ရန်ကုန်မြို့အကြောင်းကို စာစီစာကုံးတစ်ပုဒ်အဖြစ် ရေးဖွဲ့သီကုံးပြပါဟု ဆိုလျှင် ရန်ကုန်တွင် နှစ်သုံးဆယ်နီးပါး နေထိုင်ကြီးပြင်းခဲ့ရသူ ကျွန်မအဖို့ ရေးစရာ အကြောင်းအရာ အတော်များများ ရှိနေခဲ့ပါသည်။ ထိုအကြောင်းအရာများကို ကျွန်မ နေထိုင်ဖြတ်သန်းခဲ့ရသော ပထမ ဆယ်စုနှစ်၊ ဒုတိယ ဆယ်စုနှစ်နှင့် တတိယ ဆယ်စုနှစ်ဟု အကြမ်းအားဖြင့် ပိုင်းခြားကာ ရေးပြလိုပါသည်။
(၁)
ကျွန်မ ဖြတ်သန်းခဲ့ရသော ပထမ ဆယ်စုနှစ် - ကလေးဘဝတွင် ရန်ကုန်ကို ပျက်ပျက်ထင်ထင် သိရှိမှတ်မိသမျှက အစိမ်းရောင် သံဇကာကွက်များနှင့် ကျွန်မတို့အိမ်ကလေး၊ အိမ်ရှေ့ခြံစည်းရိုးတလျှောက်မှ စီးပွားဂမုန်းပင်များ၊ တိုက်ပန်းနွယ်များနှင့် မိုးဦးကျကာလများတွင် မိုးရေစက်များကြားမှ မွှေးမြနေသော ဇွန်ပန်းရုံများ၊ ရွှေတိဂုံဘုရား၊ တိရိစ္ဆာန်ရုံ၊ တော်လှန်ရေးပန်းခြံ၊ ကျိုက္ကဆံကွင်း နှင့် ကျွန်မ တက်ခဲ့ရသော မြို့မ အမျိုးသားကျောင်း (ယခု - အ ထ က ၂ ဒဂုံ) တို့သာ ဖြစ်ကြသည်။ ကျွန်မတို့ ငယ်စဉ်က ရန်ကုန်သည် သပ်ရပ်သည်၊ သန့်ရှင်းသည်၊ အေးချမ်းသည်၊ ကျယ်ဝန်းသည်၊ လေကောင်းလေသန့်များကြောင့် အသက် ဝဝရှူနိုင်သည်။ အစစ အရာရာ ရိုးရှင်းသလို မိသားတစ်စုနှင့်တစ်စု လူတန်းစား ကွာဟမှုလည်း နည်းပါးသည်ဟု မြင်မိပါသည်။
(၂)
ကျွန်မ၏ ဒုတိယ ဆယ်စုနှစ်ကာလတွင်မူ ရန်ကုန်သည် အတန်ငယ် ကြွယ်ပိုးကြွယ်ဝ ဖြစ်လာခဲ့ပြီ။ နိုင်ငံခြားမှ တင်သွင်းလာသော အသုံးအဆောင်များ၊ အဝတ်အထည်များ နှင့် အစားအသောက်များ ခေတ်စားစပြုလာခဲ့သည်။ သင်္ဘောသားများနှင့် ငွေကြေးတတ်နိုင်သူများထံမှ ဖောရင်းမိတ် (နိုင်ငံခြားဖြစ်) ဟူသော စကားကို ကြားလာရသည်။ ဆင်းဒဝစ်ရှ်၊ ဟမ်ဘာဂါ၊ ဆာလာမီ၊ အီကလဲ စသော အစားအသောက်များ ပေါ်လာပြီး Joy House/ Hello စသော ဆိုင်များ ရန်ကုန်မြို့တွင် စတင် ဖွင့်လှစ် ရောင်းချလာခဲ့ကြသည်။ ဖော့ရှန်၊ အိရှန်၊ ဒါးကြီးပါတိတ်၊ ဘူးပါတိတ်၊ ကီမိုနို စသော ဝေါဟာရများ အမျိုးသမီးများအကြားတွင် ရေပန်းစားသည်။ စိန်ဂျွန်းဈေးနှင့် မှောင်ခိုဟူသော စကားလုံးကို မကြာခဏ ယှဉ်တွဲ၍ ကြားလာရသည်။ လူငယ်များအကြားတွင် လမ်းသရဲ ဟူသော အခေါ်အဝေါ် ကျယ်ပြန့်လာပြီး အုပ်စုလိုက် ချိန်းပွဲများပြုလုပ်ကာ ရန်ဖြစ်ကြသည်။ နံပါတ်ဖိုး၊ ဟီးရိုးအင်း ဟူသော မူးယစ်ဆေးဝါးများအကြောင်းလည်း မကြာခဏ ကြားလာရသည်။ စတီရီယို တေးသီချင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားလာခဲ့သည်။ Music Plug တေးသံသွင်းမှ ရောင်းချသော အပြာနုရောင် ကာဗာတပ် အင်္ဂလိပ်သီချင်းခွေများကိုလည်း နားထောင်တတ်စပြုလာခဲ့သည်။တေးဂီတဘက်သို့ အာရုံတိမ်းညွှတ်လာအရွယ်တွင် ဖေဖေက ဟီတာချီအမျိုးအစား ကက်ဆက်ကလေးတစ်လုံး ဝယ်ပေးခဲ့ပါသည်။ ကက်ဆက်လေးရလာပြီးသောအခါ ကျွန်မတို့ မောင်နှမနှစ်ယောက် ရသမျှ မုန့်ဖိုးများ စုကာ သီချင်းခွေများ ဝယ်ရန်၊ သီချင်းများကို ရွေးကူးရန်၊ သီချင်းစာအုပ် ဝယ်ရန် အစရှိသော အကြောင်းပြချက်များဖြင့် ဘားလမ်းကို မကြာခဏ သွားတတ်လာခဲ့သည်။ ကိုတင်အုန်းဆိုင်တွင် စတော်ဘယ်ရီ လက်ဖျော် သောက်ကြသည်။ ဘားလမ်းနှင့် အနီးတဝိုက်ရှိ ယင်းမာ၊ ဂျူပီတာ၊ စပါယ်ဦး၊ ပန်းနုလဝန်း၊ Music Plug အစရှိသော တေးသံသွင်းဆိုင်များသာမက မဂိုလမ်း ပန်းဆိုးတန်း ဆူးလေ အစရှိသော လမ်းများကိုလည်း ခြေရာခြင်းထပ်အောင် လျှောက်ခဲ့ကြသည်။ ထိုစဉ်က စီခြောက်ဆယ် ကက်ဆက်တစ်ခွေတွင် သီချင်း ၁၂ ပုဒ် ကူးကြပါသည်။ ကက်ဆက်ခွေကာဗာတွင် သီချင်းနာမည်များနှင့် သီဆိုသူ နာမည်ကို လက်ရေးစာလုံးဖြင့် လှပသေသပ်စွာ ရေးသားကြသည်။ ကျွန်မ မုန့်ဖိုးဖြင့် ပထမဆုံးဝယ်ယူခဲ့သော သီချင်းခွေမှာ ကိုင်ဇာနှင့် မေဆွိ၏ တူနှစ်ကိုယ်တိုင်းပြည် အခွေဖြစ်ပြီး တန်ဖိုးမှာ ကာဗာမပါ - ၂၃ ကျပ်ဖြစ်ပါသည်။ ထိုစဉ်က စတီရီယိုသီချင်းခွေများတွင် တိုင်းပြည်အကျိုးပြုတေးသီချင်းတစ်ပုဒ် မထည့်မနေ ထည့်ရသောခေတ်လည်း ဖြစ်ပါသည်။ တေးသံရှင် ဗလကို ဘားလမ်းမှာ စတင်တွေ့မြင်ခဲ့ဘူးသည်။ ဂျူပီတာ တေးသံသွင်းပိုင်ရှင်၏ သမီး အတော်ချောသည်ဟု မောင်လေးက ပြသဖြင့် (မဆီမဆိုင်) ကြည့်ခဲ့ရသေးသည်။ ဘားလမ်းသွားရင်း ဗိုလ်ချုပ်အောင်ဆန်းဈေး (စကော့ဈေး) ကို တစ်ခါစ နှစ်ခါစ သွားတတ်လာသည်။ ရှပ်အင်္ကျီအကွက် ပွပွရှည်ရှည်များ ဝယ်ယူ ဝတ်ဆင်တတ်လာသည်။ ပလက်ဖေါင်းပေါ်မှာ ချရောင်းသော နာမည်ကျော် နိုင်ငံခြား မင်းသမီး မင်းသားပုံ Wall sheet များ၊ ပြက္ခဒိန်များကို ရပ်ကြည့်တတ်လာသည်။ ရန်ကုန်မြို့လည် လမ်းမကြီးများပေါ်တွင် အများသူငါများနှင့်အတူ ရောနှော လိုက်ပါရင်း အေးအေးဆေးဆေး ငေးမောကာ လျှောက်ခဲ့ရသော၊ လွတ်လပ်ပျော်ရွှင်ရသော အချိန်ကာလများ ဖြစ်ပါသည်။
ထိုအချိန်တွင် ရုပ်မြင်သံကြားစက်များ ရန်ကုန်သို့ ရောက်လာကြပြီး အိမ်မှာ မရှိသေးသူများ ရပ်ကွက်ကောင်စီရုံးရှေ့တွင် စုဝေးကာ သွားကြည့်ကြရသည်။ ဆိုရှယ်လစ်ခေတ်တွင် လူကြီးများ အားလုံးလိုလို ပါတီ ကောင်စီဝင် ဖြစ်ကြရသည်။ ထိုသူများကို ရပ်ရေး ရွာရေးများတွင် ရှေ့ဆုံးမှာ တွေ့ရတတ်ပြီး သူတို့ကို ကြည့်လိုက်လျှင် အမြဲတမ်း အရေးကြီးနေတတ်ကြသည်။ ထိုစဉ်က ရန်ကုန်သည် မီးမပျက်တတ်ပါ။ အချို့သော နွေညများတွင် လျှပ်စစ်မီးအလင်းရောင်က ပူသည်ဟု ဆိုကာ တမင် မီးမှိတ်ပြီး အမှောင်ထဲတွင် မြက်ဖျာချောလေး ခင်းထိုင်ရင်း မေမေသုပ်ပေးသော လဖက်သုပ် ဂျင်းသုပ်များ စားကြရသည်။ ညက မှောင်မှောင်မှာ ခြင်များ မရှိသလို ခြင်ဆေးခွေလည်း ဘယ်သူမှ မရောင်းကြပါ။
လမ်းမီးတိုင် နီကျင်ကျင်အောက်မှ မြေနီကုန်းညဈေးတန်း၊ လှည်းတန်ညဈေးတန်းများတွင် စားကောင်းသောက်ဖွယ်များ ရောင်းချလျက် စည်ကား၏။ မြေနီကုန်းဈေးမှ စာအုပ်အဟောင်းဆိုင်တွင် ဒဂုန်တာရာ၏ မေ စာအုပ်ကို သုံးကျပ်ဖြင့် ဝယ်ခဲ့ဖူးသည်ကို မေ့မရ။ ပွင့်လင်းရာသီ ဘုရားပွဲများတွင် စင်တင်တေးဂီတပွဲများ ကျင်းပလာကြသည်။ ထိုပွဲများကို မကြည့်ဖူးသော်လည်း ရုပ်မြင်သံကြားတွင် အဆိုတော်များ၏ တေးဂီတအစီအစဉ်ကို အမြဲစောင့်ကြည့်ခဲ့ဖူးသည်။ မြန်မာ့ရုပ်မြင်သံကြား၏ စည်းကမ်းချက်အတိုင်း သီချင်းဆိုစဉ် အဆိုတော်များ တေးသွားနှင့်အညီ စည်းချက်နှင့်အညီ လှုပ်ရှား ကခုန်ခြင်း မပြုရပါ။ မတ်မတ်ရပ်လျှက်က ငြိမ်သက်စွာ သီဆိုကြရလေ၏။ ယခုအချိန်ပြန်ကြည့်လျှင် အနည်းငယ်တော့ ရယ်စရာကောင်းပါသည်။
ဒုတိယ ဆယ်စုနှစ် နှောင်းပိုင်းကာလတွင် ကျွန်မ စက်မှုတက္ကသိုလ်ကျောင်းသူ ဖြစ်လာခဲ့သည်။ ရန်ကုန်သည် အနည်းငယ်ပိုမို ရှုပ်ထွေးလာသော်လည်း ကျွန်မမျက်စိထဲတွင်တော့ ချစ်မက်ဖွယ်ရာ လှပနေမြဲဖြစ်သည်။ ဇွန်လ ကျောင်းဖွင့်ရက်သည် မိုးရေစက်တို့နှင့်အတူ စိမ်းလန်းအေးမြစွာ ရောက်လာလေ့ရှိပြီး နွေရာသီတွင် ကံ့ကော်ပန်းများ စိန်ပန်းများနှင့် ပိတောက်ပန်းများလည်း အချိန်မှန်ပွင့်ကြသည်။ "ရာသီမသိ ပန်းနှင့်ညှိ" ဆိုသလို အမှန်တကယ်ညှိ၍ ရခဲ့သော အချိန်ကာလများလည်း ဖြစ်ပါသည်။ ဆောင်းရာသီ မနက်စောစောတွင် နှင်းငွေ့များဖြင့် ပိတ်သည်း မှုန်ရီနေတတ်ပြီး ညနေခင်းများမှာ နေဝင်ချိန်စောကာ မှောင်ရိပ်သန်း၍ ဆောင်းပီသခဲ့သည်။
အင်းစိန် ကြို့ကုန်းတွင်တက်ရသော စက်မှုတက္ကသိုလ် ကျောင်းသူဘဝတွင် ဗိုလ်ချုပ်ဈေးကို မရောက်ဖြစ်တော့ပဲ ကျောင်းသွား ကျောင်းပြန် လှည်းတန်းဈေးကို ပိုမို ရင်းနှီးကျွမ်းဝင်လာခဲ့သည်။ လှည်းတန်းဈေးနှင့် အနီးတဝိုက်သည် အခုကဲ့သို့ မရှုပ်ထွေး၊ တက္ကသိုလ် ကျောင်းသားကျောင်းသူတို့၏ ခြေရာများဖြင့် ရိုးရှင်းတည်တံ့ကာ အေးအေးချမ်းချမ်း သာသာယာယာ ရှိလှသည်။ လှည်းတန်းဈေးထဲမှ တင့်တင့်ထွန်းတို့ ညီအမတတွေ ဖွင့်ထားသော မိန်းကလေးအသုံးအဆောင် ဆံညှပ်များ ဖဲပြားများ ရောင်းချသောဆိုင်မှာ ကျွန်မတို့သူငယ်ချင်းတစ်စု မကြာခဏ သွားရောက် မွှေနှောက်လေ့ရှိသည်။ အင်းလျားကန်ဘောင်တလျှောက်မှ အကြော်ဆိုင်တန်းလေးများ၊ လှည်းကလေးနဲ့ ဒိန်ချဉ်သည်၊ တက္ကသိုလ်ဓမ္မာရုံရှေ့မှ ပုစွန်ခွက်ကြော်သုပ်၊ လှည်းတန်းဈေးထဲမှ အသုပ်စုံ၊ ဆကာကြီး မုန့်ဟင်းခါး စသည့် စားကောင်းသောက်ဖွယ်များ၊ ရတနာထွန်းစတိုးဆိုင် ဂိုးရှိုး စတိုးဆိုင် စသည်တို့ဖြင့် စည်ကား လှပသော လှည်းတန်း ဖြစ်ပါသည်။ ထိုကာလများတွင် မြို့လည်ရုပ်ရှင်ရုံများဖက်သို့ ခြေဦးမလှည့်ဖြစ်တော့ပဲ မြေနီကုန်းမှ ရုပ်ရှင်ရုံများတွင် သူငယ်ချင်းများနှင့် ရုပ်ရှင်သွားကြည့်တတ်လာသည်။ ပင်မတက္ကသိုလ်သို့ မရောက်ဖြစ်သော်လည်း ရွယ်တူသူငယ်ချင်းများရှိရာ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ (အာစီ တူး) ကို မကြာ မကြာ သွားရောက် လည်ပတ်တတ်လာခဲ့သည်။ ထိုစဉ်က စက်မှုတက္ကသိုလ် ကျောင်းသား ကျောင်းသူများ နေထိုင်ရာ ဒူးယား ခပေါင်း သဇင်ဆောင်များမှာ ထိုလှိုင်နယ်မြေထဲတွင် တည်ရှိ၏။
၁၉၈၈ ခုနှစ် စက်မှုတက္ကသိုလ် ကျောင်းသားအရေးအခင်းမှ စတင်လိုက်သော အစိုးရ ဆန့်ကျင်မှုများ၊ ဆန္ဒပြမှုများတွင် ရန်ကုန်သည် အချက်အချာကျသောနေရာ ဖြစ်ခဲ့သည်။ အစိုးရမှ ပစ်ခတ်နှိမ်နင်းမှုများကြောင့် ရန်ကုန်၏ လမ်းမများတွင် သွေးမြေကျခဲ့သည်။ ကျောင်းသား ပြည်သူ ရဟန်းရှင်လူပေါင်း များစွာ အသက်ဆုံးရှုံးခဲ့ရသည်။ ကျောင်းများ၊ တက္ကသိုလ်များ ရက်ရှည်ပိတ်လိုက်သောကြောင့် ကျွန်မတို့၏ ကျောင်းသားဘဝသည်လည်း လိုအပ်သည်ထက် များစွာ ပိုမို ရှည်လျားသွားခဲ့တော့သည်။
(၃)
တတိယ ဆယ်စုနှစ် အစောပိုင်းကာလများတွင် ရန်ကုန်သည် ကြိုးစားနိုးထလာသော်လည်း အတန်ငယ် ခြောက်သွေ့နေမြဲ။ ကျောင်းများ တက္ကသိုလ်များ သံတံခါး အထပ်ထပ် ပိတ်ထားမြဲ။ ဆရာ ဆရာမများ စာသင်ခန်းထဲတွင် မနေရ၊ စာမသင်ရပဲ ကျောင်းတံခါးစောင့် အလုပ်များ၊ လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေရမြဲ၊ အချို့နေရာများတွင် ညမထွက်ရ အမိန့် ရှိနေမြဲ။ အထင်ကရ နေရာအတော်များများတွင် အစောင့်အကြပ်များဖြင့် တားဆီးကာရံထားမြဲ ဖြစ်သည်။ ကျွန်မတို့၏ လှပ၍ တက်ကြွလန်းဆန်းသော လူငယ်ဘဝ အဖိုးတန် နေ့ရက် အချိန်နာရီများကို ကျောင်းပြန်တက်ခွင့်ရရန် မျှော်လင့်စောင့်စားရင်းဖြင့် ကုန်လွန်စေခဲ့ရသည်။
ထင်မှတ်မထားသော တစ်ရက်တွင် တက္ကသိုလ်များ၊ ကျောင်းများပြန်ဖွင့်ခဲ့သော်လည်း ကျောင်းတက်ရန် အချိန်ဇယားများကိုမူ တတ်နိုင်သမျှ တိုအောင် ချုံ့ပစ်လိုက်ကြသည်။ တစ်နှစ်စာ သင်ခန်းစာများကို ခြောက်လနှင့်အပြီး တက်သုတ်ရိုက် သင်ကြားကြရသည်။ ကျောင်းမှာ သင်ရုံဖြင့် မလုံလောက်သောကြောင့် ကျွန်မတို့ ဘာသာစုံနီးပါး ကျူရှင် တက်ရသည်။ ကျောင်းသားတိုင်းစိတ်ထဲတွင် ကျောင်းသင်ခန်းစာများ အမြန်ဆုံးခန်းတိုင်ကာ ဘွဲ့တစ်ခု ရဖို့အရေးက အရာအားလုံးထက် အရေးကြီးနေခဲ့သည်။
ထို့အပြင် တစ်ခါမှ မကြားစဖူး… စာမေးပွဲမေးခွန်း အရောင်းအဝယ်သာမက အမှတ် အရောင်းအဝယ်ကိစ္စများလည်း ကြားလာရသည်။ အမှတ်တစ်မှတ်ကို နှစ်ထောင်ကျပ် ဈေးပေါက်ခဲ့သည်။ ထိုစဉ်က အင်ဂျင်နီယာကျောင်းဆင်းများ နိုင်ငံခြားပိုင် ပုဂ္ဂလိက ကုမ္ပဏီများတွင် အလုပ်စဝင်ချိန် လခမှာ တစ်သောင်းခန့်ဖြစ်ပြီး သစ်လွင်လှပသော နစ်ဆန်း ဆန်နီ စူပါဆလွန်းတစ်စင်း၏ တန်ဖိုးမှာ လေးသိန်းပင် မပြည့်သောအချိန်ဖြစ်သည်။ ငွေကြေးချမ်းသာသူများ ပညာကို ငွေဖြင့် စိတ်ကြိုက် ဝယ်ယူနိုင်သော ခေတ် ဖြစ်ခဲ့သည်။ လူတို့၏ စိတ်နေစိတ်ထားများ အကျင့်စာရိတ္တများ ဘက်ပေါင်းစုံမှ ယိုင်နဲ့ကုန်ကြသည်။ အဆက်အသွယ်ကောင်းသော ကျောထောက်နောက်ခံရှိသော သူငယ်ချင်းများ ပြည်ပသို့ သွားရောက် ပညာသင်ကြသည်။ အချို့သူငယ်ချင်းများ ကျောင်းစာသင်ခန်းကို စွန့်ကာ စီးပွားရေးလောကထဲသို့ ရောက်ကုန်ကြသည်။ တစတစ နိုးထစပြုလာသော ရန်ကုန်နှင့်အတူ ရန်ကုန်လမ်းမများပေါ်တွင် မော်တော်ယာဉ်များ လိုအပ်သည်ထက် ပိုမို ရှုတ်ထွေးလာကြသည်။ အချက်ပေးဟွန်းသံများ ကျယ်လောင်လာကာ ယာဉ်ကြောပိတ်ဆို့မှုများလည်း များပြားလာခဲ့သည်။ ထို့အတူ လူအများ၏ စိတ်နေစိတ်ထားတို့သည်လည်း ရှုတ်ထွေးလာကြ၏။ ရန်ကုန်၏ ဆောင်းသည် အအေးဓါတ် နည်းပါးလာသည်။ နွေညများသည် ထင်မထားလောက်အောင် အပူရှိန် ပြင်းလာပြီး မိုးအဝင် နောက်ကျခဲ့သည်။ ပိတောက်ပန်းများ ပွင့်ချိန်လွန်ခဲ့သည်။ မြင့်တက်လာသော အပူရှိန်နှင့် အလာနောက်ကျသော မိုးကြောင့် အင်းလေးကန် ရေခမ်းသည်။ လောပီတမှ မီးအား အပြည့် ထုတ်မပေးနိုင်တော့သောအခါ ရန်ကုန်မြို့တွင် လျှပ်စစ်မီး မှန်မှန် မရတော့ပါ။ မတတ်နိုင်သူများ ဖယောင်းတိုင်မီးထွန်း၍ တတ်နိုင်သူများက မီးစက်များ ဝယ်ယူတပ်ဆင်ကြရ၏။ ငယ်စဉ်က မြင်ခဲ့ရသော် ချိုးဖြူ ရေပိုက်လုံးကြီးထဲတွင် ရေမရှိတော့ပြီထင့်… ရန်ကုန်တွင် ရေလည်း မှန်မှန် မရတော့ပါ။ အဝီစိတွင်းများ အပြိုင်အဆိုင် တူးဖေါ်ကြရ၏။ မီးလာချိန်တွင် အလုအယက် ရေတင်ရသော ယဉ်ကျေးမှု စတင်ထွန်းကား၏။ ချစ်သော ရန်ကုန်သည် မလိုအပ်ပါပဲ ဆူညံ ပူလောင်လာခဲ့ပြီ။
တစ်ဆက်တည်းမှာပင် ရန်ကုန်မြို့သာမက နိုင်ငံတနံတလျား လူနေမှုစရိတ်များ ကုန်ဈေးနှုန်းများ အစစ အရာရာ ကြီးမြင့်လာခဲ့သည်။ မိသားစုများ စားဝတ်နေရေး ကြပ်တည်းလာကြသည်။ ဒုစရိုက်မှုများ များပြားလာခဲ့သည်။ လူသားအချင်းချင်း သူ့ထက်ငါ အလုအယက်အနိုင်ယူ ကျော်လွှားချင်လာကြသည်။ ချစ်ခြင်းမေတ္တာများ မှိန်ဖျော့ပါးလျခဲ့သည်။ နားမျက်စိ အတန်ငယ်ပွင့်သည်ဟု ဆိုရမည်လား... ပြည်ပနှင့် ကူးလူးဆက်သွယ်မှု ပိုမို မျာပြားလာခဲ့သည်။ ခေတ်မီတိုးတက်သော ရုပ်ဝတ္ထုပစ္စည်းများနောက်ကို မမီမကမ်း ကြိုးစား လိုက်ပါကြရ၏။ ရုပ်ဝတ္ထုပစ္စည်းများ အတန်အသင့် ပြည့်စုံလာသော်လည်း မိသားစုဘဝများက အရင်ကလို ပျော်ရွှင်စရာ သိပ်မကောင်းလှတော့ချေ။ လသာသောညများတွင် မိသားစု စုံလင်သော စကားဝိုင်းများကို ညကိုးနာရီခွဲ သတင်းအပြီး ပြသသော ရုပ်မြင်ဇာတ်လမ်းတွဲများနှင့် အစားထိုးဖြစ်ကြသည်။ ညစာစားအပြီး အညောင်းအညာပြေ လမ်းလျှောက်ချိန်များကို တရုတ်တန်းဖက်သို့ ကားမောင်းကာ ဝက်သားတုတ်ထိုးစားရင်း၊ အအေးသောက်ရင်း၊ ဗီဒီယို အခွေငှားရင်း ဈေးဝယ်ရင်းဖြင့် ကုန်လွန်ဖြစ်ကြသည်။ ရန်ကုန်သည် တိုးတက်လာသည်လား ဆုတ်ယုတ်သွားသည်လား ကျွန်မအတွက် ရေရာသော အဖြေမရှိပါ။ ထိုအချိန်တွင် ပန်းဆိုးတန်း နိုင်ငံကူးလက်မှတ် ထုတ်ပေးသောရုံး၊ ဘားလမ်းမှ နိုင်ငံခြားငွေကြေး လဲလှယ်သောရုံး၊ ဘွဲ့လက်မှတ်များကို ဘာသာပြန်သောရုံးလို နေရာများတွင် လူကြီး လူငယ်များဖြင့် တိုးမပေါက်အောင် စည်ကားခဲ့ပါသည်။ အစိုးရကတော့ "ပြည်ပအားကိုး ပုဆိန်ရိုး" ဟူသော ဆောင်ပုဒ်ကို နိုင်ငံပိုင် သတင်းစာမျက်နှာဖုံးတွင် နေ့စဉ် နေ့တိုင်းဖေါ်ပြနေခဲ့သည်။
ထိုကာလ ရန်ကုန်တွင် အင်္ဂလိပ်စာ အရေးအပြော သင်တန်း၊ ကွန်ပျူတာ သင်တန်း၊ စာရင်းကိုင်သင်တန်းများမှ အစ ထမင်းချက် ဟင်းချက်သင်တန်း၊ မုန့်လုပ်သင်တန်းများ အဆုံး သင်တန်းပေါင်းစုံ ထွန်းကားသည်။ သင်တန်းတိုင်းလည်း လူပြည့်သည်။ စားသောက်ဆိုင်များ၊ ဘီယာဆိုင်များတွင် ကာရာအိုကေ ဆိုကြပြီး ပန်းကုံးစွပ် ယဉ်ကျေးမှု စတင်ထွန်းကားသည်။ ရွှေတိဂုံဘုရားကို စက်လှေခါး ဓါတ်လှေခါးတို့ဖြင့် တက်နိုင်ပြီ။ "မောင်မယ်အတူ တောင်ဖက်မုဒ်က လှေခါးထစ်တွေ တက်ရင်းနဲ့လေ ရေကြည့်ကြတာပေါ့..." ဆိုသည်မှာ သီချင်းအဖြစ် သီဆိုရုံသာ ကျန်ရစ်တော့သည်။ ရန်ကုန်သည် နေရာတိုင်းတွင် အရင်စလို ဖြစ်နေခဲ့သည်။ ဂုံးကျော်တံတားများ၊ ခေတ်မီတိုက်တာများ၊ ဟိုတယ်ကြီးများ၊ နိုင်ငံတကာအဆင့်မီ စတိုးဆိုင်ကြီးများ၊ အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းသော အဝတ်အထည်များ၊ အသုံးအဆောင်များ၊ တစ်ပတ်ရစ်ကားများဖြင့် ရန်ကုန်သည် အနည်းငယ် လင်းလက်လာသယောင် ထင်ရသည်။ သို့သော် ယခင် ဆယ်စုနှစ်များတုန်းကလို အေးချမ်းမှုများ ရှာမရတော့ချေ။ ရန်ကုန်၏ အပူချိန် ဒီကရီမှာ တရိပ်ရိပ်... မြင့်သည်ထက် မြင့်တက်လာခဲ့ပြီဖြစ်သည်။
(၄)
သည်လိုနှင့် ရေကြည်ရာ မြက်နုရာကို ရှာဖွေခဲ့သည်လား၊ ကိုယ့်အတ္တကို ကိုယ် ရှေ့တန်းတင်ခဲ့သည်လား၊ အလိုဆန္ဒကို ဦးစားပေးခဲ့သည်လား၊ ကျွန်မက ထိုအရာများကို ရွေးချယ်ယူခဲ့သည်လား ထိုအရာများက ကျွန်မကို ရွေးချယ်ယူသွားသည်လား… တပ်တပ်အပ်အပ် မပြောနိုင်သော်လည်း ကျွန်မ၏ တတိယ ဆယ်စုနှစ်နှောင်းပိုင်းကာလများတွင် ချစ်သော ရန်ကုန်ကို စွန့်ခွာရန် အကြောင်းဖန်လာခဲ့တော့သည်။ နေရာဒေသ အသစ်တစ်ခု၏ ဖမ်းစားမှုနှင့် မတူညီသော ယဉ်ကျေးမှု၊ နေထိုင်ဆက်ဆံမှု အပြောင်းအလဲများကြားတွင် ကိုယ့်ကိုယ်ကိုယ် အခြေခိုင်ခိုင် ရပ်တည်နိုင်အောင် ကြိုးစားရင်း ရန်ကုန်နှင့် ကျွန်မ အလှမ်းဝေးခဲ့ရသည်။ သို့သော် ရန်ကုန်သတင်းများကိုမူ ကြားနိုင်သလောက် နားစွင့်နေခဲ့မြဲ။ ၂၀၀၇ ရွေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ နာဂစ်မုန်တိုင်းတို့က ရန်ကုန်ကို အရုပ်ဆိုးအောင် ဒုက္ခပေးခဲ့ကြပြန်သည်။ ထိုအချိန်များတွင် ချစ်သောရန်ကုန်ကို စိတ်မကောင်းစွာ ငေးကြည့်ရင်း ကျွန်မ တတ်စွမ်းသည့်ဖက်မှ ဖြည့်ဆည်း ကူညီခဲ့ပါသည်။ ရပ်ဝေးတစ်နေရာမှ ကျွန်မကို ချစ်သော ရန်ကုန်က ခွင့်လွှတ်နားလည်ပေးလိမ့်မည်ဟုလည်း မျှော်လင့်ပါသည်။
သည်လိုနှင့် နောက်ထပ် ဆယ်စုနှစ်တစ်ခု အလွန်တွင် ရန်ကုန်ကို ကျွန်မ ပြန်ကြည့်ဖြစ်ခဲ့သည်။ အစစ အရာရာ တိုးတက် ပြောင်းလဲနေပြီဖြစ်သော ရန်ကုန်သည် ကျွန်မကို မင်္ဂလာဒုံလေဆိပ်မှ စတင်ကာ ခပ်စိမ်းစိမ်း ကြိုဆိုလေသည်။ ကျွန်မ ရန်ကုန်တွင် နေထိုင်ခွင့်ရှိသော နေ့ရက်များအတွင်း ကိုယ်တိုင်နှစ်သုံးဆယ်နီးပါး သိကျွမ်းရင်းနှီး ချစ်ခင်ခဲ့ဖူးသော ငယ်ချစ် ရန်ကုန်ကို လိုက်လံရှာဖွေမိသည်။ သို့သော် ချစ်သောရန်ကုန်သည် ရွှေတိဂုံမှလွဲလျှင် ရန်ကုန် မဟုတ်တော့ချေ၊ မြင်ရ တွေ့ရသမျှ အရာအားလုံးသည် မည်သို့မျှ မနှိုင်းယှဉ်သာအောင် တိတိပပ ပြောင်းလဲခဲ့ပြီ။ အပြောင်းအလဲများလှသော ရန်ကုန်မြို့ကြီးထဲမှ ရန်ကုန်သည် ကျွန်မအတွက်တော့ အစိမ်းသက်သက်။ နောက်ပိုင်း အခါအခွင့်သင့်သလို နှစ်နှစ် တစ်ကြိမ်၊ သုံးနှစ် တစ်ကြိမ် ပြန်ရောက်ဖြစ်သောအခါတိုင်းလည်း ရန်ကုန်သည် ကျွန်မအတွက် စိမ်းမြမြဲ စိမ်းမြနေဆဲ။ တစ်ကြိမ်တစ်ခါမှ မသိခဲ့ဖူးသူ တစ်ယောက်လို ဖြစ်နေမြဲ။ ကျွန်မကလည်း ကျွန်မ သိခဲ့ဖူးသော၊ ကျွန်မ ချစ်ခဲ့ဖူးသော ရန်ကုန်ကို (ခေါင်းမာမာဖြင့်) မျှော်လင့်တကြီး လိုက်လံ ရှာဖွေနေခဲ့မြဲ။ အကျွမ်းတဝင်ရှိခဲ့ဘူးသော ရန်ကုန် - ကျွန်မဘဝထဲက (အပြီးတိုင်) ဝေးကွာ ပျောက်ဆုံးသွားခဲ့ပြီ ဆိုသည်ကို လက်မခံနိုင်သေးသ၍ နောက်နောင်တွင်လည်း ကျွန်မ ချစ်သော ရန်ကုန်ကို အစဉ်အမြဲ လိုက်လံရှာဖွေဖြစ်နေဦးမည်သာ။
သက်ဝေ
(၃ ဇွန် ၂၀၁၉)
- မေတ္တာပေါင်းကူးစာပေမှ ထုတ်ဝေသော "ရန်ကုန်အက်ဆေး" စာအုပ်တွင် ဖေါ်ပြပါရှိပြီး ဖြစ်သည်။
No comments:
Post a Comment
အမှတ်တရ ရေးခဲ့ပါ...