Saturday, October 1, 2022

တစ်နေ့သော နေသာချိန်

နေရောင်လေး တစွန်းတစ မြင်နေရတဲ့ မနက်ခင်းကို ကြည်နူးစိတ်အပြည့်နဲ့ ငေးကြည့်နေမိချိန်မှာ ရုတ်တရက် တိမ်ညိုတွေ လွင့်လာပြီး ကောင်းကင်တစ်ခုလုံး မှောင်မည်း... မိုးတွေ ရွာချလိမ့်မယ်လို့ ဘယ်သူက တွေးထားမိမှာလဲ။ အဲဒီလိုပဲ... မနေ့က အထိ ကြည်လင် လန်းဆန်းနေတဲ့ စိတ်တွေဟာ နောက်တစ်နေ့မှာ ရုတ်ချည်း နောက်ကျိ ရှုပ်ထွေးသွားရလိမ့်မယ်လို့ ဘယ်သူက တွေးထားမိမှာလဲ။

မိုးတွေ သည်းသည်းထန်ထန် ရွာတဲ့ နေ့တွေတိုင်းမှာ အပြင်မထွက်တော့ဘူး၊ အနွေးထည်ဝတ်မယ်၊ ကော်ဖီသောက်မယ်၊ စာဖတ်မယ်ဆိုပြီး စိတ်အေး လက်အေး ပျော်ရွှင်သွားလေ့ရှိပေမယ့် ဒီနေ့တော့ ကိုယ် မပျော်ရွှင်နိုင်ခဲ့ဘူး။ ဟုတ်တယ်... ဒီနေ့ ကိုယ် မပျော်ဘူး။ ပြတင်းတံခါးကတဆင့် မြင်နေရတဲ့ တံစက်မြိတ်က မိုးရေစက်တွေကို ကြည့်ရင်း တစုံတရာကို တမ်းတ လွမ်းဆွေးနေခဲ့တယ်။ တကယ်ဆို လောကမှာ ကိုယ် အမြင်ချင်ဆုံးအရာက သူ့ရဲ့ စိတ်ချမ်းမြေ့ ပျော်ရွှင်မှုပဲ ဆိုတာ ဒီနေ့မှာ ပိုပြီး လေးနက် သေချာသွားခဲ့တယ်။ 
 
 
မိုးက ရွာလိုက်တာ... မိုးရေစက်တွေကလည်း ထူထပ်သိပ်သည်း နေတာပါပဲ။ လျှပ်စီးလက်တာနဲ့ အတူတူ ကပ်ပါလာတဲ့ မိုးခြိမ်းသံကလည်း တစ်ကြိမ်နဲ့ တစ်ကြိမ် အတော်လေးကို စိတ်တယ်။ မိုးကို ချစ်တဲ့သူနှစ်ယောက်အတွက် ဘယ်လောက် အေးချမ်းချင်စရာကောင်းလိုက်တဲ့ နေ့တစ်နေ့လဲ... ဒါပေမယ့် သူလည်း အေးချမ်းနေမှာ မဟုတ်သလို ကိုယ်လည်း မအေးချမ်းနိုင်ခဲ့ဘူး။ ဒီအချိန်မှာ ကိုယ် ဘာလုပ်ပေးနိုင်မလဲ... စဉ်းစားကြည့်တော့ ကိုယ် လုပ်ပေးနိုင်တာ တစ်ခုပဲ ရှိတယ်။ အဲဒါကတော့ အတတ်နိုင်ဆုံး ငြိမ်ငြိမ်သက်သက်လေး တိတ်ဆိတ်နေပေးဖို့ပါပဲ။ 

တံစက်မြိတ်ကို မြင်နေရတဲ့ ပြတင်းပေါက်က သစ်သားတံခါးကို ဆွဲပိတ်လိုက်ပြီး အိပ်ခန်းထဲ ပြန်ဝင်လာခဲ့တယ်။ အိပ်ရာဘေးက စာကြည့်မီးအိမ်ကို ခလုတ်ပိတ်၊ ဖွင့်လက်စ စန္ဒရား တီးလုံးသက်သက် ဓါတ်ပြားကို စက်ထဲက ထုတ်၊ ဓါတ်ပြားစက်ကိုပိတ်ရင်း တဆက်တည်း မီးခလုတ်ကိုပါ လှမ်းပိတ်လိုက်တယ်။ အလင်းရောင် တစွန်းတစ ဝင်နေသေးတဲ့ မှန်ပြတင်းက နက်ပြာရောင် ခန်းဆီးစကိုလည်း တင်းတင်း ဆွဲပိတ်လိုက်တယ်။ 

အရာရာဟာ ငြိမ်သက် တိတ်ဆိတ်၊ ဘယ်လိုအလင်းရောင်မျိုးမှ မတိုးတော့တဲ့အခန်းကို တချက် ဝေ့ကြည့်ပြီး လွတ်နေတဲ့ (အမြဲ အလွတ်ထားလေ့ရှိတဲ့) အခန်းထောင့်လေးမှာ သွားထိုင်လိုက်တယ်။ အဲဒီ အခန်းထောင့်ချိုးနေရာလေးဟာ ကိုယ့်ကို အင်မတန် နွေးထွေးစေတဲ့ နေရာလေး... သူ့ကိုသတိရတိုင်း သွားထိုင်နေကျ နေရာလေး၊ ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းမကျရင် အပြစ်ပေးသလို သွားပုန်းနေကျ နေရာလေး၊ စိတ်ထိခိုက်ရင် တိတ်တိတ် မျက်ရည်ကျလို့ ရတဲ့ နေရာလေး၊ ကိုယ့် တစ်ကိုယ်စာ ခံစားရသမျှကို ကွယ်ဝှက် လုံခြုံစေတဲ့ နေရာလေး...။ အခုလည်း အဲဒီနေရာလေးမှာ သွားထိုင်ရင်း စုစည်းလို့ ရသမျှ အာရုံတွေ အကုန်လုံး သူ့ဆီကို ဦးတည် စေညွှန်းရင်း... အခိုက်အတံ့တစ်ခုတော့ ငြိမ်သက်နေပါရစေ... 

တစ်နေ့သော နေသာချိန် 
ရည်စူး မျှော်လင့်ပြီး... ❤️

သက်ဝေ
(၁ အောက်တိုဘာ ၂၀၂၂)

1 comment:

အမွတ္တရ ေရးခဲ့ပါ...