Wednesday, November 23, 2016

စနေ တနင်္ဂနွေနဲ့ ဈေးဝယ်လမ်းညွှန်

(၁)
ထင်မထားတဲ့ ဖြစ်တောင့်ဖြစ်ခဲဖြစ်ရပ်တွေဟာ တခါတခါမှာ သူ့အလိုလို ဖြစ်လာတတ်တာမျိုးပဲ။ ရက်သတ္တပတ်မှာ တနင်္လာကနေ သောကြာ၊ ငါးရက် ပုံမှန် အလုပ်လုပ်နေသူတစ်ယောက်ဟာ သောကြာနေ့ညတွေမှာ ညနက်အောင်နေပြီး စနေနေ့မနက်တွေမှာ နောက်ကျမှ အိပ်ရာထရတယ်လို့ချည်း ပုံသေကားချပ် တွက်ထားလို့ မရဘူး။ တခါတလေ စနေမနက်တွေမှာ (သူ့အလိုလို) အစောကြီးနိုးပြီး ပြန်အိပ်လို့မရတာမျိုး၊ အပေါ်ထပ်အိမ်က အခန်းတံခါးပိတ်သံ ခပ်ကြမ်းကြမ်းကြောင့် ရုတ်တရက် လန့်နိုးသွားတာမျိုး၊ အဲဒီအချိန်မှာ အိပ်ခန်းပြတင်းက လိုက်ကာစကြားထဲကို အလင်းရောင်နည်းနည်းလေး တိုးဝင်လာတာနဲ့ကြုံကြိုက်ပြီး မိုးလင်းတော့မှာပဲဆိုတဲ့ အသိနဲ့ ပြန်အိပ်လို့ မရတော့တာမျိုးတွေ ဖြစ်လေ့ရှိတယ်၊ ဖြစ်တတ်တယ်၊ ဖြစ်ဖူးတယ်။ အနည်းဆုံးတော့ ဒီနေ့ -  စနေနေ့ မနက်မှာ - ဖြစ်ခဲ့တယ်။

စနေနေ့မနက် စောစော၊ အလင်းရောင်ကောင်းကောင်းမဝင်သေးပဲ မှုန်ပြပြနဲ့ တိတ်ဆိတ်နေတဲ့အိမ်ထဲမှာ ရုတ်တရက် ဘာလုပ်ရမယ် မသိဘူး။ ဒါနဲ့ ရုပ်မြင်သံကြားစက်ကို သွားဖွင့်လိုက်တယ်။ ဖန်သားပြင်မှာ ပေါ်လာတဲ့ အရုပ်တွေရဲ့ လှုပ်ရှားမှုကို အဓိပ္ပါယ်မဲ့ ငေးကြည့်ရင်း (ဝှားကနဲ အသံမမြည်အောင် ထိန်းပြီး) တချက် သန်းဝေလိုက်တယ်။ ရုပ်မြင်သံကြားဖန်သားပြင်ပေါ်မှာ ပစ္စည်းတစ်ခုကို လက်မှာ တဆဆ ကိုင်ထားရင်း စကားတွေ အဆက်မပြတ်ပြောနေတဲ့ အမျိုးသားတစ်ယောက်ကို တွေ့ရတယ်။ သူ ဘာတွေပြောနေသလဲဆိုတာ သဲကွဲအောင် အသံကို နည်းနည်းမြှင့်လိုက်တယ်။ ဒီတော့မှ ဒါဟာ ကုန်ပစ္စည်းကြော်ငြာ (သို့မဟုတ်) ဈေးဝယ်လမ်းညွှန်တွေ ပြလေ့ရှိတဲ့ လိုင်းတစ်လိုင်းပဲဆိုတာ သဘောပေါက်သွားတယ်။ ပြီးတော့ ရုပ်မြင်သံကြားကို ဖွင့်လိုက်တာနဲ့ ဘာဖြစ်လို့ ဒီလိုင်းကို တန်းတန်းမတ်မတ် ရောက်သွားတာပါလိမ့်လို့ တွေးမိတယ်။ တဆက်တည်းမှာ ဒီရုပ်မြင်သံကြားကို (ဒီလိုင်းကို) ဘယ်နေ့က နောက်ဆုံးကြည့်ပြီး ပိတ်ထားခဲ့မိတာလဲဆိုတာ ပြန်စဉ်းစားတယ်။ သတိရပြီ။ ပြီးခဲ့တဲ့ တနင်္ဂနွေညက အိပ်ယာမဝင်ခင်မှာ ဒီလိုင်းကို ကြည့်နေမိခဲ့တာပဲ။ ပြီးတော့ ပိတ်လိုက်တယ်။ ဒါဆို အလုပ်သွားတဲ့ ငါးရက်လုံးလုံး ဒီရုပ်မြင်သံကြားစက်ကို မထိမိခဲ့ဘူးပေါ့။ ဒီလိုပါပဲ လို့ အသံထွက်ပြီး ညည်းညူလိုက်မိတယ်။

မနေ့ညက အဝတ်ခြောက်စက်ထဲက ထုတ်ယူလာတဲ့အဝတ်တွေကို ခြင်းထဲထည့်ထားတာ သတိရသွားတယ်။ ဒါနဲ့ အဝတ်ခြင်းကို သွားယူလိုက်တယ်။ ရုပ်မြင်သံကြားမှာ ကုန်ပစ္စည်းကြော်ငြာနေတဲ့သူက အမျိုးသမီးတစ်ယောက် ဖြစ်သွားပြီ။ တဆက်တည်းမှာ ဈေးဝယ်စာရင်းရေးတဲ့ မှတ်စုစာအုပ်နဲ့ ခဲတံကိုလည်း အနားမှာ အဆင်သင့် ယူထားလိုက်တယ်။ လက်က အဝတ်တွေ ခေါက်ရင်း၊ မျက်စိက ပစ္စည်းကြော်ငြာတွေကို တလှည့်၊ ခေါက်နေတဲ့ အဝတ်တွေကို တလှည့် ကြည့်ရင်း၊ နားကလည်း ပစ္စည်းရဲ့ အသုံးဝင်ပုံနဲ့ အမျိုးအစား ကောင်းပုံတွေကို အမွှန်းတင်နေတဲ့စကားသံတွေကို နားစွင့်ရတယ်။ ကိုယ်ကြိုက်တဲ့၊ ကိုယ်စိတ်ဝင်စားတဲ့၊ ကိုယ် လိုချင်တဲ့ ပစ္စည်းတခုကိုတွေ့ရင်တော့ ခေါက်လက်စ အဝတ်တွေ အသာချပြီး စာအုပ်နဲ့ ခဲတံကို အမြန်ကိုင်ရတယ်။ သူတို့အပြောတွေထဲမှာ ဒီပစ္စည်းဟာ ဘယ်လိုကောင်းကြောင်း၊ ဘယ်လို အသုံးဝင်ကြောင်း၊ ဘယ်လို အစွမ်းထက်ကြောင်းတွေကို တငေးတမော နားထောင်ရတယ်။ အဲလိုတွေ ပြောလို့ ပြီးပြီဆိုရင်တော့ ဒါကို ဝယ်မယ်ဆို မူလဈေးရင်းက ဘယ်လောက် ရှိတယ်၊ အခုနေဝယ်ရင် မိုးရာသီဈေးရောင်းပွဲမို့ အထူးလျှော့ဈေးနဲ့ ရမယ်၊ သူနဲ့အတူ နောက်ထပ် ဘာအပိုပစ္စည်းတွေကို လက်ဆောင်အဖြစ်ရနိုင်မယ် ဆိုတာတွေကို လိုက်မှတ်ရတယ်။ ဒါတင်မက ဘယ်ဘဏ်က အကြွေးဝယ်ကဒ်နဲ့ ဝယ်ရင် ဘယ်နှစ်ရာခိုင်နှုန်း လျှော့ပေးဦးမယ်၊ ဘယ်ရက်ကနေ ဘယ်ရက်အတွင်း ဝယ်မယ်ဆို ဘယ်လောက် ထပ်လျှော့ပေးမယ်၊ သူတို့ဆိုင်မှာ လာဝယ်ရင် ဘယ်လောက်၊ ဖုန်းဆက်ပြီး မှာလိုက်ရင် ဘယ်လောက် သက်သာမယ် ဆိုတာမျိုးတွေကိုလည်း ခပ်သွက်သွက် လိုက်ရေးမှတ်ရပြန်တယ်။

(၂)
မိုးစင်စင်လင်းသွားပြီ။ ခေါက်စရာရှိတဲ့အဝတ်တွေလည်း အကုန်ခေါက်ပြီးသွားပြီ။ ခေါက်ပြီးသားအဝတ်တွေကို သေသေချာချာ စီပြီး ခြင်းထဲကို ပြန်ထည့်လိုက်တယ်။ ကြည့်လက်စ ဈေးဝယ်လမ်းညွှန်အစီအစဉ်လည်း ပြီးဆုံးသွားပြီ။  အဲဒီအစီအစဉ်ကနေတဆင့် အချိန် တနာရီခွဲကြာသွားတယ်လို့ သိလိုက်ရတယ်။ လက်ထဲက မှတ်စုစာအုပ်ကို ငုံ့ကြည့်လိုက်တယ်။

ဖုန်စုတ်စက် - ၉၉.၉၀ (အမှိုက်အိတ် ၂ ခု လက်ဆောင် / အိမ်အရောက် / ပို့ခ ပေးရန်မလို)
ဆံပင်ဖြောင့်စက် - ၇၉.၉၀ (ဘီး နဲ့ မှန် ပါသော ခရီးဆောင်အိတ်ကလေးတစ်ခု လက်ဆောင်)
ဖန်ပန်းအိုး - တစ်လုံး ၂၉.၉၀ (နှစ်လုံးဝယ်လျှင် ၅၀.၀၀ / ပို့ခ ပေးရန်လို / ဆိုင်မှာသွားဝယ်ရန်) – စတိုးဆိုင်နာမည် - မေ
လက်တွေမပေါက်တဲ့ ပန်းကန်ဆေး ဆပ်ပြာရည် - ၂.၉၀ (ဆယ်ထုတ်ယူလျှင် အိမ်အရောက်/ ပို့ခ မလို / နှစ်ရက် စောင့်ရမည်) ဆက်သွယ်ရန် ဖုန်း - ၈၇၆၅၄၃၂၁၀
ကျောက်ပြား ကြွေပြားများ (မုချ) တောက်ပ သန့်ရှင်းစေရန် တာဝန်ယူသော ဆေးရည် - ၆.၉၉ (သုံးဗူးဝယ်လျှင် သန့်ရှင်းရေးသုံး အဝတ်စ တစ်မီတာ လက်ဆောင်) - တနင်္ဂနွေနေ့ နောက်ဆုံး
ခန်းဆီးလိုက်ကာ ပိတ်စများ အနံကြီး တစ်မီတာ - ၄.၀၀ (ဆယ်မီတာ ၃၀.၀၀) - ဘေးနားမှာ ကြယ်ပွင့်ပြထား
သစ်သီးများ အလွှာအချပ် ပြုလုပ်သောစက် - ၄၉.၉၀ (မူရင်းဈေး ၆၉.၉၀ မှ ဈေးချထား - ဒီနေ့ နောက်ဆုံး)
ကြက်ဥပုံ ခြေဖနောင့် သန့်ရှင်းစက် - ၁၁.၉၀ (မူလဈေးမှ ၈၀% လျှော့ထား)  - ဒီနေ့နောက်ဆုံး
ဝက်ပေါင်ခြောက် ဒိန်ခဲ - ၂၀% လျှော့ဈေး - (အိမ်နားက ဆိုင်)

မှတ်စုစာအုပ်ကို ပိတ်လိုက်တဲ့အချိန်မှာ ရုပ်မြင်သံကြားမှာ မနက်ရှစ်နာရီ သတင်းလာနေပြီ။ သွေးရဲရဲ သံရဲရဲနဲ့ အစုလိုက်အပြုံလိုက် သေကြေ၊ ဒါဏ်ရာရကြတာတွေသာ မြင်နေရတာမို့ မျက်နှာလွှဲရင်း ရုပ်မြင်သံကြားကို ပိတ်လိုက်တယ်။ တဆက်တည်း မီးခလုပ်ပါ ထပိတ်လိုက်တယ်။  စိတ်မချမ်းသာစရာ မြင်ကွင်းနဲ့ စနေနေ့ မနက်ခင်းဟာ ဘယ်လိုမှ မလိုက်ဖက်ဘူ မဟုတ်လား။

မနက်စာစားဖို့ ပြင်ရင်း စိတ်ထဲက ဒီနေ့ သွားရမယ့်နေရာတွေ၊ လုပ်စရာ အလုပ်တွေကို တန်းစီ စဉ်းစားတယ်။ ဘယ်ကနေ စရမယ်၊ ဘယ်ကို စသွားရမယ်၊ ဘယ်ကနေ ဘယ်ကို ဆက်သွားရင် လမ်းသင့်တယ် ဆိုတာကအစ စဉ်းစားတယ်။ မနက်စာကို အေးအေးဆေးဆေး စားသောက်ပြီးတာနဲ့ ရေချိုးပြီး အိမ်ကနေ ထွက်ခဲ့တယ်။ ခုနက ရေးမှတ်ထားတဲ့ မှတ်စုစာအုပ်လေးကိုတော့ လွယ်နေကျ အဝတ်အိတ်ကလေးထဲမှာ မမေ့မလျော့ ထည့်ယူသွားရတာပေါ့။ မနက်စာ စားနေရင်းမှာ တပတ်စာ စားစရာ သောက်စရာ လိုအပ်တဲ့ ဈေးစာရင်းလေးလည်း ရေးမှတ်လိုက်သေးတယ်။

(၃)
လက်ထဲမှာ အထုတ်တွေ မနိုင်မနင်းနဲ့ အိမ်တံခါးသော့ကို ဖွင့်တဲ့အချိန်မှာ အခန်းရှေ့ လူသွားစင်္ကြန်က မီးပွင့်တွေ လင်းလာတာ တွေ့ရတယ်။ ဒီမီးပွင့်တွေဟာ ည ခုနှစ်နာရီ ကနေ မနက် ခုနှစ်နာရီအထိ အချိန်မှန် လင်းနေကျ။ ပါလာတဲ့ အထုတ်တွေကို ချပြီး ရေတစ်ခွက် အရင်သောက်ရတယ်။ ဝယ်လာတဲ့ တပတ်စာ အသားငါး အသီးအရွက်တွေကိုတော့ အချိန်ဆွဲလို့မရတာမို့ (ခပ်မြန်မြန်) နေရာချလိုက်တယ်။ ဒါတောင် ဝက်ပေါင်ခြောက်အထုတ်နဲ့ အသင့်ခြွေပြီးသား ပြောင်းဖူးအထုတ်က အအေးဓါတ်ပြယ်ပြီး နည်းနည်း စိုစိစိဖြစ်နေပြီ။ ကျန်တဲ့ပစ္စည်းတွေကိုတော့ ဈေးဝယ်အိတ်တွေထဲက မထုတ်နိုင် မသိမ်းနိုင်သေးဘူး၊ ဒီတိုင်းပဲ ဧည့်ခန်းထဲမှာ ချထားလိုက်တယ်။ မနက်က ခေါက်ခဲ့တဲ့ အဝတ်ခြင်းကိုလည်း ဧည့်ခန်းထဲမှာပဲ တွေ့ရတယ်။ နောက်ထပ်ရေတစ်ခွက် ထပ်သောက်ရတယ်။

ဒီနေ့ဝယ်လာခဲ့တဲ့ ပစ္စည်းတွေအကြောင်း၊ ဘယ်လောက်တန်ကို ဘယ်လောက်နဲ့ရခဲ့တာမို့ ဘယ်လို ကျေနပ်စရာကောင်းကြောင်းတွေကို တစ်ယောက်ယောက်ကို ပြောပြချင်စိတ် ပေါ်လာတယ်။ ဒါနဲ့ ဝါသနာတူ သူငယ်ချင်းဆီကို ဖုန်းခေါ်ဖို့ စဉ်းစားတယ်။ အဲဒီအချိန်မှာ ဖုန်းက ရုတ်တရက် ထမြည်လာတယ်။ အရင်တပတ်က တဝက်ဈေးနဲ့ရလို့ (မှာ) ဝယ်ထားတဲ့ မီးပူ မနက်ဖြန် ဆယ်နာရီကနေ ဆယ့်နှစ်နာရီအတွင်းမှာ လာပို့မယ်လို့ အကြောင်းကြားတာ။ မှာထားပြီး မေ့တောင်နေတယ်။ တဆက်တည်းမှာ အိမ်မှာ မီးပူနှစ်လုံး ရှိနေပြီးသားကို ဘာဖြစ်လို့ မီးပူထပ်ဝယ်ရသလဲ ဆိုတဲ့ မေးခွန်းကို ကိုယ့်ဟာကိုယ် ပြန်မေးရတယ်။ မိနစ်ဝက်လောက် စဉ်းစားပြီးမှ သတိရတယ်။ အခုရောက်လာမယ့်မီးပူဟာ အဝတ်တွေကို တခြမ်းပဲ တိုက်စရာလိုတဲ့မီးပူ၊ ဒီလိုလေ... အပေါ်ဖက် အလွှာကို တိုက်လိုက်ရင် အောက်ဖက်က အလွှာပါ လိုက်ပြန့်သွားတယ်၊ အင်္ကျီတစ်ထည်ဆို အရှေ့ဖက်ကိုတစ်ခါ ကျောဖက်ကို တစ်ခါ၊ နှစ်ခါတိုက်နေစရာမလိုဘူး၊ တဖက်ကို တိုက်ရုံနဲ့ လုံလောက်တယ်လို့ ကြော်ငြာတယ်။ ဒီတော့ အချိန်ကုန် သက်သာ၊ လူလည်း သက်သာတယ်၊ မီတာခလည်း ချွေတာပြီးသားဖြစ်တယ်ပေါ့။ ဒီလိုကြော်ငြာလို့ ဝယ်ဖြစ်သွားတာ။

သူငယ်ချင်းဆီကို ဖုန်းဆက်ပြီး ဒီနေ့ ဝယ်လာတဲ့ ပစ္စည်းတွေအကြောင်းကိုသာမက မနက်ဖြန်ရောက်လာမယ့် မီးပူအကြောင်းကိုပါ ဝေဝေဆာဆာ ပြောပြဖြစ်တယ်။ သူငယ်ချင်းက ကြမ်းပေါ်မှာ အလိုအလျောက် ရွေ့လျားသွားတဲ့ ဖုန်စုတ်စက်အကြောင်း ပြောပြတယ်။ ပုံမှန်အတိုင်းဆို ဈေးတော့ နည်းနည်းများတယ်၊ သူက ဘဏ်တစ်ခုမှာ အကြွေးဝယ်ကဒ်အသစ်လုပ်လို့ လျှော့ဈေးနဲ့ ရကြောင်း ပြောပြတယ်။ ဒါပေမဲ့ ဒီနေ့ နောက်ဆုံးတဲ့။ သူပြောတာ နားထောင်ပြီး နောက်တခါ ဈေးချတဲ့အချိန်မှာ ဝယ်ရန် ဆိုပြီး စိတ်ထဲကနေ မှတ်ထားရတယ်။ အိမ်သန့်ရှင်းရေးအတွက် လူလည်း သက်သာတယ်ဆိုတော့ ဝယ်သင့်ပါတယ် လို့ သူငယ်ချင်းက အားပါးတရ ပြောတယ်။ ဒါနဲ့ သူ့ကို အဲဒီစက်ကို စမ်းကြည့်ပြီးပြီလား ဘယ်လိုနေသလဲ မေးတော့ မစမ်းရသေးဘူးတဲ့။ အရင်လက ကြည့်လိုက်ရတဲ့ ဈေးဝယ်လမ်းညွှန် အစီအစဉ်မှာ သရုပ်ပြသွားတာ အင်မတန်ကောင်းလွန်းလို့၊ လျှော့ဈေးရတာနဲ့လည်း ကြုံကြိုက်လို့  ဝယ်လိုက်တာ တဲ့။ စမ်းသုံးကြည့်ပြီး ပြန်ပြောဦးနော်လို့ ပြောလိုက်ပေမယ့် စိတ်ထဲကတော့ တော်တော်လိုချင်နေပြီ။

တနေ့လုံးနီးနီး သွားလာ ဝယ်ခြမ်းနေချိန်တုန်းက ပင်ပန်းရမှန်းမသိ၊ ညောင်းရမှန်းမသိတဲ့ ခြေထောက်တွေက ဆန္ဒပြလာကြတယ်။ အိပ်ရာထဲရောက်ပြီး သိပ်မကြာဘူး အိပ်ပျော်သွားတယ်။ အိပ်မက်ထဲမှာ အလိုအလျောက် ရွေ့လျား ဖုန်စုတ်စက်ကို ဝယ်ဖို့ လူတန်းရှည်ကြီးထဲ တန်းစီနေသေးတယ်။

(၄)
တနင်္ဂနွေနေ့မနက် မိုးစင်စင်လင်းမှ အိပ်ရာက နိုးတယ်။ မနေ့ကဝယ်လာတဲ့ ဝက်ပေါင်ခြောက်ရယ် ပေါင်မုန့်ရယ်ကို ဘလက်ကော်ဖီတစ်ခွက်နဲ့အတူ မနက်စာ ပြင်လိုက်တယ်။ မနက်စာကို ထမင်းစားပွဲမှာ ထိုင်စားဖို့ အင်မတန် ပျင်းစရာကောင်းတာပဲလို့ တွေးတယ်။ နောက်ပြီး တနင်္ဂနွေသတင်းစာကလည်း ကြော်ငြာမပါ ဘာမပါနဲ့ စိတ်ဝင်စားစရာ နည်းတယ် မဟုတ်လား။ ဒါနဲ့ စားစရာတွေကို ပန်းကန်တစ်ခုထဲ စုပြုံထည့်ပြီး လက်တဖက်က ကော်ဖီပန်းကန်ကို ကိုင်ရင်း ရုပ်မြင်သံကြားရှေ့ကိုပဲ ရောက်လာခဲ့တယ်။ မနေ့က အဝတ်ခြင်း၊ မနေ့က ချထားတဲ့ ဈေးဝယ်အိတ်တွေ၊ ပိတ်ရက်တွေမှာ လွယ်နေကျ အဝတ်အိတ်ထဲက တပိုင်းတစ ထွက်နေတဲ့ မှတ်စုစာအုပ်၊ ကြော်ငြာအချပ်ပိုတွေအများကြီးနဲ့ စနေနေ့သတင်းစာ။ ဆိုဖာပေါ်မှာ တယုတယ ချထားတဲ့ ဖန်ပန်းအိုးလေးနှစ်လုံးကို အသာ တွန်းဖယ်ပြီး ထိုင်စရာ တစ်နေရာလေး ဖန်တီးရတယ်။ စိတ်ထဲမှာတော့ ဒါတွေစားပြီးရင်တော့ အိမ်ရှင်းရမယ်၊ ခန်းဆီးတွေ လဲရမယ်။ မနေ့က ဝယ်လာတဲ့ ကြွေပြား ကျောက်ပြားသန့်စင်ဆေးရည်ကို စမ်းသုံးပြီး မီးဖိုခန်းနဲ့ ရေချိုးခန်းကို ဆေးကြည့်ရမယ် ဆိုတဲ့ အတွေးတွေက အစီအရီ။ ဒါတွေတင်မက မုန်လာဥအဖြူနဲ့ အနီကို ဟိုစက်လေးနဲ့ ခြစ်ပြီး ရှာလကာရည်စိမ်ဖို့ ရည်ရွယ်ထားတာလည်း ရှိတယ်။ သူတို့ပြသွားတဲ့ ကြော်ငြာထဲမှာ မုန်လာဥအဖြူ၊ မုန်လာဥအနီနဲ့ ငရုတ်သီးစိမ်းတွေကို ရှာလကာရည်ထဲ သကြားရောပြီး ပုလင်းထဲတည့် စိမ်ထားတာ လှလည်းလှ စားချင်စရာလည်း အင်မတန်ကောင်းပဲ။

မနေ့မနက်က စနေနေ့မနက်က ပိတ်ခဲ့တဲ့ ရုပ်မြင်သံကြား သတင်းလိုင်းမှာ လေမုန်တိုင်းသတင်းတွေ ပြနေတယ်။ လူအသေအပျောက်တော့ မရှိဘူး ထင်ရတာပဲ။ ဒါနဲ့ တခြားလိုင်းတစ်ခုကို ပြောင်းလိုက်တော့  ကမ္ဘာကျော် စားဖိုမှူး ဂျင်မီအိုလီဗာရဲ့ မျက်နှာ ပေါ်လာတယ်။ သူချက်တဲ့ဟင်းတွေကို ကြည့်ရင်း စိတ်ကူးနဲ့ လိုက်ချက်ရင်း အရှေ့မှာချထားတဲ့ သွေ့ခြောက်ခြောက် မနက်စာကို ကော်ဖီနဲ့ မျိုချရတယ်။ ဟင်းချက်တဲ့အစီအစဉ် တစ်ပိုင်းနဲ့ တစ်ပိုင်းကြားမှာ ပေါ်လာတဲ့ ကုန်ပစ္စည်းကြော်ငြာတွေကလည်း အင်မတန် စိတ်ဝင်စားစရာကောင်းတယ်။ အဓိက ကတော့ မီးဖိုချောင်သုံးပစ္စည်းတွေပဲ။ သုံးလို့ ကောင်းမယ်ထင်တာလေး၊ လူသက်သာပြီး ကိုယ်နဲ့ အသုံးတည့်မယ်ထင်တာလေး၊ မျက်စိထဲ လှတပတ ဖြစ်တာလေးတွေ တွေ့ရင် မှတ်စုစာအုပ်လေးထဲ ကဗျာကယာ လိုက်ရေးထားရသေးတယ်။

လူခေါ်ခေါင်းလောင်းသံနဲ့အတူ မီးပူလာပို့တဲ့သူ ရောက်လာတော့ နေ့လည် ဆယ့်နှစ်နာရီဲတောင် ကျော်နေပြီ။ ဗူးပေါ်မှာ မြင်နေရတဲ့ အပြာနုရောင်နဲ့ အဖြူရောင်ရောနေတဲ့ မီးပူလေးက ချစ်စရာ။ ပြောရရင် မနေ့က ညောင်းညာလာတဲ့အရှိန်ဟာ အခုထိ မပြေသေးသလိုပဲ။ ဗိုက်ပြည့်နေတာကတကြောင်း၊ ဂျင်မီအိုလီဗာကို စိတ်ဝင်တစား ကြည့်နေမိတာက တကြောင်းတို့ကြောင့် မျက်စိတွေညောင်းလာတယ်။ ဒါနဲ့ ဆိုဖာပေါ်မှာ ခဏတဖြုတ် လှဲအိပ်လို့ရအောင်ဆိုပြီး ပစ္စည်းတွေ နည်းနည်း ရှင်းလိုက်တယ်။ တကယ်ကတော့ ဆိုဖာပေါ်က ပစ္စည်းတွေကို ကြမ်းပေါ် ယူချလိုက်တာပါ။ ဖန်ပန်းအိုးကလေးကိုတော့ သတိထားပြီး ဖြည်းဖြည်း ချရတာပေါ့။ ပန်းအိုးလေးကို ဆံပင်ဖြောင့်စက်ဗူးကလေးနားမှာ မှီပြီး ချလိုက်တယ်။ မျက်လုံးတွေ မှေးစင်းလာတဲ့အချိန်၊ အတွေးစိတ်ကူးထဲမှာ စီကာစဉ်ကာ ပေါ်လာတာတွေက ခဏနေရင် အိမ်ရှင်းမယ်၊  ရေချိုးမယ်၊ ကြမ်းဆေးမယ်၊ ခေါင်းလျှော်မယ်၊ ခြေထောက်တွေကို ဟိုစက်ကလေးနဲ့ သန့်ရှင်းမယ် ပြီးရင် ဆံပင်ဖြောင့်မယ်။

(၅)
ခဏဆိုပြီး လှဲလိုက်တာ နိုးလာတော့ နေတောင် အတော်စောင်းနေပြီ။ စနေ တနင်္ဂနွေ ပိတ်ရက် နှစ်ရက်ဟာ တယ် အကုန်မြန်တာပါလား လို့ ညည်းညည်းညူညူ ရေရွတ်မိတယ်။ အိမ်ရှင်းရဦးမယ်ဆိုတဲ့ အတွေးနဲ့ မျက်လုံးကိုဖွင့်ပြီး အခန်းပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်တော့ အခန်းဟာ ထင်ထားတာထက် ပိုတောင် ရှုပ်ပွနေသေးတာပဲ။

ဂျင်မီအိုလီဗာကတော့ ခုချိန်အထိ မုန့်တွေ ဟင်းတွေ တမျိုးပြီးတမျိုး အဆက်မပြတ် ချက်ပြနေတုန်းပဲ။ သူ့ကို ဆက်ကြည့်မနေနိုင်တော့ဘူး။ နောက်တစ်ပတ်စားဖို့ အသားဟင်းနှစ်မျိုးကို အမြန်ပြေးချက်လိုက်ရတယ်။ ချက်တယ်ဆိုတာထက် ပြုတ်တယ်ဆိုရင် ပိုမှန်မလားပဲ။ တကယ်တော့လည်း ချက်တာနဲ့ပြုတ်တာဟာ အမြဲမခွဲ တတွဲတည်းရှိနေတာပဲ မဟုတ်လား။ ဟင်းချက်နေရင်းမှာ ညစာအတွက် ကိုရီးယားခေါက်ဆွဲဗူးထဲကို ရေနွေးလောင်းထည့်လိုက်တယ်။ ကြက်ဥတစ်လုံး ဖေါက်ထည့်လိုက်တယ်။ ကြက်ဥကို လှမ်းယူလိုက်တဲ့အချိန်မှာ မုန်လာဥအဖြူနဲ့ မုန်လာဥအနီလေးတွေက အစိမ်းရောင် ဆလပ်ရွက်တွေကြားကနေ ချောင်းကြည့်နေကြတယ်။ သူတို့ကို ချက်ချင်း မျက်နှာလွှဲလိုက်ပြီး ညဖက်တွေ ရေးမချိုးနဲ့နော်ဆိုတဲ့ မေမေ့စကားသံကို ကြားယောင်လာတာနဲ့ ကမန်းကတမ်း ရေပြေးချိုးလိုက်တယ်။ ရေချိုးပြီး နာရီကြည့်တော့ ညရှစ်နာရီ။ မှားများနေသလားလို့ မျက်လုံးကို ပွတ်ပြီး နှစ်ခါ ပြန်ကြည့်ရတယ်။ မမှားဘူး မမှားဘူး... ညဟာ မှောင်တာ သိပ်မြန်လွန်းတယ်လို့ တွေးရင်း ညစာ စားလိုက်တယ်။

စားပြီးတာနဲ့ ခေါက်ဆွဲလုံး မစီနိုင်ဘူး၊ မနားနိုင်ဘူး... အလုပ်သွားရင်ဝတ်ဖို့ တစ်ပတ်စာ အဝတ်တွေ မီးပူတိုက်ရတယ်။ နေ့လည်က လာပို့သွားတဲ့ တဖက်တိုက်ရင် နောက်တဖက်ပါ အလိုလို ပြန့်သွားတဲ့ မီးပူအသစ်ကို ဖျတ်ကနဲ သတိရလိုက်ပေမယ့် မီးပူစင်မှာ တပ်လက်စ မီးပူကိုပဲ (အလွယ်တကူ) ခလုပ်ဖွင့်ပြီး ခပ်သွက်သွက် တိုက်လိုက်တယ်။ ဧည့်ခန်းထဲမှာ မသပ်မရပ် စုပုံနေတဲ့ ဈေးဝယ်အိတ်တွေနဲ့ ပစ္စည်းတွေကို (လောလောဆယ် ရှင်းသွားရင် ပြီးရော) စတိုခန်းသေးသေးလေးထဲကို ပြောင်းထည့်လိုက်တယ်။ စိတ်ထဲကတော့ နောက်တပတ်မှ ရှင်းတာပေါ့လေ လို့ တွေးရင်း ဖန်ပန်းအိုးကလေးနှစ်လုံးကို ဈေးဝယ်အိတ်ထဲက ထုတ်ပြီး ဧည့်ခန်းစားပွဲပေါ်မှာ ချထားလိုက်တယ်။ တခဏအတွင်း မျက်စိရှင်းပြီး သပ်သပ်ရပ်ရပ် ဖြစ်သွားတာတော့ အမှန်ပဲ။ ပစ္စည်းတွေ အထုတ်တွေ အသယ်အယူ အရွှေ့အပြောင်းမှာ ကြက်ဥပုံ ခြေဖနောင့် သန့်ရှင်းစက်ကလေးဟာ ရုတ်တရက် ဗူးထဲကနေ ထွက်ကျသွားပြီး ကြမ်းပြင်ပေါ်မှာ တလိမ့်လိမ့်နဲ့။ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်က ဈေးဝယ်လမ်းညွှန်လိုင်းမှာတော့ အမျိုးသမီးတစ်ယောက်ဟာ ယိုဂါကစားတဲ့ ပလတ်စတစ်အခင်းရဲ့ နူးညံ့ပျော့ပြောင်းပုံနဲ့ ထိရောက်ပုံကို တဖွဲ့တနွဲ့ ပြောပြနေတုန်းပဲ။

သက်ဝေ
(၂၃ စက်တင်ဘာ ၂၀၁၆)


 - ၂၀၁၆ ဒီဇင်ဘာလ - Idea မဂ္ဂဇင်းတွင် ဖေါ်ပြပြီးဖြစ်သည်။

1 comment:

  1. ရေးတတ်လိုက်တာမသက်ဝေရယ်။
    It is exactly the same thing to me.
    I cant even explain to my hubby about how time flying and busy I am.
    Thanks for the post.
    Always waiting to read your post.

    စာချစ်သူ(Canada)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...