Monday, October 10, 2022

ကိုကိုနဲ့ ကျွန်မရဲ့ ကောင်းကင်

သစ်သားတံတား အစပ်မှာ ထိကရုန်းပင်လေးတွေ...
ထိလိုက်တာနဲ့ အရွက်လေးတွေ ယှက်ပြီး လှလှပပ ပိတ်သိမ်းသွားတဲ့ ထိကရုန်းပင်တွေကို တစ်ခုချင်း ခပ်ဖွဖွ လိုက်ထိကြည့်နေခဲ့တယ်... ညနေက။ 

သူ့ရဲ့ အင်္ဂလိပ်နာမည် Mimosa ဆိုပေမယ့် Touch me not လို့ လူသိများတဲ့၊ မြေပြင်နဲ့ နီးနီးမှာ ငြိတွယ်နေကြတဲ့ ချစ်စရာ အပင်လေးတွေ။ ပန်းနုရောင် ပန်းပွင့် လုံးလုံးသေးသေးလေးတွေက ဘောလုံးလေးတွေနဲ့ တူတယ်၊ တို့ ထိကြည့်တော့လည်း သူတို့ရဲ့ အထိအတွေ့ဟာ သိပ်နူးညံ့တာပါပဲ။ Touch me not - ငါ့ကို မထိပါနဲ့ - လို့ အမည်ရတဲ့ အပင်ကလေး အရွက်ကလေးတွေပေမယ့် မြင်သူတိုင်းက ထိချင်လှတယ်။ မတို့ မထိပါနဲ့ ဆိုနေမှ ပိုပြီး တို့ထိချင်ကြတာ လူ့သဘာဝပဲလား။ လက်ရဲ့ လှုပ်ရှားမှုတလျောက်မှာ တစ်လွှာပြီးတစ်လွှာ တိတ်ဆိတ် ငြိမ်သက်စွာ မျက်လွှာချသွားတဲ့ စိမ်းရင့်ရင့် ထိကရုန်းရွက်တွေကို ကြည့်ရင်း အတွေးတွေဟာ မကြာသေးတဲ့ အဲဒီညနေခင်းကို ပြန်ရောက်သွားခဲ့တယ်။
 
အဲဒီညနေက မိုးရွာရင်ကောင်းမှာပဲလို့ တောင့်တမိသေးတယ် ဒါပေမယ့် မရွာပါဘူး၊ မိုးရိပ် မိုးရောင်တွေ ကင်းစင်လို့၊ ခပ်ဖျော့ဖျော့ နေရောင်ခြည်တန်းတွေပဲ ရှိတယ်။ နက်ပြာရောင် တီရှပ်ပေါ်မှာ ရှပ်လက်ရှည်ကို လက်နည်းနည်း ပြန်ခေါက်ပြီး သက်တောင့်သက်သာ ထပ်ဝတ်ထားလို့ ရနေတာကို ကြည့်လိုက်ရင် ပူအိုက်မနေဘူးဆိုတာ သိသာတယ်။ 

ညနေဟာ တဖြည်းဖြည်းနဲ့ နေဝင်ချိန်ဖက်ကို ရောက်မှန်းမသိ ရောက်လာခဲ့ပြီ။ တကယ်တော့ နေဝင်ချိန်တွေ သိပ်လှတယ်ဆိုတာ အရင်က သိပ်သတိမထားမိပါဘူး။ အဲဒီညနေခင်းကျမှ...။ ကြည့်ပါဦး... သိပ်လှတာပဲနော်၊ တိမ်ကင်းစင်ပြီး ပြာရီလဲ့နေတဲ့ ကောင်းကင်ရယ်၊ သစ်ပင်တွေကို လေတိုးသံ သဲ့သဲ့ရယ်၊ အိပ်တန်းတက်ခါနီး ငှက်ကလေးတွေရဲ့ တေးသံတစ်ချို့ရယ်... ဒါ တစ်နေ့လုံးရဲ့ အလှပဆုံးအချိန်ပဲ ဖြစ်လိမ့်မယ်။ အဲဒီလို အလှပဆုံးအချိန်မှာ ချစ်တဲ့သူ နှစ်ယောက် အတူတူရှိနေခဲ့ရတယ် ဆိုတဲ့အဖြစ်ထက် ပိုပြီးလှပ ပြည့်စုံတဲ့ အဖြစ်မျိုး လောကမှာ ရှိနိုင်သေးလို့လား။
 
ကိုယ် ချစ်ရတဲ့ သူ့ကို အနားမှာထားလို့ ညနေ နေဝင်ချိန်အလှကို တစ်ခါမှ မမြင်ဖူးသူတစ်ယောက်လို အံ့သြတကြီး ငေးမောရင်းက ပြုံးမိတယ်။ လမ်းဘေးတလျောက်က အရွက်နီနီနဲ့ သစ်ပင်တွေကလည်း ပြုံးကြည့်နေကြသလိုပါ။ အဲဒီလို ပြုံးပျော်နေရင်းကပဲ ဂငယ်ကွေ့ ကွေ့ရမယ့် လမ်းဖြတ်ကလေးကို ကျော်ချသွားခဲ့တာ။ ဒီတော့ ပြုံးရုံမဟုတ်ပဲ နှစ်ယောက် အတူတူ အသံထွက် ရယ်မောမိတာပေါ့။ မှားဖြစ်အောင် မှားလိုက်သေးတာနော် ဒါပေမယ့် ရပါတယ်... ဟိုးရှေ့မှာ နောက်တစ်ကွေ့ ရှိတယ် အဲဒီက ပြန်ကွေ့လို့ ရသေးတယ်... (ဘဝကတော့ အရှေ့နားမှာ ပြန်ကွေ့ချင်လို့ ရ မရ မသေချာဘူး - ဒါက အသံမထွက်ပဲ စိတ်ထဲက ပြောလိုက်မိတဲ့ စကားပါ)
 
ညနေခင်းဟာ လှပသလို စိတ်ကူးတွေကို ဆူးတွေနဲ့ နှင်းဆီနီနီတစ်ပွင့်ပမာ ရဲရင့်စေခဲ့သေးတယ်။ စိတ်ကူးထဲမှာတော့ ကိုကို့ကို ကိုကို လို့ ခပ်တိုးတိုး ခေါ်ကြည့်ဖို့၊ မျက်နှာချင်းဆိုင်ရင်း မျက်လုံးတွေထဲကို တည့်တည့် မော့ကြည့်လိုက်ဖို့၊ ကိုကိုနဲ့ လက်ချင်းတွဲရင်း လမ်းလျှောက်ကြဖို့ ၊ ရေကန်လေးရဲ့ အစပ်မှာ အတူတူထိုင်နေတုန်း ပုခုံးစွန်းကို ခဏလေးဖြစ်ဖြစ် မှီထားလိုက်ဖို့၊ နောက်တစ်ကြိမ် ပြန်မတွေ့ရခင် လွမ်းနေရမယ့် အလွမ်းတွေထဲက တစ်ချို့ကို ကိုကို့ ရှပ်ကော်လာ အပြာလေးထဲ (မမေ့မလျော့) ခွဲထည့်ပေးလိုက်ဖို့...။ ဟုတ်ပါရဲ့... စိတ်ကူးတွေကဖြင့် မဆန်းသစ်ပေမယ့် စိမ်းလန်း ရဲရင့်လို့။

ညနေခင်းဟာ အလင်းရောင်တွေ ပါးလျချိန်မှာ ဝါကျင့်ကျင့် မီးတိုင်လေးတွေရဲ့ အလင်းရောင် ဖျော့ဖျော့ကြားမှာ ပိုလို့တောင် လှပနေခဲ့သေးတယ်။ 
 
 
၁၉ နာရီ ၃၁ မိနစ်...
နာရီကို ဖျတ်ကနဲ လှမ်းအကြည့်မှာ ၁၉ နာရီ ၃၁ မိနစ်လို့ တွေ့ရတယ်။ ညနေရဲ့ အလှဆုံး အချိန်။ သစ်သားတံတားလေးက ငြိမ်ငြိမ်သက်သက်။ တံတားဘောင်ကနေ အောက်ကို ငုံ့ကြည့်တော့ ကန်ရေပြင်ထဲမှာ ကြာဖြူ အငုံအဖူးလေး တစ်ခု။ နီးနီးလေး ဆိုတဲ့ အသိစိတ်ဟာ အရာရာကို ပြီးပြည့်စုံစေခဲ့... ပြီးတော့ အရာရာကိုလည်း မေ့လျော့နေစေခဲ့ပါတယ်။ အခု နီးနီးလေးဆိုပေမယ့် ခဏကြာရင် ဝေးရဦးမယ် ဆိုတဲ့ အသိကတော့ ပျော်စရာမကောင်းဘူးလေ။ ဒါပေမယ့် အတူရှိနေရ နီးနေရတဲ့ အချိန်လေးကို စုံမက်ဖို့ သူပြောတော့ ခေါင်းညိတ်ပြရင်း သက်ပြင်းတစ်ချက် တိတ်တိတ် ခိုးချမိတယ်။ မပျော်တတ်သူတစ်ယောက်ကို ပျော်ရွှင်လာအောင်၊ အခါများစွာမှာ တက်ကြွမှုနည်းပါးပြီး ငေးနေတတ်သူတစ်ယောက်ကို ပြုံးရယ်ရွှင်မြစေအောင် အဲဒီ ညနေခင်းနဲ့ ကိုကိုက တတ်နိုင်ခဲ့တယ်။ 
 
ညက သူ့အချိန်နဲ့သူ မှောင်သွားတော့ အရာရာ မဖြစ်မနေ အဆုံးသတ်လိုက်ရတာပါပဲ။ ဒါပေမယ့် စိတ်ထဲမှာ အများကြီး ကျန်နေခဲ့တယ် မတင်မကျ ဖြစ်ရပ်တွေ ၊ ဘယ်သူမှ နားမလည်နိုင်မယ့် စိတ်အတွေးတွေ နဲ့ နောင်တ တချို့ ... ပြီးတော့ မေးဖို့ ရည်ရွယ်ထားပြီး မမေးဖြစ်လိုက်တဲ့ မေးခွန်း တချို့နဲ့ ဆိုပါတော့။
 
အလာလမ်းမှာ တွေ့ခဲ့တဲ့ ရေကန်ထဲက ကြာဖူးလေးကပဲ အပြန်ကျတော့ ကြာပွင့်ကလေးအဖြစ်နဲ့ လှပနေခဲ့တာ မထင်မှတ်ပဲ တွေ့လိုက်ရတယ်။ ခွဲရတော့မယ့် အချိန်လေးအတွက် အလွမ်းတွေ ဝေဝေဆာဆာ ဖူးပွင့်ခြင်းရဲ့ သင်္ကေတ လား။ ဒါပေမယ့်... သီချင်းတစ်ပုဒ်မှ နားမထောင်လိုက်ရ၊ သူ့နှုတ်ဖျားက သီချင်း ညည်းသံ တပိုင်းတစလေးမှ မကြားလိုက်ရတဲ့ ညနေ၊  မေ့လျော့နေခဲ့ကြတာမျိုး မဟုတ်ပါပဲ အတွေးကိုယ်စီ အလွမ်းကိုယ်စီနဲ့ နှု တ်ဆိတ် ငြိမ်သက်နေခဲ့ကြတာနော်။ 
 
နောက်ဆုံးတော့ ညနေခင်း စိတ်ကူးတွေဟာ ညနေခင်းမှာပဲ ထိကရုန်းပင်လေးတွေလို ပိတ်သိမ်း ငြိမ်သက်၊ ဘယ်သူကမှလည်း မတို့ မထိရပါပဲနဲ့။ 
 
သေချာတာက နောက်တစ်နေ့ မနက်ခင်းရဲ့ ခပ်နွေးနွေး နေရောင်ခြည်တန်းတွေရဲ့ အထိအတွေ့မှာ ထိကရုန်းပင်လေးတွေဟာ လန်းလန်းဆန်းဆန်း ပြန်လည်နိုးထခွင့် ကြုံကြရလိမ့်မယ်။ မိုးစက်မိုးပေါက်ကလေးတွေ ရွာကျလာရင်လည်း သူတို့ အေးအေးမြမြ နိုးထကြရလိမ့်မယ်။ နှင်းငွေ့တွေ ဖုံးလွှမ်းလာတဲ့အခါမှာလည်း နှင်းစက်လေးတွေက ဖွဖွညင်သာ နှိုးကြလိမ့်မယ်။ ဒါပေမယ့်... ဒါပေမယ့် ဘယ်သူမှ မတို့ မထိရပါပဲ အလိုအလျောက် ပိတ်သိမ်းထားဖြစ်ခဲ့တဲ့ ရဲရင့်စိတ်ကူးတွေကတော့ ဘယ်အချိန် ဘယ်အခါကျမှ ဘယ်လိုကြောင့် ပြန်လည်နိုးထလာမယ်ဆိုတာ ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။
 
သက်ဝေ
(၁၁-၁၁-၂၀၁၉)

No comments:

Post a Comment

အမွတ္တရ ေရးခဲ့ပါ...