Sunday, December 1, 2013

အချိန်မှန် ဒီဇင်ဘာ

ဘယ်တုန်းကမှ မရောက်စေချင်ခဲ့တဲ့ ချိုရှရှ ဒီဇင်ဘာဟာ သူ့အလုပ် သူလုပ်ရင်း အချိန်မှန်မှန် - မပျက်မကွက် ရောက်လာခဲ့တယ်…။ ဆောင်းရယ်လို့ မပီပြင်ပေမဲ့ မနက်ခင်းတွေတိုင်းကတော့ အေးစိမ့်စိမ့်နဲ့ပါ…။ အဲဒီ မနက်ခင်းတွေထဲက ရုတ်သိမ်းမဲ့သူမရှိတဲ့ အဖြူရောင် တီရှပ်တစ်ထည်နဲ့ အရောင်လွင့် နေတဲ့ ဂျင်းဘောင်းဘီ ဟောင်းဖျော့ဖျော့ဟာ ဟိုးခပ်ဝေးဝေးက တန်းပေါ်မှာ အလှမ်းခံထားရဆဲ… နက်ပြောင်ပြောင် လယ်သာရှူးတစ်စုံ နဲ့ အညိုရောင် ကျောပိုးအိတ် တစ်လုံးဟာ အရိပ်ကောင်းကောင်းနဲ့ လမ်းမကျယ်ပေါ်မှာ ပိုင်ရှင်မဲ့စွာနဲ့ တစ်လှမ်းချင်း မှန်မှန် လျှောက်နေခဲ့တယ်။ အဲဒီလိုလျှောက်နေရင်း စိမ်းညို့နေတဲ့ ကုက္ကိုပင်အောက်ကို ရောက်တဲ့အခါမှာတော့ သူ့ချစ်သူ မိန်းကလေးနဲ့ တွေ့ဖို့ ခဏရပ်စောင့်ခဲ့တာပေါ့…။ မိန်းကလေးရဲ့ နှုတ်ခမ်းပါးက အရယ်အပြုံး နဲ့ မျက်ဝန်းနက်နက်တွေက အကြည့်တွေဟာ ဒီဇင်ဘာရဲ့ အမှတ်အသားတစ်ခုအဖြစ် အဲဒီ အပင်ကြီးအောက်မှာ နောင်နှစ်ပေါင်းများစွာ အထိ (သို့မဟုတ်) ဒီအပင်ကြီး အသက်ရှိနေသ၍ တည်နေအုံးမှာ။ လူစည်ကားတဲ့ ကားမှတ်တိုင်တစ်ခုမှာ ယှဉ်တွဲရယ်နေရင်းက အနီနဲ့ အစိမ်းကွက် ရှပ်အင်္ကျီဝတ် ချစ်သူမိန်းကလေးရဲ့ နှုတ်ခမ်းပေါ်က နှုတ်ခမ်းနီကို ဒါ ဘာအမျိုးအစားလဲ… အရောင်နံပါတ် ဘယ်လောက်လဲ လို့ ခပ်တိုးတိုး မေးခဲ့ဖူးတာ ဘယ်သူသိတာလိုက်လို့…။ ဒါပေမဲ့လည်း "လာလေ… အိမ်ပြန်ကြရအောင်..." လို့ ပြောလိုက်တဲ့အချိန်မှာပဲ လမ်းဘေးက ဓါတ်မီးတိုင်တွေ ရုတ်တရက် လင်းလက်လာခဲ့တာ… မှတ်မိတယ် မဟုတ်လား…။ အဲဒါ ဟိုတုန်းက ဒီဇင်ဘာပဲ…

သတိမရချင်တဲ့ ဒီဇင်ဘာဟာ တရွေ့ရွေ့နဲ့ ခြေလှမ်းရင်း မျက်စိရှေ့မှောက်ကို ဆိုက်ဆိုက်မြိုက်မြိုက် - မပျက်မကွက် ရောက်လာခဲ့တယ်…။ နှင်းရယ်လို့ မဝေနေပေမဲ့ မြူတွေကတော့ ဟိုနား ဒီနားမှာ မသဲမကွဲ အုံ့ဆိုင်းလို့…။ စားမဲ့သူမရှိတဲ့ ချောကလက်ကိတ်တစ်လုံးနဲ့ ပြောင်းဖူးကြော်တစ်ပန်းကန်ဟာ သီချင်းဖွင့်လက်စ ကွန်ပျူတာတစ်လုံးနဲ့အတူ စားပွဲပေါ်မှာ ခြောက်သွေ့ အေးစက်နေဆဲ…။ မီးရောင်လဲ့လဲ့နဲ့ တစ်လမ်းမောင်း ဥမင်လှိုင်ခေါင်းတွေထဲ ဖြတ်သွားမိချိန်တွေမှာ အရာရာအတွက် စိတ်ရောကိုယ်ပါ လုံခြုံလိုက်တာ ဆိုတာလေ…။ အပြင်ဖက်က အလင်းရောင် ပြပြကို မမြင်ရခင်အချိန်အထိ ဆိုပါတော့…။ အဲဒီအချိန်မှာ အင်္ဂလန်နိုင်ငံက ဝေလ မင်းသမီး ကားမတော်တဆမှုဟာ ဒီလို ဥမင်လှိုင်ခေါင်းထဲမှာ ဖြစ်ခဲ့တယ်ဆိုတာကိုတော့ နှစ်ဦးသား စိတ်တူ ကိုယ်တူ မေ့ထားခဲ့ကြတာပေါ့။ အစိမ်းရောင် လည်ပတ်လေးတွေ တပ်ထားတဲ့ နွားရုပ်လေးတွေရှိတဲ့နေရာကို ရောက်တဲ့အချိန်မှာ အာလူးတွေ၊ လိမ်မော်သီး အပုံလိုက်တွေကြားက မုန်လာဥအနီနဲ့ အစိမ်းရောင် ဆလပ်ရွက်တွေကိုသာ အရင်ဆုံး သတိထားမိခဲ့ကြတာ... အဲဒါကိုအတွေ့မှာ ဒါ ဒီဇင်ဘာပဲဆိုတာ အမှတ်တရနဲ့ ပိုလို့သေချာသွားခဲ့တာ…။ အဲဒီအချိန်က နှစ်ဦးသားရဲ့ ကြည်စင် ရယ်မောသံတွေဟာ ဘုရားကျောင်းက ခေါင်းလောင်းထိုးသံကိုတောင် တိုးဖျော့သွားစေခဲ့တာ…။ ဒီဇင်ဘာကို ကြိုကြတဲ့ လူအုပ်ကြီးထဲ လက်ချင်းတွဲလို့ အလိုက်သင့် အလျားသင့် ရွေ့လျားသွားခဲ့ကြ… သီချင်းတွေ အတူဆိုခဲ့ကြ… ပုံပြင်တွေ တစ်ယောက်တစ်လှည့် ပြောပြခဲ့ကြ… အိပ်မက်မက်ဖို့ အတွေးတွေ စိတ်ကူးတွေ ဆင်တူတွေးမောခဲ့ကြတာ… မှတ်မိတယ် မဟုတ်လား…။ အဲဒါ ဟိုတုန်းက ဒီဇင်ဘာပဲ…

ဖိတ်ခေါ်စရာမလိုပါပဲ လောလောလတ်လတ် ရောက်လာတဲ့ ဒီနေ့ ဒီဇင်ဘာရဲ့ မြင်ကွင်းထဲကို အလိုက်တသင့် စီးမျောလာတဲ့ ပထမဦးဆုံး ပုံရိပ်ကတော့ စူပါမားကက်တစ်ခုထဲမှာ ခင်းထားတဲ့ အရောင်လှလှ ငရုတ်သီးဗန်း နှစ်ခု…။ အရသာ ပျောက်ဆုံးပြီး လေးလံ ထူထိုင်း အညောင်းမိနေတဲ့ ဆင်တူ နေ့ရက်တွေအတွက် ပူလောင်လောင် စပ်ရှရှ ခံစားမှု တစုံတရာကို လိုချင်သလားလို့ စဉ်းစားမိတဲ့အချိန်မှာ အဲဒီဲငရုတ်သီးတွေကို ခြင်းထဲ ကောက်ထည့်မိလျက်သား ဖြစ်နေခဲ့တယ်။ အိမ်ရောက်လို့ စားကြည့်လိုက်တော့ အဲဒီငရုတ်သီးတွေက ထင်ထားသလို မစပ်ကြဘူး… ခပ်သင်းသင်းအနံ့တစ်ချို့ကိုသာ မပီမသ ရခဲ့တယ်။ အယောင်ဆောင် ငရုတ်သီးတွေရယ်လို့ မတိုးမကျယ် မြည်တွန်တောက်တီးလိုက်ရင်း ၀ယ်လာတဲ့ အဲဒီငရုတ်သီးနှစ်ထုပ်ကို  အမှတ်တမဲ့ ပြန်ကြည့်လိုက်တော့ မျက်စိထဲ ၀င်လာတာက ဒီဇင်ဘာရဲ့ အရောင်တွေ… ပြီးတော့ ဒီဇင်ဘာရဲ့ အမှတ်အသားတွေ…။
ဟုတ်တယ်.. အစိမ်းနဲ့ အနီ… သို့မဟုတ် အနီနဲ့ အစိမ်း… ဒါ ဒီဇင်ဘာရဲ့ အမှတ်အသားပဲ…။ ဒီဇင်ဘာရဲ့ အိမ်ခန်း အဝင်တံခါးဝမှာ ချထားတဲ့ ပန်းအိုးကို ကြည့်လိုက်မိတော့လည်း မယုံကြည်နိုင်စရာ… အစိမ်းနဲ့ အနီ ရောယှက်နေတဲ့ Christmas Plant တွေ…။ ပြီးတော့ ဒီဇင်ဘာ လျှောက်လာတဲ့ လမ်းမကျယ် တလျှောက်မှာ အစိမ်းနဲ့ အနီတွဲနေတဲ့ ကြယ်မီးပုံးတွေ… ဒီဇင်ဘာရပ်နားနေတဲ့ ကော်ဖီဆိုင်က ထိုင်ခုံ အနက်ရောင်တွေနားမှာ စိမ်းတစ်ခါ နီတစ်လှည့်လင်းနေတဲ့ မီးလုံးသေးသေးလေးတွေ… ဒါတင် ဘယ်ကမလဲ… အစိမ်းတွေ အနီတွေဟာ ဒီဇင်ဘာ တိုးဝင်သွားတဲ့ သစ်တောအုပ်အုပ်လေးထဲမှာ… မတိုးမကျယ်ကြားနေရတဲ့ ဒီဇင်ဘာ တေးသွားတွေထဲမှာ… ရယ်မောသံတွေကြားမှာ… ငိုရှိုက်သံတွေကြားမှာ… သက်ပြင်းချသံတွေကြားမှာ… ညနက်နက်တွေကြားမှာ…  အနီရောင်တွေ… အစိမ်းရောင်တွေ… အိုး… ဒီဇင်ဘာ…

ပြေးထွက်လို့၊ ရှောင်တိမ်းလို့ ဘယ်နည်းနဲ့မှ မလွတ်နိုင်တော့တဲ့ ဒီဇင်ဘာ…
စိတ်ကြိုက်သာ ချယ်လှယ်ပါတော့…

11 comments:

  1. အဝါနဲ့အနီဆိုရင်ပိုပြီပြင်လာမယ်ထင်တယ် :P

    ReplyDelete
  2. ဒီဇင်ဘာရဲ့ နှင်းငွေ့ တွေကိုချစ်တယ်။
    ဒီဇင်ဘာရဲ့ ခါးသည်းတဲ့ခံစားချက်တွေကိုမုန်းတယ်။
    သူ့ ကိုလိုလားသည်ဖြစ်စေမလိုလားသည်ဖြစ်စေသူရောက်လာပြန်ပြီလေ။
    အနီနဲ့ အစိမ်းတွေပေါ့။
    အိုင်အိုရာ

    ReplyDelete
  3. frozen ဇာတ်လမ်းထဲမှာတော့ အဖြူနဲ့ အပြာ

    ReplyDelete
  4. frozen ဇာတ်လမ်းထဲမှာတော့ အဖြူနဲ့ အပြာ

    ReplyDelete
  5. frozen ဇာတ်လမ်းထဲမှာတော့ အဖြူနဲ့ အပြာ

    ReplyDelete
  6. frozen ဇာတ်လမ်းထဲမှာတော့ အဖြူနဲ့ အပြာ

    ReplyDelete
  7. အရသာပျောက်ဆုံးပြီး လေးလံထူထိုင်းအညောင်းမိနေတဲ့ ဆင်တူနေ့ရက်တွေ

    ဒါပေမာ့် ချိုသော ဒီဇင်ဘာပါ အမသက်

    ReplyDelete
  8. နှစ်တနှစ်ကုန်ဆုံးမယ့် အချိန်လေးအဖြစ် ဒီဇင်ဘာရောက်ရင် လွမ်းလွမ်းဆွေးဆွေး ဖြစ်ရပြန်တယ်...အမသက်ဝေ
    လှပတဲ့အက်ဆေးလေးဖတ်ရင်း လွမ်းရတယ်
    ချစ်ခင်စွာ
    သဒ္ဓါ

    ReplyDelete
  9. မြင်မိပါတယ် ဒီဇင်ဘာဆိုရင် အနီနဲ့အစိမ်း

    ReplyDelete
  10. ဒီဇင်ဘာဆို တာက လးတိုင်းအတွက်
    အမှတ်တရ လ လေးတလဘဲထင်ပါရဲ့
    ဒီဇင်ဘာရောက်ရင်ကို စိတ်ထဲတမျိုးဘဲ

    ReplyDelete
  11. ပြေး ထွ က် လို့ ၊ေ ရှာ င် တိ မ်း လို့ ဘ ယ် န ည်း နဲ့ မှ မ လွ တ် နို င်ေ တာ့ တဲ့ ဒီ ဇ င် ဘာ . . . . . .
    စိ တ် ကြို က် သာ ချ ယ် လှ ယ် ပါေ တာ့ . . . . . . )))

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...