နေ့လည်စာ ထမင်းစားပြီး ပထမတော့ ဟိုတယ်ကို ပြန်နားကြမလို့ပဲ နောက်တော့ သိပ်လည်း မပင်ပန်းကြတာမို့ ဘုရားတွေ ဆက်ဖူးကြဖို့ စိတ်ကူးတယ်။
သရပါတံခါးကနေ နည်းနည်း ဆက်သွားတော့ Golden Palace လို့ ခေါ်လို့ရတဲ့ နန်းတော်ရာ ကို ရောက်တယ်။ နန်းတော်ရာ ဆိုပေမဲ့ မြို့တော်ရဲ့ အလယ်တည့်တည့်မှာ မရှိပဲ နန်းမြို့ရိုးနဲ့ ကျုံးအနားမှာ ဖြစ်နေပါတယ်။ ဘာမှ ထင်ထင်ရှားရှား များများစားစားတော့ မတွေ့ခဲ့ရပါဘူး။ သစ်ပင်ပေါင်းပင်တွေ ထူထပ်စွာ ပေါက်ရောက်နေပြီး ပျက်စီးနေတဲ့ အုတ်ပုံတွေကိုသာ အခုလို တွေ့ရပါတယ်။
နန်းတော်ရာကနေ ရွှေဂူကြီးဘုရားကို ဆက်သွားကြပါတယ်။ ရွှေဂူကြီးဘုရားကတော့ ပုဂံမြို့အ၀င် သရပါတံခါးရဲ့ အတွင်းပိုင်း အနောက်ဘက်မှာ တည်ရှိပါတယ်။ အမြင့် ဆယ့်နှစ်ပေရှိတဲ့ အုတ်ခုံထက်မှာ တည်ထားပါတယ်။ အဲဒီရွှေဂူကြီးဘုရားကို အလောင်းစည်သူမင်းက သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်မှာရှိတဲ့ ကန္ဓကုဋိတိုက် ပုံစံကို အတုယူပြီး တည်ဆောက်ထားတာဖြစ်တယ် လို့ သိရပါတယ်။
ရွှေဂူကြီးဘုရားမှာ လှေခါးသေးသေး ကျဉ်းကျဉ်းလေးတွေကတဆင့် အပေါ်ပစ္စယံတွေကို တက်လို့ရတာမို့ ခဏတက်ပြီး ဓါတ်ပုံရိုက်ပါတယ်။ ဒါကတော့ ရွှေဂူကြီးဘုရားကနေ လှမ်းတွေ့ရတဲ့ ပုဂံ ရှေးဟောင်းသုတေသန ယဉ်ကျေးမှုသမိုင်းပြတိုက်ပါ။
ဒီပုံတွေကတော့ ရွှေဂူကြီးဘုရားကနေ လှမ်းတွေ့ရတဲ့ ပုဂံ မြင်ကွင်းပါ။
ဒါကတော့ (ကျွန်မ မှတ်လာတာ မမှားဘူးဆိုရင်) ရွှေဂူကြီးဘုရားကနေ လှမ်းဖူးတွေ့ရတဲ့ သဗ္ဗညုပါ။
ရွှေဂူကြီးဘုရားကနေ အပြန်မှာ အခုနက အဝေးကနေ လှမ်းဖူးမျှော်ခဲ့ရတဲ့ သဗ္ဗညုဘုရားကို ဆက်သွားကြပါတယ်။ သဗ္ဗညုဘုရားဟာ အလောင်းစည်သူမင်းရဲ့ ကောင်းမှုတော်ဖြစ်ပါတယ်။ ပုဂံတ၀ိုက်မှာ ထုထည်ကြီးမားပြီး ဥာဏ်တော်အမြင့်ဆုံး ဂူဘုရားကြီးဖြစ်လို့ အဝေးကနေ လှမ်းကြည့်ရင်တောင် ထင်ရှားစွာ ပေါ်လွင်နေတာကို တွေ့နိုင်ကြပါတယ်။ သဗ္ဗညုဘုရားဟာ ဥာဏ်တော် ပေနှစ်ရာခန့် အမြင့်ရှိပြီး ရှေးခေတ်က ရဟန်းသံဃာတော်တွေ ပရိယတ္တိစာပေလေ့လာဖို့ ပိဋကတ်တိုက်သဖွယ် အသုံးပြုခဲ့ကြတာလို့ သိရှိရပါတယ်။ သဗ္ဗညုဘုရားကြီးဟာ ဘေးတက် လှိုဏ်ဂူဘုရားကြီးဖြစ်ပြီး ဆင်းတုတော်ထားရှိတဲ့ ကန္ဓကုဋိတိုက် ခေါင်မိုးပေါ်မှာ အုတ်တွေနဲ့ပဲ တည်ဆောက်ထားတာမို့ ထူးခြားတဲ့ ဗိသုကာလက်ရာလည်း ဖြစ်ပါတယ်။
သဗ္ဗညုဘုရားဖူးပြီးတော့ ဘုရားလည်း ဖူး၊ နေ၀င်ချိန် သိပ်လှတဲ့ ပုဂံရှူခင်းကို ကြည့်ဖို့ ရွှေဆံတော်ဘုရားကို ဆက်သွားကြပါတယ်။ ရွှေဆံတော်ဘုရားကို အနော်ရထာမင်းကြီးက တည်ထားကိုးကွယ်ခဲ့တယ်လို့ သိရပါတယ်။ အနော်ရထာမင်းမြတ် ဥသာပဲခူးမှာ ခမာလူမျိုးတွေ တိုက်ခိုက်ဝင်ရောက်ခဲ့စဉ်က စစ်ကူပေးခဲ့အတွက် ဥသာမင်းဆက်သတဲ့ ဆံတော်ကို ဌာပနာပြုပြီး ရွှေဆံတော်ဘုရားကို တည်ထားကိုးကွယ်ခဲ့တာလို့လည်း မှတ်သားရပါတယ်။ ရွှေဆံတော်ဘုရားဟာ ကျဉ်းမြောင်းမက်စောက်တဲ့ လှေကားထစ်တွေကနေ တက်ရတာဖြစ်ပြီး ပုဂံပတ်ဝန်းကျင်တခုလုံးက ဘုရားတွေကို အပေါ်စီးကနေ လှပစွာ မြင်တွေ့ ဖူးမျှော်နိုင်တာရယ်၊ ဧရာဝတီမြစ်ထဲကို နေလုံးကြီး ငုတ်လျှိုးသွားတဲ့ နေ၀င်ချိန်မြင်ကွင်းရယ်တို့ကြောင့် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ အလွန်သဘောကျ နှစ်သက်တဲ့ နာမည်ကျော် ဘုရားတဆူပါ။
အဲဒီအချိန်လေးမှာပဲ ပုဂံနဲ့ အကျွမ်းတ၀င်ရှိလှတဲ့ သူငယ်ချင်းက တကူးတက ဖုန်းဆက်ပြီး လှမ်းပြောပါတယ်၊ ဒီနေ့ ညနေ ငါးနာရီ မိနစ်လေးဆယ်မှာ နေ၀င်မယ်တဲ့။ နေ၀င်ချိန်ဓါတ်ပုံ လှလှရအောင် ရိုက်ခဲ့နော်တဲ့။ ရွှေဆံတော်ဘုရား အောက်ခြေကို ကျွန်မတို့ ရောက်သွားတဲ့အချိန်မှာ ဘုရားပစ္စယံတွေမှာ နေ၀င်ချိန်ကို စောင့်ကြည့်၊ ဓါတ်ပုံရိုက်မဲ့ ခရီးသွားတွေနဲ့ ပြည့်နေပါပြီ။ ကျဉ်းမြောင်း မတ်စောက်တဲ့ လှေခါးသေးသေးလေးကို ကြည့်ပြီး အပေါ်တက်ရင် ကောင်းမလား၊ မတက်ရင် ကောင်းမလား တွေးနေရင်းနဲ့ ရောက်ပြီးမှတော့ တက်တာပေါ့လေ လို့ အားတင်းလိုက်ပါတယ်။ ဒါနဲ့ အများသူငါတွေနဲ့ ရောနှောပြီး လက်ရန်းကို မြဲမြဲကိုင်လို့ ကြောက်ကြောက်နဲ့ တက်သွားလိုက်ပါတယ်။ ပစ္စယံ ဒုတိယအဆင့်ကို ရောက်တော့ ဆက်မတက်ချင်တော့ဘူး။ ဒီလောက်ကနေ ရိုက်ရင်လည်း ရတာပါပဲလေ လို့ တွေးပြီး ဟိုဟိုဒီဒီ ကြည့်ပြီး ရှာလိုက်တော့ နေ၀င်ချိန် ဓါတ်ပုံရိုက်စရာ တကိုယ်စာ နေရာလေး ရပါတယ်။ ထရိုက်ပေါ့ထ် မပါသော်လည်း အုတ်ဘောင်ကလေးတခုပေါ်ကို ကင်မရာ ငြိမ်အောင် ထားလို့ရတဲ့ နေရာလေးမို့ အဆင်ပြေပါတယ်။ ပြီးတော့ ကင်မရာကို ဆက်တင်တွေ ဘာတွေ ချိန်၊ ဟိုကြည့်ဒီကြည့် ဟိုရိုက်ဒီရိုက်နဲ့ပေါ့။
အဲဒီအချိန်မှာ အပေါ်က လက်ခုပ်တီးပြီး လှမ်းခေါ်သံကြားလို့ မော့ကြည့်တော့ ဖေဖေ ဖြစ်နေပါတယ်။ သူက အပေါ်ဆုံးပစ္စယံကနေ အောက်ကို ငုံ့ကြည့်ပြီး အပေါ်ကို တက်ခဲ့ဖို့ လှမ်းခေါ်နေတာပါ။ ကျွန်မစိတ်ထဲ ဖေဖေ လိုက်တက်မလာဘူး၊ မေမေတို့နဲ့ အောက်မှာပဲ နေကျန်ခဲ့တယ်လို့ ထင်ထားတာ။ ဘယ်လိုလုပ်များ အပေါ်ဆုံးထိအောင် ရောက်သွားပါလိမ့်လို့ တွေးလည်းတွေး ဒီလိုအတက် အဆင်းတွေမှာ မတော်တဆ မူးမိုက်သွားမှဖြင့်လို့ စိတ်လည်းပူနဲ့ ကျွန်မလည်း အပေါ်ကို လိုက်တက်ရပါတော့တယ်။ အပေါ်ကို ရောက်တော့ ဓါတ်ပုံရိုက်စရာ နေရာမရှိတော့ပါဘူး။ နေရာကောင်းတွေမှန်သမျှ လူတွေ ပြည့်လို့။ နေကလည်း ၀င်တော့မယ်… နေလုံးကြီးကို အလုံးလိုက် အ၀ိုင်းလိုက်ရအောင် ဘယ်လိုများ ရိုက်ရပါ့မလဲ တွေးပြီး ဟိုကြည့်ဒီကြည့်နဲ့ ကြည့်နေရင်းမှာ နိုင်ငံခြားသူတယောက်က ကျွန်မကို တကိုယ်စာလေး နေရာကျုံ့ပေးပါတယ်။ ကင်မရာတင်စရာ နေရာလေးရအောင်လည်း ကြိုးစားပြီး ဖယ်ပေးပါတယ်။ အဲဒီအမျိုးသမီးကို ကျေးဇူးတင်စကား ပြောပြီး နေ၀င်ချိန်ကို စောင့်ပါတယ်။ ဒါကတော့ နေမ၀င်ခင် ကင်မရာ မျက်နှာမူရာကို ရိုက်ထားတဲ့ ပုံလေးတွေပါ။
ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပါဘူး။ တိမ်ထူထပ်တဲ့ ညနေခင်းတခုဖြစ်တာကြောင့် နေဝင်တဲ့အခါ နေလုံးကြီးကို တိမ်တွေက ကွယ်ထားပါတယ်။ နောက်ဆုံးမှာ နေလုံးကြီးဟာ တိမ်တွေကို အကွယ်အကာယူပြီး တောင်တန်းတွေရဲ့ အနောက်ကို တစ တစနဲ့ ငုတ်သျှိုး ပျောက်ကွယ်သွားပါတော့တယ်။
နေဝင်ချိန်ကို ဓါတ်ပုံရိုက်ဖို့ စောင့်နေကြသူများလည်း အားမလို အားမရဖြစ်နေတဲ့ မျက်နှာလေးတွေနဲ့ အောက်ကို ပြန်ဆင်းကြရပါတယ်။ တကယ်ကျတော့ အဆင်းဟာ အတက်ထက် ပိုပြီး ကြောက်စရာကောင်းတာကို တွေ့ရပါတယ်။ လက်ရမ်းတွေကို ကိုင်ပြီး ခပ်ဝေးဝေးကို ငုံ့မကြည့်ပဲ ဘေးတိုက်အနေအထားနဲ့ တထစ်ချင်း အသက်ပြင်းပြင်းမရှူရဲပဲ ဆင်းရပါတယ်။ တချို့အမျိုးသမီးတွေ တကယ်ပဲ ကြောက်ရွံ့တုန်လှုပ်ပြီး ချွေးသီးချွေးပေါက်တွေကျလို့ အဆင်းခက်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ကျွန်မစိတ်ပူနေတဲ့ ဖေဖေကတော့ ကျွန်မတို့ရော သူများတွေပါ နေ၀င်ချိန်စောင့်နေတုန်း၊ လှေခါးမှာ လူရှင်းနေတုန်း အောက်ကို ဆင်းသွားခဲ့ပါပြီ။
အောက်ကို ချောချောမောမော ရောက်တော့မှ ကိုယ် တက်ခဲ့တဲ့ လှေခါးနဲ့ ကိုယ် ရောက်သွားခဲ့တဲ့ နေရာကို ပြန်မော့ကြည့်မိပါတယ်။ အတော်တော့ မြင့်သား… ချစ်စရာ ပုဂံရဲ့ မြင်ကွင်းလှလှ ရှူခင်းလှလှတွေကို မှတ်တမ်းတင် ဓါတ်ပုံရိုက်ချင်တဲ့ ဇောက များနေတော့ ကြောက်ရမှန်းမသိခဲ့တာ။ ဒါပေမဲ့ အဲဒီလှေခါးကနေ မတော်တဆ လိမ့်ကျ ပြုတ်ကျခဲ့ဖူးသူ တဦးတယောက်မှ မရှိတဲ့အကြောင်း သိရတော့ ရွှေဆံတော်ဘုရားရဲ့ ဘုန်းတန်ခိုး ကြီးမားပုံကို သတိပြု ဆင်ခြင်မိပါတယ်။
ပထမတော့ ဒီပိုစ့်မှာ ပုဂံခရီးစဉ်ကို အပြီးသတ်မလားလို့… ဒါပေမဲ့ နောက် ဂေါတော့ပလ္လင်ဘုရားတဆူ ကျန်သေးတာရယ်၊ နောက်တနေ့မှာ ရိုက်လာတဲ့ ဓါတ်ပုံတွေ တင်ချင်သေးတာရယ်ကြောင့် စာနည်းနည်း ဓါတ်ပုံများများနဲ့ နောက်တပိုစ့် ဆက်ပါအုံးမယ်။ လာကြည့်ကြပါအုံးနော်။
သက်ဝေ
(၂၆ မေ ၂၀၁၅)

သာတဲ့ပုဂံမြေ (၃) (၄)တို့နဲ့အတူ တွယ်ညိပစ်လိုက်တယ် မသက်ရေ.... ကျေးဇူးအများကြီးတင်တယ်။ ဓာတ်ပုံတွေဝေေ၀ဆာဆာနဲ့ ဖတ်ရခဲကြည့်ရခဲတဲ့ ပို့စ်လေးတွေ။ မောင်မျိုးပို့စ်ကိုဖတ်ကတည်းက ခရီးထွက်ချင်နေပါတယ်ဆိုမှ အခုတော့ တားမရတော့ဘူး :P
ReplyDeleteလေးက နေ သုံးပြန်ဖတ် သုံးကနေ နှစ်ပြန်ဖတ် နဲ့ နောက်ဆုံး ၁ ထိပြန်ဖတ်လိုက်တယ်။
ReplyDeleteကိုယ်လည်း ပုဂံကို မကြာခဏရောက်ခဲ့ဘူးတော့ ပို့ စ်တွေအားလုံး ကို စိတ်ဝင်တစားဖတ်ဖြစ်ပါတယ်။
အထူးသဖြင့် ဓါတ်ပုံလေးတွေ ကြောင့် မှေးမှိန်နေခဲ့တဲ့ စိတ်ကူးပုံရိပ်လေးတွေ လည်း ပီပီပြင်ပြင် ပြန်ရလာလို့ ကျေးဇူးတင်မိတယ်။
ကိုယ်လည်း ရောက်တိုင်း ရွှေဆံတော်ဘုရားပေါ်ကနေ နေ၀င်အလှကို စောင့်ကြည့်ခဲ့တယ်။
ခု မသက်ဝေ ရိုက်ထားတဲ့ ပုံတွေ့ တော့ ငါဘယ်လို များ အခေါက်တိုင်း တက်တက်ကြွကြွ တက်ခဲ့ပါလိမ့်လို့ တွေးမိတယ်။
ခုသာတက်ဆိုရင် တက်ရဲပါ့မလားမသိ။
ဟုတ်တယ် ဆင်းရတာ ပို သရုပ်ပျက်တယ်။ ပြီးရင် ပေါင်တွေ ကွနေရော။ ဟ ဟ
အိုင်အိုရာ
တနေ့ကပဲ (၃) ကို ဖတ်နေသေးတယ်။ သိပ်လှတဲ့ ဓာတ်ပုံတွေနဲ့အတူ ပုဂံရာဇဝင်ကိုပါ ခပ်ပါးပါး ခြယ်မှုန်းသွားတာမို့ ဖတ်လို့ အရသာရှိတဲ့ ခရီးသွားမှတ်တမ်း တပုဒ်ပါပဲ။
ReplyDeleteညီမ ပုဂံရောက်တုန်းကလဲ ရွှေဆံတော်မှာ နေဝင်ချိန်သွားကြည့်ခဲ့သေးတယ်။ ဘုရားပေါ်မှာ လူတွေအုံခဲနေတာလဲ ရိုက်ခဲ့သေးတယ်။ ဟိုးအပေါ်ထိတော့ မတက်ဖြစ်ဘူး။ တဝက်အထိပဲ။ ကြောက်လို့။
နောက်ထပ်တင်မယ့် အပိုင်း (၅) လဲ မပြန်ခင် အင်တာနက်ကောင်းတုန်းလေး ဖတ်ခွင့်ရချင်လိုက်တာ။