျက်သိုကလဲ့စားချေဖို့အထိတော့ လိုက်လျောမပေးချင်မိဘူး။ သေသူမရှိတဲ့ အိမ်က မုန်ညင်းဆီ အတောင်းခိုင်းမယ့် လူမရှိတဲ့အတွက် ဒီမိခင် ဒီလိုဖြစ်ရတယ်လို့ပဲ ယူလိုက်ရပါတယ်။

ရာမနဲ့ ဒဿရဲ့ လက်အောက်ခံတွေက သူတို့ရဲ့ အကြီးအကဲအပေါ်ချစ်ခြင်းတွေ။ ခေါင်းဆောင်ရဲ့ နောက်ကို တောက်လျှောက်လိုက်ပါဖို့ ဆိုတာ ခေါင်းဆောင်ရဲ့ အာဏာတည်တံ့မှုပါပဲ။ လက်အောက်ငယ်သားတွေရဲ့ ချစ်ခင်ကိုးစားမှုကို ရမှသာ မိမိသွားလိုတဲ့လမ်း၊ မိမိခင်းလိုတဲ့လမ်းကို ဖြောင့်ဖြောင့်ရောက်မယ် မဟုတ်ပါလား။ ခေါင်းဆောင်ကလည်း ခေါင်းဆောင်ကောင်းပီပီသသနဲ့ လက်အောက်ငယ်သားတွေကို ရင်ဝယ်မခြား ချစ်ခင်ဖို့လည်း လိုအပ်ပါတယ်။

ဇာတ်လမ်း တခုလုံးကို ချစ်ခြင်းဆိုတဲ့ အရာတွေနဲ့ပဲ ထုံမွှမ်းနေခဲ့တာ။ ချစ်ခြင်းတွေမှာ အေးမြတဲ့ချစ်ခြင်းတွေ၊ ရမ္မက်ဆန္ဒတွေနဲ့ ပူလောင်ပြင်းပြတဲ့ ချစ်ခြင်းတွေ၊ ညီကိုနောင်ရင်း ချစ်ခင်ခြင်းတွေ၊ မိဘနဲ့ သားသမီးဆိုတဲ့ ချစ်ခြင်းတွေ အမျိုးစုံ။ ချစ်ခြင်းမေတ္တာတိုင်းမှာ အစွန်းတွေရှိတတ်ပါတယ်။ အစွန်းတွေကို နိုင်အောင် ကိုင်တွယ်ပြီး ပြည့်စုံအေးမြတဲ့ ချစ်ခြင်းတွေ အတိုင်းမသိ များသည်ထက်များ လာခဲ့ရင်ဖြင့် ဒီလောကမှာ အချစ်ဆိုတဲ့ အရာထက် ပိုချိုမြိန်တဲ့ အရာ ရှိတော့မယ် မဟုတ်ပါဘူး……………………


*** Invisible လူသားရေ… စာအတွက်ရော… ပုံအတွက်ပါ ကျေးဇူးနော်…။


Wednesday, March 9, 2011

ပန်းသီချင်း

ဟိုတလောက မသီတာဆီ အလည်သွားတော့ သူက ပန်းလေးတွေကို နောက်ခံ သီချင်းလေးနဲ့ ပန်းကဗျာ ဆိုတဲ့ Video Clip လေး လုပ်ထားတာ တွေ့ခဲ့ရတယ်။ စိတ်ထဲမှာ ကိုယ်ရိုက်ထားတဲ့ သစ်ခွတွေကို အဲလိုလေး လုပ်ရရင်ကောင်းမှာလို့ တွေးနေမိတာ၊ သို့သော်လည်း ကိုယ်တိုင်က မလုပ်တတ်တာမို့ မသီတာကို အဲလိုလေး လုပ်ပေးပါလား လို့ ကော်မန့်မှာ ပူဆာခဲ့ပြီး ဓါတ်ပုံတွေကိုတော့ မျက်နှာစာအုပ်က ယူပါလို့ ပြောခဲ့တယ်။

ချစ်စရာ သူငယ်ချင်း မသီတာက ဒီနေ့ပဲ Video Clip လေး နှစ်ခု ပို့ပေးလာတယ်…။ ပြီးတော့ Terms & Conditions ကလည်း အတူတူ ကပ်လျက်သား…။ အဲဒါက ဘာလဲ ဆိုတော့ ကျေးဇူးတင်ပါတယ်လို့ မပြောရဘူးတဲ့…။

ကိုယ့်ပန်းပုံလေးတွေကို သီချင်းလေးနဲ့အတူ တစုတစည်းထဲ ရလိုက်လို့ တကယ်ကို ကျေးဇူးတင်တာမို့ ကျေးဇူးတင်စကားကို သွက်သွက်လက်လက် ချရေးတော့မယ့်ဆဲဆဲ လက်က တွန့်သွားတယ်…။ အင်းလေ... ကျေးဇူးတင်ကြောင်း မပြောရဘူး ဆိုတော့လည်း ချစ်တဲ့အကြောင်းပဲ ပြောလိုက်ပါတယ်…။ Video Clip လေးတွေကိုလည်း ချစ်၊ နောက်ခံ သီချင်းလေးတွေကိုလည်း ချစ်၊ အချိန်ပေးပြီး စိတ်ရှည်လက်ရှည် လုပ်ပေးခဲ့တဲ့ မသီတာ့ကိုလဲ ချစ် ပေါ့…း))

ကဲ... အချိန်လေး ၅ မိနစ်လောက်ရရင် Video Clip လေးတွေကို ကြည့်သွားကြပါအုံး...
ပထမတခုကို မသီတာက Union လို့ နာမည်ပေးထားပြီး ဒုတိယတခုကိုတော့ Homogenous လို့ နာမည်ပေးထားပါတယ်…။ Union ရဲ့ နောက်ခံသီချင်းက That's what friends are for... ပါ။ Homogenous က နောက်ခံသီချင်းလေးကတော့ … … … ဘာသီချင်းလဲ ဆိုတာ ကိုယ်တိုင်ပဲ နားထောင်ကြည့်လိုက်ပါနော်…။







Saturday, January 15, 2011

မိုးရွာထဲတွင် လမ်းလျှောက်ထွက်ခြင်း

အခုတလော ဒီမှာ နေ့တိုင်း မိုးရွာတယ်….
မိုး ဆိုတာ လူတွေရဲ့စိတ်ကို အတွေးအမျိုးမျိုး ခံစားမှု အမျိုးမျိုး ပေးတတ်တယ်။ မိုးရွာတာကို သဘောကျ နှစ်သက်တဲ့အချိန်တွေ ရှိနိုင်သလို တနေရာရာကို သွားခါနီး လာခါနီးမှာ မိုးရွာလို့ ဖြစ်လာတတ်တဲ့ နှောင့်နှေးကြန့်ကြာမှုတွေနဲ့ စိတ်အနှောက်အယှက်တွေကြောင့် မိုးရွာတာကို မနှစ်သက်တဲ့ အချိန်တွေလဲ ရှိနိုင်ပါတယ်။ မိုးကပေးတဲ့ ခံစားမှုတွေ၊ မိုးနဲ့ပတ်သက်တဲ့ အတွေးစတွေကတော့ ပြောပြရရင် အများကြီးပေါ့။ ဒီလိုနဲ့ မိုးတွေ သည်းသည်းမဲမဲရွာနေတဲ့ တနေ့မှာ မိုးရေစက်တွေထဲ လမ်းလျှောက်ထွက်တဲ့ အကြောင်းကို မိတ်ဆွေတယောက်က အခုလို ရေးဖြစ်ခဲ့တယ်လို့ ပြောပြီး ကိုယ့်ကို ပေးဖတ်ပါတယ်။ လူတိုင်း လူတိုင်းမှာ တခါတရံ (သို့) အခါများစွာမှာ စိတ်သွားတိုင်း ကိုယ်မပါတဲ့အရာတွေ ရှိတတ်စမြဲ… ဆိုတာကို သူနဲ့အတူ လိုက်ပါခံစားမိတာကြောင့် ဒီပိုစ့်လေးကို သူ့ဆီက တောင်းပြီး တင်လိုက်ပါတယ်။ ဖတ်ကြည့်ပါနော်…

မိုးရွာထဲတွင် လမ်းလျှောက်ထွက်ခြင်း




မနေ့ညကပါ။
စွေလိုက်တဲ့မိုး အငြိုးနဲ့များ ရွာလေသလားလို့ ထင်မိတယ်။ ကံဆိုးသူ သွားရာ မိုးလိုက်လို့ ရွာတတ်တယ်တဲ့လေ။ ဟုတ်လား မဟုတ်လားတော့ ဝေဖန် မဆန်းစစ်အားပါဘူး၊ စိတ်ဇောက လမ်းလျှောက်ဖို့ကိုသာ အားသန်နေတော့တယ်။

မိုးရွာထဲမှာ လမ်းလျှောက်ရတာကို ကြိုက်တဝက် မကြိုက်တဝက် အမြဲဖြစ်နေပြန်တယ်။ မကြိုက်တဲ့တဝက်က အဝတ်တွေ ရေစိုပြီးကပ်နေတာရယ် လမ်းကောင်းကောင်းမလျှောက်တတ်လို့ ရွှံ့တွေ သဲတွေ နောက်ကျောကို စင်တာရယ်… ။ ကြိုက်တဲ့ တဝက်ကတော့ မိုးစက်တွေနဲ့ တိုက်ရိုက်ထိတွေ့ရတာ။ ပြီးတော့ အမြဲ ပုံစံမကျဖြစ်နေတတ်တဲ့ ဆံပင်တွေ ရေစိုပြီး ပြားကပ်သွားတာတွေကိုပါပဲ။

အမိုးအကာမပါပဲ မိုးရေထဲကို လမ်းလျှောက်ထွက်ရင် မိုးရေစတွေ စင်လျင်စင်ခြင်း အပြစ်ကင်းတဲ့ ကလေးဘဝကိုပဲ စိတ်ရောက်မိတယ်။ မိုးရွာထဲမှာ ဆော့ကစားပြီး အမေ မဆူမခြင်း အိမ်ထဲကို မဝင်တတ်ခဲ့ဘူး။ လက်တွေ ပဲကြီးရေပွသလိုဖြစ်၊ နှုတ်ခမ်းတွေလည်း ပြာလုလုဖြစ်၊ လူလည်း မေးချင်းရိုက်နေတော့မှ အိမ်တံစက်မြိတ်အောက်က ရေတံလျှောက်အောက်ကို စ ဝင်တယ်။ ဒါတောင် ရေတံလျှောက်ကနေ တဆင့် ကျလာတဲ့ မိုးရေကို ခံထားတဲ့ စဥ့်အိုးနားမှာ ဟိုလှည့်ဒီလှည့် လုပ်နေလိုက်သေးတာကိုး။ နောက်ဆုံးအကြိမ် ဆင့်ခေါ်စာ ကြိမ်လုံးရွှမ်းခနဲ ရိုက်တဲ့အသံကို စောင့်နေသေးတာ။ ရေစိုစိုနဲ့ အရိုက်ခံရရင်တော့ မလွယ်ပါ… တကယ်ကို မလွယ်ပါ။

ကျောင်းစတက်တော့ မိုးတွေညို့လာရင် မိုးရေထဲမှာ လမ်းလျှောက်ချင်လာပြန်တယ်။ လွယ်အိတ်ထဲက စာအုပ်တွေကို ငဲ့ညှာရင်းနဲ့ မိုးစက်တွေကို လက်တွေ ခြေတွေနဲ့ပဲ နှုတ်ဆက်ခဲ့ရတယ်။ ကျောင်းကနေ ကျူရှင်ကူးအပြီး အိမ်ပြန်ရတာမို့လို့ မိုးရေချိုးဖို့ အချိန်ဆိုတာ မကျန်တော့သလောက်ပါပဲ။

အဲဒီလိုနဲ့ စာအုပ်တွေကို ငဲ့တဲ့အခါ ငဲ့လိုက် အချိန်အခါကို ငဲ့လိုက်၊ ဘေးနားက အဖော်ကို ငဲ့လိုက်နဲ့ မိုးရေစက်တွေကို အရင်လို၊ ဟိုးငယ်ငယ်တုန်းကလို လွတ်လပ်စွာ ရင်းနှီးခင်မင်ခွင့် ပါးလျားသွားခဲ့သည်။

တခါတရံ ရှားရှားပါးပါး ရတတ်သော အခွင့်အရေးတွေ ကြုံရင် လက်လွတ်မခံချင်ပြန်။ ရေတုတ်တုတ်ရွှဲအောင် စိုနေသော အဝတ်အစားများကို လျစ်လျူရှုလျက် လိုင်းကားပေါ်ကို မတက်ချင်တော့သောအခါ လမ်းလျှောက်ခြင်းဖက်ကို ပိုအလေးပေးမိပြန်သည်။ သို့သော် မကြာခဏ ဖျားနာတတ်သော သူမို့ အိမ်ပြန်ရောက်ရင် အဆူခံထိမှာလည်း သေချာသည်။ ရေစိုကြီးနဲ့ဆိုတော့ ကားပေါ်က တခြားသူတွေကို အားနာလို့ဆိုတဲ့ ဆင်ခြေနဲ့ လမ်းလျှောက်ခြင်းကို မတန်ရင်ကာ ဖုံးကွယ်ရဦးမည်။

မိုးရေစက်တွေရဲ့ အေးမြခြင်းက အတိုင်းမသိ စိတ်လက်ချမ်းသာခြင်းကို ဖြစ်စေသည်။ တကိုယ်လုံးအနှံ့ကို ဖြန်းပက်ပေးသည်။ အချောင်းလိုက်ဖြစ်နေသော ဆံပင်တွေကြားက မျက်နှာတလျှောက်မှာ ရေစီးကြောင်းတွေ ဖြစ်ထွန်းစေသည်။ မှုန်မှုန်ဝါးဝါးမြင်ကွင်းကို မိုးရေတွေက ဖုံးလိုက် လက်နဲ့ရေတွေကို သပ်ချလိုက်နဲ့ မျက်နှာကို ဝိုက်ပါတပ်ဖို့လိုများ လိုအပ်နေသေးတော့သလို...။

အခုလည်း မကြာခင်အချိန်လေးအတွင်းက အရှေ့တည့်တည့်က လမ်းမှာ အတော်လေး စည်စည်ကားကားရှိနေခဲ့သည်။ ဘတ်စ်ကားမှတ်တိုင်မှာ လူတွေ အုံခဲနေသည်။ မှတ်တိုင်ဘေးက မုန့်ဆိုင်၊ ကွမ်းယာဆိုင်မှ စလို့ လမ်းမထက် စတိုးဆိုင်တွေ အကုန်လုံး ရောင်းသူဝယ်သူတွေနဲ့ တရုန်းရုန်း။ အငွေ့တထောင်းထောင်းထအောင် ကင်နေသော အကင်ဆိုင်သည်လည်းကောင်း၊ အမွှေးနံ့ တလူလူနဲ့ ဖြတ်သွားသူတိုင်းကို နှိပ်စက်ကလူပြုနေသော ဘိုကလေးမုန့်ဟင်းခါးလား မြောင်းမြမုန့်ဟင်းခါးလားမသိ သည် လည်းကောင်း၊ စဥ့်အိုးခွက်အတွင်း အသီး အရွက် အသား အမျိုးအမည်စုံလင်စွာ ရောထည့်ပြီးရောင်းသော မြေအိုးမြီးရှည်သည် သည်လည်းကောင်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြလေပြီ။ မိုးစတင်ရွာပြီး သိပ်မကြာခင် ထိုသူတို့ အားလုံး ပျောက်ဆုံးကုန်ကြသည်။

ပြောင်းလဲငြိမ်သက်သွားသော လမ်းတစ်လျှောက် ဖြည်းဖြည်းနှစ်သက်စွာ လျှောက်လာရသည်မှာ အရသာတစ်မျိုးပင်။ ကိုယ်မရောက်ဖူးသော အရပ်ဒေသတစ်ခုကို ရောက်နေရသလိုလို။ ခပ်စောစောက ပျော်ရွှင်မြူးထူးစွာ လမ်းပေါ် ဖြတ်လျှောက်နေသူတို့သည် ယခုအခါတွင်မူ ကြောက်ရွံ့နေသည့်အလား အမိုးတစ်ခုခုအောက်မှ ငေးမောနေကြပြန်သည်။ တကယ်တမ်း ခုံမင်နေသည်မှာ အဆိုပါမိုးခိုသူတို့က မိုးရွာထဲကို စိတ်အေးလက်အေး ဖြတ်လျှောက်နေသော သူ့ကို ကြည့်တတ်ကြသည့် အကြည့်ကိုဖြစ်ပါလိမ့်မည်။

ထိုထို အရာတို့ ဖြစ်ပျက်စေလိုသော စိတ်သည် အရှိန်ပြင်းထန်လွန်းလှပေသည်။ ထိုင်နေသော ဘီးတပ်တွန်းလှည်းခုံပေါ်မှ အတင်း ကုန်းရုန်းထလိုက်သော်လည်း နှစ်ကာလကြာရှည်စွာ အိပ်မောကျနေခဲ့သော သူ့ခြေထောက်တို့သည် မသိလိုက်ဖာသာ။ တကယ်တမ်း သူစွမ်းသမျှသည် မှန်ပြတင်းတစ်လျှောက် အကြောင်းလိုက် စီးဆင်းနေသော မိုးရေစက်များကို မြင်လျက် စိတ်ဖြင့် တချိန်တုန်းကလို မိုးရေထဲမှာ လမ်းလျှောက်ထွက်ခြင်းပင်ဖြစ်ပါသည်………….

Wednesday, December 29, 2010

မြို့လေးနဲ့ သူ

Cameron Highland ကို အလည်သွားခဲ့တဲ့ မိတ်ဆွေတယောက်က ခရီးက ပြန်အရောက်မှာ သူ သဘောကျ နှစ်သက်ခဲ့တဲ့ မြို့ကလေးရဲ့ ချစ်စရာ မြင်ကွင်းတွေနဲ့အတူ အဲဒီမြို့လေးမှာ ထူးဆန်းစွာ ပျောက်ဆုံးသွားတဲ့ လူတယောက်အကြောင်းကို အဖြစ်အပျက်အမှန်ပေါ်မှာ စိတ်ကူးယဉ် အတွေးတချို့နဲ့ အခုလို ပုံဖေါ်ပေးခဲ့ပါတယ်…။ ချစ်စရာကောင်းတဲ့ မြို့ကလေးကို နှစ်သက်စွဲလမ်းပြီး အဲဒီမြို့ကလေးနဲ့ တသားတည်းကျသွားတဲ့ လူတယောက်… Jim Thompson…

မြို့လေးနဲ့ သူ



သိပ်ချစ်စရာကောင်းတဲ့ မြို့လေးတစ်မြို့မှာပေါ့... ... ... ...

အဲ့ဒီမြို့မှာ လတ်ဆတ်တဲ့ လေထုတွေ ရှိတယ်။ သင်းပျံ့တဲ့ ဆင်းရနံ့နဲ့ ပန်းကလေးတွေ ရှိတယ်။ မြူနှင်းတွေ အုပ်ဆိုင်းနေတတ်တာ အဲ့ဒီမြို့ရဲ့ ပုံမှန်တဲ့။ မိုးတွေ အချိန်အခါမရွေးလည်း ရွာတတ်ပြန်တယ်တဲ့။ ပြီးတော့ တိမ်တွေ.... မြို့ကိုက တိမ်တွေထဲမှာလိုလို…။ နတ်ပြည်အလား သူ ထင်မှတ်မှားလောက်အောင် တိမ်တွေက သူ့ကိုဆွဲငင် ဖျားယောင်းကြလိမ့်မယ်တဲ့။ ဒါသူတို့ အပြော.....

မင်း လိုက်ခဲ့စမ်းပါ… ရောက်သွားရင် မင်းသဘောကျမှာ သိပ်သေချာပါတယ်… ဆိုတဲ့ စကားလုံးတွေနဲ့ မိတ်ဆွေတွေက ချည်နှောင်ကြတယ်။ အဲ့ဒီအချိန်တွေတုန်းမှာ မြို့လေးက ဒီထက်တွယ်ငြိစရာ ကောင်းနေလိမ့်မယ်လို့ သူမသိတတ်ခဲ့သေးဘူး။ နောက်ပိုင်းမှာ မြို့လေးနဲ့ သူနဲ့ တသားတည်းကျသွားလိမ့်မယ်လို့တောင် မသိခဲ့ဖူးပေါ့.......

လာရတဲ့ ခရီးက သိပ်ဝေးလွန်းတယ်လို့စိတ်က ထင်နေမိသေးတယ်။ တောင်တွေကို ပတ်လှည့်ပြီး ကားမောင်းနေတဲ့အခိုက်မှာ ဖြစ်နေကြ မူးဝေဝေ အသိနဲ့ တလမ်းလုံး လုံးချာပတ်ချာ လိုက်နေခဲ့တာ။ အော့အန်မလိုဖြစ်နေတဲ့ စိတ်ကို တလမ်းလုံး ထိန်းချုပ်ရင်းပေါ့။ မြို့လေးကို မဝင်ခင် လက်ဖက်စိုက်ခင်းကို တွေ့တဲ့အချိန်မှာတော့ မူးနေတဲ့အသိတွေ အားလုံး လွင့်စင်ပျောက်သွားကြတယ်။ လတ်ဆတ်ရှင်းသန့်တဲ့ လေတွေ၊ မျက်စိတဆုံး အစိမ်းရောင် လှိုင်းတွေနဲ့ သိပ်လှတဲ့ မြင်ကွင်းပါလား......

မဆလာ ကော်ဖီတစ်ခွက်နဲ့ ရင်ထဲက စိတ်လှုပ်ရှားမှုတွေရော၊ စိတ်ဝင်စားမှုတွေပါ ထည့်ပြီးသောက်ဖို့ ကြိုးစားလိုက်တယ်။ ဒါတောင် မြို့လေးကို မရောက်သေးဘူးတဲ့လေ…။

ကုန်းမြင့်တွေ ဆင့်ဆင့်ပြီးတက်လာတဲ့နောက် မြို့လေးကို ပြက်ပြက်ထင်ထင် မြင်ခဲ့ရပြီ။ လှတယ်ဆိုတာထက် အေးချမ်းမှုတွေက ရာသီဥတုတွင် မကဘူး မျက်စိအမြင်နဲ့ပါ လိုက်ပါခံစားလို့ ရနေခဲ့တယ်။

ဒီ SmokeHouse လေးတွေကလည်း မင်းတို့ကို စိတ်ဝင်စားမှုပေးလိမ့်မယ် ဆိုတာ ငါယုံကြည်တယ်… လို့ လမ်းညွှန်က ညွှန်းဆိုပြန်တော့ ခေါင်းအသာငြိမ့်မိတယ်။ ဟုတ်ပါတယ်… မြို့ပြတွေ အားလုံးထက် သဘာဝအလှအပတွေပေါ်မှာ ထုဆစ်ထားတဲ့
မြို့လေးမှာ ဒီ့ထက်နစ်ဝင်စရာတွေ အများကြီး ရှိနေလိမ့်မယ်လို့ စိတ်ထဲကနေ အသာတကြည် ထောက်ခံလိုက်မိတယ်။

မင်းတို့တည်းရမယ့် နေရာက လရောင်ခြည် ဘန်ဂလို (Moonlight Bungalow) ပါဆိုပြီး အထုတ်တွေ ချရင်း ဟိုတယ်ကို check in ဝင်လိုက်ကြတယ်။ အဲ့ဒီနေ့က မတ်လ ၂၄ရက်နေ့ပေါ့။ ရာသီဥတုက သာယာနေခဲ့တယ်။ ပြာရှင်းနေတဲ့ ကောင်းကင်နောက်ခံနဲ့အတူ သစ်ပင်အိုလေးတွေ ဘောင်ကွပ်ထားတဲ့ ဘန်ဂလိုလေးက တကယ့်ကို နေချင့်စဖွယ်ပါပဲ။ သူငယ်ချင်းလေးယောက် အသီးသီး အသက အခန်းတွေကို နေရာယူပြီး မြို့လေးထဲကို အသာလေး စီးမျောဖို့ ပြင်ဆင်ကြတယ်။

နှင်းဆီခြံကိုရောက်တဲ့အခါ မြို့လေးရဲ့ ရာသီဥတုကြောင့်လား… မြို့သူ မြို့သားတွေရဲ့ ကိုယ်ကျင့်သီလကြောင့်လား… ထူးခြားဆန်းပြားစွာ ပွင့်တဲ့ ပန်းတိုင်းလှပြီး မွှေးပျံ့နေတော့တာ။ မိန်းမရွယ်လေးတိုင်း ခြံထဲကို ဝင်လာခါစမှာ အိနြေ္ဒအပြည့်နဲ့ ဝင်လာနိုင်ပြီး ခြံထဲရောက်ရင် သူတို့ရဲ့ စိတ်လှုပ်ရှားတွေကို မထိန်းနိုင် မသိမ်းနိုင်ကြတော့လောက်အောင် အဲ့ဒီနှင်းဆီတွေက ပြုစားထားကြလေရဲ့။ အသွေးအရောင်စုံလင် လှပတဲ့ ပန်းခင်းထဲမှာ ကော်နီနဲ့ ဟယ်လင်တို့ရဲ့တခဏ လိပ်ပြာဘဝတွေကို တနာရီလောက် အချိန်ပေးလိုက်ရတယ်။ စတော်ဘယ်ရီ ပျိုးခင်းတွေဆီကို သွားရအောင်လို့ မနည်းတိုက်တွန်းလိုက်ရတယ်။ ဒါတောင် ဒေါက်တာလင်းက နှိုးဆော်ပေလို့…။ သူ့အလိုအရဆိုရင်တော့ ဆက်ပြီး နှင်းဆီအိပ်မက်တွေ မက်လိုက်ချင်သေးတယ်။

စနစ်တကျ တန်းစီစိုက်တဲ့ စတော်ဘယ်ရီပျိုးခင်းထဲမှာ လေ့လာလိုစိတ်တွေ တဖွားဖွား။ ဘန်ကောက်က ပိုးလုပ်ငန်းတွေအပြင် ဒီစိုက်ပျိုးရေးလုပ်ငန်းတွေ တိုးချဲ့ လုပ်ကိုင်ရရင် ဆိုတဲ့ အတွေးတွေကို တပြိုင်နက် မွေးဖွားစေခဲ့တယ်။ ချစ်စရာစတော်ဘယ်ရီတွေကို ကိုယ်တိုင် ခူးဆွတ်ရင်း သူ့ခြံလေးသာ ဖြစ်ပါစေတော့ရယ်လို့ ဆုမတောင်း စကောင်း ဆုတောင်းနေမိတယ်။ အဲ့ဒီညနေက လရောင်ခြည် ဘန်ဂလိုကို ပြန်ရောက်တဲ့အထိ သူဟာ မြို့လေးကို တိတ်တခိုး စွဲလမ်းသွားခဲ့တယ်။

သူ့ထုံးစံအတိုင်း ဘန်ဂလိုက မီးလင်းဖိုဘေးမှာ စာအုပ်တအုပ်ရယ် စီးကရက်တဘူးနဲ့အတူ သူ့ရဲ့ အတွေးအိမ်တွေကို နယ်ချဲ့နေခဲ့တယ်။ ချောင်ဖရားမြစ်ကမ်းဘေးက အိမ်ထက် ဒီလရောင်ခြည် ဘန်ဂလိုလေးကို ပိုချစ်ခင်သလိုလို…။ ပိုးချည်တွေကို ကိုင်တွယ်နေရတဲ့ လုပ်ငန်းဆီကနေ ဒီချစ်စရာမြို့လေးမှာ ပုံစံအဆန်းနဲ့ အိမ်လေး တစ်လုံးလောက် သူ့ကိုယ်ပိုင် ဒီဇိုင်းဆွဲပြီး နေရရင်ကောင်းမလား ဆိုပြီး အတွေးတွေက လွန်းထိုးစေပြန်တယ်။

ဂျင်မ် အိပ်တော့ မနက်စောစော ထပြီး BOH စိုက်ခင်းတွေကို ကြည့်ကြရအောင်လို့ ဒေါက်တာလင်းက အိပ်ရာဝင် နှုတ်ဆက်စကားနဲ့အတူ သူ့ကိုပါ တိုက်တွန်းသွားလေရဲ့။ မီးလင်းဖိုထဲက မီးသွေးတွေကို နည်းနည်းဖြန့်ပေးပြီး သိပ်မကြာခင်မှာ သူ အိပ်ရာဝင်ခဲ့တယ်။

လက်ဖက်စိုက်ခင်းတွေအတွက် တောင်ကုန်းအမြင့်တနေရာမှာ BOH လက်ဖက်ခြောက်ထုတ်လုပ်ငန်းကို လေ့လာနိုင်တယ်။ တောင်တန်းတွေ အကုန်လုံးမှာ လက်ဖက်ပင်တွေ ဖုံးလွှမ်းနေတဲ့ မြင်ကွင်းကို ဘယ်တုန်းကမှ စိတ်ကူးမကြည့်ခဲ့ဖူးဘူးလေ။ လက်ဖက်ရွက်အနုတွေကို လက်နဲ့ တို့ထိပြီး ပြေးလွှားသွားချင် လိုက်တာ ဆိုတဲ့စိတ်ကို မနည်း မြိုသိပ်ထားခဲ့ရတယ်။ လက်ဖက်ရွက်တွေကနေ တဆင့် သူ့ဆီ စီးဝင်လာမယ့် အရာတွေက အများကြီးပါ။ စီးပွားရေးအမြင်နဲ့တင် မဟုတ်ပဲ သဘာဝပတ်ဝန်းကျင် ခံစားမှုအနေနဲ့ပါ လက်ဖက်ရွက်တွေက သူ့ကို ညို့ငင်နေကြတယ်။ စက်ရုံလုပ်ငန်းစဉ် အဆင့်ဆင့်ကို တာဝန်ရှိသူက ရှင်းပြတယ်။ မြို့လေးနဲ့ နည်းနည်းကွာဝေးတဲ့ တောင်ပေါ်နဲ့ လိုက်ဖက်စွာ ဝန်ထမ်းတွေအတွက် နေထိုင်ရေးသာမက ဝန်ထမ်းမိသားစု ပညာသင်ကြားရေးကိုပါ ထည့်သွင်းပေးထားတာမို့ စက်ရုံရဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာကို သူ ချီးကျူးလေးစားမိပြန်တယ်။ လက်ဖက်စိုက်ခင်းတွေကို ငေးမောနေမိတာ အချိန်အတော်လေးကြာမှ လက်ထဲမှာ အေးစက်နေတဲ့ English Tea တစ်ခွက်ကို ပြန်နွေးဖို့ သတိရမိတော့တယ်။ အပြင်က အေးစက်တဲ့လေထု နောက်မှာ သူ့ခံစားချက်တွေနဲ့အတူ တခဏ အေးခဲသွားတာထင်ပါရဲ့။

ညနေစောင်းမှ လက်ဖက်ခင်းတွေဆီကနေ ပြန်လာခဲ့လိုက်တယ်။ လက်ဖက်ခင်းတွေဆီက အဆင်းမှာ ပျားမွေးမြူရေးစခန်းကိုလည်း ဝင်ဖြစ်ခဲ့တယ်။ လေထဲမှာ ဝတ်မှုန်တွေကို အိမ်အပြန် သယ်ဆောင်လာကြတဲ့ ပျားတွေရဲ့ အကြောင်းကလည်း သူ့အတွက် နောက်ထပ် အကြောင်းအရာ အသစ် ဖြစ်စေပြန်တယ်။ ရေနွေးပူပူ ထဲမှာ ထည့်ထားတဲ့ ပျားရည်တခွက်နဲ့ တည်ခင်းဧည့်ခံတာကို မြည်းစမ်းကြည့်ရင်း ပျားအုံတွေနားကို တိုး တိုးကြည့်တယ်။ ပျားတွေ ဝင်ထွက်နေကြပေမယ့် သူ့ကို အန္တရာယ်ပြုမယ့် အရိပ်အယောင်တောင် မတွေ့တော့ အံ့သြနေမိပြန်ရော…။

ဘန်ဂလိုကို ပြန်ရောက်တဲ့ အချိန်မှာ သူအရမ်းပင်ပန်းနေခဲ့ပြီ။ စိတ်ရောကိုယ်ပါ ခရီးတစ်ခု သွားလာခဲ့ဖြစ်တာမို့ ညစာ စားအပြီးမှာ အားလုံးကို နှုတ်ဆက်ပြီး အိပ်ရာဝင်ခဲ့လိုက်တယ်။ ဒီညတော့ အတွေးတွေ ဖြန့်ကျက်ဖို့ အချိန် သိပ်မရလိုက်ဘူး။ ဟောက်သံ ခပ်တိုးတိုးနဲ့အတူ လရောင်ခြည် ဘန်ဂလိုရဲ့ ညတညက အေးဆေးတည်ငြိမ်စွာ ကုန်ဆုံးသွားစေခဲ့တယ်။

အီစတာနေ့ မတ်လ ၂၆ ရက်နေ့ မနက်ပိုင်းမှာတော့ ဘုရားကျောင်းကို သွားကြတယ်။ ဘုရားသခင်ဆီမှာ ဝတ်ပြုရင်း ဆုတွေတောင်းမိတော့.... မြို့လေးကို ချစ်မြတ်နိုးလွန်းစွာဖြင့် သူနဲ့ မြို့လေးကို တသားတည်းဖြစ်စေကြောင်း ဘုရားသခင်ဆီမှာ တိုင်တည် ဆုတောင်းလိုက်တယ်။ ဘုရားသခင် ကောင်းချီးမွမ်းမယ်ဆိုရင် သူနဲ့ မြို့လေး ဘယ်တော့မှ ခွဲရတော့မှာ မဟုတ်ပါဘူး။

ဘုရားကျောင်းက အပြန် မီးလင်းဖိုနားမှာ ခပ်ယောင်ယောင်လုပ်ရင်း ဆေးလိပ်ထိုင်သောက်နေခဲ့တယ်။ စိတ်ကူးတခုရတာနဲ့ ဆေးလိပ်ဘူးနဲ့ အတူ မီးခြစ်ကို စားပွဲပေါ်ပစ်တင်ရင်း ညစာပြင်ဆင်နေကြတဲ့ ဟယ်လင်တို့ကို ကောင်းသောညပါ… လို့ နှုတ်ဆက်ပြီး အပြင်ကို လမ်းလျှောက်ထွက်ခဲ့တယ်။

ခပ်ဖွဖွခြေလှမ်းတွေနဲ့… မြို့လေးရဲ့လမ်းတွေ နာကျင်သွားမယ့်အလား စိုးရိမ်စွာ လျှောက်နေခဲ့တယ်။ မြို့လေးကို ချစ်ခင်စိတ်တွေ တဖြည်းဖြည်းနဲ့ တိုးသထက် တိုးဝင်လာခဲ့တယ်။ တိုက်နေတဲ့ လေတွေကိုလည်း ချစ်တယ်၊ မြင်ရတဲ့ တောင်တွေကိုလည်း ချစ်တယ်၊ မြင်ရပြီး တွေ့ထိလို့မရတဲ့ မြူတွေကိုလည်း ချစ်တယ်၊ အထပ်ထပ်ပိတ်ဖွဲ့နေတဲ့ တိမ်တွေကိုလည်း ချစ်တယ်......

သိပ်မကြာခင်...
အင်း… ဟုတ်တယ်... ... ...

သိပ်မကြာခင်မှာပဲ…
မြို့လေးနဲ့ အတူ သူ တသားတည်းကျသွားခဲ့တာ… ယနေ့ထက်ထိပါပဲ... ... ...

Reference: http://en.wikipedia.org/wiki/Jim_Thompson_(designer)


Sunday, December 19, 2010

စွယ်တော်ရေ…

၂၀၁၀ ခုနှစ် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများရဲ့ အာစရိယပူဇော်ပွဲကို ဒီဇင်ဘာ ၁၈ ရက် နဲ့ ၁၉ ရက်တွေမှာ စကာင်္ပူမှာ ကျင်းပပါတယ်…။ ဆရာ ဆရာမတွေကလဲ ကျောင်းသား ကျောင်းသူတွေ အများကြီးနဲ့ ပြန်ဆုံတွေ့ကြရတဲ့နေ့တွေမို့ ဝမ်းသာ ကြည်နူးပြီး ပျော်ရွှင်နေကြသလို ကိုယ်တို့တတွေကလဲ ဆရာ ဆရာမတွေနဲ့ ပြန်တွေ့ရတာကတကြောင်း၊ မတွေ့တာကြာလှတဲ့ သူငယ်ချင်းတွေနဲ့ ပြန်ဆုံရတာက တကြောင်း၊ မုန့်ဟင်းခါးနဲ့ နန်းကြီးသုပ်က စားလို့ကောင်းတာက တကြောင်း တို့ကြောင့် အရမ်းပျော်ခဲ့ကြပါတယ်။

ပြီးတော့ ဒီနှစ် ၂၀၁၀ အာစရိယပူဇော်ပွဲ အမှတ်တရအနေနဲ့ ကိုယ်တို့ ရန်ကုန်စက်မှုတက္ကသိုလ်ရဲ့ အထင်ကရ အမှတ်အသားတွေထဲက တခုဖြစ်တဲ့ စွယ်တော်ရိပ် မဂ္ဂဇင်းကို ထုတ်ဝေခဲ့ပါတယ်…။ အဲဒီမဂ္ဂဇင်းအတွက် တခုခုလေးရေးပေးဖို့ တန်ခူးက ပြောလာတာ… အလုပ်တွေရှုပ်ပြီး တော်တော်နဲ့ မရေးဖြစ်ခဲ့ဘူး။ ရေးပြီးလို့ ပေးမယ်ကြံတော့ စာမူလက်ခံတဲ့အချိန် ပိတ်သွားပြီတဲ့…။ ဒီလိုနဲ့ ကိုယ်ရော တန်ခူးပါ ဘာမှ မရေးဖြစ်လိုက်ကြဘူး…။ သို့သော် ဟို ဝရမ်းပြေး လူဆိုး ဘလော့ဂ်ဂါ အကောင်ကလေးကတော့ စွယ်တော်အမှတ်တရ ဝတ္ထုတိုလေးတပုဒ် ရေးဖြစ်လိုက်တယ်…။ အဲဒီဝတ္ထုလေးက မနေ့က ထွက်တဲ့ စွယ်တော်ရိပ်မဂ္ဂဇင်းမှာ ပါလာပါတယ်။ ဒါပေမယ့် သူက သူ့ဝတ္ထုကို ဘယ်နေရာမှာမှ တင်မယ့်သူ မဟုတ်လေတော့ ကိုယ်ပဲ ယူပြီး တင်လိုက်တယ်…။ သူရေးတဲ့စာတွေ ဖတ်ချင်သူတွေအတွက် အမှတ်တရပေါ့…။ ဖတ်ကြည့်ပါနော်…။


စွယ်တော်ရေ



စွယ်တော်ရေ…. မင်းမသိလိုက်တဲ့ မင်းကို စွဲလမ်းသူတယောက်က မင်းကို သူ့ဘဝအကြောင်း ပြောပြချင်တာလေးတွေပါ…..

စွယ်တော်ရေ… ဆယ်တန်းဖြေပြီးစ လူငယ်တယောက်ရဲ့ ရင်ဘတ်ထဲကို မင်းက တိတ်တဆိတ်ဝင်ရောက်ခဲ့တာပါ။ မြို့မှာ စာမေးပွဲဖြေပြီးစ နယ်ကို ပြန်ရောက်တဲ့အချိန် စွယ်တော်ရဲ့ အကြောင်းကို ကိုဖိုးရိမ်၊ ကိုတရုတ်ကြီး၊ ကိုအသေးလေးတို့ကနေ တဆင့် တရှိုက်မက်မက် နားဆင်ခဲ့ရတယ်။ စွယ်တော်ရဲ့ အလှ၊ စွယ်တော်ရဲ့ အသံ၊ စွယ်တော်ရဲ့ မာန်တွေက ရင်ဘတ်ထဲမှာ အလုံးနဲ့ အရင်းနဲ့ ဝင်ရောက်လာ ပြီးတော့ ဟုတ်မှ ဟုတ်ရဲ့လားဆိုတဲ့ လူငယ်တယောက်ရဲ့ စူးစမ်းစိတ်ကို တစစနဲ့ လှုပ်နှိုးနေခဲ့တာ။

စွယ်တော်နဲ့ ပထမဆုံး ဆုံဖြစ်တဲ့နေ့ လေးကို ဘယ်တော့မှ မမေ့ဘူး။ ရန်ကုန်ကို ရောက်ပြီး သိပ်မကြာခင် စွယ်တော်နဲ့ ဆုံဖြစ်ဖို့ပဲ။ စွယ်တော်ဆိုတဲ့ပန်းကို မမြင်ခင်ကတည်းက တမ်းတမ်းစွဲ ဖြစ်မိသူတယောက်အတွက် တိုင်လုံးကြီးတွေ မြင်တော့ ဘယ်လောက်ရူးသွပ်သွားမလဲဆိုတာ။ ကာတွန်းတွေ ဆွဲ ဆွဲထားတတ်တဲ့ သေတ္တာလေးဆိုပြီး ပြေးကြည့်မိလား ကြည့်ရဲ့၊ သီရေတာတွေ၊ နာမည်ကျော် သြဘာလမ်းတွေ၊ ချစ်သူလမ်းတွေ၊ နွေအေး ကန်သာယာဆိုတဲ့ နေရာတွေ၊ ဆင်းရဲသားဂိတ်၊ ဦးလူပေါဂိတ် စတဲ့ စွယ်တော်ရဲ့ အခက်အလက်တွေနဲ့ ထိတွေ့ခဲ့ရပြီးနောက် စွယ်တော်ရေ... မင်း မှ မင်း ဖြစ်သွားခဲ့တော့တာပါပဲ..

ဒါပေမယ့် စွယ်တော်ရေ… တို့တွေ ချစ်ကံဆိုးခဲ့ကြတယ်။ အသိုင်းအဝိုင်းတွေ လက်မခံနိုင်လို့ ခွဲနေကြရတဲ့ ချစ်သူတွေလို့ပဲ ဒီဒဏ်ရာကို ဖြေလိုက်ပါတယ်။ စွယ်တော်ရေ မနက် မနက် ၅၃ ဘောလုံးကားပေါ်ကနေ မင်းကို ခစားမပျက်ခဲ့ပါဘူး။ ကားပေါ်ကနေ မျက်စိတဆုံး ငေးမောရင်း လွမ်းနေခဲ့ရတာပါ။

စွယ်တော်ရေ... တို့ဘဝက အမိမဲ့သား ရေနည်းငါးတွေ လိုပါပဲ။ စက်မှုလက်မှုကျောင်းတွေမှာ ကိုယ်စီကိုယ်ငှ မချစ်ပေမယ့် အကျွမ်းဝင်ခဲ့ကြရတယ်။ ဆရာတွေ ခဏခဏ လဲတာကိုလည်း စာငတ်မွတ်နေတဲ့ ကျောင်းသားတွေပီပီ စိတ်ကို အရှည်ကြီးဆွဲဆန့်ပြီး သင်ကြားခဲ့ကြလေရဲ့။

စွယ်တော်ရေ... လက်ခုပ်ထဲကရေ မှောက်လိုမှောက် သွန်လိုသွန်လုပ်ဖို့ အရေးကိုလည်း ကြုံခဲ့ရသေးတယ်။ စာသင်နှစ်အမှတ်တွေကို ကြည့်မယ်တဲ့ အမှတ်မှီမှ နောက်နှစ်ဆက်တက်ရမယ်တဲ့၊ အကယ်၍များ ကျောင်းတနှစ်ကျခဲ့လို့ရှိရင် ဘွဲ့မပေးပဲ ဒီပလိုမာပဲ ပေးတော့မယ်ဆိုတဲ့ ကြေငြာချက်ကို ဘယ်နှလုံးသားနဲ့ လက်ခံကြမလဲ။ အင်္ကျီဖြူနဲ့ ယောလုံချည် ဝတ်ပြီး ဒီအရေးကို ကန့်ကွက်ဖို့ မိဘမေတ္တာမှာ ဆွေးနွေးခဲ့ကြသေးတယ်။ ကိုမင်းခက်ရဲတို့ ကိုမင်းတစေတို့နဲ့ အတူတူပေါ့။ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာထဲမှာ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ပြည်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်လို့သာ ပါရှိပြီးမှ မှော်ဘီ၊သန်လျင်၊ ဟင်္သာတ၊ တောင်ငူအစရှိတဲ့ စက်မှုလက်မှုတွေမှာ ဘာဖြစ်လို့ တက်ခိုင်းရသလဲဆိုတဲ့မေးခွန်း၊ အကယ်၍များ ကျန်းမာရေးမကောင်းလို့ ဒါမှမဟုတ် အိမ်စီးပွားရေးကြောင့် ကျောင်းတနှစ်နားခဲ့ရင် ဘွဲ့မရနိုင်တော့ဘူးလားဆိုတဲ့ မေးခွန်းတွေနဲ့ ရဲရဲတောက် ကျောင်းသူကျောင်းသားတွေရဲ့ အရေးဆိုမှုကို နောက်ဆုံးတော့လည်း မတတ်သာလို့ လိုက်လျောခဲ့ဟန် တူပါရဲ့။

ကံကြီးပေလို့ပဲပြောရမလား၊ သေကံမရောက်သက်မပျောက်လို့ပဲ ပြောရမလား ပထမနှစ် ပထမဆုံးနေ့ မြန်မာစာဖြေဖို့ အသွား လမ်းမှာ ကားမှောက်မယ် ဖြစ်ခဲ့သေးတယ်။ သန်လျင်က ဒိုင်နာမှောက်မှု၊ အီကိုကျောင်းကားမှောက်မှုတွေမတိုင်ခင်ဆိုတော့ အကယ်၍များ ဖြစ်ခဲ့ရင် သတင်းစာမှာ အရင်ဆုံးပါမယ့် အဖြစ်လေ။ စွယ်တော်ရေ မင်းဆုတောင်းနေလို့ ထင်ပါရဲ့ အသက်ဘေးကနေ ဝေးခဲ့ရတယ်။

တတိယနှစ်မှာတော့ စွယ်တော်ကိုမမြင်နိုင်မယ့်အရပ်ဆီကို ရွှေ့လိုက်ရပြီ။ ၅၄ ဆိုတဲ့ ကားကိုစီးရတယ်။ ၃၆ ဒိုင်နာကိုစီးပြီး အိမ်ပြန်ဖူးတယ်၊ ကားထဲကဘယ်လိုမှ ပြန်မထွက်တတ်လို့ စပယ်ယာကို အကူအညီတောင်းပြီး ဆွဲထုတ်ခိုင်းရတယ်။ ရီရအခက် ငိုရအခက်ပါ စွယ်တော်ရေ။ တံတားကြီးတစင်းကိုဖြတ် အဝိုင်းကြီးသုံးဝိုင်းကို ကျော်ပြီး ရဲတပ်ရင်းတခု၊ သုဿာန်တခုကိုကျော်တဲ့နောက် ဟိုး ရန်ကုန်-ပုသိမ်လမ်းပေါ်က လမ်းကြားလေးတခုရဲ့ အစွန်အဖျားလေးမှာပေါ့။ အဲ့ဒီကျောင်းကြီး ဖွင့်ကာစက အပူရှိန်လွန်လို့ အသက်ဆုံးပါးသွားတဲ့ နောင်တော်ကြီးတယောက်လည်း ရှိခဲ့ဖူးတယ်။ သံယောဇဉ်မပြတ်သေးတဲ့ နွေအေးနဲ့ ကန်သာယာကို ပြန်တွေ့ရတယ်။ လွမ်းလိုက်တာ စွယ်တော်ရာ။

ကျောင်းသားရေးရာရှေ့မှာ သူငယ်ချင်းတွေ အကုန်လုံး စုရုံးပြီး တတိယနှစ်တက်ဖို့ ကျောင်းအပ်ခဲ့ကြတယ်။ အမှတ်တွေနဲ့ ခွဲသေးတာ မဟုတ်လို့ ဆယ်ယောက်လုံး ခုံနံပါတ်တွေ တန်းစီထွက်လာခဲ့တာ အံ့သြစရာ။ လူအယောက်လေးရာရှိတာမို့ စာသင်ခန်းကို အေနဲ့ ဘီအဖြစ်ခွဲမယ့်သာ ခွဲတာ ကိုယ်ကြိုက်တဲ့အခန်းမှာ ကိုယ်ထိုင်ကြတာပါပဲ။ ခက်တာက လူတွေ အရမ်းများတာကြောင့် ဘယ်သူဘယ်ဝါရယ် လူကိုမှတ်မိရင်တောင် လူစေ့ အမည်နဲ့ တွဲမသိနိုင်တာတော့ ဆိုးပါတယ်။ စွယ်တော်ရဲ့ အဆွယ်အပွားလေး အဖြစ် တဖြည်းဖြည်းနဲ့ လက်သင့်ခံလာနိုင်ကောင်းပါရဲ့။

အပျော်ဆုံး ကျောင်းတက်ရတဲ့နှစ်ဆိုရင်တော့ တတိယနှစ်ကိုပဲ ရည်ညွှန်းချင်တယ်။ ၃၀၂ ဖြေရတဲ့နေ့ ကလွဲရင်ပေါ့…။ အဲ့ဒီနေ့ကတော့ အခန်းထဲမှာ ငုတ်တုပ်ထိုင်ပြီး အားလုံး တယောက်မျက်နှာ တယောက်ကြည့် မျက်နှာငယ်လေးတွေနဲ့ မိန်းကလေးတွေဖက်ကလည်း ရှိုက်ငိုသံတွေကြားမိတဲ့နေ့…။ တတိယနှစ်မှာ စာမေးပွဲခန်းကို ရောက်ဖို့လည်း တရက် နောက်ကျခဲ့သေးတယ်။ သူငယ်ချင်းတွေနဲ့ အတူသွားမယ်ဆိုမှ ကားက မရခဲ့ဘူးလေ။ သည်းထိတ်ရင်ဖိုနဲ့ စာမေးပွဲခန်းကို ဝင်တယ်…။ အဲ့ဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် Material ဖြေမယ့်နေ့…။ စွယ်တော်ရေ… ခေါင်းထဲမှာ ဘာ Formula မှကို မကျန်ရစ်တော့တာ။ ပုဂံခရီးမှာ ကိုရဲမြင့်ဆိုခဲ့တဲ့ သီချင်းလိုပေါ့… ဒဏ္ဍာရီပုံဆန်တဲ့ Material နဲ့ တချိန်ချိန်မှာ ကြုံမယ်လို့မတွေးမိသေး။ အင်း… တကယ့်ကို သုံးတန်းရဲ့ ဒုက္ခတွေပါပဲ..

လေးတန်း၊ ငါးတန်း၊ ဖိုင်နယ်အထိ ခြောက်လကို တတန်း ပုံမှန်ဖြတ်သန်းလို့ပေါ့ စွယ်တော်ရေ...။ ကျောင်းသားတွေကို စာတတ်မြောက်စေချင်တဲ့ ဆရာတွေရဲ့ စေတနာတွေ Handouts တွေထုတ်ပြီး တပတ် တပတ်မှာ သင်ကြားသွားသမျှကို တရွတ်တိုက်ပါလို့…။ Device နှစ်အုပ်ကို မြင်တော့ တခြားပုဂ္ဂလိက ကျောင်းတခုမှာ စာမေးပွဲဖြေပြီး ပြန်အလာ စာရှင်းပြပေးမယ့်သူငယ်ချင်းကို ငါ့ကို စိတ်ချမ်းသာအောင်ထားပါ သူငယ်ချင်းရယ်… လို့တောင် ပြောယူမိတဲ့အထိ။ စွယ်တော်ရေ… ခက်ခဲတယ်ဆိုတာထက် ပင်ပန်းခဲ့တာလို့ပဲ မှတ်ထားပေးပါ။

စွယ်တော်နဲ့အတူ မမေ့ဖျောက်နိုင်တဲ့ အချိန်တွေပြောပါလို့ တောင်းဆိုလာခဲ့ရင်

• အပျော်ဆုံးခရီးစဉ်က သုံးတန်းနှစ် ပုဂံခရီးစဉ်
• အပျော်ဆုံး လှုပ်ရှားမှုဆိုရင် နှစ်စဉ်ကထိန်ပွဲ
• စိတ်အလှုပ်ရှားဆုံးနဲ့ အထက်သန်ဆုံးဆိုရင် အင်္ကျီဖြူနဲ့ ယောလုံချည်ဝတ်ရတဲ့ အချိန်တွေ
• ခေါင်းအစားဆုံး နဲ့ သူငယ်ချင်းတွေ ရန်ဖြစ်စေတဲ့အချိန်ကတော့ Project တွေ
• ဝမ်းအနည်းဆုံးအချိန်ကတော့ စွယ်တော်နဲ့ အတူ သူငယ်ချင်းတွေကိုပါ ခွဲရမယ့် နောက်ဆုံးနှစ် ပါပဲ

စွယ်တော်နဲ့ မနီးစပ်ခဲ့တဲ့အပြင် စွယ်တော်နဲ့ ဝေးခဲ့ရပေမယ့် ရင်ထဲမှာ အမြဲမပြတ်သတိရနေသလို စွယ်တော်ရဲ့သတင်းတွေကိုလည်း အမြဲနားစွင့်နေခဲ့ပါတယ်။ စာသင်ခန်းတွေ အိုဟောင်းနွမ်းနယ်နေတဲ့ သတင်း၊ သြဘာလမ်းမှာ လူတွေဖြတ်လျှောက်ပင်မယ့် အသံမဲ့ အသက်မဲ့နေတဲ့သတင်း၊ အပေါ်ကနေ တအုန်းအုန်းပျံနေတဲ့ လေယာဉ်တွေကလွဲရင် အကုန်လုံး ငြိမ်သက်နေတဲ့ သတင်းတွေပေါ့…

စွယ်တော်ရေ… တို့ဝေးခဲ့ကြတာ မှန်ပေမယ့် တို့တွေ ရင်ဘတ်ချင်းနီးခဲ့ကြပါတယ်။ ခွဲခွာတယ်ဆိုတာ ရုပ်ဝတ္ထုပိုင်းကိုပါပဲ။ စိတ်ချင်း နှီးနွယ်၊ သွေးချင်း ဆက်သွယ်နေတဲ့နောက် ဘယ်လောက်ဝေးဝေး အနီးလေးမှာပါပဲလေ။ ထာဝရ ရင်ထဲမှာ အမြဲမပြတ်ရှင်သန်နေမှာမို့ လွမ်းတယ် စွယ်တော်ရေ…... လွမ်းတယ်ကွာ… ...

ရွာသားလေး ဝိုင်တီယူ


Friday, November 12, 2010

လွင့်မျော မြစ်တစင်း

စာမရေးဖြစ်တာ ကြာပြီ…။ အလုပ်များတယ်လို့ ခဏခဏပြောရတာလဲ ရှက်စရာတောင်ကောင်းနေတယ်။ ဒါပေမယ့် အလုပ်ကတော့ တကယ်များနေတာပါ။ အချိန်တွေကလဲ ကုန်လွယ်လှတယ်…။ တရက်ပြီး တရက်၊ တလပြီး တလ၊ တနှစ်ပြီး တနှစ်… ဒီလိုနဲ့ အမှတ်ရစရာ နေ့စွဲတွေဆီကို ခဏလေးနဲ့ ပြန်ပြန်ရောက်လာတာ…။ တနေ့က သူငယ်ချင်း ချစ်ကြည်က သတိတရနဲ့ ဖုန်းဆက်ပြီး မေးလာတယ်… ၁၂ ရက်နေ့အတွက် ဘာရေးထားလဲတဲ့…။ တကယ်ပဲ… သူပြောကာမှ အဲဒီနေ့အတွက် ဘာမှ ရေးထားတာမရှိ၊ ရေးဖို့တောင် မစဉ်းစားထားမိတာ…။ အဲလိုပြောလိုက်ပြီး ညကျတော့ သူက ကဗျာလေးတပုဒ် ရေးပြီး ပို့ပေးလာတယ်…။ ကိုယ်တို့ Anniversary အတွက် လက်ဆောင် တဲ့…။

သူငယ်ချင်းရဲ့ မေတ္တာ၊ စေတနာတွေနဲ့အတူ ကဗျာလေးက တကယ်ချိုပါတယ်…။ ဒီအတွက်လဲ သူငယ်ချင်းကို ချစ်ခင်စွာနဲ့ ကျေးဇူးတင်ပါတယ်…။ ကဗျာလေးကို ဖတ်ကြည့်ကြပါအုံးနော်…။

လွင့်မျော မြစ်တစင်း



မြစ်တစ်စင်း...
ချစ်ခြင်းတွေ အပြည့်အတင်း
မင်းနဲ့ကိုယ် ကြည်မွေ့သာယာ
စုံ ဆန် တခါ စီးမျော
သမုဒယ ဝန်စည်စလှယ်တွေရော
နားလည်မှု နှောင်ကြိုးတွေပါ
ဖွယ်ဖွယ်ရာရာ တင်ဆောင်လာခဲ့.....။

လက်ချင်းမတွဲ... စိတ်ချင်း မြဲပြီးသား
ကျောချင်းမကပ်... စိတ်ချင်း ထပ်ပြီးထား
နှလုံးသားတွေနဲ့ အသက်ရှု
ကိုယ်တို့....
မြတ်နိုးခြင်းတွေနဲ့ လူ ဖြစ်ကြတယ်....။

တစ တစ တရက် တလ
တနှစ် နှစ်နှစ် နေ့အသစ်တွေ
ဒီရေလို ကျော်ဖြတ်ကုန်ဆုံး
နှောင်ထုံးတွေက ပိုရင့်
အတွယ်အတာ အပွင့်တွေက ပိုသန်
သံယောဇဉ် အညွန့်တွေက ဟိုမှာ ဒီမှာ ခေါင်းထောင်လို့ ထကြ...
သူနဲ့အတူ ဒီဘဝ ဒီတသက်
မလွတ်တမ်း ပွေ့ဖက် ရှိုင်းရှိုင်းနက်နက်
မက်မောမဆုံး... လွင့်မျောဦးမည်....။


ခိုင်မြဲသောကြိုး (2008)
Love Each Other (2009)

Tuesday, October 5, 2010

မိုးရွာချိန် အတွေး

မိုးတွေက သည်းသည်းထန်ထန် ရွာနေကြသည်။ မိုးကို မမုန်းသော်လည်း တခါတခါ မိုးရွာလျှင် အလွန် စိတ်ညစ်မိသည်။ တခါတခါမှာတော့ မိုးရွာနေချိန်မှာ မိုးစက်များကို ငေးကြည့်ရင်း စိတ်အစဉ်သည် ဟိုဟို ဒီဒီ လွင့်ပါးနေတတ်သည်။ တခါတခါမှာတော့လည်း မိုးရေစက်များကို ကြည့်ရင်း ငယ်ငယ်က မိုးရေထဲမှာ လမ်းလျှောက်ခဲ့ဖူးသော အချိန်များကို သတိတရရှိမိသည်။ သည်လိုနှင့် လွန်ခဲ့သော ရက်အနည်းငယ်က မိုးတွေ ရွာနေသောနေ့တနေ့တွင် မိတ်ဆွေတယောက်နှင့် စကားပြောဖြစ်သည်။ ဘာရယ်မဟုတ် မိုးရွာနေချိန်မှာ မိုးနှင့်ပတ်သက်သည်များကို စိတ်ထဲ ပေါ်လာသမျှ တယောက်တလှည့် ပြောဖြစ်ကြရင်း သူက သူ့စိတ်ကူး အတွေးတချို့ကို အခုလို ပုံဖေါ်ပေးခဲ့သည်။

မိုးရွာချိန် အတွေး

မိုးတွေက တဖွဲဖွဲရွာစပြုပြီ။
ရေကူးကန်ထဲကို ရေတွေ ဝင်နေတာ အဟောသိကံဖြစ်နေသလိုလို။

အနွေးထည်မပါတာမို့ အေးစပြုလာတာကို မသိသလို သိသလို။ လက်မောင်းတွေ အေးနေတာကို လက်ဖဝါးတွေနဲ့မထိမချင်း မသိမိ။ လက်ဖဝါးတွေက နွေးနေဆဲမို့ မသိလိုက် မသိဖာသာ။ လက်ဖဝါးတွေရဲ့ နွေးထွေးမှုနဲ့ လက်မောင်းတွေရဲ့ အေးစက်မှုတို့ အချင်းချင်း သတိပြုမိချိန်မှာ အခန်းထဲကို ပြန်ဝင်မှ ဖြစ်ပေတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

မိုးရွာချိန် အလုပ်ချင်ဆုံး အလုပ်တစ်ခုရှိသည်။ ပက်လက်ကုလားထိုင်တစ်လုံးကို ဝရန်တာမှာချပြီး မိုးစက်တွေကိုကြည့်ရင်း ဆေးလိပ်သောက်ချင်နေသည်။ ခံတွင်းက စပ်ဖြင်းဖြင်းဖြစ်လာပြီဆိုတော့ သေချာသည်… ဆေးလိပ်တလိပ်သောက်မှ ဖြစ်ပေတော့မည်။

ဆေးလိပ်… အင်း ဆေးလိပ်မသောက်ဖို့ လူတိုင်းက ပြောကြသည်။ မကောင်းဘူးတဲ့… လေ။ သို့သော် မည်းနေပြီဖြစ်သော ဒီနှုတ်ခမ်းတွေရယ် လက်ညိုးနဲ့လက်ခလည်ကြားက အသားမာဘုလေးတွေရယ်က စိမ်းကားဖို့ ဆိုတဲ့ အရေးကို ဘယ်လိုမှ လက်မခံနိုင်ကြ။

ရှစ်တန်းလောက်က စ သောက်ခဲ့သည် ထင်ပါသည်။ ဆောင်းမနက်ခင်း သူငယ်ချင်းတွေနှင့် ကျောင်းသွားခြင်းက အစပြုခဲ့သည်။ ပုဆိုးတွေခြုံထားရင်းကမှ နွေးထွေးတဲ့ နောက်ထပ် အရသာတစ်ခုကို သင်ကြားတတ်မြောက်ခဲ့ခြင်း။ တယောက် တလက်သောက်ခြင်းဖြင့် သူငယ်ချင်းတွေကြား ချစ်ခင်မှုတွေ ခိုင်မာစေမည်လို့ ယူဆတာလည်း တကြောင်း။ အခုပြန်တွေးကြည့်တော့ ဘယ်လောက် ရူးသွပ်ခဲ့လဲလို့လေ။ ဖြစ်နိုင်တာ တခုက အခုခေတ်လို ရောဂါပိုးမွှားတွေ သိပ်မထွန်းကားတာကြောင့်များလားလို့လဲ ခပ်ကြောင်ကြောင် တွေးမိသေး။ သက်ရှိနှုတ်ခမ်းတစ်စုံကို တယောက်တည်း ပိုင်ဆိုင်လိုသူရဲ့ အတ္တက သက်မဲ့ဆေးလိပ်တခုကို သူငယ်ချင်းတွေနဲ့ တယောက်တလှည့် သောက်ခဲ့ဖူးတာကို မေ့လျော့နေခဲ့မိတာပါလား။ ဟာ.. နားကွာ..

နှစ်ပေါင်း ဆယ်စုနှစ်တခု မကွဲမကွာ ရင်းနှီးခဲ့တဲ့ အရာကို စွန့်လွှတ်ဖို့ ပြောလျှင် အမြဲတမ်း ရယ်မောချင်စိတ် ဖြစ်လာစမြဲ။ အဲ့ဒီဆယ်စုနှစ်အတွင်းမှာ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားသော်ငြား ဆေးလိပ်နဲ့တော့ တရက်မှ အဆက်အသွယ်မပြတ်ခဲ့။ ဆေးပေါ့လိပ် အရသာ… ဆေးပြင်းလိပ် အရသာ… ငါးသုံးလုံး၊ လန်ဒန်ကနေ အခုခေတ် ရူဘီအထိ သူ့ဖက်က သစ္စာမဖောက်ခဲ့။ ရွှေပတ်မှ ရွှေပတ် စွဲစွဲလမ်းလမ်း သောက်ခဲ့ဖူးတာလဲ ရှိရဲ့။ ဖင်ဆီခံနားမှာ ပလတ်စတစ်ကိုမခွာပဲ သောက်ပြန်တော့ ဒါ ရူးသွပ်ခြင်းတမျိုးလို့ ဆိုကြပြန်သည်။ ဆေးလိပ်ခေါင်းကို တတောက်တောက်ခေါက်ပြီး ဖင်ဆီခံကို လက်သည်းနဲ့ခြစ်ပြီးမှ သောက်တာလည်း ရှိပြန်သေးသည်။

ဆေးလိပ်သောက်ရင် အမောမခံနိုင်ဘူးဟုလည်း ဆိုကြသေးသည်… သိပ်မောနေရင် ဆေးလိပ်သောက်လိုက်မှ အမောပြေသလို ခံစားရတာ စိတ္တဇတခု ဖြစ်နိုင်သည်။

ဆေးလိပ်မသောက်ရသောအချိန်မှာ အရှေ့က ဆေးလိပ်သောက်ပြနေသောသူလောက် မုန်းဖို့ကောင်းတာမရှိ။ နှုတ်ခမ်းများ၏ တပ်မက်မှုက စိတ်ထဲကလောက် ဘယ်လိုမှ မပြင်းပြနိုင်တာ ခံစားရမှ သိပါလိမ့်မည်။ စိတ်ထဲက အာသာရမ္မက်သည် တကယ်တော့ ကြောက်မက်ဖို့ကောင်းပါသည်။

ချစ်ခင်ရင်းနှီးမှုကို အခြေပြုထားသော ထိုရမ္မက်က ဆယ်စုနှစ်တခုစာ မကတော့သော လောင်ကျွမ်းမှုများဖြင့် သက်သေပြနေပါသည်။ ဆေးလိပ်မီးပေါက်နေသော လုံချည်များစွာတို့ တန်းတွင်ရှိနေခြင်းက အဓိက တရားခံကို ညွှန်းဆိုကြသည်။ သို့သော် တရားခံနှင့် ခွဲခွာခြင်းဆိုသော အမှုကိစ္စကို ဘယ်သောအခါမျှ မရောက်ရှိ။

ဆေးလိပ်များပြတ်လပ်သွားသည် ဟု ဈေးကွက်ထဲတွင် မကြားမိသေး။ အကယ်၍ ဆေးလိပ်များ ပြတ်လပ်သွားခြင်းကို သူတို့ဖက်မှ သစ္စာဖောက်မှုဟု ခေါင်းစဉ်တပ်မိကောင်း တပ်မိမည်။ သို့သော် ခေါင်းစဉ်ချရေးဖို့ပင် အခွင့်အရေးမရခဲ့။

လက်ကိုခါလိုက်တော့မှ နီးစပ်ရာဆွဲပြီး သောက်မယ်လို့ မီးညှိထားတဲ့ စီးကရက်ပြာ အတောင့်လိုက် ပြုတ်ကျသွားသည်။

လေက အပင့်မှာ ပြာတို့လွင့်နေကြသည်။
ထို့အတူ ညှိထားသောမီးက ဖင်ဆီခံနားအထိ တရဲရဲ ဝင့်ကြွားနေဆဲ…
မိုးက အေးအေး ဆေးလိပ်မီးငွေ့ဖြင့် နွေးနေသည် ဟု နှစ်သိမ့်လိုက်သည်။ ထိုနေ့က ဆေးလိပ်မသောက်မိပဲ ဆေးလိပ်ငွေ့တွေပဲ ရှူလိုက်ရသည်ဟု ထင်သည်။

ပြီးတော့ မိုးတိတ်သွားပြန်သည်။
အင်း… နောက်တခေါက် မိုးရွာတာကို စောင့်ဦးမှပါလေ……….


Sunday, June 20, 2010

အိပ်မက်ထဲက ည

ကမ္ဘာဖလား ဘောလုံးပွဲ ကိုက်နေတဲ့ သက်ဝေ... စာကောင်းကောင်းမရေးပဲ ရိုက်ထားတဲ့ ဓါတ်ပုံတွေ တင်လိုက်၊ မျက်နှာစာအုပ်က ပိုစ့်ရယ် ကော်မန့်တွေရယ်ကို ကူးပြီး တင်လိုက်နဲ့ ဆားချက်နေတယ်လို့ ရင်းနှီးသူ တချို့က ပြောလာပါတယ်…။ ဟုတ်ပါတယ်... အလုပ်တဖက်နဲ့ ဘောလုံးပွဲကြောင့် အိပ်ရေးပျက်ရတာတင်မက စိတ်နှလုံး နောက်ကျိစရာ ကိစ္စတချို့ကြောင့် နေရတာ ပျော်လဲ မပျော်၊ စာရေးစရာလဲ ဘယ်လိုမှ အာရုံမရပါ…။ ရေးထားသမျှတွေ အားလုံးကလဲ ဟိုမရောက် ဒီမရောက် တပိုင်းတစနဲ့ အဆုံးသတ်လို့ မရတာတွေ ချည်းပဲဖြစ်နေတာ…။

ဒီလိုအချိန်မှာ မိတ်ဆွေ ကဗျာဆရာတယောက်က ချစ်စရာ ကဗျာလေးတပုဒ် ရေးပြီး အမှတ်တရ ပေးလာပါတယ်…။ ကဗျာလေးရဲ့ နာမည်က အိပ်မက်ထဲက ည တဲ့…။ ဖတ်ကြည့်ပါအုံး…



အိပ်မက်ထဲက ည

ဟောဒီဘဝက
အမှောင်နဲ့ အလင်း ရှင်သန်ခြင်းဆိုတာလေ…


ခရီးထွက်ခဲ့တဲ့ည
လရောင်ထဲမှာ အရိပ်ရှာတဲ့ည
မီးတတို့ရရင် ဝမ်းသာတဲ့ည
အသက်မရှုနိုင်ပဲ နားစွင့်တဲ့ည
အသွင်သာကွဲပြီး ရင်ကွဲတာတူတဲ့ ညတွေ...

ငါ ရထားတဲ့ တပိုင်းတစ ဟောဒီညတွေကို
ငိုနေသူတွေလဲ ဝေမျှ လိုနေသူတွေလဲ ဝေမျှ
ငါ့မှာရှိတာ နေ့နဲ့ ညပါပဲ…

ဟောဒီမှာ ကိုယ်ရေးကိုယ်တာည
အခုမှ အဆန်းလုပ်ပြီး သက်ကြီးခေါင်းချချိန်
ငါ့မှာ ချိန်ကွင်းမရှိတော့ပါဘူး
အာရုံဦးနဲ့အတူလျှောက်
ရောက်တဲ့ နေရာ တခါတလေနား
ငါ့ကိုယ်ပေါ်မှာ တွားသွားနေတဲ့ လမ်းတွေဟာ
မင်းရဲ့လိပ်စာကို ရှာဖွေနေကြလေရဲ့
ငါ့ရဲ့အထီးကျန်ညတွေအတွက် လမင်းရဲ့လိပ်စာ ရှာဖွေနေကြလေရဲ့...


တည်ကြည်တဲ့ နှလုံးသားမှာ ရူးချင်လဲ ရူးလို့မရ
လှည့်စားလို့ မရတဲ့ နှလုံးသား
ဝယ်ထားပြီး လွှင့်ပစ်ရတဲ့ ပန်းသီးခြင်းတွေရဲ့ည
ခေါင်းကိုက်ခြင်းသာ အဖတ်တင်တဲ့ ဝိုင်ပုလင်းတွေနဲ့ည
သွေးထဲက တမ်းတခြင်းတွေ
ကောလက်စထရောကျဆေး သောက်မရ
အိပ်ဆေးနဲ့ကျော်မရ
ဝန်ခံရမဲ့ အသဲကွဲအောင်ချစ်တဲ့ ညတွေ...


မင်း မရှိတဲ့ ညအကြောင်း မေးရင်
ကိုယ်ကောင်းကောင်း မဖြေနိုင်ခဲ့
အလင်းနဲ့ အနားသတ်ညတွေ
ဘဝကို ဆန့်ပေးတဲ့ည မရချင်တော့ပါဘူး
ကူးမယ်ဆို ကူးတော့ ရူးအောင်လွမ်းတဲ့ ညတွေ…


လသာတဲ့ ည ကြယ်စုံတဲ့ ည
ဆေးပေါင်းခတဲ့ ည
ဘယ်လိုည ဖြစ်ဖြစ် ချစ်သူ မရှိမှတော့
ငါ့ ကိုယ်ရေး ကိုယ်တာ ညတွေ အကုန်
လုံခြုံတဲ့ ခွက်ထဲကိုထည့်
အတူဆုံတဲ့နေ့မှ
တထောင့်တညဆက်ပြီး
ရင်ငွေ့မီးလှုံ တိမ်တွေစုန်စီး အိပ်ကြမယ်…


မှတ်ချက် ။ ။ သူ ရေးပေးခဲ့ဖူးတဲ့ ကဗျာတပုဒ်ကို ဒီမှာ ဖတ်လို့ရပါတယ်။ အလုပ်တွေ များတဲ့ကြားက အချိန်ယူပြီး ရေးပေးခဲ့တဲ့ ကဗျာဆရာကို ကျေးဇူး အထူး (အထူး) တင်ပါတယ်…။

Thursday, May 20, 2010

ရင်ထဲက မြစ်တွေစီးဆင်းစေဖို့

မမေ့ပါနဲ့လေ...
ဒီရေတွေ သွေးထဲမှာ ကိုယ်ခန္ဓာထဲမှာ အစဉ်အမြဲစီးဆင်းနေတယ်ဆိုတာကို….

အမိမြေနဲ့ဝေးတဲ့ နေရာကို အခိုက်အတန့်ဖြစ်စေ အကြောင်းတစုံတရာကြောင့် ဖြစ်စေ ဘယ်သို့သော အကြောင်းအရာမျိုးကြောင့် ရောက်ရှိနေခဲ့သူ မည်သူမဆိုဖြစ်စေ ဒီမြေက ရေတွေ ကိုယ်တွင်းမှာ အမြဲမပြတ် စီးဆင်းနေဆဲဖြစ်တယ်ဆိုတာပါပဲ…။



ဧရာဝတီမှာ သောင်တွေ ထွန်းတင်နေခဲ့ပြီ... မြစ်ပြင်ကျယ်ကို ဟောဒီလို လှေမကူ နေပူပူမှာ ဖြတ်လျှောက်နိုင်ခဲ့ပြီ။

မြကန်

မြကန်သာ
တောင်ကျချောင်းတေး
ရေ၀င်ပြေးလှည့်
ရေအေးကြည်စွာ
ကန်ပိုင်မာလျက်
ကြာပေါင်းထုံထုံ
ငှက်မျိုးစုံသည်
ဝတိံသာက
နန္ဒာလော
တူစွာ ဟုတ္တာ...။


ဒီကဗျာကို ရွတ်ဆိုနိုင်ဖို့ မဖြစ်နိုင်တော့ပြီ။

မြကန်သည် ကြင်သူပစ်ခွာသွား၍ ငိုကျွေးကျန်ရစ်လေ၏။


မြစ်ပြင်ကျယ်တို့သည် တိမ်သည်ထက် တိမ် ကောသည်ထက် ကောသည့်အဖြစ်သို့ နီးကပ်လာချေပြီ။ ပျက်စီးခြင်းဟူသော အမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် မကာကွယ်နိုင်တော့ပြီလော။

ရပ်ကွက်များဆီမှာ ရေကို လုယက်ယူငင်နေကြသည်။ ရွှေကိုမလို ရေကိုသာလိုသည်။ ခိုက်ရန်ဖြစ်ပွားခြင်းတို့သည် လူတို့၏ လောဘ ဒေါသနောက်တွင် မကြာမတင် ရှေ့သို့ထွက်ရန် တာစူနေကြပေပြီ။ ရေအတွက် စစ်မက်ဖြစ်ခြင်းဆီသို့ မရောက်အောင် အဘယ်သူက တားမြစ်နိုင်မည်နည်း။

ရေချိုတွင်းက ရေကို မနည်း ခပ်ငင်နေကြရပြီ။ ခန်းခြောက်နေသော ရာသီဥတုတွင် ရေတွင်းထဲမှ ရေများ ဘယ်အချိန်ထိ တည်မြဲနိုင်မည်ကို မည်သူမျှ မသိနိုင်။


ဟိုတစ်စ ဒီတစ်စ ဆူညံပွက်နေကြပြီ။ မနက်မိုးလင်းသည်မှ မိုးချုပ်သည်အထိ ရေကြည်ရဖို့ အရေးသည် ဝမ်းစာအရေးထက်ပင် ခက်ခဲလာချေပြီ။ ဝမ်းစာကိုမေ့ ရေကြည်ကိုသာ ရှာတွေ့ဖို့ စိတ်စောနေကြသည်။ တစ်ရက်မှသည် ဘယ်နှစ်ရက်အထိ အူမတောင့်နိုင်ကြမည်နည်း။

ရပ်ရေးရွာရေးတို့သည်လည်း တစ်စ ထက် တစ်စ ပပျောက်ကုန်တော့မည်။ ထို့အတူ လူ့ဘောင်လောက၏ အနှစ်သာရများ ရေကြည်တွင်းမှာ တန်းစီရင်း ရဖို့ မဖြစ်နိုင်သည်ကို လူတိုင်းသိပေလိမ့်မည်။

မည်သည့်နိုင်ငံသားအဖြစ်ကို ကြိုက်နှစ်သက်သလို ပြောင်းလဲနိုင်ပါသည်။ မည်သို့သော နိုင်ငံကူးလက်မှတ်ကိုမဆို ကိုင်ဆောင်နိုင်ပါသည်။ ကိုယ်တွင်းမှာ အစဉ် စီးဆင်းနေသော သွေးထဲတွင် မြန်မာပြည်က ရေတွေ စီးဆင်းနေဆဲ အဖြစ်ကို မမေ့သင့်ပါ။

မမေ့ပါနဲ့လေ…
ဒီရေတွေ သွေးထဲမှာ ကိုယ်ခန္ဓာထဲမှာ အစဉ်အမြဲ စီးဆင်းနေတယ်ဆိုတာကို….

အမိမြန်မာပြည်တွင်းရှိ ရေဘေးဒုက္ခ ခံစားနေရသူများကို မိမိတို့ တတ်အားသရွေ့ကူညီစောင့်ရှောက်စေဖို့ ကမ္ဘာ အရပ်ရပ်ရှိ မြန်မာလူမျိုးတိုင်းကို တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ ငြိမ်းချမ်းအေးမြသော ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ……။

* * * * *


မှတ်ချက် ။ ။ ချစ်ညီမ ပန်ပန် တက်ဂ်ထားတဲ့ A to Z ကို ရေးမလို့ တွေးနေစဉ်မှာ စေတနာ့ ဝန်ထမ်းတယောက်ဆီက ရေအလှုနဲ့ ပတ်သက်တဲ့ နှိုးဆော်စာလေးကို ကြားဖြတ်တင်လိုက်ပါတယ်…။

Thursday, May 6, 2010

သူနှင့် ဘူတာရုံ

စာရေး စာဖတ် ဝါသနာပါတဲ့ သူငယ်ချင်းတယောက်က အခုတလော သူတွေးနေမိတာလေးကို ချရေးဖြစ်လို့ ပို့လာတဲ့ ချစ်စရာ အက်ဆေးလေး တပုဒ်ပါ။ ဖတ်ကြည့်ပြီး နှစ်သက်လို့ သူ့ရဲ့ သဘောတူ ခွင့်ပြုချက်နဲ့ တင်လိုက်ပါတယ်…။ ဖတ်ကြည့်ကြပါ... လိုအပ်တာရှိရင် ပြောပြခဲ့ကြပါ...။ ကျေးဇူး...း))

သူနှင့် ဘူတာရုံ

ဘူတာရုံတစ်ခုတွင် သူ ထိုင်နေခဲ့သည်။ အတော်လေး ကြာမြင့်နေပြီ ဖြစ်သော်လည်း သူ ထိုင်နေကျမို့ ထင်ပါသည် လေးပင်ဟန် ကြောင့်ကြဟန် တစက်မျှမရှိပဲ သက်တောင့် သက်သာပင် ထိုင်နေခဲ့သည်။ သူ ထိုင်နေခဲ့သည်မှာလည်း တရက်ထဲမှ မဟုတ်သည်ပဲ။ ကွက်ကြည့် ကွက်ကြည့် လုပ်နေသူများ ရှိသော်လည်း မသိလိုက် မသိဖာသာပင်။ မကြာမတင်မှာ ရထားဆိုက်တော့မည်………..

ရထားဆိုက်တော့မည်ဆိုသော ကြေငြာချက်နှင့်အတူ လုံခြုံရေး သတိပေးစာတမ်းတွေ မြင်နေရပြီ။ သူ့ဆီက လှုပ်ရှားမှုကို အတိုင်းသား မြင်နေရပြီလေ။ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားတာမြင်ရုံနဲ့ ငြိမ်သက်အောင် ဟန်ဆောင်လို့မရတာကို သူ သတိထားမိပုံမပေါ်။ သူ့စိတ်တွေက ခန္ဓာကိုယ်ယိမ်းထိုးနေအောင် လှုံ့ဆော်နေကြသည်လေ။

ရထားဆိုက်ပါပြီ။
တစ်စီး…
နောက်တစ်စီး…
နောက်တစ်စီး…
နောက်ထပ် အစီးပေါင်းများစွာ…

ပြီးတော့ နောက်ဆုံး ရထားတစ်စီး အပြီးမှာ ဘူတာရုံ လုံခြုံရေးဝန်ထမ်းများ သန့်ရှင်းရေး အလုပ်သမားများ စပြီး အလုပ်ရှုပ်နေကြသောအချိန်တွင် သူထိုင်နေရာကနေ ထွက်ခွာလာခဲ့ပြီ။ အိမ်ကို ပြန်သော ခြေလှမ်းများသည် ယခင်နေ့ရက်များလိုပင် လေးလံလွန်းလှသည်။ သူနဲ့အတူ သူမ မပါရှိသောကြောင့်ပင်တည်း။

တကယ်တမ်း သူနှင့်သူမသည် အဆိုပါဘူတာရုံတွင် (တကြိမ်တခါမှ တွေ့ဖူးခြင်းမရှိပါပဲ) ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြခြင်းပင်။ အမှတ်မထင် တွေ့ဆုံကြခြင်းမျိုးမဟုတ်ပဲ သေချာပေါက် ထိထိရောက်ရောက် စီစဉ် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ထိုနေ့မှစ၍ သူမ ရုံးပြန်လာတိုင်း သူစောင့်နေတတ်သော ဘူတာရုံတွင် ခရီးသွားဟန်လွှဲ ဆင်းတတ်သည်။ သူမနှင့်သူ လမ်းအတူတူ လျှောက်သည်။ သူမ ပြောသောစကားသံတို့ဖြင့် သူ၏ လမ်းတလျှောက်ကို ပန်းပေါက်ပေါက်တွေ ခင်းနေခဲ့သည်။ ထိုကာလသည် အတော်ကြာမြင့်ပါသည်။

သူ သတိမထားမိလိုက်သော နေ့တနေ့တွင် ရထားပေါ်မှ သူမ ဆင်းလာသည်ကို မတွေ့ရတော့ပါ။ ထွက်သွားသောရထားကို ကြည့်လိုက် ရထားဆိုက်ရောက်ချိန်ကို ကြည့်လိုက်ဖြင့် သူတယောက် အတော်လေး ဗျာများနေခဲ့သည်။ နောက်ရထားတစ်စီး ရောက်လာချိန်မှာ ရထားပေါ်တက်ပြီး ဘယ်ကိုရှာရမှန်းမသိသော မျက်ဝန်းအစုံဖြင့် ကြောင်စီစီ ဖြစ်နေခဲ့ပါသည်။ အော်ခေါ်ရန် ကြိုးစားသော်လည်း ပြည့်သိပ်ကြပ်နေသော လူတွေကြားထဲတွင် သူ့ခေါ်သံကို ကြားရရန် မလွယ်ကူမှန်း သိနေသောကြောင့် လက်လျှော့လိုက်ရသည်။ ထိုနေ့ညက သူ အိမ်ပြန်မရောက်ခဲ့ပါ။

နောက်တနေ့တွင်လည်း သူစောင့်နေကျ အချိန်တွင် မပျက်မကွက် ရောက်လာတတ်သည်။ သို့သော် သူမကား ဘယ်တော့မျှ ပေါ်မလာခဲ့တော့။ သူသည် နေ့ရက်ပေါင်းများစွာ ထိုဘူတာရုံတွင် စောင့်မြဲစောင့်နေခဲ့သည်။ ပထမ လူအများ သတိထားမိကြသည်။ သူ့ကို စကားပြောဆိုရန် ကြိုးစားသူများလည်း ရှိခဲ့သည်။ မည်သူ့ကိုမျှ ပြန်လည် မတုန့်ပြန်သော သူ့ကို နောက်ဆုံးမှာတော့ လျစ်လျူရှုခဲ့ကြသည်။ ဘူတာရုံတွင်ရှိသော ဆိုင်းဘုတ် အဟောင်းများနှင့်အတူ သူသည် ဘူတာရုံမှ ပစ္စည်းတခုဟု အများအမြင်တွင် သိသာ ထင်ဟပ်စေခဲ့ပါသည်။

ယနေ့လည်း နောက်ဆုံး ရထားဆိုက်ပါပြီ။ သူသည် ထိုဘူတာရုံမှ ထရန် ပြင်ဆင်နေသည်။

နောက်နေ့တွင်လည်း သူသည် ဘူတာရုံသို့လာနေဦးမည် ဖြစ်သည်။

သူနှင့် ထိုဘူတာရုံသည် တသားတည်းဖြစ်သွားသည်မှာ ကြာမြင့်နေခဲ့ပြီ။

သူမ ဘယ်ရောက်နေသနည်း……………………..။

** ဧပြီလ ၁၇ ရက်နေ့ အဝါရောင် ရထားလိုင်း အသစ်ဖွင့်သောနေ့က ရေးပါသည်။



Thursday, January 28, 2010

ချစ်ခြင်းနှင့် မျောလွင့် အတူ

ဒီရက်တွေမှာ အချိန်အား မရှိတာကြောင့် စာမရေးဖြစ်ပါဘူး။ ရေးထားတာတွေကလဲ တပိုင်းတစတွေနဲ့ အဆုံးမသတ်နိုင်တာတွေချည်းပဲ…။ ဖေဖေါ်ဝါရီလအတွက်တော့ အတွေးထဲမှာ ရေးထားတာလေး နှစ်ခုရှိတယ်…။ တခုက သူငယ်ချင်းတွေရယ် ပြီးတော့ စက်မှုတက္ကသိုလ် ကျောင်းနောက်ခံရယ်နဲ့ ကျောင်းပုံပြင်…။ နောက်တခုက ၁၄ ရက် ဗယ်လင်တိုင်းနေ့အတွက် အမှတ်တရ တခုခု…။ အဲဒီ နှစ်ခုကို ပြီးအောင်ရေးဖို့ အခုရက်တွေထဲက ပျိုးထားတယ်။ ရေးဖြစ်မယ် ထင်ပါတယ်။

အခု တင်လိုက်တဲ့ ချစ်စရာ ကဗျာလေးက သူငယ်ချင်း ချစ်ကြည်အေး ဆီက လက်ဆောင်ပါ။ စာမရေးနိုင်တဲ့ရက်တွေအတွက် ကိုယ့်ရဲ့ ဘလော့ဂ်လေး ခြောက်သွေ့နေမှာစိုးလို့ တဲ့…။ သူရည်ရွယ်တာက ကိုယ်တို့ရဲ့ Anniversary အတွက်ပါ။ ဒါပေမယ့် အခုမှ တင်ဖြစ်တယ်…။

ဓါတ်ပုံလေးကတော့ ကိုယ်တိုင်ရိုက်ထားတာပါ။ Place for Two လို့ နာမည်ပေးထားပါတယ်…။ ကဗျာလေးနဲ့ လိုက်မယ် ထင်လို့ တင်လိုက်တာပါ။


ချစ်ခြင်းနှင့် မျောလွင့် အတူ

ပန်းဆွဲ ကျောက်စက်
မြခက် ကဗ္ဗလာ
လိပ်ပြာ ဖမ်းရင်း ပန်းတခင်းဝယ်...။

စိမ်းမြ မျက်ပြင်
တွဲခို ယှဉ်လျောက်
ကြယ်ပြာ ကောက်စဉ် ရင်ခွင်မှီအုံး...။

ကောင်းကင် တဆုံး
တူ တူ ပုန်း အိပ်
တိမ်လိပ် တွေထဲ လက်ချင်း တွဲထား...။

ပန်းကောက် တေးသီ
ပန်းချီ ဆွဲအုံး
သက်တံ ခုံးထိပ် ခြေချင်း ချိတ်ထိုင်...။

သွားကြ စို့လေ
မင်ရေ သမုဒ်
စာလုပ် ရေးသီ ကမ်းခြေဆီမှာ...။

သူနဲ့သာဆို မငြို မငြင်
လိုချင် မက်လှ ဘယ်ဘဝရောက်
ဘယ်လမ်းပေါက်စေ မိုးအောက် မြေဆုံး...
တစ်သက်လုံး ရှင့်....။

ချစ်ကြည်အေး


သူငယ်ချင်းရေ… ကျေးဇူး အများကြီးတင်တယ်နော်…။ နောင်ကိုလဲ အခုလို ချစ်စရာ ကဗျာလှလှလေးတွေ အများကြီး ရေးနိုင်ပါစေလို့ ဆုတောင်းပါတယ်…။

Wednesday, December 2, 2009

ကော်ဖီခွက်ထဲက မိုးတိမ်

ကဗျာတွေ အများကြီး ရေးချင်ပေမယ့် မရေးတတ်တဲ့ ကိုယ့်အတွက်၊ ပြီးတော့ Sweet December အတွက် လက်ဆောင်ရလာတဲ့ ကဗျာလေးတပုဒ် နဲ့ ဓါတ်ပုံလေးပါ...။



ကော်ဖီခွက်ထဲက မိုးတိမ်

ငါက… အန္တရာယ်များမှ
ကခုန်လှုပ်ရမ်း
ခရီးကြမ်းပေါ် ပျော်တဲ့သူ…

ငါက… အသွင်အမျိုးမျိုးဆောင်
တောတောင်တွေ သိမ်းပိုက်ဖူးသူ…
မြစ်ချောင်းတလျှောက် ပင်လယ်ပေါက်ထိ
ရှိသမျှအကုန် သိမ်းပိုက်ဖူးသူ…

နောက်ပြန် မကြည့်တတ်သူဆို
ဘယ်သူမှ မငြင်းကြ
ရူးသွပ်ခြင်းနဲ့ မုန်တိုင်းတွေကို
သည်းသည်းပါအောင် သတ်လုံး
ဟောဒီ မိုးတိမ်က ရှုံးပွဲမရှိ…

ကံကျချိန်
ဓါတ်ဘူး တိမ်တိမ်လေးထဲ
ရွှဲရွှဲစိုတဲ့ အခါကျ
ဝီစကီခွက်ထဲက
သတိရ စိတ်ပူမိတဲ့
အမေ့ရဲ့ စားဝတ်နေရေး
ချစ်သူရဲ့ ဆေးရေးပန်းချီ
အချိန်တန်ပြီ ပြေးဖက်လွမ်းရင်း
အော်… ကိုယ်မင်းအတွက် ဆင်တိမ်နဂါး
တိုးနယားတွေ ပြန်ဆင်ပေးရအုံးမယ်…

ချစ်သူရေ…
တို့တွေ ခရီးရှည် ဘယ်မျှ
ချီတက်ရစေအုံးတော့
မလျှော့တဲ့ အနမ်းတွေ
လေပြေနဲ့ စေမြန်း
မခမ်းတဲ့ အချစ်တွေ
ပင်လယ်လို ဝေဆင်း
ပေါင်းစပ်ခြင်းရှိလာတဲ့ အခါကျ
ဘာမှ မလပ်စေရဘူးကွယ်…

အဲဒီနေ့ဟာ
နွေ သို့မဟုတ် မိုး
တိုးဖက်ရမယ့်ဆောင်း
အကြောင်းမဟုတ်ရ
တလှပ်လှပ်ရင်
ခုံမင်ချိုမြ
ဟောဒီက မိုးတိမ်တစင်း
ချစ်ခြင်းနဲ့ မင်းအတွက်
ကိုယ်… ကော်ဖီခွက်ထဲမှာလေ
စိတ်ကြိုက်သာ ကိုယ့်ကို သောက်ပါ မေ…


အမှတ်တရ ရေးပို့လာတဲ့ ကဗျာလေးရဲ့ပိုင်ရှင်ကို ကျေးဇူး အများကြီးတင်ပါတယ်…။
နောင်ကိုလဲ မိုးတိမ်တိုက်တွေလို လှပတဲ့ ကဗျာတွေ အများကြီး ရေးနိုင်ပါစေ လို့ ဆုတောင်းပါတယ်…။




Tuesday, December 1, 2009

မေ့နိုင်စွမ်းစေ

မနက်တွေ နေ့တွေ ညတွေ
ရက်တွေ နှစ်တွေ လတွေ
အိပ်ရာထပြီး အိပ်ရာဝင်တယ်
မိုးလင်းတာနဲ့ အသစ်တွေ ဖြစ်ချင်မိတယ်
မိုးချုပ်ပြီဆို အဟောင်းတွေ သွန်ပစ်ရင်းပေါ့…

တံခါးတွေ ဖွင့်စကလို
တံခါးတွေ ပြန်ပိတ်တော့လည်း
မသိမသာ ဖြစ်စေချင်သည်
တံခါးဘောင်တွေ ပွန်းပဲ့တာ
မိုးတွင်းမို့ တံခါးတွေ ကြပ်တာ
လေတိုးလို့ တံခါးမှန်ကွဲတာ
အရာအားလုံးကို မသိချင်…

နှင်းတွေပဲရွှဲလို့
မိုးတွေပဲစိုစို
နေတွေပဲပူပူ
နေ့ရက်တိုင်း အသစ်ဖြစ်လို့
အတိတ်ကိုလည်း မသိ
အနာဂါတ်ကို မတွေး
လက်ရှိကိုလည်း မေ့နိုင်စွမ်းပါရစေ…

*** Contributed by ရွာသားလေး (ဝိုင်တီယူ)

Sweet December to all of you..!!!

Tuesday, July 22, 2008

ရောက်မလာတော့မယ့်ချစ်ခြင်းကို စောင့်နေတဲ့ချစ်ခြင်း

သက်ဝေရဲ့ တံခါး နဲ့  ပတ်သက်တဲ့ ပိုစ့်တွေတိုင်းမှာ အမြဲတမ်း လာဖတ်ပြီး စိတ်ဝင်စားစွာ Comment တွေ ရေးခဲ့ကြတဲ့ သူငယ်ချင်းများကို ကျေးဇူး အထူးပါ။ အဲဒီ Comment တွေထဲက မုတ်သုန်လေ ရဲ့  Comment ရှည်ကြီးနဲ့  တကွ လက်ဆောင်ပေးခဲ့တဲ့ ကဗျာလေးကို ပိုစ့်တစ်ခု အဖြစ် ပြန်တင်ပေးလိုက်ပါတယ်။

မုတ်သုန်ရဲ့  Comment..

စာကအဆုံးသတ်သွားပြီလား... ဆက်ရှိနေသေးလား... ဆက်ရေးဖို့ကျန်နေသေးလား...
အဲဒါကိုသိချင်ပါတယ်အစ်မ။

ပြီးသွားပြီဆိုရင်တော့ သုံးခုလုံးပေါင်းပြီး တစ်ပုဒ်အနေနဲ့ပြန်တင်ပေးပါလား...
မချစ်တာ၊ မချစ်နိုင်တာ အဲတာတွေက အပြစ်မှ မဟုတ်တာပဲလေ။
အချစ်ဆိုတာမျိုးက ငါပေးတယ် နင်လည်း ငါ့ပြန်ပေးလို့ပြောလို့မရသလို ကလေးတွေရန်ဖြစ်လို့ငါကျွေးထားတဲ့မုန့် တွေ ပြန်ပေးလို့ ပြောလို့ရနိုင်တာလည်းမဟုတ်ဘူး။
ချစ်တာတွေအတွက် ချစ်တဲ့သူရော၊ ပြန်မချစ်နိုင်လို့ မချစ်ခဲ့လေတဲ့ အချစ်ခံရသူရော၊ ဘယ်သူမှာမှ အပြစ်မရှိပါဘူး..။

နောက်ဆုံး မတွေ့ကြရတော့လို့အမှတ်ရစရာတွေ ပြန်လွမ်းဆွတ်မိတယ်ဆိုရုံနဲ့ပဲ အချစ်ဟာ လိုချင်တက်မက်မှု၊ ဖြည့်ဆည်းလိုက်မှုတွေထက် ပိုသော သံယောဇဉ်တစ်ခု အသွင်ပြောင်းသွားတာ ဘယ်လောက်လှလဲအစ်မ။

ဇာတ်လမ်းထဲက မိန်းကလေးအနေနဲ့လည်း အပြစ်တင်နေစရာ မလိုသလို ဇာတ်လမ်းထဲက ကောင်လေးအနေနဲ့ကလည်း အပြစ်တင်နေစရာ မလိုပါဘူး။
အဲဒါက အပြစ်ကင်းတဲ့ချစ်ခြင်းလေ...။ ဘယ်သူ့မှာမှအပြစ်မရှိပါဘူး။
လှတဲ့ချစ်ခြင်းကို ပိုလှသွားအောင် အရောင်တင်ပေးလိုက်တာကိုက အရမ်းကို လှသွားပါတယ်။ ကောင်လေးနေရာကလို့ဆိုနိုင်မလား...
ကျွန်တော် ကဗျာတစ်ပုဒ် ရေးခဲ့ဖူးတယ်။
အစ်မအတွက် လက်ဆောင်ပေးလိုက်ပါတယ်...။


ရောက်မလာတော့မယ့် ချစ်ခြင်းကို စောင့်နေတဲ့ ချစ်ခြင်း

(၁)
မသေဆုံးတဲ့ ပင်လယ်မှာ
အဆုံးမသတ်တဲ့ လှိုင်းတွေရှိသလို
မသေဆုံးသေးတဲ့ လူတွေမှာလည်း
အဆုံးမရှိတဲ့ အချစ်တွေရှိနေမယ်။

(၂)
ဖြူစင်တဲ့ ချစ်ခြင်းတရား
ရှင်းသန့်တဲ့ ချစ်ခြင်းတရား
လှပတဲ့ ချစ်ခြင်းတရား
ရိုးသားတဲ့ ချစ်ခြင်းတရား
ချစ်ခြင်းတရားတွေ အဖြေရှာ
အားလုံး သေဆုံးသွားတောင်
ရှင်သန်နေဦးမယ့် ချစ်ခြင်းတရား
အမြဲလှပ နေမှာလား။

(၃)
ချစ်ခြင်းတရားကို ပိုင်ဆိုင်သူများနဲ့
ချစ်ခြင်းတရားကို မွတ်သိပ်သူတို့ရဲ့
နေသားအကျ မရှိခဲ့ခြင်းများ
အလွမ်းရောင် ထင်ဟပ်
ပြည့်စုံခဲ့ပါသလား... ချစ်ခြင်း။

(၄)
ရင့်နေတဲ့ အလွမ်းတွေနဲ့
မဆုံးနိုင်သော အချစ်တွေနောက်က
မရပ်တန့်သော အတွေးစက်ဝန်းများ
အဆွေးရောင်တို့လွန်ခဲ့ပြီ။

(၅)
တစ်ရံတခါ
မလှပခဲ့ရတဲ့ ချစ်ခြင်းတရား
ဘယ်လိုကြုံတွေ့ကြပါစေ
ဖြစ်သူတွေသာ ဟောင်းခဲ့ရပေါ့။
အလွမ်းတွေနောက်ပြန်လှည့်
ချစ်ခြင်းပြန်လာမယ်။

(၆)
မွတ်သိပ်ဆန္ဒတွေ
မွန်းကျပ် စိတ်အနေတွေနဲ့
လွဲချော် ဆုံမှတ်တို့အတွက်
မဆုံးသေးတဲ့ ချစ်ခြင်းတရား
တစ်နေ့ ပြန်လာခဲ့မယ်တဲ့....။
ရောက်မလာသေးတဲ့ အချစ်အတွက်
မျှော်စောင့်နေရင်း
ခါးသီးနေ့ရက်တွေဆန်တက်
အပြန်ခရီးအလှည့်မှာ
ကမ်းလင့်နေမယ့် အချစ်များ
တလက်လက်တောက်ပလို့။ ။

မုတ်သုန်လေ [25-Oct-2007]

စာကြွင်း ။ ။ မုတ်သုန်ရေးထားခဲ့တဲ့ Comment ကို သေသေချာချာဖတ်ပြီး.. စဉ်းစားနေတုန်းဘဲ..။
တံခါး ၃ ပုဒ်ကို ကျစ်ကျစ်လစ်လစ် ပေါင်းစည်းဖို့  ကိုလဲ ကြိုးစားကြည့်ပါအုံးမယ်။
စိတ်ထဲမှာတော့ နောက်ထပ် တံခါးတွေအကြောင်းလဲ ဆက်ရေးချင်နေသေးတယ်လေ..။
တကယ်တော့ စိတ်ဆိုတာ တံခါးရွက်တွေနဲ့  ပိတ်ဆီး ကာရံလို့ မရတဲ့ အရာတစ်ခု ဖြစ်တာမို့  စိတ်ထဲမှာ အတွေးစိတ်ကူးတွေ ရှိလာတဲ့ အချိန်တိုင်းမှာ တံခါးတွေ ပိတ်ထားသည်ဖြစ်စေ၊ ဖွင့်ထားသည်ဖြစ်စေ.. ရေးမိနေအုံးမယ် လို့ ထင်ပါတယ်။

ဒီအတိုင်းပါဘဲ… အချစ်ဆိုတာလဲ ဘယ်လိုမှ တားဆီးပိတ်ပင်ထားလို့  မရတဲ့ သဘာဝ ရှိတာမို့  နှလုံးသား တံခါးတွေ ပိတ်ထားသည်ဖြစ်စေ၊ ဖွင့်ထားသည်ဖြစ်စေ.. ပွင့်ပွင့်လင်းလင်း ချစ်ဖို့  အခွင့်အရေးရှိသူတွေက လူသိရှင်ကြား ချစ်ကြပြီး.. ဒီအခွင့်အရေးနဲ့  ဝေးဝေးရောက်နေတဲ့ သူတွေကတော့ ရင်ထဲကနေဘဲ သိုသို သိပ်သိပ် ချစ်ကြရတယ်ပေါ့..။
အဲဒါတွေကို တွေးတောခံစားကြည့်ရင်း အဲဒီ တံခါးတွေ အကြောင်းကို ရေးဖြစ်နေတာပါ..။