Friday, June 12, 2020

မြို့ကလေးနဲ့ ပျော်ရွှင်မှု

ဒီနေ့ လေတိုက်နေပုံက စိတ်လိုက်မာန်ပါရှိပြီး တော်တော်လည်း ပြင်းထန်တယ်။ လေတွေဟာ ပြတင်းတံခါးကို စေ့ပိတ်ထားတဲ့ကြားထဲက တကျိကျိနဲ့ တိုးဝင်လာတတ်တဲ့အပြင် အသံကလည်း ခေါင်းပေါ်မှာ လေယာဉ်ပျံတစ်စင်း ဖြတ်မောင်းသွားသလို သံရှည်ဆွဲသွားတဲ့ အသံမျိုးနဲ့။ တစ်ချက်တစ်ချက်မှာတော့ လေချွန်သံ ခပ်ကျယ်ကျယ်လိုမျိုး တရွှီရွှီနဲ့။ ကျွန်တော်နေတဲ့ အိမ်ခန်းက အဆောက်အဦးရဲ့ အထပ်မြင့်မှာဆိုတော့ အပြင်ကို လှမ်းကြည့်လိုက်ရင် ကိုယ့်မျက်စိနဲ့ တစ်တန်းထဲမှာ နီးနီးကပ်ကပ် ဘာမှ မမြင်ရဘူး။ ဟိုး ခပ်လှမ်းလှမ်းမှာတော့ အပြာရောင် အနီရောင် အမိုးတွေနဲ့ အဆောက်အဦးမြင့်မြင့်တွေကိုမြင်ရတယ်။ နည်းအမျိုးမျိုးနဲ့ တိုက်နေတဲ့ လေတွေကို မျက်စိနဲ့ မမြင်ရ၊ လက်နဲ့ ဖမ်းဆုတ်လို့ မရသော်လည်း တစ်ခုခု မြင်ရလို မြင်ရငြား ပြတင်းတံခါးကို တွန်းဖွင့်လိုက်တယ်။ အိုး… ပြင်းလိုက်တဲ့လေတွေပါလား။ ပြတင်းတံခါး ဟ လိုက်တာနဲ့ တလစပ် အတင်း တိုးဝင်လာကြတယ်။ ပြတင်းဝ လေတိုက်ထဲမှာမှာ ရပ်ပြီး ငေးမောရင်းကနေ အမှတ်တမဲ့ အောက်ကို ငုံ့ကြည့်လိုက်မိတယ်။ စိမ်းစို နုသစ်နေတဲ့ အရွက်တွေ သိပ်သည်းအုပ်မိုးနေတဲ့ မြင်ကွင်းဟာ ကျွန်တော့်ကို ခပ်မြန်မြန် ဖမ်းစားသွားတာပဲ။ ပြောပြရင် ခင်ဗျားတို့ မြင်မလား မသိဘူး... ကျွန်တော့် မျက်စိ အောက်က မြင်ကွင်းကို။ ကင်မရာနဲ့ ချိန်လိုက်ရင် ကင်မရာ ချောင်းကြည့်ပေါက်ကနေ ဘောင်အပြည့် အဲဒီသစ်ရွက်စိမ်းတွေချည်း ဖြစ်နေတဲ့ မြင်ကွင်းမျိုး။ အဲဒီ သစ်ရွက်တွေကနေ အောက်ထဲကို ဘာမှ ထိုးဖေါက် မမြင်ရဘူးရယ်။ အဲဒီလောက်တောင် စိမ်းညို့သိပ်သည်းတာ... အဲဒီမြင်ကွင်းကို မြင်လိုက်ရတော့ ဘာရယ်ကြောင့်မှန်းမသိ ကျွန်တော့်စိတ်ထဲက ပျော်ရွှင်မှုပမာဏဟာ ရုတ်ချည်းဆိုသလို တရိပ်ရိပ် မြင့်တက်လာခဲ့တယ်။ သစ်ရွက်စိမ်းတွေကို လေဝှေ့နေတဲ့ မြင်ကွင်းဟာ ပျော်ရွှင်မှုလား... စဉ်းစားစရာ။

လမ်းဘေးဝဲယာတလျောက်နဲ့ မြင်ရသမျှ နေရာအနှံ့ လက်ညှိုးထိုးမလွဲ သေသေချာချာ ဂရုတစိုက် မွေးမြူ ပြုပြင်ထားဟန်တူတဲ့ စိမ်းစို နုသစ်နေတဲ့ သစ်ပင် ပန်းပင်တွေ၊ အကြီး အသေး အရွယ်စုံ အမျိုးပေါင်းစုံလင်ပြီး စနစ်တကျ လှပနေတဲ့ မြို့ကလေးကို ရောက်လာခါစက ကျွန်တော်ဟာ အရာရာကို လွတ်လပ်ပေါ့ပါးစွာ ရှုမြင် တွေးခေါ်ရင်း အပူပင် အကြောင့်ကြ ကင်းမဲ့ပြီး အချိန်တိုင်း ပျော်ရွှင်ရယ်မောနေတတ်သူ လူငယ်တစ်ယောက်သာ ဖြစ်တယ်။ မြို့ကလေးမှာ ရေကြည်သလား မြက်နုသလား၊ မြို့ကလေးရဲ့ အားသာချက်က ဘာလဲ၊ အားနည်းချက်က ဘာလဲ၊ ဘာကြောင့် ကျွန်တော် ဒီမြို့လေးမှာ အခြေချ နေထိုင်ဖို့ ရွေးချယ်ခဲ့သလဲ... ပျော်ရွှင်မှုကြောင့်လား၊ ငွေကြေးကြောင့်လား၊ ချစ်သူကြောင့်လား၊ ပညာ အဆင့်အတန်းနဲ့ ထိုက်တန်တဲ့ အလုပ်အကိုင်ကြောင့်လား၊ ပြေပြစ်မျှတတဲ့ ရာသီဥတုကြောင့်လား၊ ယဉ်ကျေးမှု သိပ်မကွာဟတဲ့ အာရှနိုင်ငံတစ်ခု ဖြစ်လို့လား၊ အထွေထွေ လုံခြုံမှုကြောင့်လား ဒါမှမဟုတ် မိဘ ဆွေမျိုးတွေရှိတဲ့ မွေးရပ်မြေနဲ့ အလှမ်းမဝေးလို့များလား... မေးခွန်းတွေ အတော်များပါတယ်။ ကံကြမ္မာက သူ့အလိုလို တွန်းပို့လိုက်တာ ဆိုတဲ့ ဇာတ်ဆန်ဆန် စကားမျိုးကိုတော့ ကျွန်တော် မသုံးနှုန်းချင်ပါ.ဘူး.. ဒါပေမယ့် များများစားစား မစဉ်းစားခဲ့မိတာတော့ အမှန်ပါ။

ဒီလိုနဲ့ ဒီမြို့ကလေးကို ကျွန်တော်ရောက်နေခဲ့တာ အခုဆိုရင် အနှစ် နှစ်ဆယ် ရှိခဲ့ပြီ။ ခုချိန်မှာ တစ်ယောက်ယောက်ကများ “ဒီမြို့ကလေးမှာ နေရတာ မင်း ပျော်ရွှင်ပါသလား...” လို့ မေးလာခဲ့ရင် ကျွန်တော် ဘယ်လိုဖြေရပါ့မလဲ။

ပျော်ရွှင်မှုဟာ ကျွန်တော့် တစ်ကိုယ်စာနဲ့ သက်ဆိုင်သလား၊ ကျွန်တော့် မိသားစု၊ ကျွန်တော့်ရဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ သက်ဆိုင်သလား၊ ကျွန်တော့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ သက်ဆိုင်သလား။ အခြေတကျ နေထိုင်နိုင်မှု၊ သင့်တင့်မျှတတဲ့ ဝင်ငွေ၊ ရာထူး၊ အလုပ်အကိုင် စတာတွေနဲ့ရော တစ်နည်းတစ်ဖုံ သက်ဆိုင်နေပါသလား။ အဖြေကို စဉ်းစားတယ်။ အဖြေကို စဉ်းစားရင်း မေးခွန်းကို သဲကွဲအောင် နောက်တကြိမ် ပြန်ဖတ်ကြည့်မိတယ်။ တစ်ချို့သော အဖြေတွေဟာ မေးခွန်းထဲမှာ ပါပြီးသား ဖြစ်နေတတ်တယ် မဟုတ်လား။ ပြန်ဖတ်ကြည့်တော့ အမေးစကားမှာပါတဲ့ အဓိက စာလုံး နှစ်လုံး (သို့မဟုတ်) အဓိက အကြောင်းအရာ နှစ်ခု ကို မြင်လိုက်ရတယ်။ ဆိုတော့ အဲဒါကိုပဲ အဓိက ထားပြီး စဉ်းစားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ နံပါတ် တစ်က "မြို့ကလေး" နဲ့ နံပါတ် နှစ်က "ပျော်ရွှင်မှု"...။ ဒါ အဓိက စဉ်းစားရမယ့် အကြောင်းအရာ နှစ်ခုပဲ။ တစ်ခုနဲ့ တစ်ခု တိတိပပ ပတ်သက် ဆက်နွှယ်နေတဲ့ ဝေါဟာရ နှစ်ခု။

• မြို့ကလေး နဲ့ ပျော်ရွှင်မှု •

ဟုတ်ပြီ… ဒါဆို မြို့ကလေးအကြောင်းကနေ စ လိုက်ရအောင်။ ပြောရမယ်ဆို ကျွန်တော်နေတဲ့ မြို့ကလေးဟာ အတော် သေးငယ်တယ်။ ဘယ်လောက်တောင် သေးငယ်လဲ ဆိုရင် ကမ္ဘာ့မြေပုံပေါ်မှာ အနီရောင် အမှုန်အစက်ကလေး တစ်စက်အဖြစ်နဲ့သာ မြင်ရပြီး သေးငယ်သော အနီစက်ကလေး - Little Red Dot - လို့ အမည်ပေးရတဲ့အထိကို သေးငယ်လှတယ်။

အဲဒီမြို့ကလေးက အရွယ်အစားအားဖြင့် သေးငယ်ပေမယ့် မြို့တစ်မြို့မှာ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်တွေနဲ့တော့ ကိုက်ညီတယ်လို့ ဆိုရမယ်။ မြို့ကလေးဟာ အချိုးအစား ကျနပြီး သေသပ် လှပတယ်။ စည်းကမ်းတကျ သန့်ရှင်း စင်ကြယ်တယ်။ လမ်း တံတား လူနေအိမ်၊ တိုက်တာ အဆောက်အဦး၊ ကစားကွင်း၊ ပန်းခြံ၊ ကျောင်း၊ ဆေးရုံ၊ ဈေး... အားလုံး သူ့နေရာနဲ့သူ နေရာတကျရှိပြီး မြို့ကွက်ကလည်း စနစ်ကျတယ်။ ယုံကြည် စိတ်ချရတဲ့ ကျန်းမာရေး စောင့်ရှောက်မှုရှိတယ်။ ဆေးကုသစားရိတ် မြင့်မားတယ် ဆိုပေမယ့် ရာခိုင်နှုန်းတော်တော်များများ စိတ်ချလက်ချ ယုံကြည်နိုင်လို့ အနီးအနားက နိုင်ငံတွေကတောင် ဆေးလာကုကြရတယ်။ အရေးပေါ်ကိစ္စတစ်ခုခုဖြစ်ရင် ငါးမိနစ်အတွင်း အရေးပေါ်ကားရောက်နိုင်ပြီး ဆယ်မိနစ် ဆယ့်ငါးမိနစ် အတွင်းမှာ ဆေးရုံကို ရောက်နိုင်တဲ့အထိ မြန်ဆန်တယ်။ အချိန်မရွေး မီးခလုတ်ဖွင့်လိုက်ရင် မီးလင်းပြီး ဘုံဘိုင်ပိုက်ခေါင်းကို လှည့်လိုက်ရင် ရေလာတယ်။ အဲဒီလို ကျန်းမာရေး ဝန်ဆောင်မှု၊ ရေ၊ မီး စတဲ့ အခြေခံအကျဆုံး လိုအပ်ချက်တွေမှာ ကြောင့်ကြစရာ နည်းနည်းမှ မရှိတာဟာ ပျော်ရွှင်မှုနဲ့ ဆက်နွှယ် ပတ်သက်နိုင်သလား။ ကျွန်တော် စဉ်းစားရတယ်…။

မြို့ကလေးမှာ အရောင်စုံ အရွယ်စုံ ပုံသဏ္ဍာန်စုံ အမှိုက်ပုံးတွေကို နေရာတိုင်းမှာ တွေ့နိုင်တယ်။ အိမ်တွင်းက အမှိုက်၊ မီးဖိုချောင်က အမှိုက်တွေကို အိမ်ထဲမှာ ရှိတဲ့ အမှိုက်သွား ပိုက်လိုင်းက တဆင့် စွန့်ပစ်လို့ရတဲ့ ထူးခြားတဲ့ အမှိုက်ပစ် စနစ်ရှိတယ်။ ရေစီးရေလာ ကောင်းမွန်တဲ့ စနစ်ရှိတယ်။ စနစ်တကျ အမှိုက်ပစ်လို့ ရတာ၊ လမ်းမတွေအပါအဝင် နေရာတကာမှာ သန့်ရှင်းတာဟာ ပျော်ရွှင်မှုရဲ့ တစိတ်တပိုင်းများ ဖြစ်နိုင်သလား...

မြို့ကလေးမှာ ကျွန်တော်တို့အားလုံး စိတ်ချလက်ချ အသုံးပြုနိုင်တဲ့ ပို့ဆောင်ဆက်သွယ်ရေးစနစ် ရှိတယ်။ အများသုံး ကား ရထားတွေဟာ မိုးလင်း မိုးချုပ် ပြေးဆွဲပြီး အချိန်မှန်တယ်။ တိုက် တစ်တိုက်နဲ့ တစ်တိုက်၊ အဆောက်အဦးတစ်ခုနဲ့တစ်ခု ဆက်သွယ်ထားတဲ့ အမိုးပါတဲ့ လျှောက်လမ်းကလေးတွေ ရှိတယ်။ မိုးရွာနေရင်တောင် ထီးမယူပဲ ကားမှတ်တိုင် (သို့) ရထားဘူတာကနေ အိမ်အထိ သက်တောင့်သက်သာ လမ်းလျှောက်ပြန်နိုင်အောင် အဆင်ပြေတယ်။ အားကစားလေ့ကျင့်ဖို့၊ အညောင်းပြေ အညာပြေ လမ်းလျှောက်ဖို့၊ စက်ဘီးစီးဖို့ သီးသန့်လမ်းတွေ ရှိတယ်။ စိမ်းစိုလှပတဲ့ ပန်းခြံတွေရှိတယ်။ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းမြို့လေး ဖြစ်တာကြောင့် ကျယ်ပြောလွင့်ပျူးတဲ့ ကမ်းခြေတွေလည်း ရှိနေသေးတယ်။ လမ်းဘေး ၀ဲယာတလျှောက်မှာ၊ လမ်းအလယ်မှာ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ သစ်ပင် ပန်းပင်တွေ ရှိတယ်။ အဲဒီ သစ်ပင်ကြီးတွေတိုင်းမှာ ကိုယ်ပိုင်နံပါတ်ရှိတယ်ဗျ။ သစ်ရွက်ကြွေတွေကို အမြဲရှင်းလင်းသိမ်းဆည်းတတ်တဲ့အပြင် မလိုအပ်တဲ့ သစ်ကိုင်းအပိုတွေကိုလည်း အမြဲ ရှင်းလင်းပြုပြင်နေတတ်တယ်။ စိုက်ထားသမျှ ပန်းတိုင်း ပွင့်ပြီး ပွင့်သမျှ ပန်းတိုင်း လန်းဆန်းတယ်။ မြို့ကလေး အဲဒီလို သာယာစိုပြေနေတာဟာ ကျွန်တော့်စိတ်ကို အတိုင်းအတာတစ်ခုအထိ ကြည်လင် ပျော်ရွှင်စေသလား…

မိန်းကလေးတစ်ယောက်တည်း ဖြစ်ပေမယ့် နေရာတော်တော်များများကို အနှောက်အယှက်ကင်းကင်း ပေါ့ပေါ့ပါးပါး သွားလာလို့ရတဲ့ အဆင်ပြေ လုံခြုံမှုမျိုး မြို့ကလေးမှာ ရှိတယ်။ နေရာနှင့် အချိန်ပေါ် မူတည်ပြီး ဘေးအန္တရာယ် (မရှိသလောက်) ကင်းရှင်းတယ်။ စီစီတီဗီလို့ ခေါ်ကြတဲ့ ကင်မရာတွေ နေရာတိုင်းမှာရှိတယ်၊ တစ်ခုခုဆို ဒါဏ်ငွေချမှတ်တတ်တဲ့ အတွက် Fine City လို့ နာမည်ကြီးတယ်။ တရားဥပဒေ တိတိပပ စိုးမိုးတယ်။ အများစုကတော့ မဟုတ်တာကို မလုပ်ရဲကြသလောက်ပါ။ အဲဒီလို နေ့စဉ်လူနေမှုဘဝ လုံခြုံစိတ်ချရတာဟာ ပျော်ရွှင်မှုပမာဏကို မြင့်တက်စေပါသလား…

၂၀၁၄ ခုနှစ် စီးပွားရေးပညာရှင်တွေရဲ့ စစ်တမ်းအရ မြို့ကလေးဟာ ကမ္ဘာပေါ်မှာ လူနေမှု စရိတ် အမြင့်မားဆုံး၊ ဈေးအကြီးဆုံး မြို့လို့ သတ်မှတ်ကြတယ်။ စားစရိတ် နေစရိတ် အထွေထွေကုန်ကျစရိတ် ကြီးမားလှတာတော့ အမှန်ပဲ။ ဒါဟာ ပျော်စရာကိစ္စတစ်ခုတော့ မဟုတ်ပေဘူး။ ဒါပေမယ့် သန့်ရှင်းမှု လုံခြုံမှုတို့နဲ့ အစစ အရာရာ စည်းစနစ်ကျ၊ အဆင်ပြေ သက်သာပြီး လွယ်ကူ ချောမွေ့စေတာတွေကြောင့် နေလို့ သင့်တော်တဲ့နေရာ တစ်ခုလို့ လက်ခံကြရတာပါပဲ။

အခုလောက်ဆို ကျွန်တော် နှစ်နှစ်ဆယ် နီးပါး ကျင်လည်နေခဲ့ရတဲ့ မြို့ကလေးအကြောင်း အကြမ်းအားဖြင့်တော့ သိသွားပြီ။ မြို့ကလေးနဲ့ ပျော်ရွှင်မှု ဘယ်လို ဆက်စပ်သလဲ ကြည့်ရအောင်ပါ။

• ပျော်ရွှင်မှုနဲ့ မြို့ကလေး •

မြိ့ကလေး အကြောင်း ပြီးတော့ ပျော်ရွှင်မှု ဆီကို တစ်လှည့် သွားကြည့်ကြရအောင်။ ပျော်ရွှင်မှု ဆိုတာ ဘာလဲ၊ ပျော်ရွှင်မှုရဲ့ အရောင်အဆင်းက ဘာလဲ၊ ပျော်ရွှင်မှုမှာ အနံ့အရသာ ရှိသလား။ ပျော်တယ် မပျော်ဘူး ဆိုတာကိုရော ဘယ်လို သိမလဲ ဘာနဲ့ ချိန်တွယ် တိုင်းတာမလဲ… စဉ်းစားရပြီ။

တကယ်တော့ ပျော်ရွှင်မှုဆိုတာ လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင် စိတ်ခံစားချက် သက်သက်သာ ဖြစ်လို့ အဓိပ္ပါယ်ဖွင့်ပြီး ပြောပြဖို့ သိပ်ခက်ပါတယ်။ အတိုင်းအတာ ပမာဏ ထုထည် စတဲ့ ယူနစ် တစ်ခုခုနဲ့ သတ်မှတ်လို့ မရတော့ ဘာနဲ့မှ နှိုင်းယှဉ် တိုင်းတာပြလို့ မရတဲ့အပြင် ဒါကြီးဟာ ပျော်ရွှင်မှုပါဗျ လို့လည်း လက်ဆုပ်လက်ကိုင် ပြလို့ မရပါဘူး။ မတူညီတဲ့ နေရာဒေသ၊ မတူညီတဲ့ ယဉ်ကျေးမှုနဲ့ မတူညီတဲ့ လူမျိုးတွေတိုင်းမှာ မတူညီတဲ့ ပျော်ရွှင်ခြင်းတွေ ကိုယ်စီ ရှိတတ်ကြပါတယ်။ တကယ်လို့များ စားစရာမရှိအောင် ဆင်းရဲနေခဲ့ရင်၊ နေထိုင်စရာ အမိုးအကာ မလုံလောက်အောင် ဆင်းရဲနေခဲ့ရင် နေရာဒေသတစ်ခုဟာ ဘယ်လောက်ပဲ သာယာနေပါစေ ဘယ်လောက်ပဲ လှပနေပါစေ လူတွေ ပျော်ရွှင်နေကြဖို့ ဆိုတာ မဖြစ်နိုင်ဘူး မဟုတ်လား။ ကျွန်တော်တို့ လူသားတွေအတွက် အခြေခံကျတဲ့ လိုအပ်ချက်တွေ မပြည့်စုံရင် ပျော်ရွှင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး မဟုတ်လား။ နေရာဒေသ အသီးသီးမှာ အခြေချ နေထိုင်ရှင်သန်နေကြတဲ့ လူသားတွေအတွက် ပျော်ရွှင်ဖို့ ဆိုတာ အကြောင်းအမျိုးမျိုးနဲ့ ပတ်သက်ဆက်နွှယ်နေပါတယ်။

ကျွန်တော်နားလည်တဲ့ ပျော်ရွှင်ခြင်း အတွက် အဓိက လိုအပ်ချက် တစ်ခုကတော့ နှလုံးသားတွေ နွေးထွေးဖို့ပါပဲ။ စာတွေထဲမှာ ကျွန်တော် ဖတ်ဖူးတယ်။ ကမ္ဘာပေါ်မှာ လူတွေ အမြဲတမ်း ပျော်နေတဲ့ နေရာတွေ ရှိတယ်။ ပျော်စရာကောင်းတဲ့ နေရာတွေ နိုင်ငံတွေကို တစ် နှစ် သုံး ဆိုပြီး အမှတ်စဉ်နဲ့ စဉ်ထားတဲ့ စစ်တမ်း ရှိတယ်။ ဥပမာ လူတွေ အမြဲပျော်နေကြတဲ့ နော်ဝေ၊ နယ်သာလန် ဆွဇ်ဇာလန် စသည်ဖြင့်ပေါ့။ ကျွန်တော်နေတဲ့ မြိုကလေးကတော့ အဲဒီနေရာဒေသတွေလောက် အဲဒီနိုင်ငံတွေလောက် လှပ ချင်မှ လှပမယ်၊ သဘာဝတောတောင်ရေမြေတွေ နည်းပါးလို့ သာယာချင်မှ သာယာမယ်၊ ပျော်စရာ ကောင်းချင်မှ ကောင်းမယ်၊ ပျော်စရာ နေရာဒေသတစ်ခုအဖြစ် စာရင်း ဝင်ချင်မှ ဝင်မယ်၊ ဒါပေမယ့် ကျွန်တော့် စိတ်ကို အတိုင်းအတာ တစ်ခုအထိ လုံခြုံနွေးထွေးမှု ရစေတာတော့ အမှန်ပါပဲ။

အကောင်းနဲ့ အဆိုး ဆိုတာ နေရာတိုင်းမှာ တတွဲတွဲ ရှိကြစမြဲပါ။ မြို့ကလေးအကြောင်း အကောင်းတွေချည်းပဲ ရေးပြလို့ အဲဒီ အကောင်းတွေကြောင့် ပျော်ရွှင်ရတာ တစိတ်တပိုင်း ဖြစ်နိုင်ပေမယ့် တကယ့် ပျော်ရွှင်မှုအတွက်ကတော့ နှလုံးသားတွေ နွေးထွေး ကျန်းမာစွာ ရှင်သန်နိုင်ဖို့ ဆိုတဲ့ အချက်က ပိုများမယ် ထင်ပါတယ်။ ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့ အခြေချ နေထိုင်ခဲ့တယ် ဆိုပေမယ့် နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ် တဲ့…။ ဟုတ်တယ်... အိမ် ဆိုတဲ့ နွေးထွေးမှု အစိတ်အပိုင်း တော်တော်များများကို မြို့ကလေးမှာ ကျွန်တော် ထိတွေ့ ခံစားနိုင်တယ်။ ဒါဆိုရင် ဒီမြို့ကလေးမှာ နေရတာ မင်း ပျော်ရွှင်ပါသလား... ဆိုတဲ့ မေးခွန်းအတွက် ကျွန်တော့ အဖြေကို နားလည်နိုင်မယ် မဟုတ်လား။ ပြီးတော့ ကျွန်တော့်အဖြေဟာ အတန်အသင့်တော့ သဘာဝကျ အဆင်ပြေ လုံလောက်တယ် မဟုတ်လား။

*****

အပြင်ဖက်မှာ လေတွေ ခပ်ပြင်းပြင်း တိုက်ခတ်နေဆဲပါ။ ပြတင်းဝကနေ ငုံ့ကြည့်လိုက်ရင် မြင်ရတဲ့ သစ်ပင် အုပ်အုပ်စိမ်းစိမ်းတွေလည်း လေအဝှေ့မှာ ဘယ်ညာ ယိမ်းထိုး ကခုန်နေဆဲပါ။ ရေးလက်စ စာလေးကို အခုလို လက်စသတ်အပြီး ပြတင်းတံခါးမှာ ရပ်ရင်း၊ အဲဒီမြင်ကွင်းကို နောက်တစ်ကြိမ် ထပ်ကြည့်နေရင်းက ကျွန်တော့စိတ်ထဲမှာ ကြည်လင် စိမ်းလန်းလာပါတယ်၊ ပြီးတော့ အဆက်မပြတ် တိုးဝှေ့ တိုက်ခတ်နေတဲ့ လေတွေကြားမှာ ကျွန်တော့်စိတ်တွေ ပျော်ရွှင်သည်ထက် ပျော်ရွှင်လာခဲ့ပါတယ်။

သက်ဝေ

(၂၈ ဖေဖေါ်ဝါရီ ၂၀၂၀)

~ ၂၀၂၀ မတ်လတွင် ထုတ်ဝေသော နှင်းဆီဖြူ - ဤကမ္ဘာမြေပေါ်ဝယ် စာပေဂျာနယ်တွင် ဖေါ်ပြပြီး ဖြစ်သည်။

No comments:

Post a Comment

အမှတ်တရ ရေးခဲ့ပါ...