အပြန်လမ်းတလျှောက်မှာ လူက အတော်လေး ပင်ပန်းနေပြီ။ ဟိုတယ်ပြန်ရောက်တော့ ည ၇ နာရီ… အတော် မှောင်နေပြီ။ ဘာစာမှလည်း မရေးနိုင်၊ မရေးချင်… ပြီးတော့ ဘာမှလည်း မတွေးချင်တော့ဘူး။ တောင်တန်းတွေ၊ တိမ်လိပ်တွေ၊ ညစာတွေ၊ ကော်ဖီတွေ၊ မတွေ့ခဲ့ရတဲ့ နှင်းဆီနီတွေ အားလုံးကို အာရုံထဲက ဖျောက်၊ သူ့ကိုပါ မေ့ဖျောက်ပြီး အခန်းထဲပြန်ရောက်တာနဲ့ ရေချိုးပြီး အိပ်လိုက်တယ်။
ဖုန်းမြည်သံခပ်တိုးတိုးကြောင့် အိပ်ရာကနိုးလာတယ်။ ဖုန်းမျက်နှာပြင်မှာ ပေါ်လာတဲ့ ကော်ဖီတခွက်နဲ့ နှင်းဆီပန်းနီနီတွေကို တွေ့လိုက်ရတော့မှ ကျွန်မ အခု ဘယ်ကိုရောက်နေတယ်ဆိုတာ ပြန်ုပီး သတိဝင်လာတယ်။ နာရီကိုကြည့်လိုက်တော့ ကိုးနာရီခွဲနေပြီ။ တယောက်ထဲ အောက်ဆင်းပြီး ညစာ စားမနေချင်တော့တာမို့ ဘာလုပ်ရရင်ကောင်းမလဲ စဉ်းစားရင်း ဟိုဟိုဒီဒီ မျက်စိကစားလိုက်တော့ နေ့လည်က လမ်းဘေးသစ်သီးဆိုင်လေးက ၀ယ်လာတဲ့ စတော်ဘယ်ရီသီး သုံးဗူးကို သွားတွေ့တယ်။ အဲဒါလေးတွေကို ရေဆေးစားပြီး အခန်းထဲမှာ အဆင်သင့်ရှိနေတဲ့ ကော်ဖီတခွက်နဲ့ဆို အဆင်ပြေပြီ။
တော်တော်နဲ့ ပြန်အိပ်လို့မရတော့မဲ့အတူတူ ကော်ဖီသောက်ရင်း နေ့လည်က အကြမ်းရေးမှတ်လာခဲ့တဲ့ ခရီးသွားမှတ်တမ်းကို ပြန်ဖတ်ကြည့်နေမိတယ်။ ကျွန်မ ဘာလီကိုရောက်တာ နှစ်ရက်ရှိပြီ။ ဟိုး မိုးကုတ်စက်ဝိုင်းအစွန်းအထိ မျက်စိတဆုံး မြင်ရမဲ့ ရေပြင်ပြာပြာတွေနဲ့ လှိုင်းဖွေးဖွေးတွေကို မတွေ့ရသေးတာမို့ စိတ်ထဲမှာတော့ တမျိုးပဲ။ ဟိုတွေးဒီတွေးနဲ့ မအိပ်ချင်ပေမဲ့ နောက်တနေ့ ခရီးဆက်စရာ ရှိနေသေးတာမို့ ညဆယ့်နှစ်နာရီလောက်မှာ ပြန်အိပ်ပျော်အောင် ကြိုးစားရတယ်။
မနက်ကျတော့လည်း ထုံးစံအတိုင်း အစောကြီးနိုးနေပြန်တာပါပဲ။ ရေမိုးချိုး၊ လိုအပ်တဲ့ပစ္စည်း စုံ မစုံ စစ်ဆေးပြီး မနက်စာ စားဖို့ အောက်ကို ဆင်းလာခဲ့တယ်။ ညက ညစာမစားခဲ့တာမို့ ဗိုက်ဆာနေပြီ။ ခါတိုင်း မနက်စာကို များများစားလေ့မရှိသော်လည်း ဒီမနက်တော့ ခေါက်ဆွဲကြော်၊ မှိုဟင်း၊ ကြက်သား စတာတွေကို အမျိုးစုံအောင် နည်းနည်းချင်းစီ ယူစားဖြစ်တယ်။ ပြီးတော့ ကော်ဖီနဲ့ မုန့်။ ဘာလီကော်ဖီကို ကျွန်မ တော်တော်ကြိုက်နေပြီ။ ဒီမနက် ဖုန်းပြောတော့ အဲဒီအကြောင်း သူ့ကို ပြောပြဖြစ်တယ်။ ဘာလီကော်ဖီ ဓါတ်ပုံလေးပို့လိုက်တော့ ဓါတ်ပုံထဲက နေရောင်ထိုးနေတဲ့ မှန်သားစားပွဲပြင်ပေါ်မှာ၊ ကော်ဖီခွက်ထဲမှာ ကျွန်မရဲ့ အရိပ်တစွန်းတစကို တွေ့လိုတွေ့ငြား လိုက်ရှာနေသေးတယ် တဲ့။ ပြီးတော့ နှင်းဆီနီတွေ အများကြီး ပို့ထားတယ် ဒီနေ့လည်း လိုက်ရှာကြည့်အုံးနော်လို့ မှာတယ်။
ခဏကြာတော့ ကားဆရာကြီး ရောက်လာတယ်။ ပြုံးပြုံး ပြုံးပြုံးနဲ့ ကျွန်မကို မင်္ဂလာပါ လို့ မြန်မာလိုနှုတ်ဆက်လို့ ရယ်မိတယ်။ ဒီနေ့ခရီးစဉ်က ဘာလီရဲ့ နာမည်ကျော် ဘုရားကျောင်းတွေဖြစ်တယ်၊ မင်းသဘောကျမှာ သေချာတယ်လို့ ပြောတယ်။ ပြောရရင် ကျွန်မစိတ်ထဲမှာ ဘာလီဆိုတာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းကလေးတခု၊ လှပတဲ့ ကမ်းခြေတွေကြောင့် နာမည်ကျော်တဲ့ ကျွန်းနိုင်ငံလေးလို့သာ သိထားခဲ့တာ။ တကယ်တမ်းမှာ ဘာလီဆိုတာ ကမ်းခြေအလှတခုထဲ မဟုတ်ပဲ ရှေးဟောင်း အမွေအနှစ် အနုပညာလက်ရာတွေနဲ့ ဘုရားကျောင်းတွေ၊ ပြီးတော့ စိမ်းလန်းစိုပြေတဲ့ ပန်းခြံတွေ စပါးစိုက်ခင်းတွေ၊ ယဉ်ကျေးမှုလက်ရာတွေနဲ့ လက်မှုပညာအမျိုးစုံ ထွန်းကားတဲ့ စိတ်ဝင်စားဖွယ် ကျွန်းကလေးဆိုတာ အခုမှ သိလာရတယ်။ လမ်းတလျှောက် တွေ့နေရတဲ့ ဘာလီရဲ့ ရိုးရာအိမ်ကလေးတွေမှာ ပန်းခက်ပန်းနွယ်တွေ ကနုတ်တွေနဲ့ ပုံဖေါ်ထားတဲ့ ခိုင်ခံ့တဲ့ ခြံစည်းရိုး၊ အိမ်အ၀င်က သစ်သားတံခါး ပိန်ရှည်ရှည်လေးတွေ၊ ဘေးတဖက်တချက်မှာ သူတို့ရဲ့အထိမ်းအမှတ် ကျောက်ထွင်းရုပ်တုတွေနဲ့ ပြီးတော့ အိမ်တိုင်း အိမ်တိုင်းမှာ ဘုရားကျောင်းလေးတွေ သီးသန့် ထားတတ်တာကို သတိပြုမိတယ်။ အနီရောင် အုတ်ကြွပ်မိုးတွေနဲ့ တထပ်အိမ်ပြားပြားလေးတွေများတယ်၊ အထပ်မြင့်အိမ် နည်းပါးတယ်။
မကြာခင်မှာ Taman Bencingah Puri Ageng လို့ အမည်ရတဲ့ ပန်းခြံတခုကို ရောက်လာပါတယ်။ Taman ဆိုတာကတော့ ပန်းခြံမှန်း စကာင်္ပူသူ ကျွန်မက သိနေပြီးသားပါ။ အထဲမှာ နေရာအကျယ်ကြီးပါပဲ၊ မြက်ခင်းစိမ်းနဲ့ သစ်ပင်တွေလည်း အများကြီးတွေ့ရပါတယ်။ ပန်းပွင့်တော့ သိပ်မရှိဘူး။ နှင်းဆီနီတွေလည်း မရှိပါဘူး။ အထဲရောက်သွားတော့ နန်းမြို့ရိုးလို အုတ်တံတိုင်းကို တွေ့ရပါတယ်။
ပန်းခြံထဲမှာ ဓါတ်ပုံရိုက်လို့ အားရတော့ နောက်တနေရာကို ခရီးဆက်ကြတယ်။ အဲဒီနေရာကို မသွားခင် ပန်းခြံကအထွက်မှာ မုခ်ဦးတခုတွေ့တယ်၊ အဲဒီမုခ်ဦးရဲ့ ဘယ် ညာ တဖက်တချက်မှာ ပုဆိုး အဖြူနဲ့ အနက်ကွက်ကို စည်းထားပြီး ထိုင်နေတဲ့ အရုပ်တခုစီကို တွေ့တယ်။ အဲဒါ ဘာအထိမ်းအမှတ်လဲ လို့ မေးကြည့်တော့ ဟိန္ဒူနတ်ဘုရား ကျောက်ရုပ်တုတွေ တဲ့၊ မကောင်းဆိုးဝါးတွေကို မောင်းနှင်ပေးနိုင်တာမို့ ရပ်ကွက်အ၀င်ဝတွေ၊ လမ်းဆုံလမ်းခွတွေမှာ တည်ထားတယ်လို့ သိရတယ်။
အခု ဆက်သွားမဲ့နေရာကတော့ Ulun Danu Temple တဲ့။ Temple in the Lake လို့ ခေါ်ကြတယ်။ ပင်လယ်ရေမျက်နှာပြင်ကနေ မီတာ ၁၂၀၀ အမြင့်မှာရှိတဲ့ Bratan ရေကန်ကြီး (Lake Bratan) ထဲမှာ တည်ထားတဲ့ ဟိန္ဒူဘုရားကျောင်းတခု လို့ သိရတယ်။ အဲဒီ Lake Bratan ဟာ တကယ်တော့ မီးတောင်အ၀ လို့ ပြောရမယ်။ ၁၇ ရာစုထဲက တည်ထားတဲ့ Ulun Danu Temple ကိုတော့ အဲဒီရေကန်ရဲ့ အစပ်နားမှာတွေ့ရတယ်။ တောင်ပေါ်ဒေသမို့ အေးမြတဲ့ရာသီဥတုရယ်၊ သာယာပြီး လှပတဲ့ ပတ်ဝန်းကျင်ရယ်၊ တည်ငြိမ်တဲ့ ကန်ရေပြင်အလှရယ်ကြောင့် ခရီးသွားတွေမရောက် မဖြစ် ရောက်အောင်သွားကြရမဲ့ နေရာတခုပါ။
လူတွေ ပြုပြင်ဖန်တီးယူလို့မရတဲ့ တောတောင်ရေမြေ သဘာဝအလှအပတွေထဲမှာ တမေ့တမော နစ်မျော ပျော်ဝင်နေရတဲ့အရသာဟာ ဘာနဲ့မှ မတူဘူး။ အထူးသဖြင့် အခုလို အေးမြတဲ့ တောင်ပေါ်ရာသီတွေကို နှစ်သက်တဲ့ ကျွန်မအတွက် Lake Bratan ဟာ အင်မတန် အသက်ရှူလို့ဝပြီး စိတ်အေးချမ်းသာရှိစေတယ်။ မြင်မြင်သမျှအရာ အားလုံး လှပနေခဲ့တယ်။ မြေပြင်ပေါ်မှာ အလေ့ကျပေါက်နေတဲ့ သစ်ပင်ကလေးတွေ၊ သစ်ကိုင်းလေးတွေ၊ သစ်ရွက်ကလေးတွေကအစ လှနေတာပဲ။ နှင်းဆီနီတွေ မတွေ့ရပေမဲ့ တွေ့တဲ့ ပန်းတိုင်းဟာ ကျွန်မမျက်စိထဲမှာ သိပ်လှနေခဲ့တယ်။
Lake Bratan က ပြန်တော့ နေ့လည်စာ စားချိန်ရောက်နေပြီ။ မနေ့ကလိုပဲ တောင်စောင်းမှာရှိတဲ့ ဆိုင်ကလေးတခုကို သွားကြတယ်။ သိပ်ထူးခြားဆန်းပြားတဲ့ စားစရာတွေ မရှိပေမဲ့ ကော်ဖီကောင်းကောင်းရယ် မြင်ကွင်းလှလှတွေရယ်ဆို ကျွန်မရဲ့ နေ့လည်စာက အဆင်ပြေပြီ မဟုတ်လား။ ဆိုင်လေးကိုရောက်တော့ မနေ့ကလိုပဲ တကယ့်တောင်စွန်းလေးမှာ… သိပ်သာယာတာပဲ။ အောက်ကို ငုံ့ကြည့်လိုက်ရင် အတန်းလိုက် စီရီ ညီညာနေတဲ့ စိုက်ခင်းကလေးတခုကို တွေ့ရတယ်။ မလှမ်းမကမ်းမှာကတော့ လှေခါးထစ် စိုက်ခင်းတွေ၊ ပြီး ဟိုးဝေးဝေးကို လှမ်းကြည့်လိုက်ရင်တော့ တောင်ခိုးတွေဝေနေတဲ့ကြားက သစ်တောအုပ် စိမ်းစိမ်းတွေ… သိပ်လှတာပဲ။
နေ့လည်စာ စားပြီးတော့ Tanah Lot Temple ကို သွားကြမယ်လို့ ကားဆရာကြီးက ပြောတယ်။ အသွားလမ်းမှာ တနာရီလောက် မောင်းပြီးတော့ (Butterfly Park) လိပ်ပြာဥယျာဉ်ကို ရောက်တယ်။ အညောင်းအညာဖြေဖို့ ခဏ ၀င်ကြတယ်။ Butterfly Park ဆိုသော်လည်း လိပ်ပြာတွေ များများစားစား မတွေ့ခဲ့ရဘူး၊ တွေ့တဲ့လိပ်ပြာတွေကလည်း တစက်ကလေးမှ အငြိမ်မနေကြဘူး။ သူတို့နောက်ကနေ လိုက်ပြီး ဓါတ်ပုံရိုက်ဖို့ ချိန်ရတာ ကြာတော့ ကျွန်မ မောလာတယ်။ ဒါနဲ့ ပြတိုက်ထဲက လိပ်ပြာတွေကိုပဲ ဓါတ်ပုံရိုက်ခဲ့တယ်။
လိပ်ပြာတွေကြည့်ပြီးတော့ Tanah Lot Temple ကို ခရီးဆက်ကြတယ်။ Tanah Lot Temple ဆိုတာ အင်္ဂလိပ်လိုဆို Temple in the Sea လို့ ခေါ်ကြတယ်။ ပင်လယ်ထဲက ဘုရားပေါ့။ ပင်လယ် ဒီရေတိုက်စားပြီး အရစ်အရစ်ထနေတဲ့ ကျောက်ဆောင်ပေါ်မှာ တည်ထားတဲ့ ဟိန္ဒူဘုရားကျောင်းပါ။ အဲဒီဘုရားကျောင်းရဲ့ အောက်ခြေက လှိုဏ်ဂူတွေထဲမှာ အဆိပ်ပြင်းတဲ့ ပင်လယ်မြွေတွေ နေထိုင်ပြီး ဘုရားကျောင်းကို စောင့်ရှောက်တယ်လို့ ဆိုကြတယ်။ ကျွန်မတို့ ရောက်သွားတဲ့အချိန်က ပင်လယ် ဒီရေကျချိန် ဖြစ်နေတယ်။ ဒါကြောင့် ဘုရားတည်ထားရာ ကျောက်ဆောင်တွေအနားအထိ ရေစပ်စပ်ကြားထဲက လျှောက်ပြီး သွားလို့ရပါတယ်။ ကျွန်မကတော့ မြွေဆိုတဲ့ အသံကြားတာနဲ့ ခြေလှမ်းတွေက အလိုလိုနေရင်း တုံ့နှေးနေပြီးသားပါ။ ခပ်လှမ်းလှမ်းကနေပဲ ဓါတ်ပုံရိုက်ခဲ့ပါတယ်။
Tanah Lot Temple ရဲ့ မြောက်ဖက် မနီးမဝေးမှာလည်း ဘုရားကျောင်းတခုကို ထပ်တွေ့ရပါတယ်။ သူလည်း ပင်လယ်ရေတိုက်စားထားတဲ့ ကျောက်အငူတခုပေါ်မှာ တည်ထားတဲ့ ဘုရားပါပဲ။ ဘာလီကို မလာခင်က တံတားလိုလို ဘာလိုလို၊ အောက်မှာ အပေါက်ကြီးနဲ့ ရေတွေတိုးနေတဲ့ ကျောက်ဆောင်ကြီးကို အင်တာနက်ထဲမှာ၊ ဓါတ်ပုံတွေထဲမှာပဲ တွေ့ဖူးနေခဲ့တာ။ ပင်လယ်ရေတိုးသံတွေ တ၀ုန်းဝုန်းကြားမှာ အလွှာအလွှာ အရစ် အရစ်ထနေတဲ့ အဲဒီ ကျောက်ဆောင်ကြီးကို အခုလို မျက်ဝါးထင်ထင်တွေ့လိုက်ရတော့ ကျွန်မ အကြာကြီး ငေးကြည့်နေမိတယ်။ ပြီးတော့ သဘာဝဟာ ထူးဆန်းလိုက်တာ လို့ပဲ မကြာခဏ ရေရွတ်နေမိတယ်။ လေတွေကလည်း တိုက်လိုက်တာဆိုတာ လူကို လွင့်ပါသွားတော့မတတ်ပါပဲ။
Temple ကနေ ပြန်ကြတော့ မိုးတွေအုံ့လာတယ်။ ဒီနေ့ ရာသီဥတုကောင်းတယ်၊ မိုးမရွာဘူး တိမ်လည်း မထူဘူး ပင်လယ်ရေကလည်း ကျတယ် မင်းတော့ ဓါတ်ပုံကောင်းကောင်းတွေ အများကြီး ရခဲ့မှာပဲ လို့ ကားဆရာကြီးက ပြောတယ်။ အဲဒီဘုရားကျောင်းနဲ့ ဟိုတယ်နဲ့က ကီလိုမီတာ နှစ်ဆယ်လောက်ပဲ ရှိတာမို့ သိပ်အကြာကြီး မမောင်းရဘူး။ ဒါကြောင့် ဒီညနေတော့ ဟိုတယ်ကို နည်းနည်းစောစောပြန်ရောက်တယ်။ ဒီနေ့ ခရီးစဉ်တလျောက်မှာ ရိုက်လာခဲ့တဲ့ ဓါတ်ပုံတွေကို သဘောတကျ ပြန်ကြည့်ရင်း ညနေစာ စားဖို့ကိုရော၊ အနီရောင်နှင်းဆီပန်းတွေကိုပါ ကျွန်မ မေ့လျော့နေခဲ့တယ် ဆိုတာ ၀န်ခံရမှာပါပဲ။
သက်ဝေ
(၁၂ သြဂက်စ် ၂၀၁၅)
(၁၂ သြဂက်စ် ၂၀၁၅)
Ulun Danu က တောင်ပေါ်ဖြစ်တာရော ရေကန်လေး ရှိလို့ရော ထင်တယ် အရမ်းအေးချမ်း လှပတယ်နော်။ ဓာတ်ပုံတွေ လှတယ်။
ReplyDeleteအ ရ င် လို ပဲ
ReplyDeleteအ ရ င် အ တို င်း ပါ ပဲ
ဓါ တ် ပုံေ တွ မို က် တ ယ်
မ ေ ရ ာ က္ ဖူ း တဲ့ ေ န ရ ာ ကို
ကို ယ် တို င်ေ ရာ က် ရ သ လို မို့
စ ာ ေ ရ း သူ ကို ေ က် း ဇူ း တ င် ရ ပါ တ ယ်