Friday, February 28, 2020

တိမ်ခြွေမိုး

စာရေးသူ ညီမ နှင်း က သူ့ရဲ့ တိမ်ခြွေမိုး ဆိုတဲ့ စာအုပ်လေးကို အရင်တစ်ပတ်က ကျွန်မဆီ ပို့ပေးပါတယ်။ ရိုးရှင်းတဲ့ အဆင်အပြင်၊ ချစ်စရာ မျက်နှာဖုံးနဲ့ စာအုပ်ရဲ့ နာမည် “တိမ်ခြွေမိုး” ဆိုတာလေးက ကျွန်မကို စပြီး ဆွဲဆောင်ပါတယ်။ သက်ရှိကမ္ဘာမြေ ဆောင်းပါးများ စုစည်းမှု ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စာရေးသူ နှင်း ဟာ ကမ္ဘာမြေရဲ့ ထူးခြားတဲ့ အပြောင်းအလဲတွေကို သူ တွေ့မြင် ကြားသိထားရသမျှ လက်လှမ်းမှီသလောက် သတင်း ဆောင်းပါးလေးတွေအဖြစ်နဲ့ ရေးသားခဲ့တာတွေကို စုစည်း ထုတ်ဝေထားတာ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုနီးပါး ရင်းနှီးသိကျွမ်းခဲ့ရသူ ဘလော့ဂ် ရေးဖေါ် ညီမနှင်းကို ချစ်ခင်တဲ့စိတ်၊ သူ့ရဲ့ ရည်ရွယ်ချက် ကောင်းမွန်တဲ့ စာအုပ်လေးအတွက် အမှတ်တရ ဖြစ်လိုတဲ့စိတ်နဲ့ ဒီစာလေးကို ရေးပါတယ်။
•••••••••••

စုစုပေါင်း ဆောင်းပါး ၁၁ ပုဒ် ပါဝင်တဲ့ ဒီစာအုပ်လေးကို ချစ်ရတဲ့ ဆရာမ ဂျူးရဲ့ အမှာစာလေးနဲ့ စတင်ပါတယ်။ ဆရာမက ဆောင်းပါး တစ်ပုဒ်ချင်းစီတိုင်းအတွက် သူ့ရဲ့ ထင်မြင်ချက်လေးတွေ ရေးပေးပြီး အခုလို အရေးပေါ်အချိန်မှာ တိမ်ခြွေမိုး စာအုပ်ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ ဆုံးဖြတ်ချက် ချသူတွေနဲ့ အတူလက်တွဲပါဝင်ရမယ့် ပြည်သူတွေအတွက် အားကိုးရာတစ်ခုလို့ အားတက်မိကြောင်းနဲ့ စာရေးသူ နှင်းကို ကျေးဇူးတင်ကြောင်းနဲ့ အဆုံးသတ်ထားပါတယ်။

သက်ရှိကမ္ဘာမြေအတွက်လို့ ရည်ရွယ်တဲ့ စာရေးသူရဲ့ အမှာစာ မှာတော့ ကမ္ဘာမြေဟာ ဖျားနာနေခဲ့ပြီးပြီ၊ သဘာဝဖြစ်စဉ်တွေလည်း ဆုံးရှုံးနေခဲ့ပြီးပြီ၊ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရ လက်ခံကြရမှာပဲ။ ဒါပေမယ့် ကျွန်မတို့ ရှင်သန်ကြီးပြင်းခဲ့ရတဲ့ ကာလတလျောက်မှာ ဒီလို ဒီလိုတွေ အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ် သဘာဝတရား ဖြစ်စဉ်တွေ ဒီလို ပြောင်းလဲခဲ့ပါတယ် ဆိုတာလေးတွေကို မှတ်တမ်းတင်လိုတဲ့ စိတ်နဲ့ ဒီစာအုပ်လေးကို စီစဉ်ဖြစ်တယ်လို့ ဆိုပါတယ်။

စာအုပ်လေးရဲ့ ပထမဆုံး ဆောင်းပါးရဲ့ နာမည်က "လိပ်ပြာတွေ ပြောပြတဲ့ ဂေဟ စနစ်" တဲ့။ လိပ်ပြာလေးတွေကို ကျွန်မတို့ ချစ်ပေမယ့် သူတို့အကြောင်းကို သိပ်သတိမထားဖြစ်ခဲ့ပါဘူး။ ကျွန်မတို့ သတိမထားမိတဲ့ လိပ်ပြာလေးတွေရဲ့ စိတ်ဝင်စားစရာ အကြောင်းကို အခုလို သိရ ဖတ်ရပါတယ်။
လိပ်ပြာလေးတွေဟာ ဂေဟစနစ်နဲ့ တိုက်ရိုက် ဆက်နွယ်နေတယ်၊ ဂေဟစနစ်ရဲ့ အပြောင်းအလဲကို သိသိသာသာ ညွှန်းဆို ပြောပြနိုင်တာ လိပ်ပြာတွေပဲ ရှိတယ် တဲ့။ ကျွန်မ တစ်ခါမှ တွေးထင်မထားခဲ့တဲ့ အကြောင်းအရာလေးပါ။ အကြောင်းအရာ မျိုးစုံ ခေါင်းစဉ်မျိုးစုံ ပုံသဏ္ဍာန် မျိုးစုံနဲ့ လေထုထဲကို အညစ်အကြေးတွေ ရောက်လာတဲ့အခါ ပေါ့ပါးလွတ်လပ်စွာ ပျံသန်းနေတဲ့ လိပ်ပြာတွေ မရှိတော့သလောက် နည်းပါးသွားတယ် လို့ သိရပါတယ်။

တကယ်လို့များ ကျွန်မတို့ ပတ်ဝန်းကျင်မှာ သဘာဝအတိုင်း ပျံဝဲနေတဲ့ လိပ်ပြာလေးတွေ တွေ့မြင်နေရသေးရင် ကျွန်မတို့ဟာ ကမ္ဘာပေါ်မှာ ကံ အကောင်းဆုံး လူသားတွေလို့ ပြောလို့ရပါတယ်။ လိပ်ပြာလေးတွေကို မြင်ရရင် ကျွန်မတို့ဟာ အဆိပ်ငွေ့ကင်းစင်ပြီး ရာနှုန်းပြည့် သန့်ရှင်း လတ်ဆတ်တဲ့ လေကို ရှူရှိုက်နေရသူတွေ ဖြစ်တာမို့ ဝမ်းသာစရာပါ တဲ့။ ဆိုတော့… ကျွန်မတို့တတွေ လိပ်ပြာလေးတွေကို မြင်တွေ့ခွင့်ရနေကြသေးလား၊ လိပ်ပြာလေးတွေ ကျွန်မတို့ရဲ့ အနားမှာ ရှိနေကြသေးလား၊ အသွေးအရောင် စုံလင်ပြီး လှပဆန်းပြားတဲ့ လိပ်ပြာမျိုးစိတ်တွေ ဟိုးအဝေးကို ရောက်ပြီး ကျွန်မတို့ အနားက ပျောက်ကွယ်နေပြီလား… သတိရရင် အကဲခတ်ကြည့်ကြရအောင်ပါ။

ဒုတိယတစ်ပုဒ်အနေနဲ့ ဖတ်ဖြစ်တဲ့ ဆောင်းပါးလေးက "သဘာဝနှင့်အညီ နေထိုင်ခြင်း" လို့ အမည်ရပါတယ်။ ၂၀၁၇ ခုနှစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အတွက် ဆောင်ပုဒ်လေးက • သဘာဝနှင့် ချိတ်ဆက်ခြင်း (သို့) ဆက်သွယ်ခြင်း• တဲ့။ ဆောင်ပုဒ်လေးရဲ့ ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကတော့ သဘာဝနဲ့ တသားတည်းကျအောင် နေထိုင်ဖို့၊ သဘာဝတရားရဲ့ အရေးပါပုံတွေကို နားလည်ပြီး ကျေးဇူးတင်တတ်ဖို့နဲ့ ကျွန်မတို့ နေထိုင်တဲ့ ကမ္ဘာကြီးကို တတ်အားသရွေ့ ကာကွယ်စောင့်ရှောက်ဖို့ပါပဲ။ သဘာဝနဲ့ အညီ ချိတ်ဆက်နေထိုင်ခြင်း ဆိုတာ ဘာများပါလိမ့်လို့ ကျွန်မ စဉ်းစားရင်း ဆောင်းပါးကို ဆက်ဖတ်ဖြစ်ပါတယ်။ စာရေးသူက မေးပါတယ်… ကျွန်မတို့ အသက်ရှင်နေထိုင်နေတဲ့ နှစ်ကာလ အပိုင်းအခြားတွေထဲမှာ သဘာဝတရားနဲ့ ဘယ်လောက် ရင်းနှီးကျွမ်းဝင်ခဲ့သလဲ၊ သဘာဝတရားနဲ့ ကမ္ဘာမြေအတွက် ဘာတွေ လုပ်ဖြစ်ခဲ့သလဲ၊ ဘယ်လောက် တာဝန်ကြေခဲ့ပါသလဲ တဲ့။ စာရေးသူက သူ့ကိုယ်သူ မေးခွန်းထုတ်ထားပေမယ့် ကျွန်မတို့ စာဖတ်သူတွေကိုပါ တိုက်ရိုက် မေးခွန်းထုတ်လိုက်တယ်လို့ ခံစားရပါတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါတယ်... တိတိကျကျ အဖြေ မရခဲ့ပါဘူး။

ခေတ်စနစ်နဲ့ ကျွန်မတို့ နေထိုင်ရှင်သန်ရတဲ့ အနေအထား၊ ပတ်ဝန်းကျင်က လိုအပ်ချက် တောင်းဆိုချက်တွေအရ ကျွန်မတို့ နေ့စဉ် သုံးစွဲနေရတဲ့ အဝတ်အထည် အသုံးအဆောင်၊ တစ်ယောက်ချင်းစီ ပိုင်ဆိုင်နေရတဲ့ ပစ္စည်းပစ္စယတွေဟာ အရင်ခေတ်နဲ့တော့ ဘယ်လိုမှ မတူနိုင်တော့တာ အမှန်ပါ။ အသုံးပြုရတဲ့ ပစ္စည်းတွေ များလာတာနဲ့ အမျှ စွန့်ပစ်ရတာတွေလည်း များလာပါတယ်။ လူတစ်ယောက်ချင်းစီကနေ စွန့်ပစ်တဲ့ စွန့်ပစ်ပစ္စည်းတွေထဲမှာ ပျက်စီးလွယ်တာ ဘယ်နှစ်ရာခိုင်နှုန်းရှိမလဲ၊ မပျက်စီးနိုင်တဲ့ ပလတ်စတစ်လို ပစ္စည်း ဘယ်လောက်များ များနေမလဲ၊ ပြီးတော့ လောင်စာဆီ သုံးစွဲမှုနဲ့ အိမ်သုံး ပစ္စည်းတွေရဲ့ လျှပ်စစ်ဓါတ်အား သုံးစွဲမှု ဘယ်လောက်များနေမလဲ… စတာတွေကို တစ်ခုချင်းစီ အေးအေးဆေးဆေး ပြန်စဉ်းစားကြည့်ဖို့ ကောင်းပါတယ် လို့ စာရေးသူက ညွှန်ပြပါတယ်။ တဆက်တည်းမှာ ကျွန်မတို့ တစ်ဦးချင်း တစ်ယောက်ချင်းစီကနေ လိုအပ်တာတွေကို လိုသလောက်သာ အသုံးပြုပြီး မလိုအပ်တာတွေကို တတ်နိုင်သလောက် လျှော့ချရင်း သဘာဝကျကျ နေထိုင်သွားနိုင်ရင် ကောင်းမယ်လို့ ဆိုပါတယ်။

သင်တို့ရော…
ဘယ်လိုများ သဘာဝနဲ့ အညီ နေထိုင်ကြမယ်လို့ စိတ်ကူးထားကြပါသလဲ… ဆိုတဲ့ မေးခွန်းနဲ့ အဆုံးသတ်ထားတဲ့ ဆောင်းပါးဟာ ကျွန်မကိုရော စာဖတ်သူတွေ အားလုံးကိုရော အတွေးများစွာ ချန်ထားခဲ့နိုင်မှာ သေချာပါတယ်။

တတိယ အနေနဲ့ ကျွန်မ ဖတ်ဖြစ်တဲ့ ဆောင်းပါးက "သဘာဝ ဂါရဝ၊ သယံဇာတ ဂါရဝ" တဲ့။ ဆောင်းပါး ခေါင်းစဉ်မှာတင် အငိုက်မိ တွေဝေသွားခဲ့ပါတယ်။ နောက်တစ်ခေါက် ထပ်ရွတ်မိပါတယ်... သဘာဝ ဂါရဝ၊ သယံဇာတ ဂါရဝ… တဲ့...

စဉ်းစားကြည့်ပါ မြင်ယောင်ကြည့်ပါ...
ကမ်းခြေတွေရောက်တိုင်း ကျွန်မတို့ ခရုကောက်ကြတယ်၊ ခရုခွံလေးတွေနဲ့ လုပ်ထားတဲ့ ပစ္စည်းလေးတွေ အမှတ်တရ ဝယ်ကြတယ်။ ဧရာဝတီမြစ်ဆုံကို ရောက်သူတိုင်း ကျောက်ခဲ ပြောင်ပြောင်ချောချောလေးတွေ ကောက်ကြတယ်။ တောင်တန်းဒေသတွေ အလည်ရောက်ရင် မြေပြန့်မှာ တွေ့ရမြင်ရခဲတဲ့ တောင်ဇလပ်ပန်းလို ဇလပ်နီလို ချယ်ရီလို ပန်းတွေ ခူးကြတယ်၊ ရှားပါးသစ်ခွမျိုးတွေ နှုတ်ယူကြတယ်။ မြေပြန့်ဒေသမှာဆိုလည်း ပိတောက်ပွင့်ချိန်ဆို တစ်ပင်လုံး မခုတ်ရုံတမယ် ခူးယူလေ့ရှိကြတယ်။ ကျောက်တောင် ကျောက်ဂူတွေကို ရောက်ရင်လည်း ကျောက်ခဲ အကျိုးအပဲ့တွေကို အမှတ်တရ ယူသွားတတ်ကြပါသေးတယ်။ ဒါတွေဟာ ကျွန်မတို့လူမျိုးတွေနဲ့ အတော်ကြီး ယဉ်ပါးနေတဲ့ အလေ့အထတွေ ဖြစ်နေခဲ့ပြီ။ အဲဒီလို အလေ့အထတွေဟာ တနည်းအားဖြင့် သဘာဝ တရားကို ဂါရဝ မထားရာ ရောက်တယ်၊ သယံဇာတ တွေကို ဂါရဝ မထားရာ ရောက်တယ် လို့ ဆိုပါတယ်။

စကားကြုံလို့ ပြောပြပါဦးမယ်…
ကျွန်မနေတဲ့ စင်္ကာပူမှာ သစ်ပင် ပန်းပင်တွေ အရောင်စုံ အဆင်စုံ အမျိုးအမည်စုံ နေရာအနှံ့ သိပ်ပေါများပါတယ်။ စနစ်တကျလည်း ပြုစု စောင့်ရှောက် ထိန်းသိမ်းပါတယ်။ သစ်ပင်တွေမှာ လူတွေလိုပဲ မှတ်ပုံတင်နံပါတ်လို နံပါတ် ကိုယ်စီရှိပါတယ်။ ဒါပေမယ့် ပန်းတစ်ပွင့် အရွက်တစ်ရွက် ချိုးလို့ ခူးလို့ မရပါဘူး။ ဥပဒေရှိပါတယ် စောင့်ကြည့်နေတဲ့ ကင်မရာတွေ ရှိပါတယ် မြင်တာနဲ့ ဒါဏ်ငွေ တပ်ပါတယ်။ ပြီးတော့ တစ်ချို့ ပန်းခြံတွေမှာ သဘာဝအတိုင်း သွားလာနေတဲ့ မျောက်ကလေးတွေ ငှက်ကလေးတွေ ရှိပါတယ်။ လက်ထဲမှာ ပါသွားတဲ့ စားစရာ အစ အန တစ်စမှ ကျွေးလို့ မရပါဘူး၊ တင်းတင်းကြပ်ကြပ် တားမြစ်ပါတယ် ကိုယ်မသိနိုင်တဲ့ အရပ်ဝတ်နဲ့ လှည့်လည်နေတဲ့သူတွေ စောင့်ကြည့်နေသူတွေ အများကြီးရှိပါတယ်။ မြင်လိုက်တာနဲ့ ချက်ချင်း အနားရောက်လာတာပါ ဒါဏ်ငွေ ဆောင်ရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ… သစ်ပင်ခုတ်လို့ မရဘူး ပန်းခူးလို့ မရဘူး ငါးမျှားလို့ မရဘူး စတဲ့ စည်းကမ်းတွေ ရှိပါတယ်။ တစ်နည်းအားဖြင့်ဆို သဘာဝအလှကို ဂါရဝတရားနဲ့ အညီ လေးစား တန်ဖိုးထားနိုင်ဖို့ ကောင်းမွန်တဲ့ စည်းကမ်းတွေ ကိုယ်စီ ရှိကြပါတယ်။

ဒီဆောင်းပါးလေးကို ဖတ်အပြီးမှာ ကမ်းခြေက ခရုလေးတွေ အတွက်၊ မြစ်ဆုံက ကျောက်ခဲလေးတွေအတွက်၊ တောင်ပေါ်က ပန်းပွင့်လေးတွေအတွက်၊ ချစ်ရတဲ့ ပိတောက်ပန်းလေးတွေအတွက်... ပြီးတော့ ကျွန်မတို့ ချစ်တဲ့ မြန်မာပြည်အတွက်... သဘာဝ ဂါရဝ၊ သယံဇာတ ဂါရဝ ကိုယ်စီ ရှိကြရင် ဘယ်လောက် ကောင်းမလဲ ဆိုတဲ့ မဆုံးနိုင်တဲ့ အတွေးတွေနဲ့ ကျန်ရစ်ပါတယ်။

••••••••••••

ဒီလောက်ဆို စာရေးသူ နှင်း (မာယာ) ရဲ့ တိမ်ခြွေမိုး စာအုပ်လေးရဲ့ ရည်ရွယ်ချက်နဲ့ အကြောင်းအရာ တစ်ချို့ကို မြည်းစမ်းမိလောက်ပြီလို့ ထင်ပါတယ်။ ဆောင်းပါး တစ်ပုဒ်ချင်းစီတိုင်းမှာ လှပကောင်းမွန်တဲ့ ရည်ရွယ်ချက် တစ်မျိုးစီပါဝင်ပြီး ဖတ်ပြီးတဲ့ အခါမှာ အတွေးတစ်မျိုးစီ ကျန်ရစ်ခဲ့စေပါတယ်။ သဘာဝကို ချစ်မြတ်နိုးသူတိုင်း ဖတ်ဖြစ်အောင် ဖတ်ကြည့်စေချင်ပါတယ်။

ပြည်တွင်းက စာချစ်သူတွေ We Distribution နဲ့ အခြား စာအုပ်ဆိုင်တွေမှာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ စင်္ကာပူက စာချစ်သူတွေအတွက်ကတော့ ကိုလင်းသူလွင် - ဖုန်း ၉၆၃၅၆၅၂၉ ကို ဆက်သွယ် ဝယ်ယူ အားပေးလို့ရပါတယ်။ အိမ်တိုင်ရာရောက် လာပို့ပေးမှာ ဖြစ်ပါတယ်။ သဘာဝကို ချစ်ခင်သူ တန်ဖိုးထားသူ စာချစ်သူတိုင်းရဲ့ အားပေးမှုများကို ကြိုတင်ကျေးဇူးတင်နေပါ့မယ်။

သက်ဝေ
(၆ အောက်တိုဘာ ၂၀၁၉)

1 comment:

  1. ဝယ်ဖတ်ဉီးမယ်.... ကမ်းခြေရောက်တိုင်း ခရုကောက်တဲ့အကျင့်ကို ခုချိန်ကစပြင်ရမယ်...လိပ်ပြာလေးတွေကို မမြင်ရတာ နှစ်ဘယ်လောက်ကြာပြီလဲ...အဲလိုသိလိုက်ရတော့ တနေ့နေ့အဆိပ်ငွေ့တွေကိုရှူနေရတာကို သွားသတိထားမိပြန်တယ်...။ နှင်းရဲ့စာအုပ်လေးကိုစိတ်ဝင်စားသွားပြီ ဆရာမဂျူးရဲ့အမှာစာကိုလည်း ဖတ်ချင်မိ...။

    မိုးငွေ့

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...