Friday, December 13, 2013
အိမ်
အိမ် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က “The place where one lives permanently, especially as a member of a family or household.” လို့ ဆိုတယ်။ သို့သော်လည်း အခုအချိန်မှာ လူတိုင်း လူတိုင်းဟာ ကိုယ့်ဘ၀အတွက် တိုးတက်ရာ တိုးတက်ကြောင်း၊ ကိုယ့်မိသားစု အတွက် ကောင်းရာ ကောင်းကြောင်းတွေကို ရှာဖွေရင်း ရေကြည်ရာ မြက်နုရာ နေရာဒေသအနှံ့အပြားကို အလျဉ်းသင့်သလို ရွှေ့ပြောင်းပြီး နေထိုင်ကြရတယ်…။ မိသားစုဝင်တွေအားလုံး တစ်နေရာထဲမှာ၊ တစ်မိုးထဲအောက်မှာ တစုတစည်းထဲ အတူတကွ နေထိုင်ကြရတဲ့အချိန်တွေ နည်းပါးသည်ထက် နည်းပါးလာတယ်။ အဲဒီလိုနဲ့ တခါတရံမှာ အိမ်ဆိုတဲ့ စကားလုံးရဲ့ အနှစ်သာရ ပျောက်ဆုံးနေသလို ခံစားကြရတယ်…။ ဘယ်လိုပဲဖြစ်ပစေ… ကိုယ်လက်ရှိနေထိုင်နေတဲ့ နေရာလေးကို လှပသပ်ရပ်ပြီး နေချင်စဖွယ်ဖြစ်အောင် ဖန်တီးနိုင်ရင်၊ နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်… လို့ ဆိုရမှာ မဟုတ်လား…။
ဘာရယ်မဟုတ် "အိမ်" အကြောင်းကို အဲဒီလို စဉ်းစားမိရင်း ကျွန်မ နေထိုင်ခဲ့ဖူးတဲ့ အိမ်တွေကို လက်ချိုးပြီး ရေတွက်ကြည့်မိတော့ လောလောဆယ် နေနေတဲ့ အိမ်အပါအ၀င် လက် ငါးချောင်းထက် မပိုတာ တွေ့ရတယ်။ အဲဒီ အိမ်လေးတွေကို အမှတ်ရ ချစ်ခင် သတိရစိတ်နဲ့ ဒီပိုစ့်လေးကို ရေးပါတယ်။
ပထမဆုံး အိမ်လေးကို ကလေးဘ၀မို့ ၀ိုးတ၀ါးသာ မှတ်မိခဲ့တယ်။ ကြိုးစားပြီး ပုံဖေါ်ကြည့်လိုက်ရင်တော့ သံဇကာကွက် အစိမ်းရောင်၊ အိမ်ရှေ့က မြေကျယ်ကျယ်၊ ခြံထောင့်တစ်နေရာက ရေတွင်းဟောင်းတစ်လုံး… အဲဒီလောက်ပဲ အမှတ်ရတော့တယ်…။
ဒုတိယ အိမ်ကလေးကိုတော့ အဲဒီအိမ်လေးမှာ နေရင်း အရွယ်ရောက် ကြီးပြင်းလာခဲ့ရတာမို့ တော်တော်လေး မှတ်မိတယ်။ အဲဒီ အိမ်လေးမှာ နေရင်း ကျောင်းတက်လိုက် စာကျက်လိုက်နဲ့ အချိန်တွေ တစ်နှစ်ပြီး တစ်နှစ် ကုန်လာခဲ့တယ်။ အချိန်တွေ ကြာလာတာနဲ့ အမျှ အိမ်ကလေးဟာလည်း တဖြည်းဖြည်းနဲ့ အိုဟောင်းလာတယ်။ ဒါကြောင့် အိမ်ကလေးကို အသစ်ပြန်ဆောက်ဖို့ စိတ်ကူး တိုင်ပင်ကြတယ်။ ဖေဖေက အဝေးမှာ အလုပ်လုပ်နေတာမို့ မေမေရယ် ကျွန်မတို့ မောင်နှမ နှစ်ယောက်ရယ်၊ အဖိုးရယ် အိမ်ပြန်ဆောက်ဖို့ ဖြစ်ပါ့မလားရယ်လို့ ဖေဖေက စိတ်ပူနေပါသေးတယ်။ ဒါပေမဲ့ အဆင်ပြေခဲ့ပါတယ်။ အိမ်ကလေးကို ပြန်ဆောက်တဲ့အခါမှာ အစစ အရာရာ စီမံ ခန့်ခွဲပြီး တာဝန်ယူပေးသူက ကျွန်မ Other Half ရဲ့ မိဘတွေပါ။ ဒုတိယနှစ် စက်မှုတက္ကသိုလ်ကျောင်းသူ ကျွန်မကတော့ မတတ် တတတ်နဲ့ အိမ်ပုံစံလေးတွေ အခန်းဖွဲ့လေးတွေ ဆွဲခဲ့ပါတယ်… ရိုးရိုး ရှင်းရှင်းပါပဲ…။ အဲဒီ အိမ်ကလေး ပြန်ဆောက်နေတဲ့ အချိန်မှာ ကျွန်မတို့ မိသားစုက မျက်နှာချင်းဆိုင် အိမ် အောက်ထပ်လေးမှာ ခဏ ငှားပြီး နေခဲ့ကြတယ်။ ဖြစ်ချင်တော့ အဲဒီအချိန်က ကျွန်မတို့ ကျောင်းတွေ ပိတ်ထားတဲ့ အချိန်ဆိုတော့ အိမ်ဆောက်တဲ့နေရာမှာ အချိန်ပြည့် နေနိုင်ခဲ့တယ်။ အုတ်ကား သဲကား ဘိလပ်မြေကားတွေနဲ့ သစ်ပုံတွေ အုတ်ပုံတွေ အလုပ်သမားတွေကြားမှာ လူးလာ ခေါက်ပြန် ကူးသန်းပြီး အိမ်အသစ်ကလေးအတွက် မမောနိုင် မပန်းနိုင်။
အိမ်ဆောက်တဲ့ အချိန်မှာ အလုပ်တွေကတော့ တော်တော်လေး ရှုပ်ပါတယ်…။ အိမ်အဟောင်းကို ဖျက်တာ၊ မြေပြန်တိုင်းတာ၊ မြေသန့်တာ၊ ပြီးတော့ အန္တရာယ်ကင်း ဘေးကင်း ပရိတ်ရွတ်တာ၊ နေ့ကောင်းရက်သာ ရွေးပြီး ပန္နက်ရိုက်တာ၊ အ၀ီစိရေတွင်း တူးတာ၊ အိမ်တိုင်ထူတာ… စသည်ဖြင့်…။ အဲဒီအထဲမှာမှ ထူးထူးဆန်းဆန်း လုပ်ရတဲ့ ကိစ္စတစ်ခုကတော့ အိမ်အ၀င်ပေါက် ခြံစည်းရိုးနားမှာ ရှိနေတဲ့ ဓါတ်တိုင်ကို ကားဝင်စရာ တံခါးပေါက် အတွက် မလွတ်တော့လို့ တဖက်ဘေးကို ပြန်ရွှေ့ရတာပါ။ အဲဒီနေ့မှာ ပတ်ဝန်းကျင်က အိမ်တွေကိုပါ မီးတွေ အရင် ဖြတ်၊ ဓါတ်တိုင် ရွှေ့မယ့် အကွာအဝေးတလျောက်ကို မြောင်းတူးပြီး ကရိန်းကားနဲ့ ဓါတ်တိုင်ကို ဆွဲပြီး ရွှေ့ရတာ…။ အဲဒီနေ့က အိမ်ရှေ့မှာ သူ့အလိုလို ပေါက်လာတဲ့ လူတရပ်ကျော်ကျော် မြင့်နေတဲ့ တမာပင်လေးကို ခုတ်လိုက်ရလို့ စိတ်မကောင်းဖြစ်ရတာ ခုထိ မမေ့ဘူး။ အိမ်ရှေ့ တမာ နောက်ဖေး ခံတက် စီးပွားတက် ဆိုတဲ့စကားကို ကြားဖူးပြီး အဲဒီ သူ့အလိုလို ပေါက်လာတဲ့ တမာပင်လေးကို လောဘစိတ်နဲ့ သဘောကျနေတာလေ…။
အဲဒီအချိန်က အိမ်မိုးစရာ သွပ်တွေ ဖေဖေက (ဘယ်ကလဲ ဆိုတာ မမှတ်မိ) လှမ်းမှာပြီး ပို့ပေးတယ်။ ကားသွင်းသလိုပဲ ပါမစ်တွေ လုပ်ပြီး သွင်းရတာ…။ ရန်ကုန်ကို ရောက်လာတော့လည်း ကား ထုတ်သလိုပဲ ဆိပ်ကမ်းထဲမှာ သွားထုတ်ရတာ…။ ဖေဖေက အများကြီး ပို့လိုက်တော့ အိမ်အတွက် သုံးဖို့ လိုသလောက် ချန်ပြီး ပိုနေတဲ့ သွပ်တွေကို ဆိုင်မှာ သွားပြန်သွင်းကြတယ်။ အိမ်ဆောက်ပစ္စည်းဆိုင်တွေက အဲဒီအချိန်က ၂၇ လမ်း ၂၈ လမ်း ၂၉ လမ်း အဲလိုလမ်းတွေထဲမှာ…။ ဆိုင်တွေ အားလုံးက သွပ်တွေ ကားပေါ်တင်ပြီး လာရောင်းတဲ့ ကလေးသာသာ ကျွန်မတို့ မောင်နှမနှစ်ယောက်ကို မအူမလည်လေးတွေ မောင်အချဉ်လေး မအချဉ်လေးတွေလို့ မှတ်ယူကြပုံရပါတယ်။ သူတို့ အခေါ် ဂိတ် အကောင်းစား၊ အထူစား သွပ်တွေကို သူ့ထက် ငါ ဈေးနှိမ်ပြီး ပေးကြတယ်။ ကျွန်မတို့ကလည်း တန်ရာ တန်ကြေး ပေါက်ဈေးအတိုင်းပဲ တောင်းတာပါ။ တစ်ဆိုင်ကတော့ ပစ္စည်းကို တအား သဘောကျနေတော့ ကျွန်မတို့ တောင်းတဲ့ ဈေးနဲ့ ယူမလိုလို ပြောပြီး အလုပ်သမားတွေကို သွပ်တွေ ကားပေါ်က ချခိုင်းတယ်။ တကယ်တန်း တေ့တေ့ဆိုင်ဆိုင်ပြောလည်း ပြောရော ဈေးတွေ နှိမ်ပါလေရော… ကျွန်မရော မောင်လေးရော စိတ်တွေ ဆိုးပြီး သွပ်တွေ အခု ကားပေါ် ပြန်တင် လို့ ခိုင်းပြီး ပစ်ကပ်ကား နောက်ဖုံးကို ပိတ်ပလိုက်ကြတယ်။ တော်ပြီ မရောင်းတော့ဘူး ဆိုပြီး ကား ထွက်မယ် အလုပ်ကျမှ တခြားဆိုင်တွေက လူတွေပါ ရောက်လာပြီး ပြောတဲ့ဈေးနဲ့ ယူပါ့မယ် သူ့ ရောင်းပါ ငါ့ ရောင်းပါနဲ့ ဖြစ်လာကြတယ်။ နောက်ဆုံး ကျွန်မတို့ လိုချင်တဲ့ ဈေးနဲ့ပဲ အရောင်းအ၀ယ်ဖြစ်သွားတယ်။ နောက်တော့ သူတို့ အတင်းပြောတာ ပြန်ကြားရတာ… သွပ်လာရောင်းတဲ့ မျက်မှန် မောင်နှမ နှစ်ယောက် အတော်လည်တာပဲ တဲ့…။
အိမ်တစ်လုံးမှာ လှေခါးတစ်စင်းဟာ အတော်ကို အရေးပါတယ် ဆိုတာ ကိုယ် တကယ် အိမ်ဆောက်တော့မှ သိခွင့်ရတယ်။ အပေါ်ထက်အတွက် လှေခါးထစ်တွေ၊ လှေခါး လက်ရန်းတွေ ရုပ်လုံးပေါ်လာတော့ အိမ်တက် လိုမျိုး… လှေခါး တက် အခန်းအနား လုပ်ရမယ်တဲ့…။ ဒီတော့ နေ့ကောင်းရက်သာ ရွေးရပြန်တယ်။ ပြီးတော့ အုန်းပွဲ ငှက်ပျောပွဲနဲ့ ဖယောင်းတိုင် အမွှေးတိုင်တွေ ထွန်းပြီး လက်သမားအဖွဲ့ခေါင်းဆောင်က ရှေ့က တက်… ပြီးတော့ မိသားစုတွေ အလုပ်သမားတွေ အားလုံး တထစ်ချင်း လှေခါးတက် အခန်းအနားကို ကျင်းပကြရတယ်…။ နောက်တော့ အိမ်သားတွေရယ် ဖိတ်ထားတဲ့ မိတ်ဆွေတွေရယ် အလုပ်သမားတွေရော အားလုံး အသင့်ဝယ်ထားတဲ့ ဒန်ပေါက်တွေ စားကြတယ်။ ပျော်စရာ အတွေ့အကြုံတစ်ခုပါပဲ…။
အိမ်တစ်လုံးရဲ့ အကြမ်းထည်ပြီးတော့ အတွင်းပိုင်း အလှဆင်တဲ့ အချိန်ဟာ ပျော်စရာအကောင်းဆုံးလို့ ကျွန်မ ထင်မိတယ်။ အိမ်လေးနဲ့ လိုက်ဖက်ပြီး ကိုယ်လည်း စိတ်တိုင်းကျတဲ့ ပစ္စည်းတွေ လိုက်ဝယ်ရတာ တကယ်ပဲ ပျော်စရာကောင်းလှတယ်။ ကြမ်းခင်း ကြွေပြား၊ နံရံကပ် ကြွေပြား၊ မီးခလုပ် မီးလုံး မီးဆိုင်း နံရံကပ် မီးလေးတွေ၊ တံခါးရွက် အမျိုးမျိုး ပြူတင်းပေါက်နဲ့ ခြင်ဇကာတွေအတွက် တံခါးလက်ကိုင်ဘုလေးတွေ၊ မီးဖိုခန်း ရေချိုးခန်း တွေအတွက် ရေပိုက် ရေပန်း စတဲ့ ပစ္စည်းတွေ အမျိုးအမည် ပေါင်းများစွာကို ရွေးချယ် ၀ယ်ယူရင်း တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာတဲ့ အိမ်ကလေးကို သိပ်ချစ်လို့ ည တရေးနိုးချိန်မှာတောင် ထကြည့်ခဲ့ဖူးတယ်။
အဲဒီအိမ်လေး အပြီးသတ်သွားတော့ ချစ်စရာ အိမ်လှလှလေးမှာ နေရတဲ့အတွက် သိပ်ပျော်တာပေါ့…။ ဒါပေမဲ့ နောက်နှစ်အနည်းငယ် ကြာတော့ ယောင်နောက် ဆံထုံးပါ… ကျွန်မ ချစ်တဲ့ အိမ်ကလေးကနေပြီး ခပ်ဝေးဝေးတစ်နေရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။ မီးရောင်တွေ တလက်လက်၊ တုတ်တုတ်လို့ ခေါ်တဲ့ သုံးဘီကားသံ တညံညံ၊ ကျွန်မ နားမလည်တဲ့ ဘာသာစကားတွေ ကလောက် ကလောက်နဲ့ ပြောနေကြတဲ့ ဘန်ကောက်မြို့ဟာ ကျွန်မကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပါတယ်။ အိမ်လို့ ခေါ်လို့မရတဲ့ Service Apartment အခန်းရှည်လေးတစ်ခုမှာ နေရတဲ့အခါ အနည်းငယ် စိတ်ကျဉ်းကြပ်စရာကောင်းပေမဲ့ ပျော်ခဲ့ပါတယ်။ လျှပ်စစ် ထမင်းချက်အိုးရယ်၊ ရေနွေးအိုးရယ်၊ မိုက်ခရိုဝေ့ဖ်ရယ်သာ အသုံးပြုခွင့်ရှိတာမို့ အစပိုင်းမှာ အနည်းငယ် အခက်အခဲတွေ့ရပါတယ်။ နောက်တော့လည်း အဲဒီပစ္စည်းတွေနဲ့ပဲ ကြက်ဥလည်း ကြော်လို့ ဖြစ်သွားသလို မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲတွေလည်း စားဖြစ်အောင် ချက်တတ်သွားပါတယ်။ အိမ် ဆိုတဲ့ ခံစားချက်ကတော့ သိသိသာသာ ပျောက်ကွယ်နေတာ သတိထားမိတဲ့ ကျွန်မ အမျိုးသားက နောက်တော့ အိမ်ခန်း ကျယ်ကျယ်လေး ရှာပြီး ပြောင်းကြတာပေါ့… လို့ အားပေးတတ်ပါတယ်။ အခုကတော့ ကလေးကလည်း ငယ်နေသေးတော့ အလုပ်နဲ့ နီးတဲ့ နေရာမှာ နေတာက အဆင်ပြေမှာမို့ပါ လို့လည်း ပြောတတ်ပါတယ်။
အဲဒီ ဘန်ကောက်က အိမ်ခန်းကလေးမှာ သုံးနှစ်ကျော် လေးနှစ်နီးပါး နေခဲ့ပြီး ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့လာလိုက်တာ… အခုဆိုရင် Second Home လို့ ခေါ်လို့ရပြီ ဖြစ်တဲ့ ကျွန်းပိစိလေးကို ရောက်လာပါတယ်။ ရောက်ရောက်ချင်း နေရတဲ့ အခန်းလေးက ကျဉ်းပေမဲ့ အိမ်နဲ့ တူတူတန်တန် နွေးထွေးခဲ့ပါတယ်။ ဧည့်ခန်း အိပ်ခန်း မီးဖိုခန်း ထမင်းစားခန်း စတဲ့ မကျဉ်းမကျယ် အခန်းလေးတွေ ပါဝင်တဲ့ အိမ်ခန်းလေး… ခဏ ငှားနေရတဲ့ အိမ်လေး ဖြစ်ပေမဲ့ စိတ်ထဲမှာ ကိုယ့်အိမ်လို သဘောထားပြီး လှလှပပ သပ်သပ်ရပ်ရပ် နေဖြစ်ခဲ့ပါတယ်…။
အဲဒီနောက်မှာတော့ ကျွန်မတို့ မိသားစုလေး သုံးယောက် နေလောက်ရုံ အိမ်ခန်း သေးသေးတစ်ခန်းကို ဖေဖေ မေမေတို့ရဲ့ ကျေးဇူးနဲ့ ၀ယ်ဖြစ်ခဲ့ပါတယ်…။ အိပ်ခန်း နှစ်ခန်းနဲ့ ဧည့်ခန်း မီးဖိုခန်း ရှည်မျောမျောလေးတွေပါဝင်တဲ့ အိမ်ကလေးကို ကိုယ့်အိမ်ဆိုတဲ့ အသိစိတ်နဲ့ ကျွန်မ အင်မတန် နှစ်သက်မိပြန်ရော…။ အိမ်ကလေးအတွက် သော့ရပြီးတော့ ကျွန်မတို့ နှစ်ယောက်သား အိမ်နံရံတွေကို အတူတူ ဆေးသုတ်ခဲ့ကြတယ်။ ပရိဘောဂ ပစ္စည်းတွေ စိတ်တိုင်းကျ ၀ယ်ပြီး နေရာချခဲ့ကြတယ်။ ပန်းချီကားတွေ မီးလုံး မီးဆိုင်းလေးတွေကိုလည်း အိမ်နဲ့ သင့်တော်သလို ပြင်ဆင် ချိတ်ဆွဲခဲ့ကြသေးတယ်…။ ကိုယ့်အိမ်လေးကို နေချင့်စဖွယ်ဖြစ်အောင် ကိုယ်တိုင် ပြုပြင်လိုစိတ်က ကျွန်မတို့ နှစ်ယောက်စလုံးမှာ စိတ်တူ ကိုယ်တူ ရှိနေခဲ့ကြတာ…။ အိပ်ခန်း ပြူတင်းပေါက်က လှမ်းကြည့်လိုက်ရင် အုန်းပင်ပုလေးတွေ စီတန်းနေတဲ့ အမိုးနိမ့်နိမ့်နဲ့ လူသွားလမ်းလေး… သူ့နဲ့ တဖက်ခြမ်းမှာရှိတဲ့ ကလေးကစားကွင်း… ကားရပ်တဲ့ နေရာ ဘေးနားက ကုက္ကိုပင်အကြီးကြီးတစ်ပင်… အားလုံးဟာ မြင်နေကျ မြင်ကွင်းပေမဲ့ အချိန်တိုင်း မရိုးနိုင်အောင် ကြည့်နေဖြစ်တဲ့ မြင်ကွင်းတွေပါပဲ..။ အဲဒီအိမ်ကလေးမှာ လေးနှစ်ကျော် နေခဲ့ပါတယ်…။ သားလေး ကြီးလာတာက တစ်ကြောင်း၊ မိဘတွေ လာရင် ကျယ်ကျယ်ဝန်းဝန်း ချောင်ချောင်ချိချိ နေရအောင် တစ်ကြောင်းတို့နဲ့ ဒီ့ထက် ကျယ်ဝန်းတဲ့ အိမ်တစ်ခန်း ရှာဖြစ်ခဲ့ပါတယ်…။
ကံကောင်းထောက်မစွာနဲ့ ကျွန်မ လိုချင်တဲ့ ပတ်ဝန်းကျင်မှာ ကျွန်မ စိတ်တိုင်းကျ အိမ်ကလေးကို သာမန်ထက် သက်သာတဲ့ဈေးနှုန်းနဲ့ ရခဲ့ပြန်ပါတယ်…။ အိမ်လေးရဲ့ နေရာ၊ အကျယ်အ၀န်းနဲ့ ပေးရတဲ့ တန်ဖိုးကို ကြားတဲ့သူတိုင်းက ကျွန်မတို့ကို သိပ်ကံကောင်းတာပဲ လို့ ပြောကြတယ်။ ရတနာသုံးပါး ကျေးဇူး၊ မိဘတွေကို ကိုယ်နဲ့ အတူတူ ထားပြီး ပြုစုစောင့်ရှောက်လိုတဲ့ စိတ်စေတနာတွေက ကျွန်မတို့ကို ကံကောင်းစေတယ်လို့ အမြဲ ယုံကြည်နေမိတာပါပဲ…။ ပြောင်းလာခါစက အရင် အိမ်ကလေးကို မကြာခဏ သတိရနေတတ်ပေမဲ့ ကိုယ့်စိတ်ကြိုက် အပြင်အဆင်၊ လုံလောက်တဲ့ အကျယ်အ၀န်း၊ အလင်းရောင်နဲ့ လေကောင်းလေသန့်၊ ရင်းနှီး နှစ်လိုဖွယ်ကောင်းတဲ့ အိမ်နီးချင်းတွေ၊ စိမ်းစို လှပပြီး တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်၊ လိုအပ်သမျှ နီးနီးနားနားမှာ အလွယ်တကူ ရနိုင်တဲ့ သက်တောင့်သက်သာ အနေအထား… အစစ အဆင်ပြေတဲ့ ဒီအိမ်လေးကိုလည်း ကျွန်မ တော်တော်လေး သဘောတကျ နှစ်သက်မိပါတယ်။ ဘာလိုလိုနဲ့ ဒီအိမ်လေးကို ရောက်လာတာ အခုဆို လေးနှစ်ကျော် ငါးနှစ်နီးပါး ရှိခဲ့ပြီ။ နောက်တစ်အိမ်ပြောင်းဖို့ မစဉ်းစားနိုင်၊ မစဉ်းစားချင်အောင်ကို ကျွန်မ အိမ်လေးကို ကျွန်မ ချစ်မက်လှပါတယ်။
ဒီအိမ်ကို ပြောင်းလာတုန်းက မီးဖိုခန်းက ကျွန်မတို့ စိတ်တိုင်းကျ မဟုတ်ပေမဲ့ အရင်အိမ်ရှင် ပြင်ထားတာ ခြောက်လပဲ ရှိသေးတယ် ဆိုတော့ အကုန်ပြန်ဖျက်ချပြီး အသစ်လုပ်ဖို့ကို စိတ်ထဲ အားနာသလိုလို၊ နှမြောသလိုလို ဖြစ်ပြီး ဒီတိုင်းပဲ နေခဲ့တာ။ တဖြည်းဖြည်း နေကြည့်ရင်းနဲ့မှ အဲဒီမီးဖိုခန်းက ဈေးသက်သက်သာသာနဲ့ ခပ်ပေါပေါပစ္စည်းတွေကို သုံးပြီး ပြင်ထားတာမှန်းလည်း သိသာလာတယ်။ ကြမ်းခင်းကျောက်ပြားတွေဆိုလည်း တိုက်လို့ကို လွယ်လွယ်ကူကူ မစင်နိုင်ဘူး။ အဲဒီလို အဲဒီလိုတွေနဲ့ စိတ်တိုင်းမကျဖြစ်ရတာတွေ များလာတော့ ဒီမီးဖိုခန်းကို ပြင်ကြမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ထုံးစံအတိုင်း အိမ်ပြင်ရမယ်ဆို သိပ်တက်ကြွတဲ့ ကျွန်မတို့ နှစ်ယောက် အလုပ်တစ်ဖက်နဲ့ မအားတဲ့ကြားထဲက ရုံးအဆင်း ညနေတွေမှာ လိုအပ်တဲ့ ပစ္စည်းတွေ လိုက်ကြည့်၊ တွက်ချက်၊ ရွေးချယ် ၀ယ်ယူနဲ့ ပျော်နေပြန်ပါတယ်…။
ဆိုတော့ကာ… နောက်တပတ် တနင်္လာနေ့ကနေ စပြီး ပြင်ဆင်ခြင်းအမှု စတင်မှာဖြစ်ပါတယ်..။ ဒီဇင်ဘာရဲ့ ပွဲတော်ရက်တွေနဲ့ ပိတ်ရက်တွေကို အနားယူအပန်းဖြေခရီး တစ်ခုခု သွားရမဲ့အစား အိမ်ပြင်မယ်လို့ တွေးလိုက် ဆုံးဖြတ်လိုက်သော်လည်း တကယ်လုပ်ရတော့မယ် ဆိုတော့ နည်းနည်းတော့ မအီမလည်ပေါ့…။ ဒါပေမဲ့လည်း မီးဖိုခန်းလေး ကိုယ့်စိတ်ကြိုက် ပြင်ဆင်လိုက်ရလို့ လှသွားမှာတွေးပြီး စိတ်ကို လျှော့လိုက်ပါတယ်…။ မီးဖိုခန်းအတွက် ကျွန်မစိတ်ကြိုက်ရွေးထားတဲ့ အရောင်ကတော့ မီးခိုးရောင်ပါ…။ ကြမ်းခင်းကို အနက်ရောင် ခင်းချင်သော်လည်း သိပ်မှောင်သွားမှာစိုးလို့ အရောင်ဖျော့လိုက်ရပါတယ်…။ ပြင်လို့ မပြီးခင်စပ်ကြားမှာတော့ တအိမ်လုံး ဖုန်တလုံးလုံးနဲ့ လူလည်း ပေတူးနေမှာ အသေအချာ… ပြင်လို့ပြီးသွားရင်တော့ မီးဖိုခန်းအသစ်လေးကို ဓါတ်ပုံရိုက်ပြီး ပြပါအုံးမယ်…။ 
ကိုယ်လက်ရှိနေထိုင်နေတဲ့ နေရာလေးကို လှပသပ်ရပ်ပြီး နေချင်စဖွယ်ဖြစ်အောင် ဖန်တီးနိုင်ရင်၊ နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်… ပဲ မဟုတ်လား…။
“ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုခဲ့ အိမ်... ရံရွေလယ်ထည်ဝါစွာ ဆင်စွယ်နန်း အိမ်...
ကျူထရံတွေကာရံကာ ဓနိမိုးအိမ်... နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်...
အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ... ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ...”
8 comments:
  1. ခရီးသည်ဆိုတော့ကိုယ်မသိတဲ့အကြောင်းတွေသိပ်စိတ်ဝင်စားပါတယ်,ကျေးဇူးတင်ပါတယ် :)
    ReplyDelete
  2. ညီမကတော့ ဒီကျွန်းပိစိမှာကိုပဲ အိမ်ပြောင်းရတာ ၇ခါ၊တစ်လပဲနေခဲ့တဲ့ အိမ်ပါရေရင် ၈ခါတောင် :D
    ReplyDelete
  3. Sis, u hv many experiences of new houses..
    pifpif
    ReplyDelete
  4. အိမ်ရှေ့တမာ အိမ်နောက်ခံတက် ဆိုတာ အခုမှသိတယ် အမသက် ။
    ညီမတို့မကွေးအိမ်တုန်းက လှေခါးတက်အခမ်းအနားမှာ လက်သမားကို ပိုက်ဆံပေးရတယ်။ တလှမ်းချင်းတစ်ထစ်ချင်းတက်တိုင်း ၂ ဆ ပေးရတယ် ။ ဥပမာ ပထမအထစ်က ၁၀၀ ဆို ဒုတိယထစ်က ၂၀၀ နောက် တတိယထစ်က ၄၀၀ ပေါ့ ။
    ညီမလဲ အိမ်ဆိုတာလေးကို အဓိပါယ်ရှိနွေးထွေးပြိးအိမ်နဲ့တူအောင်ကြိုးစားရဦးမယ် .............
    ReplyDelete
  5. အိမ်ဆိုတာမေတ္တာနဲ့ နွေးထွေးနေတတ်တယ်။
    ဒီထဲမှာမှကိုယ်နှစ်သက်သလိုနေချင်စဖွယ်ဖန်တီးထားရင်ပိုပြီးအိမ်ရဲ့ အဓိပ္ဗါယ်ပြည့်စုံသွားတာပေါ့နော်။
    မီးဖိုသစ်လေးကိုမျှော်နေမယ်နော်။
    အိုင်အိုရာ
    ReplyDelete
  6. Ma Thet Wai,
    I can feel love, passion, energy and religious in your words. I think you had a good life when you were young and you take that kind to your recent life. For me i was grown up between problem family and i always feel problem in my life.
    I want to be happy like you.
    I envy your life.
    ReplyDelete
  7. This comment has been removed by the author.
    ReplyDelete
    ဒီ အ ချိ န် အ ေ န ေ ဝ း ၿပီ
    https://www.youtube.com/watch?v=TGCAT3Jg6lU
    ReplyDelete
အမှတ်တရ ရေးခဲ့ပါ...