Friday, February 2, 2018

အသံမြည်နေတဲ့ တံခါး

တံခါးဟာ အသံမြည်နေတယ်။
ဟုတ်တယ်… တံခါးအများစုဟာ အဖွင့် အပိတ်လုပ်လိုက်တိုင်းမှာ အသံမြည်နေတတ်တယ်။ ဖြည်းဖြည်းပိတ်ရင် အသံတိုးတိုးမြည်သလို ကြမ်းကြမ်းပိတ်မိရင်တော့ အသံကျယ်ကျယ်မြည်တယ်။ တံခါးဂျက်ကို ဖြုတ်လိုက်ရင် ဒါမှမဟုတ် ဂျက်ကို ထိုးလိုက်ရင် ဂျောက်ကနဲ အသံမြည်တယ်။ တံခါးလက်ကိုင်ဘုလုံးလေးကို နှိပ်လိုက်ရင် ကလစ်ဆို အသံမြည်တယ်၊ တံခါးပတ္တာ ကြပ်နေရင် အသံမြည်သလို ပတ္တာချောင်နေရင်လည်း တကျွီကျွီနဲ့ မြည်ပြန်တယ်။ တံခါးရွက်နဲ့ ဘောင်နဲ့ ထိခတ်မိရင်လည်း အသံမြည်တယ်။ ဆိုတော့ တံခါးတစ်ချပ်ဟာ အချိန်မရွေး အသံတစ်မျိုး ဒါမှမဟုတ် တစ်မျိုးထက်ပိုတဲ့ အသံတွေ မြည်နိုင်တာပဲ။ ဒါ ဘာများ ထူးဆန်းသလဲ။ တံခါး အသံမြည်တဲ့ ကိစ္စကို ဘာလို့များ အရေးအရာ လုပ်ပြီး စကားထဲ ထည့်ပြောနေရတာလဲ။

ဒီလိုပါ။ ပြောရရင် အခုရောက်နေတဲ့ နေရာအသစ် အကြောင်းက စ ရလိမ့်မယ်။ ဟုတ်တယ် မကြာသေးခင် ရက်ပိုင်းမှာ အလုပ် နေရာအသစ်တစ်ခုကို ရွှေ့ပြောင်းဖို့ အကြောင်းဖန်လာခဲ့တယ်။ အဲဒီနေရာအသစ်ကိုရောက်ရောက်ချင်း အကြမ်းဖျဉ်း သတိထားမိ လေ့လာမိလိုက်တာကတော့ ခြေလှမ်းအနည်းငယ်လှမ်းပြီးတိုင်းမှာ ခပ်တိုတို တဆစ်ချိုး အကွေ့တွေနဲ့အတူ ပြတင်းပေါက်တွေနဲ့ တံခါးတွေ အများကြီးရှိနေတယ် ဆိုတာပဲ။ ပတ်ပတ်လည်နံရံတွေပေါ်မှာ မှန်ပြတင်းတွေ၊ တံခါးချပ်တွေနဲ့ ပြည့်နှက်နေတယ်။ တနည်းပြောရရင် ထွက်ပေါက်တွေ များတယ် ဆိုပါတော့။ ထွက်ပေါက်… ဟုတ်တယ် ထွက်ပေါက်တွေ များတယ်။ ထားပါတော့ ထွက်ပေါက်တွေအကြောင်းကို မပြောခင် လောလောဆယ်တော့ တံခါးတွေ အကြောင်းပဲ ဆက်ပြောကြတာပေါ့။

တံခါးချပ်တွေဟာ နေရာ အနှံ့အပြားမှာ ရှိနေတယ်။ တံခါးချပ်တွေရဲ့အရွယ်အစား၊ အမျိုးအစား၊ အရောင်အဆင်းတွေကတော့ အမျိုးမျိုးပဲ။ သစ်သားတံခါး၊ မှန်တံခါး၊ မှန်အကြည်နဲ့ တံခါး၊ မှန်ချပ်အနက်ရောင် (မှန်အနောက်) တွေနဲ့ တံခါး၊ မှန်နဲ့ သံပြားတွေ ရောစပ်ပြီး လုပ်ထားတဲ့ တံခါး၊ သံပြားတစ်မျိုးတည်းနဲ့ လုပ်ထားတဲ့တံခါး၊ ကြိတ်သားလို့ခေါ်တဲ့ သစ်သားအတုတွေနဲ့ လုပ်ထားတဲ့တံခါး၊ ပလပ်စတစ်အသားလို ပြောင်ချောချောနဲ့တံခါး၊ သစ်သားထက် ထူထဲခိုင်ခံ့တဲ့ ထုထည်ကြီးကြီး ဘောင်ထူထူနဲ့ တံခါး… တကယ်ကိုပဲ ပြောမပြတတ်အောင် အမျိုးအမည်စုံလင်လှတယ်။ တံခါးတွေ အမျိုးစုံလင်သလို တံခါးလက်ကိုင်တွေကလည်း အစုံပဲ။ လက်ကိုင်ဘု အလုံးနဲ့၊ စက်ဝိုင်းခြမ်းပုံ လက်ကိုင်ကွင်း လှလှနဲ့၊ လက်ကိုင် ရှည်မျောမျောနဲ့၊ သစ်သားပွတ်လုံးနဲ့၊ သံတန်းလို အတန်းလေးနဲ့… အဲဒီလို တံခါးလက်ကိုင်မျိုးစုံကိုလည်း တွေ့ရတယ်။ ပြီးတော့ တံခါးချပ်တွေတိုင်းမှာ နာမည်ကိုယ်စီ ကပ်လျက်သား ရှိကြတယ်။ ဒီတံခါးကို ဖွင့်လိုက်ရင် အထဲမှာ ဘာရှိနိုင်တယ် ဆိုတာကို ကြိုတင်အသိပေးတဲ့သဘောနဲ့ ရေးထိုးထားတာမျိုး။ အဲဒီနေရာကို ပထမဆုံး ရောက်တဲ့နေ့မှာ တံခါးတွေကို တစ်ချပ်ချင်း လိုက်ကြည့်တယ်။ တံခါးချပ်တွေပေါ်မှာ ကပ်ထားတဲ့ စာတမ်းတွေကိုလည်း တစ်ခုချင်းစီ လိုက်ဖတ်တယ် မှတ်တယ်။ တံခါးတွေ ဘယ်လောက်တောင် များသလဲဆို လမ်းတလျှောက် နာမည်ရေးထားတဲ့ တံခါးတွေကို လိုက်ဖတ်လာရင်း တဖြည်းဖြည်းနဲ့ မှတ်လို့ မနိုင်အောင် ရောနှောလာတယ်။ တချို့တံခါးတွေ နာမည်ပေးပုံက ဝေ့လည်လည်နဲ့ ထူးဆန်းတယ်။ တချို့တံခါးတွေမှာတော့ နိုင်ငံ နာမည်တွေ ပေးထားတယ်၊ စင်္ကာပူ၊ ဟောင်ကောင်၊ ကိုရီးယား၊ ထိုင်ဝမ်၊ ဂျပန်၊ မလေးရှား စသည်ဖြင့်။ တချို့တံခါးနာမည်တွေကတော့ ရှင်းတယ်။ အထဲမှာ ဘာရှိသလဲ၊ ဘာလုပ်တဲ့ အခန်းလဲ ဆိုတာကို တိတိကျကျ ဖေါ်ပြတဲ့ နာမည်မျိုးတွေ။ ဥပမာ အစည်းဝေးခန်း၊ သင်ကြားရေးအခန်း စသည်ဖြင့်။ တချို့အခန်းတွေဆို အထဲမှာ ပရိုဂျက်တာ ရှိသည် ဆိုတာမျိုးတောင် ရေးထားတာ တွေ့ရသေးတယ်။ အဲဒီလို…

လမ်းတလျှောက်တံခါးတွေကို ကြည့်ရင်း မှတ်လာလိုက်တာ လျှောက်စရာ လမ်းဆုံးပြီး အထွက်တံခါးကို ရောက်လာတဲ့အထိပဲ။ ဒါပေမဲ့ အခုနေပြန်မေးရင် ဘယ်အခန်းက ဘာလဲဆိုတာ ဘယ်လိုမှ သေသေချာချာ မမှတ်မိတော့ဘူး။ ပြီးတော့ အဲဒီတံခါးတွေဟာ ဘယ်တစ်ချပ်တလေလေးကမှ အလွယ်တကူ တွန်းဖွင့်လို့ မရနိုင်ဘူးလို့ ဒီနေရာကို အရင်ရောက်နေနှင့်သူတစ်ယောက်က ပြောပြတယ်။ ရပါတယ်… ကိုယ်ကလည်း တံခါးချပ်တွေကိုသာ စိတ်ဝင်တစားနဲ့ သဘောကျနှစ်သက်တာ၊ သူတို့ကို အလကားနေရင်း တွန်းဖွင့်ပြီး အထဲမှာ ဘာရှိသလဲ ဆိုတာ စပ်စပ်စုစု ကြည့်ဖို့ ဝါသနာပါသူတစ်ယောက်တော့ မဟုတ်ပေဘူး။ ဒီလိုနဲ့ အဲဒီတံခါးချပ်တွေ အများကြီးနဲ့ နေ့တဓူဝ လက်ပွန်းတတီး ထိတွေ့လာရရင်းက သူတို့တွေနဲ့ တစတစ ရင်းနှီး ကျွမ်းဝင်လာခဲ့တယ်။

ဒီလိုနဲ့ တစ်နေ့မှာ အညိုရောင်ရင့်ရင့် သစ်သားတံခါးထူထူတစ်ချပ်ကို ဖွင့်ဖို့ အကြောင်းဖန်လာတယ်။ အဲဒီတံခါးချပ်ဆီကိုရောက်ဖို့ တံခါးတွေ အများကြီးကို ကျော်ဖြတ်သွားရတယ်။ ပထမဆုံးတစ်ကြိမ် အသွားလမ်းမှာ ကိုယ်တိုင်ဖြတ်ကျော်ခဲ့ရတဲ့ တံခါးဘယ်နှစ်ချပ်ရှိတယ်ဆိုတာကို ရေတွက်ဖို့ စဉ်းစားပေမယ့် တကယ်တမ်း လျှောက်သွားတဲ့အချိန်မှာ တစ်ချပ်နဲ့ တစ်ချပ် ဘယ်လိုမှ မတူတဲ့ တံခါးတွေကို လေ့လာရင်း ရေတွက်ဖို့ မေ့လျော့နေခဲ့တယ်။ ဒီလိုနဲ့ ဒုတိယတစ်ကြိမ်၊ တတိယတစ်ကြိမ်… အဲဒီ တတိယအကြိမ်မှာတော့ လမ်းတလျောက် ကျော်ဖြတ်ခဲ့ရတဲ့ တံခါးချပ်တွေကို သတိတရ ရေတွက်ပြီး မှတ်သားလာခဲ့တယ်။ စုစုပေါင်း ၁၂ ချပ်။ အော်… ဒါနဲ့ မေ့တော့မလို့။ အပေါ်မှာ ပြောခဲ့ဖူးသလို အဲဒီနေရာမှာ ဘယ်တံခါးကိုမှ လွယ်လင့်တကူ တွန်းဖွင့်လို့ မရဘူးဆိုတာလေ။ ဟုတ်တယ်… တံခါးချပ်တွေတိုင်းကို ကိုယ်ပေါ်မှာ ရှိတဲ့ ပစ္စည်း တစ်ခုမဟုတ် တစ်ခုကို အသုံးပြုပြီး ဖွင့်လှစ် ကျော်ဖြတ်ရတယ်။ တချို့နေရာတွေမှာ လက်မကို နှိပ်ရတယ်။ တချို့နေရာတွေမှာ မီးလုံးအနီရောင်လေးကို ဖိရတယ်။ တချို့နေရာတွေမှာ မျက်လုံးနဲ့ တည့်တည့်ကြည့်ရတယ်။ တချို့နေရာတွေမှာ လည်ပင်းမှ အသင့်ဆွဲထားတဲ့ ကဒ်ပြားကို ကပ်လိုက်ရတယ်။ ဖြစ်ပုံ ပြောပါတယ်… အဲဒီလို ဖိတန်တာ ဖိ၊ နှိပ်တန်တာနှိပ်၊ ကပ်တန်တာ ကပ်ပြီးမှ ကိုယ်သွားလိုရာ ခရီးကို ရောက်တယ်။ အခု အထူးပြုပြောပြမယ့် တံခါးကတော့ တံခါးဝက အမည်းရောင် ရှည်မျောမျော အတန်းလေးမှာ လည်ပင်းမှာ ချိတ်ဆွဲလာတဲ့ ကဒ်ပြားလေးကို ကပ်လိုက်ရတယ်။ ဒါဆို ထပ်ကနဲ အသံတမျိုးထွက်လာပြီး တံခါးဟာ လက်နဲ့အသင့် တွန်းဖွင့်လို့ရတဲ့ အနေအထားကို ရောက်တယ်။

ဟုတ်ပြီ… တံခါးဟာ လက်နဲ့ အသင့်တွန်းလို့ရတဲ့ အနေအာထားကို ရောက်ပြီဆိုရင် ကိုယ့်ကိစ္စ တစ်ဝက် အထမြောက် အောင်မြင်ပြီပေါ့။ ခက်နေတာက အဲဒီတံခါး အဖွင့်မှာ ကြားလိုက်ရတဲ့ အသံတစ်ခုပဲ။ ကြားကြားချင်းမှာ ဘေးကို လှည့်ကြည့်လိုက်မိတယ်။ ပတ်ဝန်းကျင်မှာ ဘယ်သူမှ ရှိမနေဘူး။ အဲဒီအခန်းထဲမှာ ဆောင်ရွက်စရာ ကိစ္စဝိစ္စ ပြီးလို့ ပြန်ထွက်တော့ လေးထောင့်စပ်စပ် ခလုတ်အဖြူတစ်ခုကို နှိပ်ရပြန်တယ်။ အဲဒီတော့မှ တံခါးက ပြန်ပွင့်တယ်။ အဲဒီအချိန်မှာ ဟိုအသံကို ပြန်ကြားလိုက်ရတာပဲ။ စိတ်ထဲမှာတော့ တမျိုးပဲ… ဒါပေမယ့် အဲဒီအချိန်မှာ အခန်းရှေ့က ဖြတ်သွားတဲ့ လူတစ်စုကြောင့် သူတို့တစ်ယောက်ယောက်ဆီက အသံပဲ ဖြစ်မှာပါလေလို့ တွေးပြီး အခန်းထဲက ပြန်ထွက်လာခဲ့တယ်။ ဖြစ်ချင်တော့ နောက်တစ်နေ့မှာ အဲဒီအခန်းကို သွားရဖို့ အကြောင်ပေါ်လာပြန်တယ်။ အပေါ်မှာပြောခဲ့သလိုပဲ တံခါးကို ဖွင့်တယ်။ အဲ့ဒီအခါမှာ ဟိုအသံကို ခပ်တိုးတိုး ကြားလိုက်ရပြန်တာပဲ။ ဒါ မနေ့က အသံမျိုးပဲ။ အသာအယာ ပြန်စေ့ပိတ်သွားတဲ့ တံခါးကို လှည့်ကြည့် လှည့်ကြည့် လုပ်ရင်း အခန်းထဲမှာ လုပ်စရာရှိတာတွေ လုပ်ရတယ်။ ဘာကြာမှာလဲ ဆယ်မိနစ်ပေါ့။ ကိစ္စပြီးလို့ အပြင်ပြန်ထွက်ချိန်မှာ အခန်းထဲ ဝင်လာတဲ့ အမျိုးသမီး နှစ်ယောက်ရဲ့ ဟေး… မင်္ဂလာမနက်ခင်းပါ ဆိုတဲ့ နှုတ်ဆက်သံကြောင့် တံခါးဆီက အသံကို ကြားဖို့ အခွင့်မသာလိုက်ဘူး။ ဒီလိုနဲ့ အခန်းအပြင် ပြန်ရောက်လာတယ်။

တတိယနေ့ကတော့ ထူးခြားတယ်။ ပြောရရင် အလုပ်ပိတ်ရက်။ အဲဒီနေ့မှာ အလုပ်လာတဲ့သူ စုစုပေါင်းဟာ သုံး လေးယောက်ထက် မပိုဘူး။ ဖြစ်ချင်တော့ အဲဒီအခန်းမှာ ပစ္စည်းတစ်ခု သွားယူဖို့ လိုအပ်လာတယ်။ အခန်းရှေ့ရောက်ပြီး တံခါးကိုဖွင့်လိုက်တဲ့အချိန်မှာ အဲဒီအသံကို ပီပီသသကြားရတော့တာပဲ။ ကျောထဲက စိမ့်ကနဲဖြစ်သွားတာ ကိုယ့်ဟာကိုယ် သတိထားလိုက်မိတယ်။ ကျောချမ်းတယ် ဆိုတာ ဒါမျိုးလား လို့ တွေးရင်း ရယ်မောရင်း ကိုယ့်ဟာကိုယ် ရဲဆေးတင်ရတယ်။ လုပ်စရာရှိတာ မြန်မြန်လုပ်ပြီး အခန်းအပြင် ပြန်ထွက်လာခဲ့တယ်။ အထွက်မှာလည်း အသံကို သေသေချာချာ ကြားလိုက်ရပြန်တယ်။ နည်းနည်းခြောက်ခြားသွားတယ်ဆိုတာတော့ ဝန်ခံရမှာပဲ။ ဒီနေရာမှာ ဘာသံမို့ ခြောက်ခြားရတာလဲ လို့ မေးစရာရှိလာတယ်။ ခက်တာက အဲဒါ ဘာသံလို ပြောမပြခင် ကိုယ့်နားကို ကိုယ်တိုင် သေချာဖို့၊ ကိုယ်တိုင် အတည်ပြုဖို့ လိုအပ်နေတယ်။ ဒါနဲ့ အဲဒီအခန်းကို (အကြောင်းမရှိ အကြောင်းရှာပြီး) နောက်တစ်ခေါက် သွားလိုက်တယ်။ ထုံးစံအတိုင်း တံခါးတွေ အထပ်ထပ် ကျော်ဖြတ်ပြီး အဲဒီတံခါးချပ်အရှေ့ကို ရောက်လာခဲ့တယ်။ တံခါးအနားကို ရောက်တယ်၊ ကပ်စရာရှိတာကို ကပ်လိုက်တယ်။ အဲဒီအချိန်အထိ ဟိုအသံကို မကြားရသေးဘူး။ နောက်တဆင့်အနေနဲ့ တံခါးလက်ကိုင်ကို အသာလှည့်လိုက်တယ်။ ဒါလည်း ပုံမှန်အသံပါပဲ။ အိပ်ခန်းတံခါးတွေကို ဖွင့်ရင် ကြားရလေ့ရှိတဲ့ အသံမျိုးပဲ။ အခုအချိန်အထိ အရာရာဟာ ပုံမှန်ပါပဲ။

ဟုတ်ပြီ… တံခါးလက်ကိုင်ကို လှည့်ပြီး တံခါးချပ်ကို တွန်းအဖွင့် တံခါးဟာ လူတစ်ကိုယ်စာ သာသာ ဟ သွားချိန်မှာ အသံကို ကြားလိုက်ရတာပဲ။ အသံဟာ အမျိုးသမီးတစ်ယောက်ရဲ့ ခပ်ကြိတ်ကြိတ် ညည်းညူလိုက်တဲ့အသံမျိုး၊ နာမကျန်း အဖျားတက်နေလို့ ညည်းညူလိုက်တဲ့အသံမျိုး၊ ဝေဒနာတစ်ခုခုကြောင့် မခံမရပ်နိုင် ပွင့်အံထွက်လာတဲ့အသံမျိုး၊ အသံဟာ မထူးဆန်းပေမယ့် အသံထွက်လာပုံ အသံထွက်လာတဲ့ အခိုက်အတံ့နဲ့ အသံထွက်လာတဲ့ နေရာကတော့ ထူးဆန်းလှတယ်။

တံခါးချပ်ကို တွန်းဖွင့်ပြီး အဝင်မှာ အဲဒီအသံကို ကြားရပေမယ့် အဲဒီအခန်းထဲကို ဝင်လိုက်ပြီး တံခါးချပ် သူ့အလိုလို ပြန်ပိတ်သွားတဲ့အချိန်မှာတော့ အသံကို မကြားရတော့ပြန်ဘူး။ တံခါးဟာ သူ့ဟာသူပဲ အေးအေးချမ်းချမ်း ပြန်ပိတ်သွားခဲ့တယ်။ အခန်းထဲမှာ ဟိုလှည့် ဒီလှည့်နဲ့ ငါးမိနစ်လောက် အချိန်ဖြုန်းလိုက်တယ်။ အခန်းထဲက ပြန်ထွက်ခါနီးမှာ ထုံးစံအတိုင်း အဖြူရောင်ခလုတ်ကို နှိပ်ရတယ်။ ပြီးတော့ တံခါးကို တွန်းဖွင့်လိုက်တယ်။ ဟော… အသံကြားရပြန်ပြီ။ မခံမရပ်နိုင်တဲ့ ညည်းတွားသံပေပဲ။ ဒါပေမယ့် ခပ်တိုးတိုးနဲ့ ညင်သာတယ် ခေါ်ရမယ်။ တစ်ယောက်ယောက်က အိပ်နေရင်း ယောင်ယမ်း ညည်းညူမိတာမျိုးရော မဖြစ်နိုင်ဘူးလား လို့ တွေးမိတယ်။ ဒါပေမဲ့ ဒီနေရာဟာ လူတစ်ဦးတစ်ယောက် လာအိပ်နေလို့ရတဲ့ နေရာမျိုးတော့ မဟုတ်ဘူး။ အခန်းအပြင်ရောက်တော့ လူက နည်းနည်း မောဟိုက်စပြုနေတယ်။ တံခါးဟာ သူ့အလိုလို ပြန်ပိတ်သွားတယ်။ အသံအနည်းငယ် ကြားရတယ်။

နောက်တစ်နေ့မှာလည်း ဒီလိုပဲ သွားတယ် ဖွင့်တယ် ညည်းညူသံကို နားထောင်တယ်၊ သေသေချာချာ စေ့ငုတယ်။ ညည်းညူနေတုန်းပဲ… အနီးအနားမှာ တစ်ယောက်ယောက်များ ရှိနေသလားဆိုပြီး ဘေးဘီဝဲယာ အခန်းပတ်ပတ်လည် မြင်နိုင်သမျှ လျှောက်ကြည့်တယ်။ ဒီအခန်းနားမှာ တစ်ယောက်ယောက်များ ထိုင်နေသလား၊ လမ်းလျှောက်နေသလား၊ လဲပြိုကျနေသလား လိုက်ကြည့်တယ်၊ ဒါပေမဲ့ သံသယဖြစ်စရာ တစုံတရာ မတွေ့ရဘူး။ ဘာကို မြင်ရမယ်ထင်ပြီး လိုက်ကြည့်နေတာလဲ ဆိုတဲ့ မေးခွန်း၊ တုန်လှုပ်နေသလား ဆိုတဲ့ မေးခွန်းကို ကိုယ့်ဟာ ကိုယ် ပြန်မေးမိတယ်။ အဖြေကတော့ ရေရေရာရာ မရှိဘူး။ သိချင်ရုံ သက်သက် တနည်းပြောရရင် စပ်စုချင်ရုံ သက်သက်ပဲ။

တစ်ရက်ပြီးတစ်ရက် အချိန်တွေ ရွေ့လျားလာခဲ့တာ ဒီနေ့ဆို ဒီအလုပ်ကို ပြောင်းလာတာ တစ်လပြည့်တယ်။ ခါတိုင်းလိုပဲ လုပ်စရာရှိတာတွေ လုပ်ရင်း ဟိုအခန်းကို သွားဖို့ အကြောင်းပေါ်လာပြန်တယ်။ နေ့တိုင်းနီးပါးရောက်နေတဲ့ အခန်း၊ ရောက်တိုင်းလည်း ကြားနေကျ ညည်းတွားသံသဲ့သဲ့… ဆိုတော့ ဘာမှ ထူးထူးခြားခြား မခံစားရတော့ဘူး။ ဒါပေမဲ့ ဒီနေ့တော့ စိတ်ထဲမှာ တမျိုးပဲ။ မသွားချင်သလိုဖြစ်နေတယ်။ ဒါနဲ့ ဘေးကတစ်ယောက်ကို အဖေါ်လိုက်ခဲ့ပေးမလား မေးကြည့်တော့ ရှောရှောရှူရှူပဲ လိုက်မယ် သူလည်း အဲဒီအခန်းထဲမှာ ယူစရာတစ်ခုရှိတယ် တဲ့။ နှစ်ယောက်သား စကားလေးတပြောပြောနဲ့ အတူတူ လျှောက်သွားကြတယ်။ ခပ်လှမ်းလှမ်းကနေ မြင်နေရတဲ့ အဲဒီ အခန်းရှေ့မှာ လူသုံး လေးယောက်… ကုန်းကုန်းကွကွနဲ့။ သူတို့အားလုံးက တစ်ခုခုကို တညီတညွတ်တည်း ငုံ့ကြည့်နေကြတယ်။ အနားရောက်တော့ အတူပါလာတဲ့အဖေါ်က ခြေလှမ်းသွက်သွက်နဲ့ အဲဒီလူတွေကြားထဲကို တိုးဝင်သွားတယ်။ ကိုယ်ကတော့ နေရာမှာ ခြေစုံရပ်လျက်သား… စိတ်ထဲ ဘာကြောင့်မှန်းမသိ… အလိုလိုနေရင်း တစ်ခုခုတော့ မှားယွင်းနေသလို ခံစားရတယ်။

စက္ကန့်ပိုင်းလေးပဲ… သူပြန်ထွက်လာတယ်။ အိမ်မြှောင်အသေတစ်ကောင် ပြုတ်ကျနေတာတဲ့… ဖြစ်ရလေ အိမ်မြှောင်အသေများ ဘာဆန်းလို့ ဝိုင်းကြည့်နေကြသလဲ လို့ စိတ်ထဲက ပြောလိုက်မိတယ်။ အဲဒီအိမ်မြှောင်ဟာ အရွယ် အတော်ကြီးတယ် ပြောရရင် တောက်တဲ့နီးပါးရှိတယ် တဲ့၊ တံခါးကြားမှာထဲ ညပ်ပြီး အသက်ပျောက်ရဟန်တူတယ် တစ်ကိုယ်လုံး ပြားကပ်နေတာပဲတဲ့။ အဲဒီအထိလည်း စိတ်ထဲဘယ်လိုမှ မနေသေးဘူး။ အိမ်မြှောင်တွေရဲ့ဘဝမှာ ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတစ်ခုပဲ မဟုတ်လား။ ဒါပေမဲ့ သူက ဆက်ပြောတယ်… အဲဒီအိမ်မြှောင်ဟာ ခေါင်းပေါ်မှာ ဆံပင်တွေ ရှိနေတာက သိပ်ထူးဆန်းတယ်တဲ့။ ဒါကတော့ နည်းနည်း တစ်မျိုးပဲ။ ဖြစ်နိုင်ခြေရှိတာကို ရှင်းရှင်းလင်းလင်းတွေးပြီး အမှိုက်တွေ ဘာတွေနဲ့ လုံးထွေးပြီး တံခါးညပ်သွားတာမျိုး ဖြစ်မှာပေါ့ လို့ လှမ်းပြောလိုက်တယ်။ ပြီးတာနဲ့ ဖွင့်ထားလက်စ တံခါးကနေ အခန်းထဲကို ဝင်လာခဲ့တယ်။ အခန်းထဲမှာ လုပ်စရာရှိတာ လုပ်နေရင်းမှာ အတူပါလာတဲ့ အဖေါ်က ဖုန်းခေါ်စရာရှိလို့ သူပြန်နှင့်မယ်နော် ဆိုပြီး အရင်ပြန်သွားတယ်။ ကိုယ့်အလုပ်ပြီးလို့ ပြန်ထွက်လာတော့ အခန်းအပြင်မှာ ဘယ်သူမှ မရှိတော့ဘူး၊ ခုနက ပြောတဲ့ အိမ်မြှောင်အသေရော ဆံပင်ခြည်ဆိုတာတွေရော ဘာဆို ဘာမှ မရှိတော့ဘူး။ တစ်ယောက်ယောက်က ရှင်းလင်း သိမ်းဆည်းသွားဟန်တူတယ်။ ဒါပေမဲ့… အဲဒီအခန်းကနေ လေး ငါး ဆယ် လှမ်းလောက် လျှောက်လာအပြီးမှာတော့ စိတ်ထဲမှာ တစုံတခုကို ဖျတ်ကနဲ သတိရသွားတယ်။ အဲဒီတော့ ခုနက အခန်းဖက်ကို နောက်ပြန်လှည့်မိတယ်။ အသံမြည်တဲ့တံခါးကို ဖွင့်နေကျအတိုင်း ဖွင့်လိုက်တယ်။ အလို… ဘာသံမှ မကြားရပါလား။ ကိုယ့် နားကို ကိုယ်တိုင် မယုံနိုင်ဖြစ်ရတယ်။ ပြန်ပိတ်တယ် ပြန်ဖွင့်တယ်… ကြားနေကျအသံ - တိုးညှင်းပေမယ့် ပီသတဲ့ ညည်းညူသံ- ဘာအသံမှ မကြားရတော့ဘူး။ သေချာချင်တဲ့စိတ်နဲ့ တံခါးကို ခြောက်ခါထက်မနည်း အဖွင့်အပိတ်လုပ်ကြည့်တယ်။ ဘာသံမှ မကြားရတာ တကယ် သေချာပြီ ဆိုမှ အဲဒီနေရာကနေ ပြန်ထွက်လာခဲ့တယ်။

* * * * *

နောက်တနေ့မနက်မှာ တံခါးဟာ အသံမြည်သေးလား မမြည်တော့ဘူးလားဆိုတာ ပိုသေချာအောင် အဲဒီအခန်းကို သွားကြည့်ဦးမယ်ဆိုတဲ့ စိတ်နဲ့ အိမ်ကနေ ခါတိုင်းထက် စောပြီး ထွက်လာခဲ့တယ်။ အလုပ်ကိုရောက်တော့ စားပွဲပေါ်မှာ စာအိတ်ဖြူတစ်လုံး တင်ထားတာ တွေ့ရတယ်။ ထိုင်ခုံမှာ ဝင်မထိုင်သေးခင် မတ်တပ်ရပ်လျက်ကပဲ စာအိတ်ကို ဖွင့်ကြည့်လိုက်တယ်။ အထဲမှာ စာရွက်ခေါက်တစ်ခုနဲ့အတူ ငွေစက္ကူ အနည်းငယ် ရှိနေတယ်။ စာရွက်ထဲမှာ ရေးထားတဲ့ အကြောင်းအရာကတော့ ဒီရုံးမှာ သန့်ရှင်းရေးလုပ်နေတဲ့ အန်တီ ပြီးခဲ့တဲ့ တစ်ပတ်က ကားတိုက်ခံရလို့ ဆေးရုံတင်ထားတာ၊ မနေ့ကပဲ ဆုံးပါးသွားလို့ တတ်နိုင်သလောက် ကူငွေထည့်ဖို့ အကြောင်းပဲ။ (ဒီကရုံးတွေမှာက သာရေး နာရေးဆို ဒီနည်းနဲ့ပဲ အလှူငွေ / ကူငွေ ကောက်လေ့ရှိတယ်။ ကိုယ်ထည့်ချင်သလောက်ငွေကို စာရွက်ပေါ်မှာ နာမည်နဲ့အတူရေးပြီး ပိုက်ဆံကို စာအိပ်ထဲထည့်၊ တစ်ယောက်ပြီး တစ်ယောက် လက်ဆင့်ကမ်းလိုက်ကြတာမျိုး။) ဖြစ်မှဖြစ်ရလေလို့ တွေးပြီး စာရွက်ပေါ် နာမည်ရေးနေရင်းမှာ အခန်းထဲကိုဝင်လာတဲ့ အမျိုးသားနှစ်ယောက် သူတို့အချင်းချင်း ပြောနေကြတဲ့ စကားသံတွေက - အာရုံမစိုက်ရပါပဲ - နားထဲကို တန်းတန်းမတ်မတ် ရောက်လာခဲ့တယ်။ သူတို့ပြောနေတာ တခြးတော့မဟုတ်… ဆုံးပါးသွားတဲ့ သန့်ရှင်းရေး အန်တီအကြောင်းပဲ။ အန်တီဟာ သန့်ရှင်းရေးအလုပ်သမား ဖြစ်သော်ငြားလည်း သူ့အလုပ်ကိုသူ အင်မတန်လေးစားတဲ့အကြောင်း၊ တော်ရုံနေမကောင်းဖြစ်ရင်တောင် အလုပ်နားရက် ယူလေ့မရှိတဲ့အကြောင်း၊ အဲဒီနေ့က အလုပ်ကို အလာ ရုံးရှေ့က ကားလမ်းကို ဖြတ်အကူးမှာ မူးလဲသွားပုံရပြီး ရုတ်တရက် အရှိန်မထိန်းနိုင်တဲ့ ကားက ဖြတ်ကြိတ်သွားတဲ့အကြောင်းနဲ့ သူ့ခေါင်းတစ်ခြမ်းဟာ လမ်းမပေါ်မှာ ပြားကပ်သွားတဲ့အကြောင်း၊ ပြီးတော့ ဒီလောက်ကြီးမားတဲ့ ဝေဒနာကြီးကို တစ်ပတ်လောက် ခံစားသွားရသေးတယ် ဆိုတဲ့ အကြောင်းတွေ…
သူတို့ပြောနေတဲ့ စကားတွေနားထောင်ရင်း လူက မူးရိပ်ရိပ်ဖြစ်လာတာမို့ နားထင်ကို လက်နဲ့ထောက်ပြီး နေရာမှာ ခပ်မြန်မြန်ထိုင်ချလိုက်ရတယ်။

သက်ဝေ
(၁၅ သြဂုတ် ၂၀၁၇)
 
- ၂၀၁၇ November လ - Idea မဂ္ဂဇင်းတွင် ဖေါ်ပြပြီးဖြစ်သည်။

 
 

1 comment:

  1. ဖဘမှာ 'လေပြေအလာ' ဆားချက်တာလေးဖတ်အပြီး အသံမြည်နေတဲ့ တံခါး ဖတ်သွားတယ် ^_^
    လောကကြီးထဲမှာ ကိုယ်လိုက်မမှီတဲ့ ထူးဆန်းချက်တွေ များလွန်းတယ် မသက်ရေ။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...