Wednesday, April 2, 2014
သီရိလင်္ကာ ခရီးစဉ် (၂)
ဒုတိယနေ့အတွက် အစီအစဉ်ကတော့ မနက်စောစော အိပ်ရာထပြီး အနုရဓပူရမြို့ထဲမှာရှိတဲ့ ဘုရားတွေကို သွားဖူးဖို့ပါ။
ပထမဆုံး သွားခဲ့တဲ့ဘုရားက မဟာဗောဓိ စေတီပါ။
အဲဒီ မဟာဗောဓိ စေတီဟာ အိန္ဒိယနိုင်ငံ ဗုဒ္ဗဂါယာမှာရှိတဲ့ မဟာဗောဓိညောင်ပင်ရဲ့ တောင်ဖက် အကိုင်းကို ပင့်ဆောင်ပြီး ပူဇော် စိုက်ပျိုးထားတာလို့ ဆိုပါတယ်။ ဒီမှာကြည့်ပါ… ညောင်ကိုင်းကို ရွှေချထားတဲ့ တိုင်တွေနဲ့ သေသေချာချာ ထောက်ထားတာ။
မဟာဗောဓိစေတီနဲ့ သိပ်မနီးမဝေးနေရာမှာ ဖူးခဲ့ရတဲ့ စေတီကတော့ မဟာစေတီပါ။ ပုံမှာတွေ့ရတာက ဘုရားရဲ့ ရင်ပြင်တော် တစ်နေရာပါ။ မဟာစေတီဟာ မြတ်စွာဘရား ပရိနဗ္ဗန်စံပြီး မီးသဂြိုလ်တဲ့အချိန်မှာ ကျလာတဲ့ ဓါတ်တော်တွေအားလုံးနီးပါးကို ဌာပနာထားတဲ့ စေတီတစ်ဆူဖြစ်ပြီး ဆုတောင်းပြည့်တယ်လို့ မှတ်သားရပါတယ်။ ထုံးသင်္ကန်းနဲ့ မဟာစေတီရဲ့ ပုံပန်ုးသဏ္ဍာန်ဟာ စစ်ကိုင်းက ကောင်းမှုတော်စေတီနဲ့ ခပ်ဆင်ဆင်တူပါတယ်။ စေတီက သိပ်ကြီးနေလို့ ဓါတ်ပုံရိုက်ရတာ ခက်ပါတယ်။ အခုပုံထဲမှာ မြင်ရတာက မဟာစေတီနဲ့ တစ်ထပ်တည်းတူတဲ့ စေတီရံ လေးပါ။
ဘုရားဖူးပြီး ရင်ပြင်တော်ပေါ်မှာ ဓါတ်ပုံရိုက်နေချိန်မှာ လှူဖွယ်ဝတ္ထုတွေကို သယ်ဆောင်လာတဲ့ လူတစ်စု ဘုရားရင်ပြင်ကို တစ်ပတ်ပတ်နေတာ တွေ့ခဲ့ရပါတယ်။ အတီးအမှုတ်နဲ့အတူ လှည့်လည်လာတာ ကျွန်မတို့ဆီက ရှင်လောင်းလှည့်သလိုမျိုးနဲ့ တူပါတယ်။ သူတို့ဆီမှာ ထူးခြားချက်တစ်ခုက ဘုရားကျောင်းကန် စေတီပုထိုးတွေကို လာရောက်ဖူးမျှော်ကြရင် လူကြီး လူငယ် ယောက်ျား မိန်းမ မရွေး အဝတ်အစားကို အပေါ်အဖြူ အောက်အဖြူတွေ ဝတ်ဆင်ကြတာပါ။ ကျွန်မတို့ကိုလည်း ဒီခရီးကို မသွားခင် စီစဉ်ပေးတဲ့ နယ်ခံ Tour Guide က ဝတ်စုံအဖြူ မပါပါအောင် ယူလာဖို့ တဖွဖွ သတိပေးပါတယ်။
အဲဒီလို လှည့်လည်နေတုန်း ဘုရားဖူးတစ်ချို့က အလှူပါဝင်နေကြပုံပါ။
ဒီလို ကြာပန်းလှလှတွေကို ဘုရားအဝင်မှာ ရောင်းပါတယ်။ သူတို့ဆီက ပန်းကပ်ပုံက ပန်းအိုးတွေ ဘာတွေနဲ့ မဟုတ်ပဲ ပန်းတွေကို အညှာကနေ ချွေ၊ ဘုရား (သို့) ရုပ်ပွားတော်ရဲ့ အရှေ့မှာ ဒီတိုင်း ချပြီး ကပ်လှူကြတာပါ။ ဈေးလည်း အရမ်းသက်သာပါတယ်။ အောက်က ပုံမှာတွေ့ရတဲ့ ကြာပန်းတစ်စည်းကိုမှ စကာင်္ပူ တစ်ဒေါ်လာတောင် မကျပါဘူး။
မဟာစေတီဘုရားရဲ့ ရင်ပြင်တစ်နေရာမှာ ဖူးခဲ့ရတဲ့ ဘုရားပါ။ ဆင်းတုတော် အောက်ခြေမှာ ထွင်းထားတဲ့ စာကို မြင်ရတော့ အံ့သြသွားတယ်။
နောက်စေတီတစ်ဆူကတော့ ထူပါရာမ လို့ အမည်ရပါတယ်။ မြတ်စွာဘုရားရဲ့ ညာဖက် ညှပ်ရိုးတော်ကို ဌာပနာထားတယ်လို့ သိရပါတယ်။ ထုံးသင်္ကန်း ကပ်ထားတဲ့ စေတီအကြီးကြီး တစ်ဆူဖြစ်ပြီး စပါးတွေပုံထားတဲ့ ပုံမျိုး တည်ထားတယ်လို့ သိရပါတယ်။ စေတီကြီးက ကြီးလွန်းတော့ စေတီအပြည့်ပါတဲ့ပုံကောင်းကောင်း မရခဲ့ပါဘူး။ ဒါကတော့ ရင်ပြင်တော် တစ်နေရာပါ။
ထူပါရာမစေတီဟာ မကြာခဏ အဖျက်အဆီးခံခဲ့ရပြီး King Agbo II လက်ထက်မှာတော့ လုံးဝ ပျက်စီးတဲ့အထိ အဖျက်ဆီးခံခဲ့ရတယ် လို့ သိရပါတယ်။ အခု ဖူးခွင့်ရတဲ့ စေတီကတော့ အေဒီ ၁၈၆၂ မှာ အသစ် ပြန်လည်တည်ဆောက်ထားတာပါ။ ဒါတွေကတော့ စေတီဝင်းထဲမှာ တွေ့ခဲ့ရတဲ့ ကျောက်တိုင်တွေနဲ့ စေတီ အပျက်အစီးတစ်ချို့ပါ။
ဒါကတော Mirisaweti စေတီပါ။ ငရုတ်သီးစေတီ လို့ အလွယ်ခေါ်ကြပါတယ်။ အဲဒီအချိန်မှာ နန်းတက်နေတဲ့ ဘုရင် King Dutugemunu ဟာ တစ်နေ့မှာ ငရုတ်သီးဟင်းကို သံဃာတော်တွေကို အရင် မကပ်ပဲ ယူစားလိုက်မိလို့ သူ့ကိုယ်သူ အပြစ်ပေးတဲ့အနေနဲ့ ဒီစေတီကို တည်ထားကိုးကွယ်ခဲ့တယ် လို့ သိရပါတယ်။
ဒါကတော့ ဟိုးရှေးရှေးက အင်ဂျင်နီယာတွေရဲ့ လက်ရာ Twin Pond ပါ။ ရေကန်ကြီး နှစ်ခု ဆက်ထားတာဖြစ်ပြီး တစ်ခုက အလျား ၂၈ မီတာ နဲ့ နောက်တစ်ခုက မီတာ ၄၀ ရှည်လျားပါတယ်။ ဟိုးရှေးရှေးက ရဟန်းသံဃာတွေ ချိုးတော်ရေ သုံးတဲ့နေရာလို့ သိရပါတယ်။
ဒါကတော့ ဘုရားပေါ်က အဆင်းမှာ တွေ့ခဲ့ရတဲ့ ဈေးတန်းလေးပါ။ ကြိမ်တို့ ဝါးတို့နဲ့ လုပ်ထားတဲ့ လက်မှုပစ္စည်းလေးတွေကို တွေ့နိုင်ပါတယ်။
ဒါကတော့ သမာဓိ ဆင်းတုတော်ပါ။ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နေရူးဟာ သီရိလင်္ကာကို ချစ်ကြည်ရေးခရီး အလည်အပတ်လာတဲ့အချိန်မှာ ဒီဆင်းတုတော်ကို ကြည်ညိုစွာ အချိန်ပေး ဖူးမျှော်ခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံရေး လှုပ်ရှားမှုကြောင့် သူ ထောင်ကျနေချိန်များမှာ ဒီဘုရားကို ပြန်လည် မြင်ယောင်ပြီး အာရုံပြုနေရခြင်းဟာ သူ့စိတ်ကို သက်တောင့်သက်သာနဲ့ များစွာ အေးချမ်းစေတယ်လို့ ပြောခဲ့ပါတယ်။
ဒီဘုရားကတော့ အဘယမုနိ လို့ အမည်ရပါတယ်။ ရောဂါဘယတွေကို ပျောက်ကင်းစေဖို့ ဆုတောင်းရင် ပြည့်ဝတယ်လို့ မှတ်သားခဲ့ရပါတယ်။ အဲဒီဘုရားကိုရောက်တော့ ညနေစောင်းကလေးမို့ နေအေးသွားပါပြီ။ အဲဒါကြောင့် ကျွန်မတို့တွေ ဘုရားကို တစ်ပတ်ပတ်ပြီး အေးအေးဆေးဆေး ဖူးမျှော် ဆုတောင်းဖြစ်ခဲ့ပါတယ်။
ဒါကတော့ Isurumuniya temple ပါ။ အဲဒီဘုရားကို ရောက်တဲ့အချိန်မှာ မိုးတဖွဲဖွဲ ရွာလာတာကတစ်ကြောင်း၊ တောင်လေးက သိပ်မမြင့်ပေမဲ့ လှေခါးထစ်ရယ်လို့ ပီပီပြင်ပြင်မရှိပဲ ကုန်းတက်လို တက်ရမှာဆိုတော့ မိုးရေတွေနဲ့ တက်ရခက်မှာစိုးတာက တစ်ကြောင်းတို့ကြောင့် အောက်ကနေပဲ လှမ်းပြီး ဖူးမျှော်ခဲ့ရတဲ့ ဘုရားပါ။
ဒါကတော့ သူတို့ဆီက ဘုရား ဆီမီးပူဇော်တဲ့ စင်ကလေးတွေပါ။ ဘုရားတိုင်းလိုလိုမှာ အဲလိုစင်ကလေးတွေ တွေ့ရပါတယ်။ တစ်ကျောင်း တစ်ဂါထာပေါ့နော်။
ဒီနေ့ဖူးခဲ့သမျှ ဘုရားတွေ အားလုံးစုံသွားပါပြီ။
ညစာကို အနုရဓပူရမြို့ထဲက လူစည်ကားတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ စားဖြစ်ပါတယ်။ သီရိလင်္ကာရဲ့ ရိုးရာ အစားအသောက်တွေအကြောင်းကိုတော့ နောက်ပိုစ့်တွေမှာ ရေးပြပါ့မယ်။ မနက်ဖြန်ကျရင်တော့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ စွယ်တော် ကိန်းဝပ်စံပယ်ရာနေရာ ဖြစ်တဲ့ ကန်ဒီဆိုတဲ့ မြို့ကို ခရီးဆက်ပါ့မယ်…။ ကျွန်မနဲ့ အတူတူ ကန်ဒီမြို့ကို စွယ်တော်ဖူးဖို့ လိုက်ခဲ့ပါအုံးနော်…။
- ၂၀၁၅ ဇူလိုင်လထုတ် Living Fashion Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်
11 comments:
  1. မြန်မာနိုင်ငံနဲ့ အတော်တူတယ်နော်. ငရုတ်သီးစေတီက ကောင်းမှုတော်စေတီနဲ့ ခပ်ဆင်ဆင်နော်. သီရိလင်္ကာဗုဒ္ဓဘာသာထွန်းကားမှုက အားကျအတုယူဖို့ ကောင်းပါတယ်. အခွင့်သာရင် သွားလည်ဦးမယ်သက်ဝေရေ. ကျောင်းတက်တုန်းက အရမ်းသဘောကောင်းတဲ့ supervisor က သီရိလင်္ကာနိုင်ငံသားပါ. စိတ်ထားအရမ်းနူးညံ့လွန်းတဲ့ဆရာကိုတွေ့ ပြီးကတည်းက သီရိင်္လကာလူမျိုးတွေဆီအလည်သွားဖို့ စိတ်ဝင်စားခဲ့တာပါ
    ReplyDelete
    ReplyDelete
  3. သွားမယ်လို့ စိတ်ကူးထားတဲ့ထဲက တစ်နေရာပေါ့ အသက်ရေ
    ဘုရားဖူးထွက်ရတာဆိုတော့ စိတ်အေးချမ်းခဲ့မှာ အမှန်ပါပဲ။ ပုံတွေလည်း သိပ်လှတယ် :)
    ReplyDelete
  4. ပုံတွေနဲ့အသေးစိတ်လိုက်ပါပို့ဆောင်ရှင်းပြတာကြောင့်
    စွယ်တော်ဖူးဘို့ရော ခရီးဆုံးအထိပါ လိုက်ဖူးမယ် မသက်ရေ...
    သာဓု သာဓု သာဓု
    မေတ္တာဖြင့်
    တီတင့်
    ReplyDelete
  5. ပုံတွေလဲလှ ခရီးသွားဗဟုသုတလဲရ
    ReplyDelete
  6. သွားချင်လိုက်တာ... အဲ့လိုဘုရားဖူးလို့ရမယ်ဆို သွားချင်တယ် တကယ် ..
    ပုံတွေအတွက် ကျေးဇူးပါ အစ်မသက်ဝေ
    ReplyDelete
  7. ပထမတပုဒ်လည်း လာဖတ်ပါတယ်.. စိတ်ဝင်စားတယ်...
    ReplyDelete
  8. သာမီးလဲ ဘုရားလိုက်ဖူးဦးမယ်
    ReplyDelete
  9. newsfeed က ဘာ ဖြစ်လည်းမသိဘူး ပို့စ် အသစ်မတက်ဘူး ဘုရားတွေ အများကြီးပဲနော်။ သမ္မတကြီး လှူထားတဲ့ ဆင်းတုတော် မြင်တော့ လန့်တော့လန့်သွားသား။ လည်စရာတွေ ဒီလောက်များမှန်း မသိခဲ့ဘူး။
    ReplyDelete
  10. ငရုတ်သီးစေတီက ပစ်တို့ မြန်မာပြည် စစ်ကိုင်းကောင်းမှု့တော် ဘုရားနဲ့ခပ်ဆင်ဆင်နော် မကြီး
    ReplyDelete
အမှတ်တရ ရေးခဲ့ပါ...