Sunday, November 15, 2020

ရွာရန် ရာနှုန်း ၈၀

အချစ်မှာလည်း ရေချိန်ရှိတယ်၊ အလွမ်းမှာလည်း ရေချိန်ရှိတယ်၊ နာကျင်မှုမှာလည်း ရေချိန်ရှိပါတယ် ဆိုသော်ငြား... 

ဖြူနဲ့ အောင့် ကို မီးခိုးခေါင်းတိုင်လေးထဲ အတူတူ ပြန်ဝင်စေခဲ့တဲ့အတွက် ဘယ်လောက်ပျော်သွားတယ်ဆိုတာ ပြောမပြတတ်ဘူး။ မီးခိုးခေါင်းတိုင်လေးထဲက ပြန်ထွက်လာတဲ့အခါ အထဲမှာ သန့်ရှင်းရင် သူတို့မျက်နှာတွေမှာလည်း အမှုန်အမှိုက် မရှိပဲ သန့်ရှင်းနေမှာပေါ့၊ ခေါင်းတိုင်လေးထဲမှာ မီးခိုးကြပ်ခိုး အစအနတွေ ရှိနေခဲ့ရင်တော့ သူတို့ နှစ်ယောက်စလုံး ပေတူးလေးတွေ ဖြစ်လာကြမှာပေါ့... ဒါပေမယ့် အကောင်း အဆိုး ဘာပဲဖြစ်ဖြစ် နှစ်ယောက် အတူတူ ဆိုတဲ့ အသိကတော့ အမြဲ ကျေနပ်စရာ ဖြစ်နေမှာပါ။ 

သူတို့နှစ်ယောက် ဝေးကြဦးမှာလား နီးသွားကြမှာလား လို့တော့ မမေးချင်ဘူး... တစ်ချို့သော ဆက်ဆံရေးတွေဟာ ကာယကံရှင်တွေ ကိုယ်တိုင် အမည်တပ်ဖို့... နီးသလား ဝေးသလား ဆုံးဖြတ်ဖို့ ခဲယဉ်းနေတတ်ပါတယ်။ 

မိုးကုတ်စက်ဝိုင်းဟာ အဆုံးအစမဲ့ ကျယ်လွန်းလှတယ်၊ ရွေ့လျားနေတဲ့ တိမ်တိုက်တွေနဲ့ မြက်ခင်းစိမ်းပေါ်မှာ ဖြာကျနေတဲ့ နေရောင်ခြည်တန်းတွေကလည်း သိပ်လှတယ်။ အဲဒီ မြက်ခင်းစိမ်းပေါ်က မြက်ပွင့်တွေ ကြားထဲမှာ တစ်ပွင့်နဲ့ တစ်ပွင့် မလှမ်းမကမ်း ရှိနေကြပြီး ဒီ့ထက် နီးကပ်လာဖို့လည်း မလို၊ ဒီ့ထက် ပိုဝေးကြဖို့လည်း မဖြစ်နိုင်တဲ့ မြက်ပွင့်လေး နှစ်ပွင့်ဟာ ဖြူ နဲ့ အောင် လည်း ဖြစ်နိုင်သေးတာပဲ မဟုတ်လား... ဘော်ဘီနဲ့ ကလဲရာက အဲဒီမြက်ခင်းစိမ်းပေါ်မှာ ပြေးလွှား ဆော့ကစားလို့လေ... 

အဓိကကတော့ တစ်ဦးကို တစ်ဦးက ချည်နှောင်တဲ့ ချစ်ခြင်းမေတ္တာ...
ချစ်ခြင်းမေတ္တာသာ ရှိနေရင် သူတို့ ဘယ်တော့မှ... ဘယ်တော့မှ... ဘယ်တော့မှ.... 


မျက်ဝန်းမှာ အလင်းထည့်ပြီး ပြုံးတတ်သူ ချစ်ညီမ အေးလဲ့ ရဲ့ "ရွာရန် ရာနှုန်း ၈၀" သို့ အမှတ်တရ...

သက်ဝေ
(၇ နိုဝင်ဘာ ၂၀၂၀)

1 comment:

အမှတ်တရ ရေးခဲ့ပါ...