Friday, January 31, 2014

စာအုပ်ပိုး

ကွယ်ဝှက်သိုသိပ်လိုသော စိတ်အစဉ်သည် ဟိုးရှေးကာလများစွာကပင် စိတ်နှင့် ကိုယ်တို့၌ ဖြစ်တည်၏။ လိုအပ်သောကွယ်ဝှက်ခြင်းနှင့် မလိုအပ်သော ကွယ်ဝှက်ခြင်းများအကြားတွင် လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ အစဉ်သဖြင့် ယောက်ယက်ခတ်တတ်၏။ ချစ်ခြင်း မုန်းခြင်းဟူသော စိတ်ခံစားမှုနှင့် သက်ဆိုင်သော ကိစ္စများအဖို့မှာမူ ဆိုဖွယ်ရာ မရှိတော့ချေ။ ချစ်ခြင်းကို မြင်အောင်မပြလို/ မပြတတ်/ မပြရဲလေရာ များစွာသောသူတို့၏ ကဲ့ရဲ့ အပြစ်တင် စကားတင်းဆို အထင်လွဲမှားမှုများကို ခံရဖူးလေ၏။ ထို့အတူ မုန်းခြင်း (ဝါ) မနှစ်မြို့ခြင်းကို သိသာအောင် မထုတ်ဖေါ်တတ်/ မထုတ်ဖေါ်ရဲလေရာ အခါများစွာ၌ ဖြစ်လာသော ပြဿနာများကို သည်းခံခြင်းနှင့် မြိုသိပ်ခြင်း ဟူသော စကားလုံးနှင့်သာ အဆုံးသတ်ရတတ်လေ၏။

မိမိ၏ စိတ်အစဉ်ကို သိုသိပ်စွာ သိမ်းဆည်းထားစရာ နေရာတနေရာကို ရှာမရနိုင်အောင် ရှားပါးလှချေပါတကား ဟု တွေးထင်မိသောနေ့တွင် နေထိုင်ရှင်သန်နေသော ကမ္ဘာမြေကြီး မည်ရွေ့မည်မျှ ကျယ်ဝန်းကြောင်း အတိအကျ  တွက်ချက်ပြတတ်သော ပညာရှင်နှင့် ရန်ပွဲဆင်ရ၏။ ခံစားမှု စိတ်အစဉ်တို့ကို မိမိသဘောဆန္ဒအရ ချပြချင် ပြမည်၊ ချမပြချင်လျှင် ဖာသာ သိုသိပ်နေခွင့်ကို မည်သူ့ထံတွင် တရားဝင် လက်မှတ်ရေးထိုး တောင်းခံရမည်နည်း ဟု မရဲတရဲ မေးခွန်းထုတ်လိုပါသည်။

တင်းတင်းစေ့ပိတ်ထားသော ကျွန်းတံခါးတချပ်၊ အဖြူရောင် ခန်းဆီးထူထူတပ်ထားသော မှန်ပြူတင်းပေါက်တခု၊ အုပ်ဆောင်းကလေးဖြင့် အုပ်ကာ သိမ်းဆည်းထားသော မုန့်ဟင်းခါးတပန်းကန်၊ လက်ကိုင်နှင့် အဖုံးကလေးပါ ပါဝင်သော အပြာနုရောင် မတ်ခွက်ကလေးထဲမှ သကြားမပါ၊ နို့မပါ ကော်ဖီခါး တငုံစာ၊ အိပ်ရာဖုံးအပြည့် ကာခင်းထားသော နီညိုရောင် အိပ်ရာတို့နှင့်အတူ မထူမပါး နံရံတချပ်ကို အကာအကွယ်ယူ၍ ပုန်းလျှိုး ကွယ်ဝှက်နေလိုသော စိတ်အစဉ် တို့ကို ဖတ်လက်စ စာအုပ်တအုပ်အကြားတွင် တိတ်တဆိတ် ခိုဝင်နေထိုင်လျက်ရှိသော ငွေမင်ရောင် တလက်လက်နှင့် စာအုပ်ပိုးကလေး တကောင်တလေကများ ချစ်ခင်စွာ နားလည်မှုပေးနိုင်မည်လားဟု (အကြောင်းမဲ့)  မျှော်လင့် တောင့်တနေမိပြန်သည်။

ငယ်စဉ်ကာလများက ထိုစာအုပ်ပိုးကလေးများကို တွေ့မြင်လေတိုင်း တွန့်လိန်နေအောင် (သို့) နေစရာမရှိအောင် အသည်းယားခြင်း၊ စာအုပ်ကို ပိတ်သိမ်းလိုက်လျှင် သူတို့၏ ပါးလှပ်လှပ် ကိုယ်ကလေးတွင် ဖြစ်တည်နေသော အသက်တချောင်း ကွယ်ပျောက်သွားမှာကို လွန်စွာ စိုးရွံ့ခြင်း၊ မတော်တဆ သူ့အသက်သတ်မိလျှင် ဆောက်တည်နေသော ငါးပါးသီလ ပျက်မည်စိုးခြင်း… အစရှိသော အတွေးများဖြင့် သူမတူအောင် တုန်လှုပ် ကြောက်ရွံ့ခဲ့ဖူးသည်။ ယခုမူ ထိုသို့ မဟုတ်တော့ချေ။ သူတို့ဘဝကို နှစ်ထောင်းအားရစွာ အားကျစိတ်များ ဝင်တတ်လာချေပြီ။

စာအုပ်ပိုးကလေးတကောင်သည် သူ၏ ဘဝလေးကို ပိတ်ထားသော စာတအုပ်၏ စာမျက်နှာများအကြားတွင် တိတ်ဆိတ် ငြိမ်သက်စွာ၊ အေးချမ်းသာယာစွာ ကုန်လွန်နိုင်စေခြင်းကို အားကျသည်။ တနည်းအားဖြင့် ပိတ်ထားသော စာမျက်နှာများ၏ လုံခြုံမှုကို သဘောကျ နှစ်သက်သည်။ ပြောရလျှင် စာမျက်နှာပေါင်း များစွာရှိသော စာတအုပ်တွင် သူ (ထိုပိုးကလေး) နေထိုင်ရာ စာမျက်နှာကို အချိန်တိုတိုအတွင်း (သို့) ရုတ်တရက် (သို့) တန်းတန်းမတ်မတ် ဖွင့်ဟကြည့်မြင်ခွင့်ဆိုသည်မှာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတခုသာ။ ယနေ့ခေတ်တွင် စာအုပ်စင်ရှိသော အိမ်၊ စာတအုပ်ကို လက်ကကိုင်၍ စာဖတ်လိုသူ၊ ထို့အပြင် စာတအုပ်ကို လက်မှကိုင်၍ စစဆုံးဆုံး ဖတ်ရှုတတ်သူ နည်းပါးသွားခဲ့ခြင်းကို သေသေချာချာ သတိပြုမိလေရာ စာအုပ်ပိုးကလေးတကောင်၏ လုံခြုံမှုအတွက် များစွာ အားတက်ရချေ၏။ ဖြစ်နိုင်လျှင် ထိုစာအုပ်ပိုးကလေးများကို သာမန်ထက် ထူထဲသော အင်္ဂလိပ်-မြန်မာ အဘိဓါန် (သို့) လူသူအဖတ်နည်းသော ရှေးဟောင်းစာအုပ်ခပ်ထူထူများ၊ လက်ရှိနေ့ရက်များတွင် ခေတ်မမှီတော့ပြီဖြစ်သော ဘာသာရပ်ဆိုင်ရာ စာအုပ်အို စာအုပ်ဟောင်းများ အကြားတွင်သာ ရှင်သန် နေထိုင်စေလိုပါသည်။

အကယ်၍များ တစုံတယောက်က ထိုစာအုပ်ကို မတော်တဆ ဖွင့်ဟ ကြည့်ရှုမိလျှင်၊ ထိုမှတဖန် စာအုပ်ပိုးကလေးရှိနေသော စာမျက်နှာကိုမှ တည့်တည့် မတ်မတ် ဖွင့်ဟမိလျှင်ဆိုသည်ကတော့ ထိုသူ၏ လက်ရှိဖြစ်ပေါ်နေသော စိတ်အနေအထားသည်သာ စာအုပ်ပိုးကလေး၏ ကံကြမ္မာ ဖြစ်ချေ၏။ သို့ဆိုလျှင် ဆုတောင်းရုံသာ တတ်နိုင်တော့မည်ပဲ။

သိုသိပ်စွာ ကွယ်ဝှက်လိုသော၊ တနည်းအားဖြင့် ထုတ်ဖေါ်ပြသလိုခြင်း အလျဉ်းမရှိသော စကားလုံးများ၊ ကြိုးမဲ့စကားပြောစက်မှ တဆင့်ကြားနာနိုင်သော ထိန်းချုပ် ထိန်ချန် စကားသံများ၊ နေရာအနှံ့ တစစီ ပျံ့ကြဲနေသော (စာလုံးပေါင်း သတ်ပုံ သဒ္ဒါ အထားအသို အခေါ်အဝေါ် ဝါကျဖွဲတည်ပုံ မှားယွင်းကောင်း မှားယွင်းနေမည်ဖြစ်သော) မော်နီတာပေါ်မှ စကားလုံးများ၊ နေရာဒေသ အကွာအဝေး မိုင်တိုင်များအကြား မှန်းဆ တွေ့မြင်နိုင် / မမြင်နိုင် မသေချာသော အပြုံးအရယ်များ၊ ဖိတ်ခေါ် မထားသော်လည်း သူ့အလိုလို အချိန်မှန်မှန် ရောက်ရှိလာတတ်သော အလွမ်းအဆွေးများ၊ မျက်ကွယ်ပြုချင်စဖွယ် တီးတိုး ပင့်သက်ရှိုက်သံများ၊ မဝံ့မရဲ ရှေ့တိုးလာသော သံယောဇဉ်ကြိုးစများ၊ ဆံနွယ်မျှင်များဖြင့် ကွယ်ဝှက်ထားပြန်သော ရီဝေမျက်ဝန်းအစုံနှင့် ကျလုလု မျက်ရည်များတို့က ပေးအပ်သော ဝေဒနာများကြောင့် အေးခဲ ထုံကျင်နေသော ဘဝတွင် ငွေမင်ရောင် စာအုပ်ပိုးကလေး တကောင်သာ ဖြစ်လိုက်ချင်ပါသည်။

ကိုယ် မင်းကို ချစ်တယ် ဟူသော စကားတခွန်းကြားရတိုင်း နှစ်သက်ကြည်နူးစိတ် အတိုင်းအဆများစွာ ဖြစ်ပေါ်တတ်သော်လည်း ယခုအချိန်တွင်မူ အချစ်ခံရခြင်း ဟူသော အဖြစ်အပျက်ပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့တုန်လှုပ်စိတ်များက မသိမသာ ခိုဝင်လာခဲ့ပြီဖြစ်သည်။ အခြေအနေအရ စာအုပ်ပိုးကလေးဘဝနှင့် ပုန်းကွယ်ကာ လိုအပ်သလို မြိုသိပ် ဖုံးကွယ်ထားခဲ့သော စိတ်အစဉ်ကို စာတအုပ်ကို တမျက်နှာပြီး တမျက်နှာ တဖျတ်ဖျတ် လှန်လှောကာ ရှာဖွေသကဲ့သို့ မတွေ့မချင်း ဇွတ် အတင်း လာရောက် လှစ်ဟ မကြည့်လိုပါနှင့် ဟု တိုးလျှိုး တောင်းဆိုလျှင် မတရားရာ မကျနိုင် ဟု ဖာသာ ယုံကြည်နေမိပါသည်။ ဖြစ်နိုင်လျှင်တော့ စာအုပ်ပိုးကလေးဘဝဖြင့် စာမျက်နှာများ အကြားတွင်သာ အေးချမ်းစွာ ရှင်သန် နေထိုင်လိုပါသည်။ နားလည်လိမ့်မည်ဟုလည်း ယုံကြည်နေပါသေးသည်။

* * * * *

ငွေမင်ရောင် စာအုပ်ပိုးကလေးတကောင်သည် လူသူ အသုံးမလိုတော့၍ ချောင်ထိုးထားသော၊ အဖိုးမတန်တော့သော၊ အဆင်းဝါကျင့်ကျင့်ရှိပြီး စာမျက်နှာငါးရာခန့် ပါဝင်သော စာအုပ်အဟောင်း တအုပ်အကြားတွင် အသက်ကို ဖြေးဖြေးချင်း ရှူသွင်း ရှူထုတ်လျက် ကြိုးစားပမ်းစား ရှင်သန်နေထိုင်လျက်ရှိပါသည်…။

- ၂၀၁၆ ဇူလိုင်လ ထုတ် မိုးမခ မဂ္ဂဇင်းတွင် ဖေါ်ပြပြီးဖြစ်သည်။

14 comments:

  1. အတွေးရော အရေးရော ကောင်းမွန်သေသပ်လှတဲ့ အက်ဆေးလေးပဲ။ ပို့စ်တွေ အကုန်လုံးမဖတ်ဖူးပေမယ့် ဖတ်ဖူးသလောက်ထဲမှာ ဒီတပုဒ်က သေသေချာချာ စိတ်ထဲ မှတ်မှတ်သိသိဖြစ်စေတယ်။ ၂ နေရာမှာပဲ ဖတ်ရင်းနဲ့ ထစ်သွားတာ၊ ပြန်စဉ်းစားရတာက လွဲလို့ တလျှောက်လုံးဆွဲခေါ်သွားပြီး ငေးငိုင်ကျန်ရစ်စေတဲ့ အာနိသင်နဲ့ပြည့်စုံတဲ့ အက်ဆေး တပုဒ်လို့သာ--

    ReplyDelete
  2. သိပ်လှတဲ့ အတွေး အရေးလေး...
    သက်ဝေကို လွမ်းနေတာ... စာအသစ်မဖတ်ရတာ ကြာလို့...

    ReplyDelete
  3. မိုက်တယ်ကွာ၊ရေးတာပိုင်တယ်၊အပြင်မှာတော့စာအုပ်ပိုးတွေကသိပ်လျှင်တယ်သိလား၊လူမှန်းသိစကနေအရွယ်ရောက်တဲ့အထိစာအုပ်ပိုးနဲ့နပမ်းလုံးလာရတော့၊ဒီကိုယ်တော်ချောဇတ်လိုက်လာဖြစ်နေတဲ့
    အချိန်ကိုဖတ်ရင်းသဘောတွေကျနေတယ် :P

    ReplyDelete
  4. Meaningful thoughts, lovely writings & beautiful selection of wordings.... Love it a lot...!!

    ReplyDelete
  5. အကြာကြီးနေမှတခါတခါထရေးတဲ့ အက်ဆေးလေးလဲ ကောင်းတာပဲ... မကြာမကြာရေးစေချင်တယ် ...အကြာကြီးမစောင့်ချင်ဘူး..မမသက်ဝေ ဖဘလျှော့ပြီး စာများများရေးပါလို့ တောင်းဆိုချင်ပါတယ်..။

    ReplyDelete
  6. ငယ်ငယ်က စာအုပ်အဟောင်းတွေလှန်လိုက်လို့ စာအုပ်ပိုးတွေ ချကောင်တွေ ထွက်လာရင် လန့်ပြီး စာအုပ်ကြီး လွှင့်ပစ်လိုက်တာပဲ.. ပြီးရင် မထိရဲတော့ဘူး... ပြီးမှ ဆေးဘူးနဲ့ မှုတ်ပစ်တာ... (ရက်စက်ရာကျလားမသိ)... ကြောက်တာကိုး.... ခုနောက်ပိုင်းတော့ မတွေ့တာအတော်ကြာပြီ... စာအုပ်ကနေကို စာမဖတ်တော့တာ(ဟမ်).... :D

    ReplyDelete
  7. ကိုယ်ဖတ်နေတဲ့ စာအုပ်ထဲမှာ bookworm လေးတစ်ကောင် တွေ့ရင် အနည်းနဲ့အများ စိတ်အနှောင့်အယှက် ဖြစ်ရတတ်တဲ့ လူတွေကိုယ်တိုင်က အခုတော့ ကွန်ပျူတာ၊ တက်ဘလက်၊ ဖုန်း တွေကြားမှာ screenworm ဖြစ်ကုန်ကြတော့ စာအုပ်ပိုးလေးတွေရဲ့ ဘဝဟာ ပိုပြီး အေးချမ်းလာကြမှာ အသေအချာပါ…၊

    စာရွက်လှန်သံ တရွှမ်းရွှမ်းညံခဲ့တဲ့ ငြိမ်းငြိမ်းချမ်းချမ်း စာအုပ်ဖတ်ချိန်တွေကို အမှတ်ရ လွမ်းဆွတ်စေတဲ့ အက်ဆေး ကောင်းလေး တစ်ပုဒ်ပါ အစ်မသက်ဝေ…။

    ReplyDelete
  8. စာမျက်နှာ တစ်နေရာရာမှာ သူ့ဘာသာသူရှိပါစေ။ ဒီလိုပဲ ခံစားချက်တွေလည်း လူမြင်အောင်ပြဖို့မှမဟုတ်တာ။ တစ်ရွက်ချင်းလှန်ရှာရင်တော့ တွေ့ချင်တွေ့မှာပေါ့လေ

    ReplyDelete
  9. စာအုပ်ပိုးလေးဆိုတဲ့ခေါင်စဉ်ကိုမြင်တော့ စာအုပ်တွေချစ်တတ်တဲ့သူအကြောင်းလို့ ထင်တာ. တကယ့် ပိုးကောင်လေးအကြောင်းဖြစ်နေတော့ စိတ်ကူးဆန်းလေးကို နှစ်သက်မိတယ်.

    ReplyDelete
  10. မမသက်ဝေ ရဲ့ နူးညံ့ညင်သာတဲ့ အက်ဆေးလေး အမြဲဖတ်ခွင့်ရချင်ပါတယ် ....
    ငယ်စဉ်က စာအုပ်ဟောင်းဟောင်းလေးတွေ ဖတ်ရင်း အထဲမှာ တွေ့ခဲ့ဖူးတဲ့ ပိုးလေး တစ်ကောင်ကို မြင်ယောင်မိသလို..

    ချစ်ခင်စွာ
    ညီမသဒ္ဓါ

    ReplyDelete
  11. ရင်လှိုင်းFebruary 18, 2014 at 2:23 PM

    စာအုပ်ပိုးလေး ဖြစ်ချင်လာတယ်ကွာ.....။

    ReplyDelete
  12. နူးညံ့တဲ့အတွေး လှပတဲ့ အရေးလေးတွေနဲ့ ဖတ်ရတာ ကျေနပ်စရာ မသက်ရေ...
    စကားမစပ် တဂ်ပို့စ်လေး အချိန်ရရင် စဉ်းစားပေးအုံးနော် ... <3

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
  13. စာအုပ်ပိုးလေးတစ်ကောင်ကို တွေ့ရင်း ဒီအက်ဆေးလှလှလေးကို စိတ်ကူးကောင်းကောင်းနဲ့ ရေးဖြစ်ခဲ့လေသလား...။ စာအုပ်ပိုးလေးတွေ... စာအုပ်ပိုးလေးတွေ...။

    ReplyDelete
  14. ချစ်စရာကောင်းတဲ့ အက်ဆေးလေးတစ်ပုဒ် ...
    အမရဲ့ အတွေးနဲ့ အရေးကို သဘောကျမိပါတယ်။

    ချစ်ခင်လေးစားစွာဖြင့်
    ဂျွန်မိုး

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...