Tuesday, December 3, 2013

စကားဝါ ဒိုင်ယာရီ

စာအုပ်လေး တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်လို့ပါ…။ စကားဝါပန်းတို့ရဲ့ ဒိုင်ယာရီ စာမျက်နှာများ လို့ အမည်ရပါတယ်...။ ကိုကိုးအိမ် (မန္တလေး) စီစဉ်တဲ့ ဒီစာအုပ်လေးမှာ မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ ရေးသားနေကြတဲ့ စာရေးဆရာ ဆရာမများနဲ့ အတူ Blog စာမျက်နှာပေါ်က Blogger များ… စုစုပေါင်း ၃၁ ယောက် ပါဝင်ရေးသားထားကြပါတယ်…။

အချစ် အလွမ်း အမုန်း ဘဝရသ… စတဲ့ ရသ စာပေပေါင်း များစွာရှိပါတယ်… ။ အဲဒီ ရသစာပေတွေကို ပန်းကလေးနဲ့ တင်စားရမယ် ဆိုရင် စကားဝါပန်းကလေးတွေနဲ့သာ တင်စားပါရစေ… စကားဝါပန်းကလေးတွေဟာ ဖူးစဉ်ကာလမှာလည်း လတ်ဆတ်စွာ မွှေးမြသလို ပွင့်စဉ်ကာလမှာလည်း အစွမ်းကုန် မွှေးကြပါတယ်…။ ရင့်စဉ်ကာလမှာ တည်ငြိမ်စွာ မွှေးမြပြီး ကြွေစဉ်အခါမှာလည်း နွမ်းလျစွာ မွှေးမြကြပါတယ်…။ ဒိုင်ယာရီစာအုပ်ကြားထဲမှာ ညှပ်ထားပြီး ခြောက်သွေ့သွားတဲ့အခါမှာလည်း ခြောက်သွေ့ခြင်းကို အံတုပြီး မွှေးမြနေကြပါသေးတယ်…။ ဝေလည်း မွှေး ကြွေလည်းမွှေး ခြောက်သွေ့သွားလည်း မွှေးမြနေဆဲ စကားဝါပန်းလေးတွေဟာ ရသစာပေပန်းကလေးတွေနဲ့ အလားသဏ္ဌာန် တူလှပါတယ်…။ ရသစာပေတွေဟာ ဖန်တီးသူသာ ပြောင်းသွားမယ်… ခေတ်တွေသာ ပြောင်းသွားမယ် ရသရဲ့ သရုပ်ကတော့ ဘယ်တော့မှ မပြောင်းလဲနိုင်တာမို့ အခြေအနေ ဘယ်လိုဖန်ဖန် မွှေးရနံ့ကျန် တဲ့ စကားဝါပန်းနဲ့ တူလှတယ် လို့ ဒီစာအုပ်လေးကို စီစဉ်သူ ကိုကိုးအိမ်က တင်စား ဖွဲ့ဆိုထားပါတယ်…။



အဲဒီလို စကားဝါပန်းလေးတွေနဲ့ တူတဲ့ ရသဝတ္ထုတို စုစည်းမှု စာအုပ်လေးကို ကိုကိုးအိမ် စာပေက ထုတ်ဝေပြီး စာပေလောက (၅) က နေ တပြည်လုံးကို ဖြန့်ချီပါတယ်…။

ဒီစာအုပ်လေးမှာ ကျွန်မရဲ့ ဝတ္ထုတိုလေး တစ်ပုဒ် ပါပါတယ်…။ ဝတ္ထုလေးရဲ့ နာမည်က ကျွန်မရဲ့ ကမ္ဘာ ပါ…။ ကျွန်မ ဘဝမှာ အရေးအကြီးဆုံး နဲ့ အရေးအပါဆုံး လူသားလေးတစ်ယောက်အကြောင်းကို ရိုးရိုးရှင်းရှင်း ပုံဖေါ်ပြထားတဲ့ စာစုလေးတစ်ခုပါ။

ချစ်ခင်ရတဲ့ သူငယ်ချင်း မိတ်ဆွေများနဲ့ စာဖတ်ပရိသတ်များ လှိုက်လှိုက်လှဲလှဲ အားပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်…။

6 comments:

  1. မောင့်အတွက် ကျွန်မရဲ့ကမ္ဘာလား
    သိပ် သိပ် ကို ဖတ်ချင်တာပါပဲ....

    ReplyDelete
  2. အဲစာအုပ်မ၀ယ်ရသေးဘူး ၀ယ်ပြီးဖတ်ကြည့်ဦးမယ်

    ReplyDelete
  3. တိုက်တိုက်ဆိုင်ဆိုင် ဒီကနေ့ပဲ မန်းကညီမလေးအိမ်ကို ပို့ခိုင်းလိုက်တယ် မသက်ရေ... စာအုပ်တော့ မဖတ်ရသေးဘူး မိတ်ဆက်အညွှန်းလေးကိုတော့ အရမ်းသဘောကျသွားပြီ....

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
  4. အဲဒီစာအုပ်လေး ဖတ်ချင်ပါတယ်..

    ReplyDelete
  5. Congrat သက်ဝေ... စကားဝါဒိုင်ယာရီတဲ့... နာမည်လေးက သင်းပြီး စာဖတ်သူကို ဆွဲဆောင်လိုက်တာ... သက်ဝေကမ္ဘာဆီ အလည်လိုက်ဖို့  ဒီစာအုပ်လေးလိုချင်မိရဲ့

    ReplyDelete
  6. ရင်လှိုင်းJanuary 22, 2014 at 5:01 PM

    မမသက်ရဲ့ ကမ္ဘာ လေးကို မြင်ဖူးချင်လိုက်တာ။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...