အခုတလောမှာ သူငယ်ချင်းတွေဆီက ကြားနေရတာတွေက လုပ်ငန်းခွင်ထဲမှာ နေ့တဓူဝ တွေ့ကြုံနေရတဲ့ တယောက်နဲ့တယောက် မနာလို ပြိုင်ဆိုင်မှုတွေ၊ အထက်လူကြီးဆီမှာ မျက်နှာသာရဖို့ အတွက် တယောက်ကိုတယောက် ဂျောက်တွန်းတတ်တာတွေ၊ အသစ်ဝင်လာတဲ့ လူသစ်တွေကို လူဟောင်းတွေက အကြောင်းမဲ့ ပညာပြတတ်ကြတာတွေ၊ ဒီထက် ပိုဆိုးတာက အဲဒီအဖြစ်တွေက လူမျိုးခြားတွေနဲ့ ဖြစ်ကြတာမဟုတ်ပဲ ကိုယ့် မြန်မာအချင်းချင်း ဖြစ်ကြတာတွေ တဲ့လေ…။ ဟိုတနေ့က အိမ်လာလည်တဲ့ သူငယ်ချင်းတယောက်ဆို တယောက်ဆို သူ့ရုံးမှာ မြန်မာတွေ အချင်းချင်း မတည့်ကြလို့ ရန်တွေဖြစ်ကြတာ သူ့မှာ ငိုတောင်ငိုရတယ်တဲ့.. ။ နောက်သူငယ်ချင်း တယောက်ကဆို အချင်းချင်း မခံချင်အောင်ပြောဆိုကြရင်း စိတ်တွေဆိုးပြီး ရန်တွေဖြစ်ကြရင်း ရေဗူးနဲ့တောင် ကောက်ပေါက်မလို ဖြစ်ကြတာတဲ့…။ ဘုရားရေ… အဲဒီလို အကြောင်းတွေ ကြားရတော့ ကိုယ် တကယ်ကိုပဲ ကြောက်အားလန့်အားနဲ့ ဘုရားတ မိပါတယ်။
အဲဒီလို စိတ်ညစ်စရာ ပြဿနာတွေ အကြောင်း ကြားရတဲ့အခါမှာ ကိုယ် ကိုယ်တိုင် သေသေချာချာ သတိမထားဖြစ်ခဲ့တဲ့၊ ကိုယ့်ရဲ့ ပျော်စရာကောင်းလှတဲ့ လုပ်ငန်းခွင် နေ့ရက်တွေအကြောင်းကို တွေးမိပြီး အမှတ်တရ ပြောပြချင်စိတ်၊ ရုံးက မောင်လေး ညီမလေးတွေကို ကျေးဇူးတင်တဲ့စိတ်၊ ချစ်ခင်တဲ့စိတ်နဲ့ ဒီပိုစ့်လေးကို ရေးဖြစ်ပါတယ်။
အဲဒီလို စိတ်ညစ်စရာ ပြဿနာတွေ အကြောင်း ကြားရတဲ့အခါမှာ ကိုယ် ကိုယ်တိုင် သေသေချာချာ သတိမထားဖြစ်ခဲ့တဲ့၊ ကိုယ့်ရဲ့ ပျော်စရာကောင်းလှတဲ့ လုပ်ငန်းခွင် နေ့ရက်တွေအကြောင်းကို တွေးမိပြီး အမှတ်တရ ပြောပြချင်စိတ်၊ ရုံးက မောင်လေး ညီမလေးတွေကို ကျေးဇူးတင်တဲ့စိတ်၊ ချစ်ခင်တဲ့စိတ်နဲ့ ဒီပိုစ့်လေးကို ရေးဖြစ်ပါတယ်။
*******
ကိုယ်တို့ရုံးက ဒီမှာတော့ တော်တော်ကြီးတဲ့ အဖွဲအစည်းတခုပါ။ ရုံးထဲမှာ ဌာနအလိုက်တွေ ခွဲထားတာမှာ ကိုယ်တို့ကတော့ Engineering (Design) Dept. ကပေါ့။ သို့သော် မြန်မာ Dept. လို့ ခေါ်လို့ ရလောက်အောင်ကို မြန်မာတွေ များပါတယ်။ အခုလောလောဆယ် ကိုယ်တို့ဌာနမှာ မလေး ၃ ယောက်၊ ပြည်ကြီး တရုပ်မ ၁ ယောက်၊ စလုံးတရုပ်လေး ၁ ယောက်နဲ့ မြန်မာ မောင်လေး ညီမလေးတွေ စုစုပေါင်း ၈ ယောက် ရှိပါတယ်။ ဒါတောင် နောက် မြန်မာ ၃ ယောက်က Site ထဲမှာ ခဏရောက်နေလို့ပါ။ သူတို့လေးတွေ အားလုံးက ကိုယ့်ထက် ငယ်ကြပါတယ်။ မောင်လေးတွေ ညီမလေးတွေပေါ့။ (ပြောရတာ အားငယ်လိုက်တာ၊ ကိုယ်အသက်ကြီးတာ လူတွေသိကုန်ကြပြီ) ကိုယ်တို့ အထက်လူကြီးကတော့ အလွန်သဘောကောင်းတဲ့ စလုံးတရုပ်ပါ။ ချောလဲ ချောပါတယ် အရပ်ကလေး နဲနဲပုတာက လွဲလို့ပေါ့။ (ကြားရင် သတ်ချင်မှာပဲ…)
အခန်းထဲမှာ မြန်မာတွေများလွန်းလို့ စလုံး တရုပ်လေးက မကြာခဏ ပြောတတ်တယ် “ငါက ဒီဌာနမှာ နိုင်ငံခြားသားပါ” တဲ့။ ဟုတ်လဲ ဟုတ်တာပဲလေ… ကိုယ်တို့အားလုံး တပျော်တပါးကြီး မြန်မာတွေလို ပြောနေကြတဲ့အချိန်မှာ သူလေးက မျက်လုံး အပြူးသားနဲ့ပေါ့။ တခါတခါကျ သူစိတ်တိုလာရင် “ဟေး.. Channel 5 ကို ပြောင်းကြပါ” လို့ အော်တတ်တယ်။ Channel 5 ဆိုတာက ဒီမှာ အင်္ဂလိပ်လို လွှင့်တဲ့ Channel တခုပါ။ အင်္ဂလိပ်လို ပြောင်း ပြောကြပါလို့ ဆိုလိုတာပေါ့။ ကိုယ်တို့တွေကတော့ Channel ပြောင်းလဲ ခဏပါပဲ။ ပြီးရင်တော့ မြန်မာလိုတွေချည်း အားပါးတရ ပြောကြတာပါ။ ကြာတော့ သူလဲ စိတ်ညစ်တယ် ထင်ပါရဲ့၊ မပြောတော့ဘူး၊ နားထဲကို နားကြပ်တပ်ပြီး တချိန်လုံး သီချင်း နားထောင်နေတော့တာပါပဲ။ အခန်းထဲက မလေး အမျိုးသားတယောက်ဆို မနက် ရုံးရောက်တိုင်း ကိုယ်တို့က “Good Morning” လို့နှုတ်ဆက်တာတောင် သူက “မင်္ဂလာပါ” တဲ့လေ…။ နေ့လည် ထမင်းစားချိန်ရောက်ရင်လဲ “စားကြမယ်... စားကြမယ်...” လို့ လာပြောတတ်ပါသေးတယ်။ ညနေ ရုံးဆင်းချိန်ရောက်ရင်တော့ “အိမ်ပြန်မယ်” တဲ့…။ ကဲ.. ကြည့်ပါအုံး… ကိုယ်တို့ရဲ့ လွှမ်းမိုးမှုက ဘယ်လောက်များ ကြီးမားသလဲဆိုတာ…။
ကိုယ်နဲ့ အလုပ်အတူတူလုပ်ကြရတဲ့ မောင်လေးတွေ ညီမလေးတွေ အားလုံးဟာ တကယ်ကို လိမ်မာ ယဉ်ကျေးတဲ့ ကလေးတွေပါ။ တယောက်ကိုတယောက်လဲ တကယ့် မောင်နှမရင်းချာတွေလိုပဲ ဂရုတစိုက် ကူညီစောင့်ရှောက်ပြီး ချစ်ခင်ကြပါတယ်။ တယောက်ကိုတယောက် ပြိုင်ဆိုင်ဖို့၊ မနာလိုဖို့၊ ဂျောက်တွန်းဖို့၊ ရန်ဖြစ်ဖို့ ဆိုတာ ဝေးစွ… စိတ်တောင် မကောက်ဖူးကြပါဘူး။ တယောက် တယောက် နေမကောင်းရင်လဲ အဆင်သင့်ပါလာတဲ့ ဆေးတွေ တိုက်တဲ့သူနဲ့၊ မုန့်ကျွေးတဲ့သူနဲ့၊ ကော်ဖီသွားဖျော်ပေးတဲ့သူနဲ့…။ မောင်လေးတွေထဲက တယောက်က ရယ်စရာတွေ ပြောတတ်သလို အစ အနောက်လဲ သန်ပါတယ်။ အားရင် ဘေးနားက အမတွေ ညီမတွေကို လှည့်ပတ်ပြီး စနေတတ်တာပါ။ သို့သော်လည်း သူဘယ်လို စ စ ဘယ်သူမှ စိတ်မဆိုးတတ်ကြပါဘူး။ သူရုံးမလာတဲ့နေ့ဆို ပျင်းပြီး သူ့ကိုပဲ တ နေကြတာ…။ အားလုံးထဲမှာ အသက်အငယ်ဆုံး ညီမလေးတယောက်ကတော့ ဂေါ်လီလေးပေါ့…။ သူ့ဆီကဆို မကြားစဖူး စကား အထူးအဆန်းတွေ၊ မဟုတ်က ဟုတ်က ရယ်စရာတွေ၊ အကြောင်းအရာ ဆန်းဆန်းတွေ၊ E Mail အဆန်းတွေ ကြားရ တွေ့ရတတ်ပါတယ်။ (သက်ငယ်စကား သက်ကြီးကြား ဆိုတာ ဒါမျိုးပေါ့...)
ပြီးတော့ ကိုယ်တို့က သီချင်းဆိုလဲ မြန်မာတွေပီပီ မြန်မာသီချင်းမှပဲ နားထောင်ချင်ကြတာ မဟုတ်လား၊ ဒီတော့ အလုပ်လုပ်နေရင်းလဲ မြန်မာသီချင်းတွေပဲ ဖွင့်ဖြစ်ကြပါတယ်။ အခုတလောမှာ အလှည့်ကျနေတာကတော့ ဝိုင်ဝိုင်းနဲ့ မျိုးကြီးပေါ့။ တယောက်ကစ ဖွင့်လိုက်ရင် အားလုံး သံပြိုင်နီးနီး လိုက် လိုက်ဆိုတတ်ကြလို့ အသံတွေလျှော့ဖို့ တခါတခါ သတိပေးရတတ်ပါသေးတယ်။
သူတို့တွေ အားလုံးက ထမင်းဘူးယူလာတတ်ကြတာမို့ နေ့လည်ထမင်းစားချိန်ဆို ဟင်းခွက်ပေါင်းများစွာနဲ့ ပျော်စရာ ထမင်းဝိုင်းကြီးတခု ဖြစ်နေတတ်ပါတယ်။ အားလုံးထဲမှာ ထမင်းမကြိုက်တဲ့ ကိုယ်တယောက်ပဲ သင်းကွဲ…။ သို့သော်လည်း သူတို့အားလုံးက နေ့စဉ်နေ့တိုင်းပဲ ကိုယ့်ကို မပျက်မကွက် ထမင်းစားခေါ်တတ်ကြတယ်။ “ထမင်းမစားချင်ရင်လဲ ဟင်းလေး လာမြည်းပါလား အမ” ဆိုတာက ပါသေး…။ သိပ်ချစ်စရာကောင်းတဲ့ မောင်တွေ ညီမတွေပါ။
ကိုယ်ကတော့ ထမင်းစားချိန်တွေမှာ သူငယ်ချင်းတွေနဲ့ ဖုန်းပြောတယ်။ ဘလော့ဂ်တွေ လည်တယ်၊ ဖတ်တယ်၊ Comment တွေရေးတယ်။ Face Book ကိုသွားတယ်၊ Pet Society မှာ မွေးထားတဲ့ ကိုယ့်ရဲ့ Pet နဲ့ ဆော့တယ်။ အော်.. စကားစပ်လို့ ပြောပြရအုံးမယ်။ အဲဒီမောင်တွေ ညီမတွေအားလုံးလဲ ကိုယ့်ရဲ့ကောင်းမှုနဲ့ သူတို့မှာ FaceBook Account တွေ ကိုယ်စီ၊ Pet တွေ ကိုယ်စီနဲ့။ အကြီးဆုံး ကိုယ်က ရှေ့ဆောင်ပြီး ဆော့လဲဆော့၊ ပြီးတော့ ဘာရမလဲ... သူတို့ကိုလဲ ဆွဲဆောင်လိုက်တာပေါ့။ (ဆိုးတယ်နော်) မယုံရင် ထမင်းစားချိန်တွေမှာ လာကြည့်လှည့်… တခန်းလုံး Pet Society က Coin သံလေးတွေ တချွင်ချွင်နဲ့…။
ပြီးတော့ ကိုယ်တို့ မြန်မာတစုက သောကြာနေ့တွေတိုင်းမှာ စားစရာတခုခုကို ထူးထူးခြားခြား စီစဉ်ပြီး စားတတ်ကြသေးတယ်။ KFC တို့ Mc Donald တို့ မှာ စားရင်စား၊ မဟုတ်ရင်လဲ ခေါက်ဆွဲကြော် ကြာဆံကြော်တွေ မှာစား၊ တခါတခါကျရင်တော့ လဘက်သုပ်တို့ နန်းကြီးသုပ်တို့ ရှမ်းခေါက်ဆွဲတို့လို မြန်မာအစားအစာတွေ လုပ်စားကြတာပေါ့။ Site ထဲရောက်နေတဲ့ ကလေးတွေကလဲ သောကြာနေ့ဆို ရုံးကို အကြောင်းတခုခုရှာပြီး ပြန်လာတတ်ကြသေးတယ်။ ဒီတော့ သောကြာနေ့တွေတိုင်းဟာ ကိုယ်တို့အတွက် ပျော်စရာကောင်းလှတဲ့ Good Friday တွေပါပဲ။
အဲဒါတွေအပြင် နောက်ထပ် ပျော်စရာတွေ ရယ်စရာတွေ အများကြီး ရှိသေးတာ…။ ရေးရရင် ကုန်နိုင်မယ်မထင်။ ရှေ့က ကိုယ်ရေးခဲ့သမျှမှာ အလုပ်လုပ်တဲ့အကြောင်း တလုံးမှမပါတာ တွေ့ပြီး ကိုယ့်ဟာကိုယ် ရယ်ချင်နေမိတယ်။ တကယ်ပါ.. အလုပ်နဲ့ပတ်သက်ရင်လဲ လူကြီးတွေ ကျေနပ်အောင် အားလုံးက ပျော်ပျော်ပါးပါး မညီးမညူ ကောင်းကောင်းမွန်မွန် လုပ်ကြတာပါ။ ဒါတွေကြောင့်မို့လဲ ကိုယ်တို့ ဌာနမှာ မြန်မာတွေ အများကြီးနဲ့ ပျော်စရာ မြန်မာ Department ဖြစ်နေတော့တာပေါ့…။
*******
လက်ရှိအနေအထားမှာ အလုပ်လုပ်နေကြတဲ့ သူတွေတိုင်းဟာ အနည်းဆုံးတော့ တပတ်မှာ ငါးရက်၊ တရက်ကို ဆယ်နာရီနီးနီး ရှိတဲ့ အချိန်တွေကို အလုပ်ထဲမှာ ကုန်ဆုံးကြရတယ် မဟုတ်လား…။ အဲဒီ အချိန်တွေမှာ အလုပ်ထဲမှာ လုပ်ဖေါ်ကိုင်ဖက်တွေ အချင်းချင်းပဲဖြစ်ဖြစ်၊ အထက်လူကြီးတွေနဲ့ပဲ ဖြစ်ဖြစ် တယောက်ကိုတယောက် အဆင်ပြေပြေ ခင်ခင်မင်မင်သာ မရှိကြရင် အလုပ်လုပ်ရတာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ ငရဲခန်းမှာ ငါးရက်တာ ဆိုသလို ဖြစ်နေမှာပေါ့နော်…။ အလုပ်ထဲမှာ အဆင်မပြေကြတဲ့သူတွေကိုလဲ အတတ်နိုင်ဆုံးတော့ ကြိုးစား ညှိနှိုင်းရင်း အဆင်ပြေ ပျော်ရွှင် ကြစေချင်ပါတယ်။ ကိုယ့်ဖက်က သည်းခံစရာရှိလဲ တတ်နိုင်သမျှ သည်းခံ၊ လျှော့လို့ရတာတွေရှိရင်လဲ လျှော့ပေါ့နော်။ ဒါမှပဲ အလုပ်လုပ်ရတာ ပျော်စရာကောင်းတော့မှာပေါ့… ဟုတ်ဖူးလား။
ဒီပိုစ့်လေးကို လာဖတ်ကြတဲ့ သူငယ်ချင်း မိတ်ဆွေတွေ အားလုံးကိုလဲ လက်ရှိ လုပ်နေကြရတဲ့ အလုပ်ထဲမှာ အဆင်ပြေပြေနဲ့ စိတ်ချမ်းသာ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းတယ်နော်…။

ဒီပိုစ့်လေးကို လာဖတ်ကြတဲ့ သူငယ်ချင်း မိတ်ဆွေတွေ အားလုံးကိုလဲ လက်ရှိ လုပ်နေကြရတဲ့ အလုပ်ထဲမှာ အဆင်ပြေပြေနဲ့ စိတ်ချမ်းသာ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းတယ်နော်…။
