အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်လာခဲ့ပြီ။ ကုန်လွန်ခဲ့သော နေ့ရက်တွေတိုင်းမှာ တစ်ခုခု လိုအပ်နေသလို၊ တစ်ခုခု ပြောဖို့ ကျန်နေသေးသလို အမျိုးအမည် ရေရေရာရာ မဖေါ်ပြတတ်သော ခံစားချက်မျိုး ကျွန်မထံမှာ ရှိနေခဲ့သည်။ ပြောချင်သော စကားများနှင့် မပြောဖြစ်လိုက်သော စကားများ၊ မေးချင်သော မေးခွန်းများနှင့် မမေးဖြစ်လိုက်သော မေးခွန်းများ… ထိုအရာများက ကျွန်မအတွေးထဲမှာ အချိန်ပြည့် နေရာယူနေကြသည်။ စိတ်ကူးထဲမှာတော့ စကားများစွာ ပြောဖြစ်သည်၊ မေးခွန်းများစွာလည်း မေးဖြစ်သည်။ သို့သော်…
တိတ်ဆိတ်ခြင်း၊ အေးစက်ခြင်း၊ သွေ့ခြောက်ခြင်း၊ သူစိမ်းဆန်ခြင်း တို့က အနီးကပ်ဆုံး လူနှစ်ယောက်အကြားမှာ မသိမသာ တိုးဝှေ့ရောက်ရှိလာခဲ့သည်။ ဟိုးအရင်အချိန်တွေတုန်းကလို လွတ်လပ်ပေါ့ပါးသော စကားသံများ ရယ်မောသံများ၊ အထူးတလည် သတိထား ရွေးချယ်ရန် မလိုအပ်ခဲ့သော စကားလုံးများ၊ မဖြစ်မနေ သိုဝှက်သိမ်းဆည်းထားရန် မလိုအပ်ခဲ့သော ချစ်ခြင်းမေတ္တာများ၊ ဟန်ဆောင်မြိုသိပ်ထားရန် မလိုအပ်ခဲ့သော လှိုက်လှဲ နွေးထွေးမှုများကို ကျွန်မ လွမ်းသည်။ ထိုအချိန်များကို ကျွန်မ ပြန်လိုချင်သည်။ ကျွန်မ ဘာလုပ်ရမည်လဲ။
ပျော်ရွှင်ပေါ့ပါးစွာ ရယ်မောလိုက်သော သူ့ရယ်သံကို ကျွန်မ ပြန်ကြားချင်သည်။ သူ့ပြောလေ့ရှိသော I miss you... ဆိုသည့် စကားသံ တိုးသဲ့သဲ့ကို ကျွန်မ ပြန်လိုချင်သည်။ တစ်ခုခုကို တဇွတ်ထိုး တောင်းဆိုမိတိုင်း ရယ်မောသံစွက်နေသော Alright...!! ဟူသည့် သူ့ စကားသံကို ပြန်ကြားလိုသည်။ ထို့အတူ အခါများစွာမှာ မှန်းဆ ဖွေရှာနေရသော အရာတစ်ချို့ကိုလည်း သူ့ဆီမှ ကျွန်မ ပြန်လိုချင်နေခဲ့ပါသည်။ ထိုအကြောင်းကို သူ့ကို မည်သို့ ပြောပြ အသိပေးရမည်လဲ... ကျွန်မ စဉ်းစားရသည်။ လောလောဆယ်မှာ သူ့အရိပ်အခြေကို သည်အတိုင်း အလိုက်တသိ ငေးကြည့်ရင်း အတတ်နိုင်ဆုံး သိုဝှက် တိတ်ဆိတ်စွာ ကျွန်မ နေခဲ့ပါသည်။ ခံစားချက်ဟူသမျှသည် အချိန်တိုင်း နေရာတိုင်းမှာ ထုတ်ဖေါ်ပြသရကောင်းသော အရာများ မဟုတ်မှန်းကိုလည်း ကျွန်မ နားလည်ပါသည်။ နေရာတိုင်းတွင် လှလှပပ ဖူးပွင့်ဝေဆာတတ်သောအရာများမှာ ပန်းပွင့်လေးများ အဖြစ်၌သာ ကြည့်ကောင်းတတ်သည် မဟုတ်ပါလား။ ချစ်ခြင်းမေတ္တာများ နှင့် လွမ်းဆွတ် တမ်းတမှုများ လှပစွာ ဖူးပွင့်ဝေဆာဖို့အတွက်တော့ နေရာဒေသ၊ အချိန်အခါ၊ အခြေအနေ စသည့် ပညတ်ချက်များစွာက ကာဆီးလျက်။ သို့သော်လည်း သည်အနေအထားအတိုင်း အချိန်များ တရွေ့ရွေ့ ကုန်လွန်လာသောအခါ ကျွန်မ ဝေခွဲမရ ဖြစ်လာခဲ့သည်။ သူ ဘာဖြစ်နေပါလိမ့်... စဉ်းစားရ ခက်လှသည်။
ပြောရလျှင် သူက အခါများစွာမှာ တိတ်တိတ်ဆိတ်ဆိတ်နေတတ်သူ၊ မလိုအပ်ပဲ စကားအပို များများ မပြောတတ်သူ၊ သပ်ရပ်သော စကားလုံး ရွေးချယ်တတ်သူ၊ စိတ်နှလုံး အေးချမ်းတတ်သူ၊ ဆင်ခြင် ထိန်းသိမ်းတတ်သူ တစ်ယောက် ဖြစ်သည်။ သို့သော် စိတ်လိုလက်ရရှိလျှင်တော့ စကားတွေ အများကြီး ပြောတတ်ပြီး လိုအပ်လျှင် လိုအပ်သလို ချက်ကျလက်ကျ ပြန်လည် ပြောဆိုရန် ဝန်မလေးတတ်သူလည်း ဖြစ်နေပြန်သည်။ ကိုကိုက သောကြာသား ဖြစ်ဖို့ကောင်းတာ… ဟု ကျွန်မ ပြောလျှင်တော့ သဘောတကျ ရယ်မောနေတတ်သည်သာ။ ကျွန်မကတော့ စိတ်မြန်တတ်သူ၊ သွေးပူတတ်သူ တစ်ယောက်၊ အချိန်အခါ အခြေအနေကို သတိမမူ ဂရုမထား… သူ ဖြေချင်မှန်းမသိ မဖြေချင်မှန်းမသိ ဇွတ် မေးတတ်သည်၊ သူ ကြားချင်မှန်းမသိ မကြားချင်မှန်းမသိ ဇွတ် ပြောတတ်သည်၊ သူ ပေးချင်မှန်း မပေးချင်မှန်း မသိ ဇွတ် တောင်းတတ်သည်။ တစ်ဖက်က ငြိမ်သက်နေသောအခါကျမှ ကျွန်မ အမှားကို ကျွန်မ ပြန်လည် ရိပ်မိရတတ်သည်။ နားလည်စိတ်နှင့် အရှိန်တန့်ကာ ဆင်ခြင်ရတတ်သည်။ တကယ်ဆို ကျွန်မက အတော်လေး အလိုက်မသိတတ်သူတစ်ယောက်သာ ဖြစ်ပါလိမ့်မည်။ လူအကဲခတ်တော်ပြီး လွန်စွာပါးနပ်သော သူသည် ကျွန်မအကြောင်းနှင့် ကျွန်မ၏ အမူအကျင့်များကို မသိပဲ နေလိမ့်မည်မဟုတ်၊ ကျွန်မ စိတ်ထဲကို မဖတ်တတ်ပဲ နေလိမ့်မည် မဟုတ်။ သို့သော်လည်း သူက တဆိတ်တော့ သွေးအေးလွန်း၊ နေနိုင်လွန်းလှသည်။
ထိုအချိန်များသည် ကျွန်မအတွက် အလွန်ခက်ခဲသော အချိန်များ ဖြစ်နေခဲ့ပါသည်။ နေ့နေ့ ညည ပြတင်းတံခါးမှတဆင့် မြင်နေရသော မြင်ကွင်းကို လှမ်းငေးရင်း သူ့အကြောင်းကို တွေးနေခဲ့သည်။ သူ့ကို သတိရနေခဲ့သည်။ ရွေ့လျားနေသော တိမ်များကို ကြည့်ကာ အလိုလို ဝမ်းနည်း ထိခိုက်လွယ်နေခဲ့သည်။ မိုးရေစက်များအောက် တစ်လှမ်းချင်း လျှောက်ရင်း ဇီဇဝါပန်းများကို နာကျင်ခံခက်စွာ လိုက်လံရှာဖွေနေခဲ့သေးသည်။ ကာလအတန်ကြာ မေ့လျော့ထားခဲ့သော အလွမ်းသီချင်းများကို ပြန်နားထောင်မိသည်။ အနီရင့်ရင့် နှင်းဆီပန်းများကို ဆူးမခြွေပဲ ပန်းစိုက်အိုးထဲ သည်အတိုင်း ဖြစ်သလို ထိုးစိုက်ထားမိသည်။ Touch me not ဟု အမည်ရသော ထိကရုန်းပင်များကို လိုက်ရှာပြီး အညှိုးတကြီး တို့ထိ ကစားနေခဲ့မိပြန်သည်။ ကျွန်မ၏ နာကျင်မှုကို သူတို့ဆီ ကူးပြောင်းပေးမိသည်လား... ပွင့်ချပ်ကလေးများ နာကျင်မှုဖြင့် အကုန် ပိတ်ဆည်း ငြိမ်သက်သွားသောအခါတွင်မှ အပင်ကလေးများကို သနားကြင်နာစိတ်ဝင်လာကာ တောင်းပန်စကား ဆိုရပြန်တော့သည်။
သည်အတိုင်းတော့ မဖြစ်၊ အေးစက် တိတ်ဆိတ်ခြင်းကို ကျွန်မသည်ထက် အချိန်ကြာကြာ ဆက်လက်သည်းခံနိုင်ဖို့ မလွယ်ကူလှ၊ ကျွန်မ သူ့ကို စကားပြောဖို့ ကြိုးစားရမည်။ သူ့စိတ်ထဲမှာ ဘာတွေရှိနေလဲ ဆိုသည်ကို မြင်သာလာအောင် စကားလမ်းကြောင်း ပေးရန်၊ သူပြောလာသော စကားများမှ တဆင့် သူ့သဘောထားကို သေသေချာချာ စေ့ငုမိစေရန် ကျွန်မ သူနှင့် စကားပြောဖို့ အမှန်တကယ်ကို လိုအပ်နေပေပြီ။ ဟုတ်ပါပြီ… ကျွန်မတို့ စကားပြောကြရမည်။ သူနှင့် ကျွန်မ စကားပြောဆိုဖို့ရာ မည်သည့်အချိန်က အကောင်းဆုံးဖြစ်မည်လဲ။ သူကရော ကျွန်မ ပြောမည့်စကားများကို လက်ခံ နားထောင်ချင်ပါရဲ့လား၊ သူ့ကို စကားပြောချိန်များမှာ သူ ပင်ပန်းနေသလား၊ သူ ပျော်ရွှင်နေသလား၊ သူ့ စိတ်ညစ်ညူးနေသလား၊ သူ့ စိတ်ထဲမှာ ဘာတွေ ရှိနေမလဲဆိုတာ ကျွန်မ ဘယ်လို အကဲခတ်ရပါ့မလဲ၊ ဘယ်နည်းနဲ့ သိနိုင်ပါ့မလဲ၊ သူ လက်ခံချင်ရဲ့လား၊ သူ နားထောင်ချင်ရဲ့လား၊ ထို့ထက်ပို၍ သူ တုံ့ပြန်ချင်ရဲ့လား... အစရှိသော သူ့စိတ်အစဉ်ကို ကျွန်မ ဘယ်လိုနည်းနဲ့ ရှာဖွေရပါမလဲ။
ထိုအတွေးများဖြင့် ရက်ပေါင်းများစွာ ကုန်လွန်သွားပြန်သည်။ ကျွန်မတို့၏ လှပသော နေ့စွဲတစ်ချို့တွင် စကားစဖြစ်ဖို့ ကြိုးစားသော်လည်း ကျွန်မ ကိုယ်တိုင်က မဝံ့မရဲ၊ သူ စိတ်အနှောက်အယှက်ဖြစ်မှာ၊ သူ မပျော်ရွှင်မှာ စိုးထိတ်လှသည်။ သည်လိုနှင့် အေးစက် တိတ်ဆိတ်ခြင်းများက ဆက်လက် အသက်ဝင် ရှည်ကြာနေခဲ့ပြန်သည်။
တမင် ဆွဲဆန့်စရာ မလိုပါပဲ သူ့အလိုလို ရှည်လျားလှသော သံသရာစက်ဝိုင်းထဲတွင် တစ်ယောက်ကို တစ်ယောက်က (တစ်ယောက်က တစ်ယောက်ကို) တိတ်တိတ်ဆိတ်ဆိတ် ငေးကြည့်ရင်း ချစ်မက်နေရ၊ လွမ်းဆွတ်နေရ၊ တွယ်တာနေရသည့်အဖြစ်မှာ ကျွန်မ မကျေနပ်သင့်ဘူးလား။ သူ့လက်ကို ဆုတ်ကိုင်ထားခဲ့ရချိန်များမှာ ကျွန်မ လက်ဖဝါးထဲသို့ အလိုက်သင့် စီးမျောလာသော ခွန်အားသစ်များဖြင့် ကျွန်မ ဆက်လက် ရှင်သန်ဖို့ မဖြစ်နိုင်ဘူးလား၊ ကျွန်မကို သူ ပွေ့ဖက်ခဲ့သောအချိန်များမှာ ကျွန်မ ကိုယ်ထဲသို့ စီးမျောဝင်ရောက်လာသော နွေးထွေးမှုများဖြင့် ကျွန်မ ဆက်လက် ရှင်သန်ဖို့ မဖြစ်နိုင်ဘူးလား။ အချိန်အတော်ကြာ စဉ်းစားပြီးသောအခါ ထိုမေးခွန်းများအတွက် အဖြေကို ကျွန်မ ရှာတွေ့သွားခဲ့ပါသည်။
သူက သိမ်းထားပါ ဟု ဆိုခဲ့လျှင် ကျွန်မ ရင်ထဲမှာ ရှိသမျှ သူနှင့်ပတ်သက်သော အရာအားလုံးကို သေသပ်စွာ ထုတ်ပိုး သိမ်းဆည်းထားလိုက်ပါမည်။ သူက ခွင့်ပြုလျှင်တော့ ကျွန်မ၏ ချစ်ခြင်းများနှင့် အချို့သော လွမ်းဆွတ် တမ်းတခြင်းများကို သူ့ ရှပ်အင်္ကျီ ညာဖက်ကော်လာလေးထဲမှာ မှတ်မှတ်ရရ ခွဲထည့်ပေးလိုက်ချင်ပါသည်။ သူက ဖွင့်ဟဖို့ အခွင့်ပေးလာသောအခါတွင်မှ ကျွန်မ၏ စိတ်ကူးအတွေးများနှင့်အတူ တိတ်တဆိတ် သိမ်းဆည်းထားခဲ့ရသော စကားများကို ဖွင့်ဟပြဖြစ်ပါလိမ့်မည်။
ချစ်ခြင်းမေတ္တာဆိုသည်မှာ မိမိချစ်ခင်သောသူကို အစဉ်အမြဲ ချမ်းသာစေလိုသော စိတ်စေတနာမှ အရင်းခံပါသည်။ ချစ်ခြင်း၌ စေတနာများစွာ ပါဝင်နေခဲ့သည်၊ သူ နေတတ်သလို နေပါစေ။ သူ စိတ်ချမ်းသာမှုသည် ကျွန်မ၏ စိတ်ချမ်းသာမှု၊ သူ၏ ပျော်ရွှင်မှုသည် ကျွန်မ၏ ပျော်ရွှင်မှု၊ သူ၏ အပြုံးတစ်စသည် ကျွန်မ၏ ချမ်းမြေ့ခြင်း တို့သာ ဖြစ်ရစေမည်။ သူကြည့်နေကျ ကြည့်မှန်ပေါ်တွင် ထင်ဟပ်နေသော ပုံရိပ်လေးကိုလည်း ကျွန်မက အရိပ်သဖွယ် စောင့်ကြည့်နေပါမည်။ ထိုထိုသော စိတ်စေတနာများကို သူ သိစေရန်အတွက် သည်စာလေးကို ရေးဖြစ်ပါသည်။ စာ၏ ခေါင်းစဉ်ကလည်း ရိုးသား ရှင်းလင်းစွာ...
ချစ်သော "သူ" ဖတ်ဖို့စာ...
ချစ် သူ ဖတ် ဖို့ စာ...
သက်ဝေ
(၁၉-၁၁-၁၉)
Nice
ReplyDelete