Thursday, November 29, 2018

ခရီးသွားဧည့်သည်များ၊ ပိုင်ရှင်မဲ့ ခွေးများနှင့် ခွေးရူးအန္တရာယ်


မကြာသေးတဲ့ တစ်ညနေက အိမ်နီးချင်း စင်္ကာပူနိုင်ငံသား အမျိုးသမီးတစ်ယောက်နဲ့ အိမ်အောက်မှာတွေ့လို့ နှုတ်ဆက်ရင်း စကားပြောဖြစ်တော့ သူ ပြီးခဲ့တဲ့လက မြန်မာပြည်ကို အလည်သွားခဲ့တဲ့အကြောင်း ပြောပြပါတယ်။ သဘာဝက ပေးထားတဲ့ တောတောင် ရေမြေတွေနဲ့ သိပ်လှတဲ့နိုင်ငံ၊ လည်စရာ ပတ်စရာ ကြည့်စရာ စိတ်ဝင်စားစရာ နေရာဒေသတွေ အများကြီး ရှိတဲ့နိုင်ငံ၊ နောက်တစ်ခေါက် မဖြစ်မနေ ထပ်သွားချင်စရာကောင်းတဲ့ နိုင်ငံ ဖြစ်တယ် လို့ ဆိုတယ်။ သူတို့က Tour Group နဲ့သွားတာဖြစ်ပြီး ဆယ်ညအိပ် ဆယ့်တစ်ရက်ခရီးမှာ ရန်ကုန်၊ ပုဂံညောင်ဦး၊ ပုပ္ပါး၊ မန္တလေး၊ ဟဲဟိုး၊ အင်းလေးနဲ့ ပင်းတယမြို့တွေကို ရောက်ခဲ့တယ် လို့ ပြောပါတယ်။ ပုဂံဘုရားတွေကို အချိန်ယူပြီး အေးအေးဆေးဆေး ဖူးခွင့်ရလို့ အထူးပဲ ကြည်နူး ကျေနပ်ရကြောင်း၊ ဘုရားဖူးဧည့်သည်တွေကို ဘုရားပေါ်တက်ပြီး နေဝင်ချိန်ကြည့်ဖို့ ဓါတ်ပုံရိုက်ဖို့ ခွင့်မပြုတော့တာဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ကြောင်းနဲ့အတူ မန္တလေးကျုံးကို သဘောကျပြီး ဦးပိန်တံတားက ပတ်ဝန်းကျင်က မြင်ကွင်းတွေဟာ အင်မတန်မှ လှပတဲ့အကြောင်း (သူက U Bain Bridge - ယူဘိန် Bridge လို့ အသံထွက်လို့ ခဏကြောင်ပြီး စဉ်းစားလိုက်ရသေးတယ်။) ဖေါင်တော်ဦးဘုရားကို ရွှေသင်္ကန်း ကပ်လှူခဲ့ရတဲ့အကြောင်း၊ အင်းလေးရေပြင်ပြာနဲ့ ပင်းတယကိုလည်း ကြိုက်နှစ်သက်တဲ့အကြောင်း ပြောပါတယ်။ 

ရန်ကုန်မှာတော့ ရွှေတိဂုံ၊ ဆူးလေဘုရားနဲ့ ဗိုလ်ချုပ်ဈေးကို ရောက်ခဲ့တယ် ကရဝိတ် ရောက်ခဲ့တယ်၊ နေရေးထိုင်ရေး စားရေးသောက်ရေး အစစ အရာရာ အဆင်ပြေတဲ့အကြောင်းတွေ ပြောအပြီးမှာ တစ်ခုပဲ... စိတ်မရှိပါနဲ့နော် ဆိုပြီး အားတုံ့အားနာနဲ့ ပြောတာက လမ်းမပေါ်မှာ လမ်းသွယ်ထဲမှာ ဟိုနား ဒီနားမှာ ပိုင်ရှင်ရှိဟန်မတူတဲ့ ခွေးလေခွေးလွင့်တွေက နေရာအနှံ့ ရှိနေတာ အဆင်မပြေဘူး၊ သူ ကြောက်တယ်တဲ့။ ဒါကြောင့် တချို့ နီးနီးနားနား နေရာတွေကို လမ်းလျှောက်သွားချင်ပေမယ့် မသွားရဲဘူး၊ Grab ခေါ်ရတယ်။ သူ့သူငယ်ချင်းတစ်ယောက် ရန်ကုန်ကို အလည်သွားရင်း ခွေးကိုက်ခံထားရဖူးတော့ သူပိုကြောက်နေတာလည်း ဖြစ်နိုင်ပါတယ်လို့ ပြောလာတယ်။ နိုင်ငံခြား ခရီးသွားဧည့်သည်တွေ များများလာစေချင်ရင် အဲဒီ လမ်းဘေးက ပိုင်ရှင်မဲ့ ခွေးတွေကို အရင်ဆုံး တစ်ခုခု စီစဉ်နိုင်ရင် ပိုကောင်းမယ်လို့ အကြံပေးချင်ပါတယ် တဲ့။ သူ့စကားအဆုံးမှာ ကျွန်မ ဆက်တွေးစရာ အတွေးစတွေ အများကြီးနဲ့ ကျန်ခဲ့ပါတယ်။ မြန်မာပြည်ကို အလည်သွားတဲ့ နိုင်ငံခြားသားတွေဆီက လမ်းဘေးခွေးနဲ့ပတ်သက်လို့ ကျွန်မ ကြားရတာ ဒါပါနဲ့ဆို လေးကြိမ်မြောက်ပါ။ ပထမနဲ့ ဒုတိယအကြိမ်က အလုပ်တာဝန်နဲ့သွားတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေဆီက ဖြစ်ပြီး တတိယအကြိမ်ကတော့ အမေရိကန်နိုင်ငံသား မိတ်ဆွေတစ်ယောက်ဆီကပါ။ သူတို့ပြောစကားတွေ အားလုံးက အတူတူပါပဲ။ ခွေးရူးအန္တရာယ်ဟာ ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ အဲဒီက လူတွေ မသိကြတာလား ဆိုတဲ့ မေးခွန်းတောင် ပါပါသေးတယ်။ 

ကျွန်မအတွေးတွေက အဲဒီမှာတင်ရပ်မနေပဲ ဟိုးတစ်နှစ်က အကိုတစ်ယောက် သူ့အိမ်ရှေ့ သူထိုင်နေတုန်း ဘယ်ကဘယ်လို ရောက်လာမှန်း မသိတဲ့ ခွေးတစ်ကောင်က အသားလွတ် လာကိုက်သွားတာ၊ ကိုက်တာမှ သူ့တစ်ယောက်တည်းတောင် မဟုတ် လမ်းပေါ်မှာ အေးအေးသက်သာ လမ်းလျှောက်သွားနေတဲ့ ကျောင်းသားလေးတစ်ယောက်နဲ့ နောက်ထပ် လူကြီးတစ်ယောက်ကိုပါ ဆက်တိုက် ကိုက်သွားသေးတာ၊ နောက်ကျွန်မ သူငယ်ချင်းတစ်ယောက်လည်း ကားတွေကို ရှောင်ပြီး လမ်းဘေးကပ်လျှောက်နေရင်း ရေမြောင်းထဲက တက်လာတဲ့ခွေးက လှမ်းကိုက်လိုက်တာ၊ ခွေးတွေက ကိုက်ပြီး ထွက်ပြေးသွားတာဆိုတော့ စောင့်ကြည့်ဖို့ကလည်း မလွယ်... လိုအပ်သမျှ ဆေးကုသမှုတွ အမြန်ဆုံးလုပ်ပြီး မိသားစုတွေ သောကကိုယ်စီနဲ့ ရင်တထိတ်ထိတ် စောင့်ကြည့်နေခဲ့ရတဲ့ နေ့ရက်တွေအကြောင်း၊ တချို့တွေက အိမ်က ထမင်းကျန် ဟင်းကျန်တွေ ချကျွေးထားပြီး တစ်ခုခုလည်းဖြစ်ရော သူတို့နဲ့ ဘာမှ မဆိုင်သလို မေးမရ မြန်းမရ တာဝန်မဲ့ နေတတ်ကြတာတွေအကြောင်းကို ပြန်သတိရရင်း သူတို့ပြောတာ ဟုတ်တယ်လို့ တွေးနေတုန်း ဒီနေ့မနက်မှာ စာရေးဖေါ် မိတ်ဆွေ ကိုလင်းသူရိယနွယ် “7 days နေ့စဉ်သတင်းစာ” မှာ ရေးထားတဲ့ ဆောင်းပါးတိုလေးကို ဖတ်လိုက်ရပါတယ်။ ဆောင်းပါးရှင် ကိုလင်းသူရိယနွယ်က စင်္ကာပူနိုင်ငံမှာ နေထိုင်ပြီး အင်ဂျင်နီယာ အလုပ်လုပ်နေတဲ့ စာရေးဆရာတစ်ယောက်ပါ။ 

"ပိုင်ရှင်မဲ့ခွေး ခွေးရူးရောဂါ ပြဿနာနှင့် ပြည်သူ့ အသံ" ဆိုတဲ့ ခေါင်းစဉ်အောက်က ဆောင်းပါးရှင်ရဲ့အသံကို အခုလို ကြားသိရပါတယ်။

"လမ်းဘေး ခွေးလေခွေးလွင့်တွေကို ထိန်းသိမ်းပေးဖို့ တောင်းဆိုမှုအပေါ်မှာ ကျွန်တော့်အနေနဲ့ ထောက်ခံပါတယ်။ ထိန်းသိမ်းပေးဖို့ ဆိုတဲ့နေရာမှာ အဆိပ်ချတဲ့နည်းနဲ့ ဖြေရှင်းဖို့ မဟုတ်ပါဘူး။ တခြား ဖြေရှင်းနည်းတွေရှိပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ဆောင်းပါးတစ်ပုဒ်လည်း ရေးခဲ့ဖူးပါတယ်။

ကျွန်တော်လက်ရှိနေထိုင်နေတဲ့ စင်ကာပူနိုင်ငံမှာလည်း တချိန်က အလားတူပြဿနာမျိုး ကြုံတွေ့ခဲ့ရပါတယ်။ တိရိစ္ဆာန်တွေကို ညှဉ်းပမ်းနှိပ်စက်သူတို့ရဲ့ဘေးက ကာကွယ်ပေးတဲ့ အဖွဲ့အစည်းနဲ့အတူ တာဝန်ရှိ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဖြေရှင်းကြရတာပါ။ ခွေးတွေကို ဘေးလွတ်ရာ နေရာမှာ ခြံတွေခတ်ပြီး ထားတယ်။ အထီးအမ အတူထားပေမဲ့ သားကြောဖြတ်ပြီး နောက်ထပ် မပေါက်ဖွားနိုင်အောင် ထိန်းချုပ်ထားလိုက်ပါတယ်။

အဲဒီလို ထားတဲ့ ခွေးတွေအတွက် လိုအပ်တဲ့ စရိတ်စကကို fund raising လုပ်ကြပါတယ်။ ဥပမာ ကျောင်းသား ကျောင်းသူတွေက တိရိစ္ဆာန်ချစ်သူများ ပရဟိတ အဖွဲ့လေးတွေ ဖွဲ့ပြီး ကျောင်းပိတ်ရက်တွေမှာ လူစည်ကားတဲ့ ကားဂိတ်တွေ၊ ဘူတာရုံတွေမှာ အလှူခံထွက်ကြတယ်။ အဲဒီကရတဲ့ ငွေတွေကို ခွေးတွေ အသုံးစရိတ်အတွက် လှူဒါန်းကြပါတယ်။ အဲဒီလို လုပ်တဲ့အတွက်လည်း ကျောင်းတွေက ဒီကျောင်းသားတွေကို လူမှုရေးဘာသာရပ် အတွက် အမှတ်တွေ ပေးပါတယ်။

ထိန်းသိမ်းထားတဲ့ ခွေးလေခွေးလွင့် မျိုးဆက်တစ်ဆက် ကုန်ဆုံးသွားချိန်မှာ နောက်ထပ် မျိုးဆက် မကျန်တော့တဲ့အတွက် အခုအချိန်မှာဆိုရင် စင်ကာပူနိုင်ငံရဲ့ လမ်းတွေပေါ်မှာ ခွေးလေခွေးလွင့်တွေ လုံးဝ မရှိတော့ပါဘူး။ ဒါကြောင့်ဒါဟာ အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်မယ်လို့ ကျွန်တော်ယူဆပါတယ်။"

****
သူရေးထားတာကို ကျွန်မ ရာနှုန်းပြည့် သဘောတူ ထောက်ခံပါတယ်။ အခုလို သဘောတူ ထောက်ခံဖို့ရာ ခိုင်လုံတဲ့ အကြောင်းတွေကလည်း ရှိနေပါတယ်။ ဒီလိုပါ... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က WHO (World Health Organization) ရဲ့ စစ်တမ်းအရ မြန်မာနိုင်ငံဟာ ခွေးရူးရောဂါ အများဆုံးဖြစ်ပွားတဲ့နိုင်ငံတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စစ်တမ်းအရဆို တစ်နှစ်ကို ခွေးကိုက်မှု ၆၀၀,၀၀၀ (ခြောက်သိန်း) ခန့်ရှိပြီး ခွေးရူးရောဂါ ဖြစ်ပွားမှုက တစ်ထောင်လောက်ရှိတယ်လို့ ဆိုပါတယ်။ ဆိုတော့ တွက်ကြည့်လိုက်ရင် တစ်ရက်ကို လူ ၁၆၀၀ ကျော် ခွေးကိုက်ခံနေကြရတယ်ပေါ့။ ဘယ်လောက်များတဲ့ ကိန်းဂဏန်းတွေပါလိမ့်...

တိရိစ္ဆာန်တွေကို ချစ်ခင်တတ်တဲ့သူဟာ နှလုံးသားတွေ နွေးထွေးတဲ့သူ၊ သူတပါးကို ကြင်နာ သနားတတ် ကိုယ်ချင်းစာနာတတ်တဲ့သူတွေ ဖြစ်တယ်လို့ စာတွေထဲမှာ ကျွန်မ ဖတ်ဖူးပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း ခွေးလေးတွေ ကြောင်လေးတွေ အပါအဝင် အိမ်မွေးတိရိစ္ဆာန် အကောင်လေးတွေကို အင်မတန် ချစ်ခင်တတ်ပါတယ်။ သံယောဇဉ်တွေ များရလွန်း ပူလောင်ရလွန်းတာကတစ်ကြောင်း၊ မွေးထားပြီး သေသေချာချာ ဂရုမစိုက်နိုင် တာဝန်မကြေနိုင်ရင် ခက်မှာစိုးတာက တစ်ကြောင်းတို့ကြောင့် ကြောင်တစ်ကောင်နဲ့ ခွေးလေးတစ်ကောင်း မွေးအပြီး သူတို့လေးတွေ သေဆုံးသွားပြီးတဲ့နောက်မှာ ဘာအကောင်မှ ထပ်မမွေးတော့တာပါ။ အခုကိစ္စမှာလည်း လမ်းဘေးက ပိုင်ရှင်မဲ့ ခွေးလေခွေးလွင့်တွေကို အညှာအတာကင်းကင်းနဲ့ ကိစ္စတုံး လုပ်ပစ်ဖို့ ပြောနေတာ မဟုတ်ပါဘူး၊ အဖွဲ့အစည်းတစ်ခုခုက ဦးဆောင်၊ နည်းလမ်းတစ်ခုခု ရှာဖွေပြီး စနစ်တကျ ထိန်းသိမ်းပေးဖို့ ပြောချင်တာပါ။ ခွေးရူးရောဂါဆိုတာက ခွေးအချင်းချင်း တစ်ကောင်နဲ့ တစ်ကောင် ကိုက်ရင်းကနေ အလွယ်တကူ ကူးစက်ပျံ့ပွားလာတတ်တဲ့ ရောဂါမျိုးပါ။ ကိုယ့်ကို ကိုက်တဲ့ခွေးက တကယ်သာ ခွေးရူးရောဂါပိုး ရှိနေတာ သေချာခဲ့ရင် ကုရာနတ္ထိ ဆေးမရှိ၊ ဘာမှ လုပ်လို့မရပဲ အသက်ဆုံးရှုံးရမှာပါ။ ခွေးရူး မရူးကို စောင့်ကြည့်ဖို့ရာကလည်း လမ်းပေါ်မှာ နေနေတဲ့ ခွေးတွေမို့ ဘယ်က ရောက်လာတာမှန်းမသိ၊ ဘယ်သူကမှလည်း တာဝန်မခံ၊ တစ်ချို့ကျတော့လည်း ကျွေးတုန်းက ကျွေးထားပြီး တကယ်တမ်း သိချင်လို့ စုံစမ်း မေးမြန်းကြည့်တော့ ပိုင်ရှင်နာမည်ခံဖို့ မဆိုထားနဲ့ မသိဘူး မရှိဘူး ဘူးခံမယ် ဆိုတာတွေချည်းပါပဲ။ ခဏတဖြုတ် အလည်အပတ်ရောက်လာတဲ့ ခရီးသွားဧည့်သည်တွေသာမက၊ နေ့စဉ် လှုပ်ရှားသွားလာနေရတဲ့ လမ်းသွားလမ်းလာတွေအတွက်ပါ အင်မတန်မှ စိတ်ကြောင့်ကြစရာကောင်းတဲ့ အခြေအနေတစ်ခု ဖြစ်နေပါတယ်။ 

ဒါကြောင့် ခွေးကိုက်တဲ့အမှု လျော့ကျသွားစေဖို့၊ ခွေးရူးရောဂါ ဖြစ်ပွားပြီး အသက်ဆုံးရှုံးရသူဦးရေ နည်းပါးစေဖို့၊ အများပြည်သူတွေ လမ်းပေါ်မှာ စိတ်ချလက်ချ လုံခြုံစွာ သွားလာနိုင်ဖို့အတွက် ပိုင်ရှင်မဲ့ လမ်းဘေးက လေလွင့်ခွေးတွေကို စနစ်တကျ စီစဉ် ထိန်းသိမ်းစေလိုကြောင်း နိုင်ငံခြားသားတွေဆီက ပြန်ကြားရတဲ့ အသံတွေနဲ့ ကိုယ်သိသမျှ သတင်းအချက်အလက်တွေကို အခြေခံရင်း ဒီစာစုကို ရေးဖြစ်ပါတယ်။ ဒီစာစုထဲမှာ ဆောင်းပါးတိုလေးကို ထည့်သွင်း အသုံးပြုခွင့်ပေးတဲ့ ကိုလင်းသူရိယနွယ် ကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

သက်ဝေ
(၂၁ နိုဝင်ဘာ ၂၀၁၈)

- ၂၀၁၈ နိုဝင်ဘာ ၂၉ ရက် 7 Day Daily နေ့စဉ်သတင်းစာတွင် ဖေါ်ပြပြီးဖြစ်သည်။

No comments:

Post a Comment

အမှတ်တရ ရေးခဲ့ပါ...