Thursday, December 29, 2016

စွယ်တော်အိပ်မက်ရှည်

အစိမ်းရောင် Scrabble အိတ်တစ်လုံးထဲ အေ ဘီ စီ ဒီ စာလုံးတွေ ပေါင်းစု ရောနှောနေသလို အဲဒီနေရာကို အားလုံး တစ်နေ့တည်း တချိန်တည်းမှာ အတူတူ စုဝေး ရောနှော ရောက်ရှိလာခဲ့ကြ။
တွေ့တွေ့ချင်းမှာ ဖြူစင်တဲ့ ရိုးသားမှုတွေနဲ့ တစ်ယောက်ကို တစ်ယောက် မသိမသာ (သိသိသာသာ) အကဲခတ်ကြ၊ ပြီးတော့ တစ်ယောက်က တစ်ယောက်ကို ရယ်မောပြုံးပြ နှုတ်ဆက်ကြ၊ စတင် မိတ်ဖွဲ့ကြ။ ဟေ့... မင်းက ဘယ်က လာတာလဲ / ကျွန်တော် ရန်ကုန်က / ကျွန်တော်က မြင်းခြံက / ကျုပ်က တောင်ငူက / ကျွန်တော်က မန္တလေးက... အဲဒီလိုနဲ့ တစ်ယောက် တစ်ယောက် မိတ်ဆွေဖွဲ့ကြ။ သိပ်မကြာခင် အချိန်တိုတိုလေးအတွင်းမှာ ဟိုးအရင် နှစ်ကာလများစွာထဲက ရင်းနှီးခင်မင်ခဲ့ကြသူတွေလို တသားတည်းကျခဲ့ကြ။ နီးစပ်ရာ နီးစပ်ရာ ပေါင်းစုကြရင်းက အစုလိုက် အဖွဲ့လိုက်တွေ ဖြစ်လာကြ။ အဲဒီနောက်မှာ တစထက် တစ ထွေးလုံးရစ်ပတ်ပြီး ပြောမနာ ဆိုမနာ ငယ်သူငယ်ချင်းတွေ ဖြစ်လာကြ။ ခေတ်စားနေတဲ့ အနီရောင် ပန်းပွားလွယ်အိတ်တွေ ဆင်တူ / ပုခုံးမှာ အထုံးထုံးပြီး လွယ်ပိုးခဲ့ကြ။ ပန်းပွားလွယ်အိတ်က ကြိုးစတွေ အချင်းချင်း နောက်ရင်း ပြောင်ရင်း ပူးတွဲ ချည်နှောင်ခဲ့ကြ။ ပန်းပွားလွယ်အိတ်အတွဲတွေလို ခွဲလို့မရအောင် တစ်ယောက်က တစ်ယောက်ကို ဖက်လှဲတကင်း ချစ်ခင်ကြ။

နာမည်ရင်းတွေ ပျောက်၊ နာမည်ပြောင်တွေ ကိုယ်စီ ရှိလာကြ။ ခေါင်းထိပ်နားက ဆံပင်တွေချည်းပဲ ပွနေအောင် ကောက်ထားတဲ့သူကို ထိပ်တင်ပွ / ဆံပင်ကို အုန်းဆီတွေ ရွှဲနေအောင် လိမ်းတတ်တဲ့သူကို ဆီရွှဲ / အရပ်ရှည်ရှည် ပိန်ပိန်နဲ့ တစ်ယောက်ကို အရှည်ကြီး / ပုံဆွဲချိန်တွေမှာ အခန်းအပြင်ကနေ လာလာကြည့်တတ်တဲ့ တစ်ယောက်ကို Drawing / အနီ အဝါကြား စပို့ရှပ် မကြာခဏ ဝတ်တတ်တဲ့တစ်ယောက်ကို မီးပွိုင့် / နှုတ်ခမ်းမွေးစစနဲ့သူကို ဝင်းဦး၊ ပါတိတ်ရှပ်အမြဲဝတ်တဲ့သူကို ပြိတ္တာ / ရယ်လိုက်ရင် သွားတွေ အရှေ့ထွက်နေသူကို ရှဲစောင်း / နားရွက်မှာ နားသန်သီး တပ်ထားတဲ့ တစ်ယောက်ကို ချိန်သီး / အသားမည်းတဲ့တစ်ယောက်ကို မဲလေး / နောက်ထပ် သူ့ထက် အသားမည်းတဲ့ တစ်ယောက် ထပ်တွေ့ပြန်တော့ မဲကြီး / မျက်နှာမှာ ပေါင်ဒါတွေ လိမ်းပြီး ကျောင်းလာတဲ့တစ်ယောက်ကို ချောကလက် မှိုတက် / တစ်ခုခုပြောမယ်ကြံလိုက်ရင် စကားအစမှာ ဟိုနင်း လို့ အမြဲပြောတတ်တဲ့ တစ်ယောက်ကို ကိုဟိုနင်း / သူ့လိုပဲ စကားအစမှာ ဟိုဥစ္စာ ဆိုတာကနေ စပြောတဲ့တစ်ယောက်ကို ကိုဟုတ်စာ / မင်းသား James Dean နဲ့ တူတဲ့တစ်ယောက်ကို JD / နှာခါင်းချွန်ချွန် စိုးသူနဲ့ တူတဲ့ တစ်ယောက်ကို စိုးသူ / နာမည်မှာ ယဉ် ပါတဲ့တစ်ယောက်ကို ယင်ကောင်။ အဲဒီလို မရေမတွက်နိုင်တဲ့ နာမည်ပြောင်တွေနဲ့ ပြောမနာ ဆိုမနာ ရင်းနှီးကျွမ်းဝင်ကုန်ကြ။ တီစကွဲတွေ ထိုးထိုးထောင်ထောင်နဲ့ ပြေးပြေးလွှာလွှား ရှေ့ဆုံးတန်းမှာ နေရာဦးကြ၊ သီရေတာတွေမှာ အတန်း အတူတက်ကြ၊ ဆရာတွေအလစ် စာသင်ခန်းထဲမှာ ထမင်းဘူးတွေဖွင့်စားကြ။ တခါတခါတော့ အတန်းအတူလစ်ကြ။ တစ်ယောက်က အတန်းလစ်ပြီး စာသင်ခန်းရဲ့ နောက်ဆုံးတံခါးပေါက်က ခုန်ချရင် ကျန်ခဲ့တဲ့တစ်ယောက်က သူ့လွယ်အိတ်ကို သိမ်းထားပေးကြ။ နောက်တစ်ယောက်က ကျောင်းခေါ်ချိန်စာရွက်မှာ သူ့လက်မှတ်ကို သပ်သပ်ရပ်ရပ် ထိုးပေးကြ။ ကျူတိုရီယယ်ချိန်တွေမှာ ဆရာမက နာမည်ခေါ်ရင် အသံတုနဲ့ ထူးပေးကြ။ စွယ်တော်ရိပ်မှာ အပျော်ဆုံး ကျောင်းတက်ချိန် လွတ်လပ်ပေါ့ပါး ကျောင်းသားဘဝ။

ဒီလိုနဲ့ စာမေးပွဲတွေ နီးလာရင် အတန်းမှန်တဲ့သူဆီက စာအုပ်တွေ ငှားကြ၊ ကိုယ့်စာအုပ်ထဲက စာမျက်နှာလွတ်တွေ ပြန်ဖြည့်ကြ၊ ဝရုန်းသုန်းကားနဲ့ အပေါက်တွေ ဖာကြ။ စာသင်ခန်းအလွတ်တွေမှာ အုပ်စုလိုက် စာအတူ ကျက်ကြ။ မသိတဲ့သူကို မတတ်တဲ့သူက ဆရာပြန်လုပ်ကြ ငြင်းကြ ခုန်ကြ၊ လဖက်ရည်ခွက်တွေ၊ လစ်ပိုပုလင်းတွေနဲ့ တစ်ညမှ မအိပ်လိုက်ရပဲ မိုးစင်စင်လင်းကြ။ Assume နဲ့ Neglect ကို တွင်တွင်သုံး Error တွေ တက်တော့ ဝုန်းဒိုင်းကြဲ၊ Tension နဲ့ Compression မခွဲတတ်တော့ ခေါင်းချင်းဆိုင်ပြီး အကြပ်ရိုက်။ Fluid နဲ့ Thermo က ဖေါ်မြူလာတွေကို အဖြူရောင် ရေးနော့ဘောပင်ရဲ့ ကိုယ်ထည်ပေါ်မှာ (ကြံမိကြံရာ) ဆူးချွန်နဲ့ ကူးရေးကြ။ နီးစပ်ရာ ဆရာတွေ ဆရာမတွေဆီကို (အချိန်မရှိ အချိန်ရှိ၊ အားသည် မအားသည် မသိ) တဟုန်ထိုး ပြေး၊ မသိတာတွေ မေး။ အဲဒီအချိန်တွေမှာ ကျောင်းသားတွေက အာစီ တူး နဲ့ ထူး ကို ခဏ မေ့ထားကြရ။ ကျောင်းသူတွေက အဆောင်ရှေ့က သီချင်းသံ (အသည်းကွဲသီချင်းသစ်နဲ့ မျှော်လင့်ခြင်းလေး) ကို ခဏမေ့ထားကြရ၊ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့ အသည်းပုံ စွယ်တော်တွေရယ်၊ အဖြေမပေးသေးတဲ့ ချစ်ရသူအကြောင်းနဲ့ အဖြေမပေးရသေးတဲ့ ချစ်နေမိသူ အကြောင်းတွေကိုလည်း (ခဏဖြစ်ဖြစ်တော့) ခေါင်းထဲကနေ ထုတ်ထားကြရ။ စာမေးပွဲပြီးတော့မှ (စာမေးပွဲပြီးတော့မှ) လို့ တေးထားကြရ။ အဲဒီနေရာမှာ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်... စာသင်နှစ်တွေ တစ်နှစ်ပြီး တစ်နှစ်။

အဲဒီနေရာ…
လှပခန့်ညားတဲ့ လေးထောင့်တိုင်ကြီး ဆယ့်ရှစ်တိုင်၊ အထင်ကရ စွယ်တော်ပင်တွေနဲ့ ခရေပင်တန်း၊ ကျောင်းရှေ့က အစိမ်းရောင် မြက်ခင်းကျယ်၊ ဦးလူပေါဂိတ်နဲ့ ပစ္စည်းမဲ့ဂိတ်၊ အဆောက်အဦးနံပါတ် တစ် နှစ် သုံး လေး ငါး ခြောက် ခုနှစ် ရှစ်၊ အဝါနုရောင် ကျောင်းဆောင်တွေနဲ့ ဂျီဟောသူ၊ တစ်ခါတစ်ခါမှ စိတ်ပါလက်ပါ ဖွင့်လေ့ (ပွင့်လေ့) ရှိတဲ့ ကျောင်းရှေ့က ရေပန်းနဲ့ ကားရပ်နားရာ နေရာထိပ်က စကားပင် စကားပွင့်ကြွေတွေ၊ ဘယ်သူလျှောက်လျှောက် ဘယ်အချိန်မဆို လက်ခုတ်သံ ညံတဲ့ သြဘာလမ်း၊ ပုံဆွဲချိန်နဲ့ တီစကွဲတွေ ငှားရတဲ့ ဂိုထောင်နဲ့ ဦးလေးကြီး၊ လွှတိုက် တူထု ဂဟေဆော် ပျော်စရာ လက်တွေ့အချိန်တွေ (ကျောင်းသူတွေက ကျောင်းသားတွေကို ဟေ့... ငါ့ကို ဒါလေး ကူလုပ်ပေးနော်လို့ အကူအညီတောင်းခဲ့ရ)၊ ၁-၃/၂၇၊ ၈-၁/၁ နဲ့ မိန်းကလေးများ နားနေဆောင်၊ တူးတူးရဲ့ ခုနှစ့်ဆယ့်ငါးရာခိုင်နှုန်းနဲ့ ကျောင်းသားရေးရာ၊ နွေးအေးက ကိုအောင် ကိုဇော် ညီနောင်နှစ်ဖေါ်နဲ့ စတော်ဘယ်ရီလက်ဖျော်၊ ဒီလမ်းပေါ်မှာ လက်တွဲလျှောက်မှ ချစ်သူအရာမြောက်တဲ့ Lovers’ Lane၊ တစ်လတစ်ကြိမ် အသစ်လဲတဲ့ ကာတွန်းဘောက်စ်၊ ဂဏန်းပေါင်းစက် မဲနှိုက်ရတဲ့ ကျောင်းထိပ်က စာအုပ်ဆိုင်၊ မတ်လ ဆယ့်သုံး နဲ့ ဘုန်းမော်၊ ကျောင်းပိတ်ရက်ရှည်တွေနဲ့ အဲဒီရက်မှာ ရောက်လာတဲ့ အစိမ်းရင့်ရောင် သံဇကာကွက်တွေ၊ တိုးတိုးပြောပါ ဆူညံခြင်းမပြုရ စာတမ်းတွေနဲ့ ကျောင်းစာကြည့်တိုက်၊ ဝါသနာ စေတနာ အနစ်နာ နာသုံးနာနဲ့ အတိပြီးတဲ့ ဆရာ ဆရာမတွေရဲ့ စာသင်ချိန်တွေ၊ ပြီးတော့ မေ့ပစ်ဖို့ အလွန်ခဲယဉ်းတဲ့ နာရီတွေ၊ နေ့စွဲတွေ၊ ခုနှစ် သက္ကရာဇ်တွေ၊ အိတ်အစိမ်းရောင်ထဲမှာ သူ့အလိုလို တွယ်ရစ် ချည်နှောင်ပြီးဖြစ်တဲ့ အဖြူရောင် သံယောဇဉ်ကြိုးတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ ဘယ်တော့မှ မဆုံးနိုင်တဲ့ စွယ်တော် အိပ်မက်ရှည်တွေ။

ခြောက်နှစ်တာ စာသင်နှစ်တွေကုန်ဆုံးတော့ အနာဂတ်အတွက် မဆုံးနိုင်တဲ့ အိပ်မက်ရှည်တွေ ဆက်မက်ကြ။ အဲဒီအချိန်မှာပဲ အိတ်အစိမ်းရောင်ထဲကနေ အေ ဘီ စီ အက္ခရာ စာလုံးတွေကို မှောက်ခါ သွန်ချလိုက်သလို အားလုံး တစ်ယောက် တစ်နေရာစီရောက်၊ တစ်ယောက် တစ်လမ်းစီလျှောက်၊ ဟို ဒီ တစစီ ဝေးကွာ ပြန့်ကျဲကုန်ကြ၊ တချို့က ပျော်ရာမှာ နေကြပြီး တချို့က တော်ရာမှာ နေကြရ၊ တချို့တွေကတော့ စာလုံးတွဲတွေလို မခွဲပဲ တတွဲတွဲ ရှိမြဲ ရှိနေကြ။ ကျောင်းသားဘဝတုန်းကလို အားလုံး အတူတူ တစုတဝေးထဲ ပြန်ဆုံနိုင်ဖို့ အခွင့်အရေးတွေ ခက်ခဲ ရှားပါးကုန်ကြ။ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာလို ဆက်သွယ်ရေးကောင်းလာတဲ့အချိန်မှာ ခေတ်စာမျက်နှာတွေပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် အလျှင်အမြန် ပြန်လည်နီးကပ်လာကြ။ ဝေးနေတဲ့သူတွေကိုလည်း နီးလာအောင် အချင်းချင်း ပြန်လည်ဆွဲငင်ခေါ်ဆောင်လာကြ။ အဲဒီ စာမျက်နှာတွေပေါ်မှာပဲ အချိန်ရရင် ရသလို တွေ့ကြဆုံကြ ပြောဆို ရယ်မောကြ တခါတခါ (သို့မဟုတ်) အခါခါ ငြင်းကြခုန်ကြ ရန်ဖြစ်ကြ။ အသက်တွေကြီးလာပေမယ့် ငယ်ငယ်က ကျောင်းသားဘဝရဲ့ နေ့စွဲတချို့ မမျှော်လင့်ပဲ ပြန်လည် ရရှိကြ။ ဘယ်လိုအခြေအနေမျိုးရောက်ရောက် တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ဝေးဝေး အခါအခွင့်ကြုံတိုင်း မဆုံးနိုင်တဲ့ စွယ်တော်အိပ်မက်ရှည်တွေကို စိတ်ပါလက်ပါ ဆက်မက်နေကြ။ အားလုံးရဲ့ ဆင်တူအိပ်မက်တွေက အိတ်အစိမ်းရောင်ထဲကို - ခဏလောက်ဖြစ်ဖြစ် - တစုတဝေးထဲ ပြန်ဝင်နိုင်ဖို့ ဖြစ်နေခဲ့ကြ။ အဲဒီအိပ်မက်တွေ လက်တွေ့ အကောင်အထည်ဖေါ်နိုင်ဖို့ စုဝေးကြ တိုင်ပင်ကြ အားထုတ်ကြိုးပမ်းကြ။ နှင်းတွေဝေနေတဲ့ ဒီဇင်ဘာ ဆောင်းမနက်ခင်းတစ်ခုမှာ အိတ်အစိမ်းရောင်ထဲကို ရောက်ရာအရပ်က မဆိုင်းမတွ ပြန်လာဖို့ တစ်ယောက်ကို တစ်ယောက်က တိုက်တွန်းကြ၊ တစ်ယောက်ကို တစ်ယောက်က ဆွဲဆောင်ကြ၊ ကိုယ်စီကိုယ်ငှ ကြိုးစားခဲ့ကြ။

ဒီလိုနဲ့ ဒီနေ့မှာ…
ကျွန်တော်တို့ အားလုံး အားလုံး အတူတူ ပြန်လည်ဆုံတွေ့ကြ...
ရန်ကုန်စက်မှုတက္ကသိုလ်ဆိုတဲ့ ခေါင်းစည်းအောက်က အစိမ်းရောင် အိတ်ကလေးတစ်လုံးထဲကို အေ ဘီ စီ ဒီ စာလုံးလေးတွေ တစ်ခုချင်း ပျော်ရွှင်စွာ တိုးဝင်ခဲ့ကြ။ နှုတ်ဆက်စကားသံ၊ ရယ်မောသံ၊ (ဟေ့... မင်းက ဝတယ် / မင်းက အိုတယ် / မင်းက နဖူးပြောင်လာတယ် / ဟေ့ကောင် လူပျိုကြီး မစွံသေးဘူးလားကွ...) အဲဒီလို မခံချင်အောင် စနောက်သံတွေ ညံစီနေခဲ့ကြ၊ မဖတ်ရတာကြာလှပြီဖြစ်တဲ့ ကာတွန်းဘောက်စ်မှာ တိုးဝှေ့ကြ။ အချင်းချင်းရော ဆရာမတွေကိုပါ လက်ဆွဲခေါ်ရင်း ဓါတ်ပုံတွေ တဖြတ်ဖြတ် မပြီးနိုင်အောင် ရိုက်ကြ။ တွေးကြည့်ရုံနဲ့ စိတ်ကူးထဲမှာ အပျော်ကြီး ပျော်ခဲ့ရတဲ့ နေ့စွဲတစ်ခုကို အားလုံး ကိုယ်စီ လက်ဝယ်ပိုင်ဆိုင်ခဲ့ကြရ။ (မရှိတော့တဲ့ သူငယ်ချင်းတွေနာမည် ရေရွတ်မိတော့ ရုတ်တရက် - တဒင်္ဂ - နှုတ်ဆိတ်ခဲ့ကြ၊ စိတ်မကောင်းဖြစ်ကြရ။) ဘာပဲဖြစ်ဖြစ် ဒီနေ့မှာ အနှစ်နှစ်ဆယ်ကျော် ဝေးကွာနေခဲ့ကြတဲ့ သူငယ်ချင်းတွေနဲ့ ဆရာ ဆရာမတွေ အားလုံးနဲ့ တနေရာထဲမှာ တစုတစည်းထဲ ပြန်လည်ဆုံတွေ့ခဲ့ကြ။ သိပ်ပျော်တယ် ဆိုတဲ့စကားကို ကျောင်းဝင်းကျယ်ကြီး တခုလုံး ပဲ့တင်ထပ်အောင် ပျော်ပျော်ပါးပါး၊ ကျယ်ကျယ်လောင်လောင် ပြီးတော့ ကြည်ကြည်နူးနူး ရေရွတ်ခဲ့ကြ။ စွယ်တော်အိပ်မက်ရှည်သီချင်းကို အားလုံး သံပြိုင် သီဆိုခဲ့ကြ။

သက်ဝေ
(၁၃ စက်တင်ဘာ ၂၀၁၆)

No comments:

Post a Comment

အမှတ်တရ ရေးခဲ့ပါ...