Thursday, January 23, 2014

ကျွန်မ ကြည့်မှန်တစ်ချပ်နှင့် သူ

နံရံများ မျက်နှာကြက်များကို အကြောင်းမဲ့ တငေးတမော ကြည့်ရှုတတ်သော အကျင့်ကို မည်သည့်အချိန်ထဲက ရခဲ့သည်ဟု မမှတ်မိပါ။ သို့သော် သတိထားမိသောအချိန်တွင်မူ ထိုအကျင့်သည် အတော်စွဲမြဲနေပြီဖြစ်ကြောင်း အံ့သြစွာ သိလိုက်ရပါသည်။ ဟုတ်ပါသည်… ကျွန်မသည် မျက်နှာကြက် ရှင်းရှင်းလင်းလင်းများ နှင့် နံရံကျယ်ကျယ်များကို အလွန် နှစ်သက် သဘောကျသူတစ်ယောက် ဖြစ်သည်။ အခြားသူများက သစ်ပင် ပန်းပင်များ ဝေေ၀ဆာဆာနှင့် စိမ်းစိုလှပသော ရှုခင်းများ၊ ကောင်းကင်ပြာပြာပေါ်မှ တိမ်စိုင် တိမ်လိပ်များ (သို့မဟုတ်) ရောင်စုံ သက်တန့်ကွေးများ၊ စိမ်းပြာလဲ့လဲ့ ရေပြင်ကျယ်များ… အစရှိသော သဘာဝအလှများကို တခုတ်တရ ငေးမော ခံစားနေသော အချိန်တွင် ကျွန်မက ရှင်းရှင်းလင်းလင်းရှိလှပြီး ဆေးရောင် ဖျော့ဖျော့ သုတ်လိမ်းထားသော နံရံများနှင့် ဆေးဖြူသုတ် ရိုးရှင်းသော မျက်နှာကြက်များကို နှစ်သက်သည်ဆိုခြင်းမှာ အတော်လေး ကြောင်တောင်တောင်နိုင်နေပေလိမ့်မည်။ ကျွန်မကို မလိုလား မနှစ်သက်သူ တဦးတလေကများ ထိုအကြောင်းကို သိသွားလျှင် လူထူထူကြားတွင် စကားတင်းဆိုကာ သရော် လှောင်ပြောင် ရယ်ပွဲဖွဲ့ခံရလိမ့်မည် ထင်သည်။ သူငယ်ချင်းတစ်ယောက်ကမူ ကျွန်မ၏ အကြိုက်သည် မည်သူ တဦးတယောက်ကိုမျှ မထိခိုက်စေသော်လည်း သိပ်တော့ သဘာဝ မကျလှကြောင်းနှင့် အနည်းငယ်လည်း အူကြောင်ကြောင်နိုင်လှကြောင်း မပြောသာ ပြောသာဖြင့် ပြောဆို ဝေဖန်ပါသည်။ ထားတော့လေ…

ကျွန်မကြိုက်နှစ်သက်သော နံရံ၏ အရောင်မှာ အဖြူရောင် ဖြစ်သည်။ သို့သော် ကျွန်မ ရောက်ဖူးသမျှ နေအိမ်တော်တော်များများတွင် ဆေးဖြူသုတ် နံရံများကို တွေ့ရခဲသည်။ အများဆုံးတွေ့နေကျ အရောင်မှာ ကြက်ဥခွံရောင် ဖျော့ဖျော့၊ သနပ်ခါးရောင် ဖျော့ဖျော့နှင့် နို့စိမ်းရောင်ဟု ခေါ်နိုင်သော အစိမ်းရောင် ဖျော့ဖျော့ တို့သာ ဖြစ်ကြသည်။ ပြောရလျှင် ကျွန်မ၏ အိမ်နံရံသည် သနပ်ခါးရောင် ဖျော့ဖျော့ဖြစ်နေပြီး အချစ် ဟု ကျွန်မ ခေါ်လေ့ရှိသော ကျွန်မ သူငယ်ချင်း ချစ်ကြည်အေး၏ အိမ်နံရံသည် အစိမ်းရောင် ဖျော့ဖျော့ ဖြစ်ပါသည်။ အဖြူဖွေးဖွေးနံရံများ မဟုတ်သော်လည်း ထိုအရောင်များကို ကျွန်မ လက်ခံ နှစ်သက်နိုင်ပါသည်။ အပြာရောင်၊ ခရမ်းရောင်၊ ပန်းရောင် အစရှိသော အရောင်သုတ် နံရံများကို ကျွန်မ မကြိုက်ဟု တထစ်ချ မပြောချင်ပါ။ လူတိုင်းတွင် သူ့အကြိုက် ကိုယ့်အကြိုက် ရှိကြစမြဲ မဟုတ်ပါလား။ နံရံများကို နှစ်သက်သည် ဆိုရာတွင် ဆေးသုတ်ထားသော နံရံများကိုသာ နှစ်သက်သည်ဖြစ်ပြီး ကြွေပြားကပ် နံရံများကို မနှစ်သက်တတ်ပါ။ ကျွန်မ ပို၍ လိုလားသည်က ထိုနံရံများပေါ်တွင် မည်သည့်အရာ တခုတလေမှ ချိတ်ဆွဲမထားပဲ ပကတိ ရှင်းလင်းနေသော နံရံတစ်ချပ်သာ ဖြစ်သည်။ နာရီ၊ ပန်းချီကား၊ ဓါတ်ပုံမှန်ဘောင်၊ ပြက္ခဒိန်၊ မြေပုံ အစရှိသော ပစ္စည်းတစ်စုံတစ်ရာ တပ်ဆင်ထားသောနံရံမျိုးကို ကျွန်မ နှစ်သက်လေ့ မရှိပါ။

ထိုကဲ့သို့ နံရံများ မျက်နှာကြက်များကို နှစ်သက်သော်လည်း နံရံတစ်ချပ်ကို အေးအေးဆေးဆေး ခံစားရန် (သို့မဟုတ်) မျက်နှာကြက်တစ်ခုကို တမေ့တမော ကြည့်ရှုရန် ကျွန်မတွင် အချိန် သိပ်များများစားစား မရှိလှပါ။ သို့သော်လည်း ရောက်လေရာ နေရာတွင် ရသမျှ အချိန်များမှာ နံရံများနှင့် မျက်နှာကြက်များကို သတိတရ… ပြီးတော့ တခုတ်တရ ကြည့်စမြဲ။ သို့သော် မကြာသေးသော ညတစ်ညမှ အစပြုကာ မျက်နှာကြက်များကို စိမ်ပြေနပြေ ကြည့်ရန် အနည်းငယ် ကြောက်ရွံ့စိတ်ဝင်မိသော အဖြစ်တစ်ခု ဖြစ်သွားခဲ့ပါသည်။ 


 
ထိုညက ခေါင်းကိုက်နေသောကြောင့် ဆေးသောက်ပြီး ကျွန်မ ခပ်စောစော အိပ်ရာဝင်ဖြစ်ခဲ့ပါသည်။ ရုတ်တရက် အိပ်မပျော်သေးသဖြင့် အခါများစွာကလိုပင် ကျွန်မ အခန်းထဲမှ မျက်နှာကြက် အဖြူရောင်ဆီသို့ အကြည့်များကို ပို့လွှတ်ကာ ငြိမ်သက်နေမိပါသည်။ ထိုအချိန်တွင် မျက်နှာကြက် အဖြူရောင်ပေါ်သို့ မျှော်လင့်မထားသော အရာတစ်ခု တလှုပ်လှုပ်ဖြင့် ရောက်ရှိလာပါသည်။ ထိုအရာမှာ အိမ်မြှောင်တစ်ကောင်ပင် ဖြစ်ပါသည်။ မျက်နှာကြက်များ၊ နံရံများကို ကြည့်နေကျဖြစ်သော ကျွန်မအတွက် မျက်နှာကြက်များ နံရံများပေါ်တွင်သာ ကျင်လည် ကျက်စားတတ်သော အိမ်မြှောင်များကို မကြာခဏဆိုသလို တွေ့နေမြင်နေကျ ဖြစ်ပါသည်။ ထို့ကြောင့် မျက်နှာကြက်တွင် အိမ်မြှောင်တွေ့သည် ဆိုသော အခြင်းအရာမှာ ကျွန်မအတွက် အထူးတဆန်း မဟုတ်ပါ။ ထို့အပြင် အိမ်မြှောင်နှင့်ပတ်သက်သော ကျွန်မ၏ အတွေးစ တချို့ကိုလည်း စကားကြုံသောကြောင့် ပြောပြပါအုံးမည်။ 

မျက်နှာကြက်များ နံရံများပေါ်တွင် လက်ရော ခြေပါ တွယ်ကပ်နေသော ညိုညစ်ညစ် မွဲခြောက်ခြောက် အိမ်မြောင်တစ်ကောင်၏ ခိုင်မာ မြဲမြံမှုမျိုး၊ ကိုယ့်ကိုယ်ကိုယ် ရာခိုင်နှုန်းပြည့် စိတ်ချ ယုံကြည်မှုမျိုး၊ ကမ္ဘာမြေကြီးကို သူနှင့် လားလားမှ မဆိုင်သကဲ့သို့ သွေးအေးအေးဖြင့် တကိုယ်လုံး ကျောခိုင်းထားနိုင်မှုမျိုးသည် တကယ့်ကို ချီးကျူး အားကျချင်စရာဟု ကျွန်မ (ကြောင်တောင်တောင်) တွေးမိပါသည်။ ခြေ လက်များကို အသာ ကြွကာ တရွေ့ရွေ့နှင့် လမ်းလျှောက်သော အချိန်တွင် ထိုအိမ်မြောင်၏ တည်ငြိမ်သော လှုပ်ရှားမှုကို သေသေချာချာ တွေ့နိုင်သည်။ အစာရှာထွက်သော အချိန်များတွင် လိုအပ်သော လျှင်မြန် သွက်လက်မှုမျိုး သူ့တွင် ရှိတတ်သည်။ ရန်သူနှင့် ရင်ဆိုင်တွေ့ချိန်တွင်မူ သတ္တိရှိရှိဖြင့် သူ့ အမြီးတစ်ပိုင်းကို မတွန့်မဆုတ် ရဲရဲဝံ့ဝံ့ ဖြတ်ချပစ်ခဲ့တတ်သူမှာလည်း ထို အိမ်မြောင်တစ်ကောင်ပင် မဟုတ်ပါလား။ 

ထိုအတွေးစတို့ဖြင့် ကျွန်မ မျက်နှာကြက်ပေါ်မှ အိမ်မြှောင်ကို သဘောတကျ ငေးကြည့်နေဆဲ ထိုအိမ်မြှောင်က အခန်းထောင့်နားမှသည် ကျွန်မ အိပ်ရာ အပေါ်တည့်တည့်သို့ တရွေ့ရွေ့ဖြင့် ရောက်လာပါသည်။ ထိုမှတဖန် ကျွန်မ၏ မျက်နှာ အပေါ်တည့်တည့်ဆီသို့ ရောက်လာပါသည်။ ခါတိုင်း တွေ့နေ မြင်နေကျ အိမ်မြှောင်များနှင့် ပုံပန်းသဏ္ဍာန်၊ အရွယ်အစား၊ အရောင်အသွေး စိုးစဉ်းမျှ မကွာခြားသော သူလို ကိုယ်လို အိမ်မြှောင်တစ်ကောင်ဖြစ်သော်လည်း သူ့ကိုကြည့်ရင်း ကျွန်မစိတ်ထဲတွင် အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရပါသည်။ တချိန်တည်းမှာပင် ကျောထဲမှာ စိမ့်အေးလာသလို… ခေါင်းထဲမှာ ထူပူလာသလို… လက်ဖျား ခြေဖျားများလည်း ရုတ်ချည်းအေးစက်လာပါသည်။ ကိုယ်ပေါ်တွင် ခြုံထားသော စောင်ကို ခပ်တင်းတင်း ဆုတ်ကိုင်ရင်း အနည်းငယ် တုန်လှုပ်နေသော စိတ်ကို ကြိုးစားပမ်းစား တည်ငြိမ်အောင် စုစည်းလိုက်ပါသည်။ ကြည့်နေစဉ်မှာပင် သူက ကိုယ်နေဟန်ထားကို အသာ ပြင်ဆင်က ခေါင်းကို ငဲ့စောင်းလျက် ကျွန်မကို ငုံ့ကြည့်လာတာ ဖြစ်သည်။ ထိုအခါ ဘယ်တုန်းကမှ မကြောက်ရွံ့ဖူးသော ထိုအိမ်မြှောင်ကို ပထမဆုံးအကြိမ်အဖြစ် ကျွန်မ ထိတ်လန့် ကြောက်ရွံ့စိတ် ၀င်လာခဲ့ပါသည်။ အကယ်၍များ ထိုအိမ်မြှောင် ခြေကားရား လက်ကားရားဖြင့် ကျွန်မ မျက်နှာပေါ်သို့ ခုန်ချလာခဲ့သော်… အကယ်၍များ ထိုအိမ်မြှောင် သူ့အမြီးကို ကျွန်မ မျက်နှာပေါ်သို့ ရုတ်တရက် ဖြတ်ချလာခဲ့သော်… အနည်းဆုံး အညစ်အကြေးတစ်စုံတရာ စွန့် ချလာခဲ့သော်… ဘုရား… ဘုရား… သည်အတိုင်းနေ၍တော့ မဖြစ်ချေ။ တစ်ခုခုတော့ လုပ်မှဖြစ်မည်။

သို့သော်လည်း မျက်နှာကြက်ပေါ်တွင် သူ့ဟာသူ အေးအေးချမ်းချမ်း နေနေသော ခပ်သေးသေး ပိန်ညောင်ညောင် ရှည်မျောမျော သတ္တ၀ါလေးတစ်ကောင်ကို ကျွန်မ မည်သည့်နည်းဖြင့် ခြောက်လှန့် မောင်းထုတ်နိုင်ပါမည်လဲ။ အောက်မှနေပြီး တုတ်တံ ရှည်ရှည် တစ်ခုခုဖြင့် လှမ်းထိုးလိုက်ရမည်လား… သားရည်ကွင်းတစ်ခုဖြင့် ချိန်ရွယ်ကာ လှမ်းပစ်လိုက်လျှင်ရော… သို့တည်းမဟုတ် လက်ခုတ် နှစ်ချက် သုံးချက် တီးရင်း ဟေ့… ဟု အသံကျယ်ကျယ်ထွက် အော်ဟစ်ကာ ခြောက်လှန့် လိုက်ရမည်လား… ကျွန်မကို ရန်ပြု မပြု မသေချာသော ထိုသတ္တ၀ါငယ်ကို တစ်ဖက်သတ် အနိုင်ယူ ခြောက်လှန့် မောင်းထုတ်ပစ်လိုက်ဖို့ရော အမှန်တကယ် သင့်တော်ပါရဲ့လား… အတွေးများစွာဖြင့် ကျွန်မ ယောက်ယက်ခတ်နေခဲ့သည်။ 
ထို့နောက် စောင်ကို တင်းတင်း ဆုတ်ထားသော လက်တစ်ဖက်ကို အိပ်ရာဘေးမှ မီးခလုပ်ဆီသို့ အသာ ရွှေ့ကာ ခပ်မှိန်မှိန် လင်းနေသော ညအိပ်မီးအစား အခန်းအလယ်ရှိ မီးချောင်းဝိုင်းကို တစ်ခန်းလုံး လင်းထိန်သွားအောင် ဖွင့်လိုက်ပါသည်။ မီးလင်းသွားချိန်တွင် တစုံတရာသော လှုပ်ရှားးမှုများ ရှိလေမလားဟု လှမ်းကြည့်လိုက်သော်လည်း ကျွန်မ မျက်နှာနှင့် အပေါ်တည့်တည့်နေရာမှ ကိုရွှေအိမ်မြှောင်ကား မတုန်မလှုပ် ကျောက်ရုပ်အတိုင်း ကျွန်မကို စီးမိုးကြည့်နေလျက်….။ အကြောင်းမဲ့ အသည်းငယ်တတ်သူမဟုတ်သော်လည်း အပေါ်စီးမှ ငုံ့ကြည့်လာသော သူ့ကို စိတ်ထဲတွင် ပို၍ ကြောက်ရွံ့လာသလို… ပြီးတော့ သူ့ကို ကျွန်မက ရင်တထိတ်ထိတ်ဖြင့် မော့ကြည့်နေရသည့် အဖြစ်ကို လက်မခံချင်သလို ဖြစ်လာပါသည်။ 

ကျွန်မ အိပ်ရာမှ ထလိုက်သည်။ အိပ်ရာခင်းနှင့် အိပ်ရာဖုံးများကို သပ်ရပ် ပြန့်တင်းသွားအောင် ဆွဲဖြန့်ပြီး ကျွန်မ ဘာဆက်လုပ်ရမည်ကို စဉ်းစားနေစဉ်… ကျွန်မ အကြည့်များက အိပ်ရာခြေရင်းဖက်တွင် ချထားသော မှန်တင်ခုံဆီသို့ ရောက်သွားခဲ့သည်။ စိတ်ဆိုသည်မှာ လေအလျင်ထက်ပင် လျှင်မြန်တတ်ရာ ကျွန်မ အတွေးစ တစ်ချို့က အိပ်ရာခြေရင်းတွင် မှန်တင်ခုံ ချထားခြင်းကို အပြင်းအထန် ကန့်ကွက်ခဲ့သော ကျွန်မ၏ ချစ်သူဟောင်းဆီ အပြေးကလေး ရောက်ရှိသွားပြန်ပါသည်။ ကျွန်မ ပိုင်ဆိုင်သော သည်အခန်းကျဉ်းလေးထဲတွင် ကုတင်တစ်လုံးနှင့် စာကြည့်စားပွဲတစ်လုံးကို အလင်းရောင်လာရာ ပြူတင်းပေါက်ဖက်ကို ဦးတည်၍ အလျားလိုက် ချထားပြီးသောအခါ သံပိုက်လုံးလေးများကို မူလီနှင့် တွယ်ကာ တစစီ တပ်ဆင်ရသော ယိုးဒယားနိုင်ငံလုပ် ဈေးပေါပေါ မှန်တင်ခုံတစ်လုံးအတွက် ထားစရာနေရာမှာ ရွေးချယ်စရာ များများစားစား မရှိခဲ့ပါချေ။ ထို့ကြောင့် မှန်တင်ခုံကို အိပ်ရာခြေရင်းတွင်သာ ကျဉ်းကျဉ်းကျပ်ကျပ် နေရာချခဲ့ရပါသည်။ ထိုအကြောင်းကို ကျွန်မ ချစ်သူအား ရယ်စရာ မောစရာအဖြစ် ပြောပြမိတော့ အရာရာကို အယူသည်းတတ်သော ချစ်သူက ကိုယ်အိပ်သော အိပ်ရာကို မှန်ထဲတွင် ပြန်မြင်နေရခြင်းသည် မိမိထံသို့ မကောင်းသော အဖြစ်အပျက်များ ဦးတည်နေတတ်သည်၊ ကြည့်မှန်များတွင် ကိုယ် မမြင်နိုင်သော ထူးခြားသော စွမ်းအင်များ၊ တန်ပြန်တတ်သော သဘောသဘာဝများ ရှိနေတတ်သည်၊ ထို့ကြောင့် မှန်တင်ခုံကို ရွှေ့စရာ နေရာရှိလျှင် ရွှေ့၊ ရွှေ့စရာ နေရာ မရှိပါက အနည်းဆုံးတော့ မှန်ချပ်ကို ဖြုတ်သိမ်းထားသင့်သည် ဟု တင်းတင်းမာမာ ပြောဆိုလာခဲ့တာဖြစ်သည်။ 

အရာရာကို ပေါ့ပေါ့ပါးပါး (သို့မဟုတ်) ပြီးလွယ်စီးလွယ် ကြည့်မြင်တတ်သော ကျွန်မက ထိုသို့သော အယူသည်းမှုများကို နည်းနည်းမှ လက်မခံလိုပါ။ ဘာမှ မဖြစ်ပါဘူး… အယူသည်းတတ်ရန်ကော… ဟု ခေါင်းမာမာနှင့် မှန်ချပ်ကို ဖြုတ်မသိမ်းခဲ့သလို မှန်တင်ခုံကိုလည်း တစ်လက်မမျှ နေရာရွှေ့ရန် မကြိုးစားခဲ့ချေ။ သို့သော် ထိုမှန်တင်ခုံပြဿနာ ဖြစ်ပြီး နောက်ပိုင်းတွင် သူနှင့် ကျွန်မ မကြာခဏ ဆိုသလို စကားများခြင်း၊ အငြင်းအခုန်ပြုရခြင်းများ ဖြစ်လာလျှင် သူက ကျွန်မ မှန်တင်ခုံကို နေရာ မရွှေ့သောကြောင့် ဟု အတိအကျ အခိုင်အမာ စွတ်စွဲလာတော့တာဖြစ်သည်။ ဘုရားရေ… ချစ်သူနှစ်ယောက်၏ အရေးကိစ္စမှာ အိပ်ရာခြေရင်း မှန်တင်ခုံမှ မှန်ချပ်က မည်သည့်အခန်းကဏ္ဍက ပါဝင်နေပါလိမ့်။ သည်လိုနှင့် အယူအဆ မတူညီမှု၊ သဘောထား ကွဲလွဲမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာပြီး သူနှင့် ကျွန်မ လမ်းခွဲလိုက်ကြသည် အထိ ဖြစ်သွားခဲ့ပါသည်။ သူ့စကားကို စိုးစဉ်းမျှ မနာခံသော၊ ခေါင်းမာပြီး အငြင်းသန်လှသော ကျွန်မလို မိန်းမမျိုးကို အိမ်ထောင်ဖက်အဖြစ် လက်တွဲရလျှင် မည်သည့်နည်းနှင့်မျှ အိမ်ထောင်ရေး မသာယာနိုင်ဟု တထစ်ချ စွဲချက်တင်၊ ဆင်ခြေပေးပြီး သူ့စိတ်သူ့သဘောနှင့် ထားသွားခဲ့ချိန်တွင် အစွဲအလမ်း အယုံအကြည်ကင်းမဲ့ပြီး ခေါင်းမာလှသော ကျွန်မကလည်း မှန်တင်ခုံကို အိပ်ရာခြေရင်းတွင်သာ ချထားမြဲ ထားရင်း တစ်ယောက်ထဲ နေ့ရက်များကို အပူအပင် ကြောင့်ကြကင်းစွာဖြင့် လျှောက်လှမ်းနေဆဲ။

ရုတ်တရက် ပျံ့လွင့်သွားသော အတွေးများကို ပစ္စုပ္ပန်သို့ ပြန်လည် ခေါ်ယူရင်း မှန်တင်ခုံပေါ်တွင် ထောင်ထားသော ခြောက်လက်မ ပတ်လည် ကြည့်မှန်တစ်ချပ်ဆီသို့ အကြည့်ရောက်သွားမိပါသည်။ စိတ်ထဲ တစုံတခုကို တွေးမိပြီး ထိုကြည့်မှန်ချပ်ကို လှမ်းယူပြီး အိပ်ရာပေါ်တွင် ချကာ မျက်နှာကြက်ပေါ်မှ အနှီသတ္တ၀ါငယ်ကို မှန်ထဲမှ တဆင့် ကြည့်လိုက်ပါသည်။ မှန်ချပ်၏ အကူအညီကြောင့် သူ့ကို ကျွန်မ လှမ်း မော့ကြည့်စရာ မလိုအပ်ပဲ ပြတ်ပြတ်သားသား မြင်နေရပါသည်။ သူကလည်း ကျွန်မကို မမှိတ်မသုန် စောင်းငဲ့ကာ ငုံ့ ကြည့်နေသည်ကို မှန်ချပ်ပေါ်တွင် အထင်အရှား တွေ့မြင်နေရသည်။ ထိုစဉ် ဖွင့်ထားသော ပြူတင်းတံခါးမှ လေအေးအေးတစ်ချက် ဝှေ့အသွား… မီးချောင်းက မျက်တောင်တစ်ချက်ခတ်ကာ မှန်ချပ်ကို ရိုက်ပြီး အလင်းတန်းများ လက်ကနဲ ဖြာထွက်သွားပါသည်။ ထိုအချိန် စက္ကန့်ပိုင်းလေးအတွင်းတွင် ကျွန်မကို မမှိတ်မသုန် ငုံ့ကြည့်နေသော အိမ်မြှောင်သည် သွက်လက်မြန်ဆန်လှသော ရွေ့လျားမှုမျိုးဖြင့် အခန်းထောင့်မှ အ၀တ်ဘီရိုကြားသို့ ပြေးဝင် ပျောက်ကွယ်သွားပါတော့သည်။ 

အို… အိမ်မြှောင်များသည် စာကလေးများ ကျီးကန်းများလို မှန်ကို ကြောက်တတ်ကြပါသလား… ကျွန်မ တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ပါ။ မျက်နှာကြက်ကို တလှည့်၊ သူ ပြေးဝင်သွားသော အခန်းထောင့်နေရာကို တလှည့်၊ အိပ်ရာပေါ်တွင် ချထားသော ကြည့်မှန်ချပ်ကို တလှည့် ကြည့်ရင်း ရုတ်တရက် ကျွန်မ သူ့ကို သနားသလို၊ အားနာသလို၊ ၀မ်းနည်းသွားသလို ခံစားလိုက်ရပါသည်။ ခပ်သေးသေး ကြည့်မှန်တစ်ချပ်ကို အသုံးပြုကာ အိမ်မြှောင်တစ်ကောင်ကို အထိတ်တလန့်၊ အလျှင်အမြန် ထွက်ပြေးသွားအောင် ခြောက်လှန့်လိုက်နိုင်သည် ဟူသော အဖြစ်သည် အထူးအဆန်းတစ်ခု မဟုတ်သော်လည်း ကျွန်မအဖို့ရာမှာ အလွန်အမင်း အံ့သြဖွယ်ရာ ဖြစ်ရပ်တစ်ခုသာ။ ထို့အတူ ကြည့်မှန်များတွင် ထူးခြားသော စွမ်းအင်တစ်မျိုး ရှိနေသည်ဟူသော အစွဲအလမ်းကြီးလှသည့် ချစ်သူဟောင်း၏ စကားကိုလည်း ကျွန်မနားထဲ တွင် ပဲ့တင်ခတ်စွာ ပြန်လည် ကြားယောင်ရင်း အံ့သြစိတ်တို့က လူတစ်ကိုယ်လုံးကို ကြီးစိုးနေဆဲ။ ထိုအချိန်တွင် ကျွန်မ အလုပ်ချင်ဆုံးအရာမှာ ချစ်သူဟောင်း၏ အမည်ကို လွမ်းဆွတ်တမ်းတစွာ ခေါ်ဝေါ် ရေရွတ်လိုက်ခြင်း သို့တည်းမဟုတ် စိတ်လွတ်လက်လွတ် အော်ဟစ် ရယ်မောခြင်းလိုက်ခြင်းသာ ဖြစ်ပါသည်။ သို့သော် ကျွန်မ လုံးဝ အသံ ထွက်၍ မရခဲ့အောင် လည်ချောင်းတို့က ခြောက်သွေ့ကာ စေးကပ်နေကြဆဲ။ 

ညက အတော်နက်လှပြီ။ စာကြည့်စားပွဲပေါ်မှ ရေပုလင်းကို ယူကာ လက်ကျန်ရေအားလုံးကို တရှိန်ထိုး မော့သောက်ချလိုက်သည်။ ထို့နောက် အိပ်ရာပေါ်သို့ ပြန်လှဲချပြီး စောင်ကို လုံအောင်ခြုံ… လက်လှမ်းမှီနိုင်သော နေရာတွင် ကြည့်မှန်ချပ်ကို အသာမှောက်၍ ချထားပြီး အခန်းမီးကို မှိန်လိုက်သည်…။ မြင်နေရသော မျက်နှာကြက်ဖြူဖြူဆီသို့ မရဲတရဲ ငေးကြည့်ရင်း အတွေးတချို့ကိုလည်း မှိန်ဖျော့ချကာ အိပ်ပျော်အောင် ကြိုးစားနေခဲ့ဆဲ…။ သေချာသည်ကတော့ မနက်ဖြန် မနက် မိုးလင်းလျှင် လင်းချင်း ကျွန်မ ဦးစွာ လုပ်ရမည့် အလုပ်မှာ မှန်တင်ခုံမှ မှန်ချပ်ကို ဖြုတ်ကာ သတင်းစာစက္ကူတို့ဖြင့် ရစ်ပတ်ကာ ကုတင်အောက် (သို့) စာကြည့်စားပွဲအောက် တစ်နေရာရာတွင် နေရာချထားရန်ပင်။ ထို့အပြင် နှစ်ပေါင်းများစွာ စွဲမြဲခဲ့သော အကျင့်အရ ရောက်လေရာနေရာတွင် မျက်နှာကြက်များကို ငေးမောကြည့်မိတိုင်း မယုံကြည်နိုင်စရာ ထူးဆန်း အံ့သြဖွယ်ရာများ ယူဆောင်လာခဲ့သော ညတစ်ညကိုလည်း ကျွန်မ မမေ့မလျော့ သတိရနေမိမည်ပင်…

သက်ဝေ
၂၉ နိုဝင်ဘာ ၂၀၁၃

မှတ်ချက် - ၂၀၁၄ ဖေဖေါ်ဝါရီလထုတ် Idea Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်...။

3 comments:

  1. ပုံစံတမျိုးလေးနဲ့ ဖတ်ရတာ စိတ်ဝင်စားစရာကောင်းပါတယ် မမသက်ဝေ..

    ချစ်ခင်စွာ
    သဒ္ဓါလှိုင်း

    ReplyDelete
  2. ကျနော်ဒီတခါသတိထားမိလာတာကဇတ်လမ်းတပုဒ်ကိုရေးရင်းလူတယောက်ကိုစာဖတ်တဲ့လူကိုပြလို့ရတယ်ဆိုတာကိုပါ၊ဥပမ၊ဒေါ်သက်ဝေရဲ့ဝတ္တုကျနော်ဖတ်ရင်းလူတယောက်ကိုအပေါ်ကလှန်းမြင်လိုက်ရတယ်
    ဒီလိုဘဲလူတယောက်ကိုအခန်းထောင့်၊နံရံအလယ်၊မျက်နှာကျက်ပေါ်တွေလည်းတင်ထားနိုင်မယ်ထင်တယ်,စိတ်ဝင်စားစရာကောင်းပြီးကျေးဇူးတင်ပါတယ်

    ReplyDelete
  3. မမရေ ဒီပို့စ်လေးက စိတ်ဝင်စားစရာလေး။ တချို့စလုံးတွေလည်း ခြေရင်းမှာ မှန်ထားရင် ။ အပေါက်ဝတည့်တည့်ကို ခြေထိုးပြီး အိပ်ရင်။ ကျန်းမာရေးညံ့တယ် မကောင်းတဲ့အဖြစ်အပျက်တွေကြုံတတ်တယ်လို့ယူဆကြတယ်။ အသိအမတစ်ယောက်ရဲ့သူ့ငယ်ချင်းမကြာခဏ နေမကောင်းဖြစ်တော့ သူ့ချစ်သူစလုံးအမျိုးသားက အိပ်ခန်းအပြင်အဆင်ကြည့်ပါရစေလို့ပြောပြီးလိုက်ကြည့်တော့ ခုနကပြောသလို အနေအထားတွေဖြစ်နေတာနဲ့ ခုတင်ခြေရင်းကို အပေါက်ဝနဲ့ လွှဲထား ။မှန်ကိုခြေရင်းကရွှေ့မရရင်တောင်ညကျ တခုခုနဲ့ကာပြီးမှ အိပ်လို့မှာသွားတယ်တဲ့။တိုက်ဆိုင်တာလားတော့မသိ။သူတို့နေမကောင်းမဖြစ်ကြတော့ဘူးတဲ့။ ကြားဖူးတယ် :)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...