Monday, September 16, 2013

ကိုကိုနဲ့ ကျွန်မရဲ့ တနင်္လာ

ကိုကို့ကို မနေ့က တွေ့တယ်… အမှန်ဆိုရင် ကိုကိုနဲ့ မနေ့က တွေ့တယ်လို့ ဖြစ်ရမှာ မဟုတ်လား… ဒါပေမဲ့ ကျွန်မအတွက်တော့ ကိုကို့ကို မနေ့က တွေ့တယ် ဆိုတာကမှ အမှန်ပါ…။ နားရှုပ်သွားသလား… ဟုတ်တယ်လေ… ကျွန်မကသာ ကိုကို့ကို တွေ့တဲ့သူကိုး…။ မနေ့က ကိုကို့ကို တွေ့တော့ အရင်ဆုံး သတိပြုမိတာက ဆံပင်တွေကိုပါ။ ကိုကို့ဆံပင်တွေ တော်တော်ရှည်နေပြီပဲ လို့ တစ်ယောက်တည်း တိုးတိုးလေး ရေရွတ်လိုက်မိတယ်။ ကျွန်မ အသံကို ကိုကို ကြားသွားသလား မသိဘူးနော်… ကျွန်မကို ပြုံးပြီးတော့ ကြည့်နေတယ်။


ကိုကို ပြုံးတော့မှ သတိရတယ်… ဒီနေ့ တနင်္လာနေ့ ဆိုတာကို… ဟုတ်တာပေါ့…။
တနင်္လာနေ့တွေတိုင်း ကိုကိုနဲ့ ကျွန်မ စကားတွေ ပြောကြတယ်လေ။ မတွေ့ဖြစ်ကြတဲ့ရက်တွေက ဟိုးတောင်တန်းညိုတွေဆီမှာ မိုးတွေ ပြိုတဲ့အကြောင်း၊ မိုးကြီးလို့ ဒါဏ်ရာရနေတဲ့ မြက်ရိုင်းပန်း ဝါဝါလေးတွေအကြောင်း၊ ဟိုင်းဝေးလမ်းမတွေပေါ်ကို တိမ်တွေ ပြိုဆင်း နီးကပ်လာချိန်မှာ ကျွန်မကို အမှတ်ရတဲ့အကြောင်းတွေနဲ့အတူ စာဖတ်တဲ့အကြောင်း ကဗျာစပ်တဲ့အကြောင်းတွေ ကိုကိုက ပြောတော့ ကျွန်မကလည်း အားကျမခံ အိမ်ရှေ့မှာ စိုက်ထားတဲ့ စပါယ်ပင်လေး အဖူးလေး နှစ်ဖူး ထွက်နေတဲ့အကြောင်း၊ ကျွန်မ ရေးထားတဲ့ ဝတ္ထုတိုလေးကို မဂ္ဂဇင်းတစ်ခုက ရွေးလိုက်တဲ့အကြောင်း၊ အခုရက်ပိုင်း လေတွေ တအားတိုက်တဲ့အကြောင်း၊ နှင်းဆီ ရောင်စုံဝယ်လာပြီး တအိမ်လုံး ရှိသမျှ ပန်းစိုက်အိုးတွေထဲမှာ ထိုးထားတဲ့အကြောင်း၊ နောက်ပြီး ကျွန်မ အခန်းနံရံမှာ ချိတ်ထားတဲ့ မှန်ချပ်နောက်မှာ နေတဲ့ အိမ်မြှောင်လေး အပြင်ကို ခဏ ခိုးထွက်လာတုန်း ကျွန်မနဲ့ မျက်လုံးချင်း ဆုံမိတဲ့အကြောင်းတွေ ပြောပြမိတာပေါ့။ ကျွန်မစကားအဆုံးမှာ ကိုကိုရဲ့ ဟက်ဟက်ပက်ပက် ရယ်မောသံတချို့ နားထဲ ဝင်လာခဲ့တာ… အဲဒီအချိန်မှာ ကျွန်မလည်း နှစ်နှစ်ခြိုက်ခြိုက် ပြုံးရယ်နေမိတာ…။

စကားပြောရင်းနဲ့ ကိုကို.. ဆံပင်ညှပ်တော့လေ လို့ ကျွန်မပြောတော့ ကိုကိုက ပြန်မေးတယ် ဒီနေ့ ဘာနေ့လဲ တဲ့…။ တစ်ခုခု ပြောလိုက်ရင် ဒီနေ့ ဘာနေ့လဲ လို့ ပြန်ပြန်မေးလေ့ရှိတာ ကိုကို့အကျင့်…။ ဘာနေ့လဲ သိရပြန်တော့ ဘယ်နှစ်ရက်နေ့လဲ ဆိုတဲ့ နေ့စွဲတွေပါ ထပ်မေးတတ်သေးတာ…။ နေရာတကာမှာ အယူမသည်း၊ အစွဲအလန်းလည်း မထားတတ်သူ ကျွန်မက နေ့ရက်တွေ နံပါတ်တွေအပေါ် အစွဲအလန်းမထားဖို့ ကိုကို့ကို မကြာခဏ ဖြောင်းဖြရသေးတယ်။ ပြီးတော့ ဒီနေ့ တနလာင်္နေ့ပေါ့ လို့ ပြန်ဖြေလိုက်တယ်..။ ဒီတော့ ကိုကိုက ပြောတယ်… မွေးနေ့ သောကြာ တနင်္လာ ကေသာ ဆံဖြတ် မပြုအပ် တဲ့…။ ကိုကိုပေးသမျှ ဆင်ခြေတွေထဲမယ် ဒီတစ်ခါပေးတဲ့ ဆင်ခြေက အရယ်ရဆုံးပဲ လို့ ပြောရင်း ရယ်ပြီးရင်း ရယ်နေမိတော့တယ်။ ကဲ… အဲဒါဆိုရင် မွေးနေ့ သောကြာ တနင်္လာ ကေသာ ဆံရှင်း ရောဂါကင်း လို့… ပြန်ပြောလိုက်တော့ ကိုကို့အသံ တိတ်သွားတယ်။ ကျွန်မ မရပ်မနား ဆက် ရယ်နေမိတယ်။ ဒါဆိုလည်း ဆံပင်ညှပ်ဆိုင် သွားတော့မယ် တဲ့… လေသံက ကျွဲမြီးတိုနေတဲ့ လေသံ…။

တနင်္လာနေ့တိုင်း ကျွန်မလျှောက်နေကျ လမ်းကလေးရဲ့ ဘေးတစ်ဖက် တစ်ချက်မှာ စိမ်းညို့နေတဲ့ သစ်တောအုပ်လေးတွေ ရှိတယ်။ နေပွင့်ချိန်ဆို သစ်ပင်အုပ်တွေကြားထဲက တိုးထွက်လာတဲ့ နေရောင်တန်းလေးတွေ မြင်ရတတ်တယ်။ မိုးရွာပြီးစ မနက်ခင်းတွေမှာ သစ်ရွက်စိမ်းတွေပေါ်က ရေစက်ကလေးတွေကို လက်နဲ့ လှမ်းထိလို့ရတတ်တယ်။ တခါတခါကျတော့ လမ်းကလေးတလျောက်မှာ မြူတွေ ဆိုင်းဝေ နေတတ်ပြန်သေးတယ်။ သိပ်ချစ်စရာကောင်းတဲ့ လမ်းကလေး…။ 

လမ်းလျှောက်နေတုန်းမှာ ထောက်ကနဲ အသံတစ်ခု ကြားလိုက်တယ်။ ကိုကို ဆေးလိပ်မီးညှိဖို့ မီးခြစ် ခြစ်လိုက်တဲ့ အသံ… ဟော… စကားပြောနေတဲ့ကြားထဲ ဒီဆေးလိပ်ကလည်း သောက်ရပြန်ပြီ ဆိုတော့ ကိုကို သိပ်သဘောကျသွားတာ…။ အကုန်သိနေတာပဲနော် တဲ့… အဲဒီလောက် ပါးလှစ်တဲ့ မိန်းမမျိုးကို ကျွန်တော် ကြောက်ပါတယ် ခင်ဗျာ… လို့ ခနဲ့တဲ့တဲ့ ပြောသေးတာ…။ အို… ဒါများ ဘာဆန်းတာလိုက်လို့… ကိုကိုကရော… ကျွန်မ လမ်းလျှောက်ရင် ကြားရတဲ့ ဖိနပ် အသံကိုတောင်မှ အနိမ့်အမြင့် အထူအပါး ခွဲခြားတတ်သေးတာ မဟုတ်လား။ ဒီနေ့က Pencil Heel… ဒီတခါ Wedge Heel… ဒီတခါ Block Heel စသည်ဖြင့်… ကိုကို ပြောလိုက်တိုင်း လျှောက်လက်စ ခြေလှမ်းတွေ ရပ်တန့်သွားတဲ့အထိ တအံ့တသြ ဖြစ်ရစမြဲ…။ အမြင်အာရုံတွေ အသုံးမဝင်သေးတဲ့အချိန်မှာ အကြားအာရုံတွေ ပိုကောင်းနေတတ်တယ် ဆိုတာ သိသလား… လို့ ကိုကိုပြောတော့ ဝမ်းနည်းရိပ်တွေနဲ့ မျက်ရည်ဝဲရစမြဲ…။ တစ်နေ့တော့ တွေ့ဖြစ်ကြမှာပါရယ်… လို့ လေသံ တိုးတိုးနဲ့ မရဲတရဲ အားပေးရစမြဲ…။

ဒီနေ့ ကိုကို ပြောတဲ့ စကားတွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံး အကြောင်းအရာဟာ သူငယ်ချင်းလက်ထဲ ခဏအပ်ခဲ့တဲ့ သေနပ်တစ်လက် အကြောင်းလား… (ဒီကိစ္စကတော့ နည်းနည်း ရယ်ရတယ်…) ကျွန်မတို့ မြို့ပျက်လေးမှာ အနှိပ်ခန်းတွေ၊ ကာရာအိုကေခန်းတွေ အလွန်အမင်း ပေါများလာပြီး အဲဒီနေရာတွေမှာ အရွယ်ရောက်စ မိန်းကလေးငယ်တွေ ရာနဲ့ချီပြီး အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ အကြောင်းလား… ဒါမှမဟုတ် အင်းလျားကန်စပ်က ဆိုင်လေးတွေမှာ စားပွဲထိုးနေတဲ့ အသက် ဆယ်နှစ် ပတ်ဝန်းကျင် ကလေးငယ်တွေ အတန်းပညာ မသင်ကြရတဲ့ အကြောင်းလား… ဘုရားဖူးရင်း တောင်းခဲ့တဲ့ ဆုတောင်းတွေ အကြောင်းလား… ကျွန်မ စဉ်းစားနေမိတယ်။

ညက လ မသာဘူး… ဒါပေမဲ့ နက်ပြာရောင် ကောင်းကင်ပေါ်မှာ လင်းလက်နေတဲ့ သောကြာကြယ်လေး တစ်လုံးကိုတော့ ထင်ထင်ရှားရှား တွေ့ခွင့်ရတယ်…။ တစ်ယောက် တစ်နေရာစီကနေ အတူတူ မြင်ခွင့်ရတဲ့ သောကြာကြယ်လေးကို ကျေးဇူးတင်ပါတယ် လို့ စိတ်ထဲကနေ လှမ်းပြောလိုက်သေးတယ်။ အချစ်အကြောင်း ပြောဖို့ မလိုအပ်တဲ့ စာတစ်ပုဒ်ဖြစ်ပေမယ့် အမျိုးအမည် ဖေါ်ပြလို့မရတဲ့ အလွမ်းတချို့ကတော့ လေအဝှေ့မှာ နူးနူးညံ့ညံ့ ပြေးလွှား ဆော့ကစားလို့…။

သေချာတယ်… အဲဒါ ကိုကိုနဲ့ ကျွန်မရဲ့ တနလာင်္ပဲ…။

21 comments:

  1. နူးနူးညံ့ညံ့နဲ့ချစ်စရာလေး..ရေးတတ်လိုက်တဲ့ တီသက် <3

    ReplyDelete
  2. တနင်္လာနေ့မှာ ဖတ်လိုက်ရတဲ့ တနင်္လာပို့စ်ကြောင့် Monday Blue တွေတောင် ပျောက်သွားတယ်။ အဲဒီ ကိုကိုက အမြင် အာရုံ ချို့ယွင်းနေသူလို့ ထင်ပါတယ်။

    ReplyDelete
  3. ဆုမြတ်လေး ကျေးဇူးပါ...

    ချို... ကိုကိုက အမြင်အာရုံတွေ မချို့ယွင်းနေပါဘူး... အနေဝေးလွန်းလို့ မြင်ဖို့ တွေ့ဖို့ အခွင့်အရေး မရသေးသူ တယောက်ပါ...း-)

    ReplyDelete
  4. အရမ်းကြိုက်တယ်....း))

    ReplyDelete
  5. အားပါးပါး၊ကောင်းလိုက်တာ :)

    ReplyDelete
  6. ကိုကိုဖတ်သွားပါတယ် ခွိခွိ

    ReplyDelete
  7. ဒီလိုနဲ့ တနင်္လာဟာလှပနေခဲ့
    နူးညံ့တဲ့ဖွဲ့ဆိုမှု့တွေအောက်မှာ တနင်္လာဟာရင်ခုန်ကြည်နူးဖွယ်ရာ

    တင်သိန်းအေး

    ReplyDelete
  8. ကြိုက်တယ်...
    တနင်းလာနေ့ ကုန်သွားမှာစိုးရိမ်နေဆဲ.....

    ReplyDelete
  9. တနင်္လာနေ့ လေးက နူးညံ့လွန်းပြီး ရေးတတ်လိုက်တာ...

    ReplyDelete
  10. ချစ်စရာကောင်းလိုက်တဲ့ စာစုလေး။း)

    ReplyDelete
  11. စာကြောင်းတိုင်းက အချစ်တွေ၊အလွမ်းတွေနဲ့ နုညံ့လို့။

    ReplyDelete
  12. သာသာယာယာ တနင်္လလာ ... :)

    ReplyDelete
  13. လှတယ် အမ၊
    ကျွန်မလည်း ဒီလိုလေး ရေးချင်လိုက်တာ။

    ReplyDelete
  14. ဇော်မင်းရွန်းနီSeptember 17, 2013 at 8:02 PM

    ဖတ်လို့ကောင်းပါသည်.သောကြာမလေးကိုသတိရသွားမိပါသည်.ကျေးဇူးပါ

    ReplyDelete
  15. အချစ်၇ှိတဲ့တနင်္လာ ဆိုပါတော့ မကြီး

    ReplyDelete
  16. နုဖတ်နေတဲ့ ကြည်နူးသိမ်မွေ့နေတဲ့ တနလာင်္လေး..

    ReplyDelete
  17. ဖတ်ရတာ ကြည်နှုးစရာ တကယ်ကောင်းတယ်။

    ReplyDelete
  18. နောက်တခေါက်လျှောတ်လယ်ရင်းမှ၊အချစ်ဝတ္တုတိုကိုကဗျာလိုရေတက်တာလေးစားပါတယ်အန်တီ :)

    ReplyDelete
  19. အိုး.. အဲဒီလို အက်ဆေးရွရွလေးတွေ ဖတ်ရရင် စိတ်ထဲမှာ ကျေနပ်လို့ဗျာ... :))

    ReplyDelete
  20. ကြိုက်တယ်. ကိုကို့ ကိုရော. ကျွန်မကိုရော. တင်္နလာကိုရော. ပြီးတော့ ရေးတတ်လွန်းတဲ့သက်ဝေကိုရော

    ReplyDelete
  21. အစ်မရဲ့ အက်ဆေးလေးတွေက အမြဲ ဖတ်လို့ကောင်းတယ်။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...