Showing posts with label ဆုတောင်း. Show all posts
Showing posts with label ဆုတောင်း. Show all posts

Wednesday, January 4, 2017

နှစ်သစ်ဆုတောင်း



အားလုံးအတွက် လာခြင်းကောင်းသော ၂၀၁၇ ဖြစ်ပါစေ...

Monday, July 1, 2013

ဝေးသွားတဲ့အခါ...

ဒီနေ့ ဇူလိုင်လ တစ်ရက်နေ့မှာ သူသာ သက်ရှိထင်ရှား ရှိနေခဲ့မည်ဆိုလျှင် အသက် ငါးဆယ်ပြည့်… ရွှေရတု မွေးနေ့ ဖြစ်နေပေလိမ့်မည်။ သို့သော်လည်း ထူးထူးခြားခြား မွေးနေ့ပွဲများကို သူ ကျင်းပနေလိမ့်မည် မထင်၊ ဖယောင်းတိုင်နှင့် ကိတ်မုန့်တွေလည်း ပါမည် မထင်…။ ဂစ်တာလေး တလက်ဖြင့် သီချင်းများကို သံစဉ်ရှာ ရေးစပ်သီကုံးနေမည်လား… သို့မဟုတ် ဂစ်တာကို တိုးတိုးညင်သာ တီးခတ်ရင်း အမေ့ရဲ့ဒုက္ခအိုးလေး… သီချင်းကို ဆိုညည်းနေမည်လား… သို့တည်းမဟုတ် မိသားစုနှင့် အတူတူ ရိုးရှင်းသော ညစာစားရင်း ရယ်မော ပျော်ရွှင်နေမည်လား…

ထိုအတွေးစတချို့နှင့်အတူ… ဝေးသွားတဲ့ အခါ သီချင်းကို ခပ်တိုးတိုး ဖွင့်ရင်း ဆရာ နိုင်ဇော် ရေးသားခဲ့သော အဆုံးအစမဲ့ မိုးသားထဲ သွားရအုံးမယ် (ထူးအိမ်သင် ပုံတူ ကောက်ကြောင်း) စာအုပ်ကို ပြန်ဖတ်ဖြစ်ပါသည်…။ သူ၏ ကောက်ကြောင်းဆိုသည့် အတိုင်း… သည်စာအုပ်ထဲတွင် ထူးအိမ်သင် - ငယ်နာမည် ဘဲဥ မှ အစချီကာ ကျော်မြင့်လွင် ၊ သျှပ်မှူးကျော်၊ ကဗျာဆရာ စာရေးဆရာ လင်းထင် အလယ်… ကိုငှက် ဟု ချစ်စနိုး ခေါ်ကြသော ထူးအိမ်သင် ရယ်လို့ ဖြစ်လာချိန်အထိ… အားလုံးကို ပြည့်ပြည့်စုံစုံ မြင်တွေ့နိုင်ခဲ့သည်။


*****

ဒုတိယတန်း ကျောင်းသားလေး ကျော်မြင့်လွင်…
စာမေးပွဲမှာ အမှတ်တွေ မနည်းစဖူး နည်းသွားခဲ့သည်။ ရီပို့ကဒ်ကို စစ်ကြည့်လိုက်သောအခါ လစဉ်စာမေးပွဲတွေမှာ အမှတ်တွေ ထိုးကျနေခဲ့သော်လည်း ပထမအစမ်း၊ ဒုတိယ အစမ်းတွေမှာ အမှတ်တွေက ကောင်းနေပြန်သည်…။ ဘယ်လိုဖြစ်တာလဲ… ဘာကြောင့်လဲ ဟု အကြောင်းရင်းကို သေသေချာချာ မေးမြန်းကြည့်သော အခါ မျက်စိ အဝေးမှုန်နေသည့် အကြောင်း မိဘတွေ သိလာခဲ့ရသည်…။

လစဉ်စာမေးပွဲများမှာ စာမေးပွဲမေးခွန်းကို အတန်းထဲက ကျောက်သင်ပုန်းပေါ်မှာ ရေးပေးထားသောကြောင့် သူ့နေရာကနေ မမြင်ရ… အရှေ့ကို ထ ထ ပြီး သွားကြည့်၊ ပြီးမှ နေရာကို ပြန်လာပြီး ဖြေရသည်။ ထိုအခါ အချိန်မမှီ…။ သင်္ချာဆိုလျှင် ကျတောင် ကျနေခဲ့သည်။ ပထမအစမ်း၊ ဒုတိယ အစမ်း စာမေးပွဲများမှာတော့ မေးခွန်းကို စာရွက်ဖြင့် တယောက် တရွက်စီ ဝေငှပေးသောကြောင့် သူ့ အတွက် အဆင်ပြေခဲ့သည်။ ထိုအခါ အမှတ်တွေက ထိပ်ဆုံးမှာ… သည်လိုနှင့် သူသည် အသက် ငယ်ငယ်လေးထဲက မျက်မှန် ထူထူနဲ့ ကျောင်းသားလေး တယောက် ဖြစ်ခဲ့တော့သည်။

*****

သူ့အသက် ၁၉ နှစ်တွင် သူ ပထမဆုံး ရေးဖွဲ့ခဲ့သော ကိုယ်ပိုင်သံစဉ် သီချင်းက ဝေးသွားတဲ့ အခါ….

"ဝေးသွားတဲ့အခါ မင်းအနားမှာ မောင့်ရဲ့ ချစ်လိပ်ပြာ ဟိုသည် ပျံဝဲလို့ နေချင်တာ…
ကြင်နာသူ မေ့ရင်ထဲမှာ နားခိုခွင့်ပြုပါ… ဟိုတုန်းက တို့များရဲ့ ချိုမျက်ဝန်းလွှာ…
နွေအိပ်မက်များထဲမှာ… တွေ့ကြမယ်နော် သီးခြားကမ္ဘာတခုမှာ…"


*****

ရှုမဝ မဂ္ဂဇင်းကို ကဗျာများ ဝတ္ထုတိုများ ရေးပို့သောအခါ သူ့ ကလောင်နာမည်က လင်းထက်… သူ့ ခံစားချက်တချို့ကို အမေ့ထံ တိုင်တည်ဟန်ဖြင့် တစွန်းတစ ရေးသားခဲ့သော ကဗျာလေးက…

အမေ… သားတော့ မီးလောင်နေပြီ…
လူတွေကတော့ ရယ်မှာပဲ…
သားရင်ထဲမှာ ကဗျာ… ကဗျာ… ကဗျာ…
သက်သာရာ ရမလားလို့ပါ…
(ဒီတခါတော့ဖြင့်) ဝမ်းရည်စပ်ရင်လည်း
နည်းနည်း ခွင့်လွှတ်ပါ အမေ…
သားတော့ မီးလောင်နေပြီ…


ပထမဆုံး ဝတ္ထုတိုဖြစ်သော "မြတ်နိုးခြင်းအားဖြင့် ကြင်နာသည် ဖြစ်၍..." ရှုမဝ မဂ္ဂဇင်းမှာ ဖေါ်ပြခြင်းခံရချိန်မှာ သူ့အသက်က ၁၉ နှစ်…

*****

တကယ်တော့ သူ့ရဲ့ စိတ်ဆန္ဒက အဆိုတော်ဖြစ်ဖို့ မဟုတ်ခဲ့… သူရေးထားတဲ့ သီချင်းတွေကို သီဆိုမဲ့သူ ရှာတွေ့ဖို့သာ…။ ဆိုတဲ့သူ ရှိလျှင် ရောင်းမည်… လူတွေ ကြားထဲ သူ့သီချင်းလေးတွေ ပျံ့နှံ့သွားရင် ကျေနပ်ပြီ ဆိုတာမျိုးသာ…။ သို့သော်လည်း ကံကြမ္မာက သူ့ကို သီချင်းတွေ ဆိုဖြစ်အောင် တွန်းပို့ ခဲ့သည်..။ နာရီပေါ်မှ မျက်ရည်စက်များ ၏ အစ… အိုအေစစ် စတူဒီယိုတွင် သူ အရင်ဆုံး စသွင်းခဲ့သော သီချင်းက သီချင်းလေး သက်သေ…

"သာယာချိုမြန်ပါစေ သူ့စိတ်မှာ…
ကိုယ်လေ ရည်ရွယ်ပါတယ် သူတယောက်သာ….
ရင်မှာ ဆိုနေမယ် သီချင်းလေးများ နားဆင်ပါ…"


ထူးအိမ်သင်၏ နာမည်အကျော်ကြားဆုံး သီချင်းများထဲမှ တပုဒ်က အမေ့အိမ်…
အဲဒီသီချင်းကို သူ သုဝဏ္ဏအိမ်မှာ နေထိုင်စဉ် အချိန်… မီးရထားလမ်းနှင့် နီးနေသောကြောင့် မီးရထား အဝင်အထွက် ဥသြသံကို နေ့စဉ် နားထောင်ရင်း ရေးဖြစ်ခဲ့…။

"မွန်းကြပ်တဲ့ မြို့ပြ လူနေမှုစနစ်မှာ စီးမျောရင်းလေ…
မပြီးသေးတဲ့ ခရီးတခု အဆုံးအထိရောက်ဖို့ ကြိုးစားနေသူမှာ...
ရိုးသားတဲ့ ကျေးလက်က အမေ့အိမ်လေးအကြောင်း တွေးမိနေလို့….
မြင်ယောင်ကာ အိပ်မက်ရင်… အလိုလို ငိုချင်တယ်…
အိမ်ပြန်ချင်တယ်… ဟူး… အငြိမ်းချမ်းဆုံး အမေ့အိမ်…
အိမ်ပြန်ချင်တယ်… ဟူး… အနွေးထွေးဆုံး အမေ့အိမ်…
အိပ်မရတဲ့ ညများစွာထဲ…. အိုး… ရထားဥသြသံလေးများကြားရင် အိမ်ပြန်ချင်တဲ့ စိတ်ကလေး တားမရဘူး…."


နာရီပေါ်က မျက်ရည်စက်များ၊ မှော်ဆရာ အိပ်မက် နှင့် သက်ငြိမ် တေးစီးရီးစ် သုံးခွေ ထွက်ပြီးချိန်… မြန်မာနိုင်ငံ နေရာ အနှံ့အပြားမှာ သူ့ သီချင်းသံတွေ နေရာယူ လွှမ်းမိုးနေသော အချိန်တွင် ထို သီချင်းခွေများအတွက် သူရခဲ့သည်ကတော့ ငွေ ငါးထောင်ကျပ်ရယ်… ဆယ့်လေးလက်မ တီဗွီ တလုံး ရယ်… ဟု ရယ်စရာ ပြောခဲ့သည်…။

*****

တနေ့တွင် ဆရာ စိုင်းခမ်းလိတ်က သူ့ကို အော်တိုရေးခိုင်းဖူးသည်…။ သူက ဆရာ ကျွန်တော့ကို မနောက်ပါနဲ့.. ဟု ပြောတော့ ဆရာ စိုင်းခမ်းလိတ်က ပြုံးစိစိဖြင့် သူ့ အော်တို မဟုတ်… သူ့ သမီး အော်တိုစာအုပ် ဖြစ်ကြောင်း ရှင်းပြ… အမှတ်တရအဖြစ် တခုခု ရေးပေးစေလိုကြောင်းပြောလေသည်…။

ထိုအခါ ထူးအိမ်သင်က

"ကြွေနေတဲ့ ပန်းလေးများ လိုက်ကောက်ခြင်းမှာ ကျေနပ်မှု အပြည့်အဝရတဲ့ ချစ်သမီးလေးရယ်…
ဒီလိုသာ အမြဲ ရောင့်ရဲ နေတတ်ရင် ဘယ်လောက်ကောင်းမလဲ…"
အစချီသော နန်းခမ်းနွဲ့အတွက် သီချင်းတပုဒ် ကို အစအဆုံး တလုံးမကျန် ရေးပေးကာ သူ့ လက်မှတ် ထိုးပေးလိုက်သည်။

ထိုသီချင်းကို အစအဆုံး တလုံးမကျန် အလွတ်ရနေခြင်းသည် ဆရာ စိုင်းခမ်းလိတ်နှင့် ဆရာ့ အနုပညာကို သူ မည်မျှ လေးစား တန်ဖိုးထားကြောင်း ဖေါ်ပြပြီးသား ဖြစ်သွားခဲ့သည်သာမက ဖခင်တယောက် သမီးအပေါ် ထားရှိသော မေတ္တာကိုလည်း ပိုမို ထင်ရှား သွားစေခဲ့သည်…။

*****

အဲဒီနောက်တွင်…………….. ဂီတငှက် အမြင့်ပျံ ခရီးကို ပျံသန်း ခရီးနှင်သွားခဲ့သည်…။
အိပ်မက်ထဲက ရထားကြီး ခုတ်မောင်း သွားခဲ့…. ဘယ်တော့မှ ပြန်လာမည် မဟုတ်တော့…

"အိပ်မက်ဆန်းတခု ညစဉ်တွေ့မြင်… ကိုယ်လေ ရထားကြီး တစင်းနဲ့ပေါ့…
ဘယ်ဆီမှန်းလည်း မသိတဲ့ ခရီးစဉ်… အမှောင်မှာ ခုတ်မောင်းရင်း…
ကိုယ်ဟာ တဦးတည်းသော အမြဲတမ်း ခရီးသည်…
နေရာ အချိန် ပညတ်ချက်မဲ့… ဆူညံ ကွဲအက်တဲ့ နှလုံးသား ခေါင်းလောင်း မြည်သံတွေ…

အမှောင်နဲ့ အလင်း မကွဲပြားတဲ့ ကောင်းကင်… ညလွင်ပြင်ကို ဖြတ်သန်းတိုးဝင်…
မီးရထားကြီးတစင်း ကိုယ့်ဝိညာဉ်ကို သယ်ဆောင် ခုတ်မောင်းရင်း…
သံသရာ ရှည်မယ့် ခရီး… ဘယ်မှာ ဆုံးမယ် ကိုယ်လည်း မသိ….
ဒီအိပ်မက်က နိုးတိုင်း ရင်မှာ ကြေကွဲမိ…
အိပ်မက်ထဲက ရထားကြီး ခေါ်သံ ကိုယ် ကြားမိ…"


*****

ဝေးသွားသော်လည်း ယနေ့ထက်တိုင် သူ့သီချင်းတွေကို နှစ်ခြိုက်မက်မောစွာ နားထောင်နေဆဲ… တီးတိုး ရေရွတ် သီဆိုနေဆဲ…
အဆုံးသတ်တွင် ဆရာနိုင်ဇော်က ထူးအိမ်သင် ကိုယ်တိုင်ရေးသားခဲ့သော ကဗျာတိုလေး တပုဒ်ဖြင့် နှုတ်ဆက်ခဲ့သည်…။

သက်တံ့မြစ်

ညနေခင်း တစ်ခု
မိုးစဲလင်းပွင့် ကောင်းကင်မှာ

ဟာ…
လှလိုက်တဲ့
သက်တံ့ကြီး တစ်စင်း
စီးဆင်းနေတာ တွေ့တယ်…

ရုတ်တရက်ပဲ
ငါ ကြေကွဲခဲ့ရပေါ့

ဘဝဆိုတာ
သက်တံ့လိုပါလား….
ရှိတော့ ရှိရဲ့
ဒါပေမယ့်
အရှိမဲ့…..


*****

ထူးအိမ်သင် ဟူသော အမည်နာမ တခုအတွက် သူ ဖြတ်သန်းခဲ့ရသော နေ့စွဲများအကြောင်းကို ပြည့်ပြည့်စုံစုံ ဖတ်ခွင့်ရသည့်အတွက် ပုံတူ ကောက်ကြောင်း ဖန်တီးရှင် ဆရာနိုင်ဇော်ကို အထူး ကျေးဇူးတင်ပါသည်။ ထို ပုံတူ ကောက်ကြောင်းကလေးကို ဖတ်ရှုရင်း... စိတ်ကူးထဲတွင် ပြန်လည် ခေါ်ယူ တွေးတော ပုံဖေါ်ရင်း... သူ သီဆိုခဲ့သော သီချင်းများထဲတွင် တီးတိုးညင်သာ စီးမျောလိုက်ပါရင်း… သူ့မွေးနေ့ အမှတ်တရ အဖြစ် သည်ပိုစ့်ကို ရေးပါသည်။

Happy Birthday to You…!!


Monday, April 29, 2013

ကမ္ဘာမြေကို အလည်ရောက်လာသူတယောက်ရဲ့ အိမ်ပြန်ချိန်

ရုံးသွားချိန် ကျောင်းသွားချိန်မို့ လမ်းလေးခွဆုံတခုရဲ့ ပတ်ပတ်လည် ပလက်ဖေါင်း တလျှောက်မှာ သာမန်အချိန်ထက်စာရင် လူတွေ ပိုစည်ကားနေပါတယ်။ အားလုံးဟာ တယောက်နဲ့တယောက် ဦးတည်ရာ အရပ်တွေ ကွဲပြားပေမယ့် သွက်လက်တဲ့ ခြေလှမ်းတွေကတော့ တူညီနေကြတယ်။ အဲဒီထဲမှာ သာမန်နဲ့ မတူ… တမူထူးခြားပြီး တုံ့နှေး လေးလံနေတဲ့ ခြေလှမ်းတွေနဲ့ လူတစ်စုကို ကျွန်မ သတိထားလိုက်မိတယ်…။ သူတို့ဟာ လမ်းထောင့်နားကနေ ကွေ့ပြီး ဖြည်းဖြည်းချင်း လျှောက်လာကြတာ…။ ကျွန်မကားကို အရှိန်နည်းနည်း လျှော့လိုက်ပါတယ်။ ပြီးတော့ အဲဒီ လူတစ်စုကို သေသေချာချာ ကြည့်ရင်း ဘီးကို တလိမ့်ချင်းလှိမ့်ပြီး မောင်းလာခဲ့တယ်။ ကံကောင်းထောက်မစွာ ရှေ့လမ်းဆုံက မီးပွိုင့် မီးနီသွားတယ်။ အဲဒီလို မီးနီနေချိန်မှာ ကားကို ရပ်ပြီး ခုနက လူတစ်စုကို ကြည့်ဖို့ အခွင့်သာသွားတယ်။

သူတို့အဖွဲ့မှာ စုစုပေါင်း ကိုးယောက်…။ အမျိုးသား လေးယောက် အမျိုးသမီး ငါးယောက်…။ အမျိုးသား လေးယောက်မှာ တယောက်က အသက်ကြီးကြီး အဖိုးအို… အမျိုးသမီး ငါးယောက်မှာ တယောက်က အသက်ကြီးကြီး အဖွားအရွယ်… နောက်တယောက်က အသက် ဆယ်နှစ် ပတ်ဝန်းကျင်လောက်ရှိနိုင်တဲ့ ဂါဝန်ဖြူလေး ၀တ်ထားတဲ့ ကလေးမလေး…။ သူတို့သုံးယောက်ကလွဲရင် ကျန်တဲ့သူတွေက လူရွယ် လူလတ်ပိုင်းတွေ…။ အဖိုးအိုကို အမျိုးသားတယောက်က တွဲခေါ်လာပြီး သူတို့က အနောက်ဆုံးကနေ လျှောက်လာတယ်။ အဖွားအိုရဲ့ ဘေးတဖက်တချက်မှာတော့ အမျိုးသမီးနှစ်ယောက်က ဖေးမ တွဲခေါ်လာပြီး သူတို့က အလယ်ကနေ လျှောက်လာကြတယ်။ ကလေးမလေးကတော့ ဟိုကြည့် ဒီကြည့်နဲ့ ခြေလှမ်းလေးတွေက ခပ်နှေးနှေး…။ ရှေ့ဆုံးက အမျိုးသားကတော့ တယောက်တည်း… အရပ် မနိမ့်မမြင့် ခပ်ပိန်ပိန်… ခေါင်းကို ငုံ့ပြီး တလှမ်းချင်း ဖြေးညှင်းစွာ ရွေ့လျားနေတယ်။ သူ့ကြည့်ရတာ အိပ်မက်ထဲမှာ (သို့) အိပ်မက်ယောင်ပြီး လမ်းလျှောက်နေသူတယောက်နဲ့ ခပ်ဆင်ဆင်…။ သူတို့ အားလုံးဟာ အင်္ကျီအဖြူရောင်နဲ့ ဘောင်းဘီ အနက်ရောင် ခပ်နွမ်းနွမ်းတွေ ကိုယ်စီ ၀တ်ဆင်လို့…

တရွေ့ရွေ့ နဲ့ ရွေ့လျားလာတဲ့ သူတို့အဖွဲ့ဟာ ကျွန်မ ကြည့်နေတဲ့ ကားနောက်ကြည့်မှန်ကနေ တဆင့် ကျွန်မကားရဲ့ ဘယ်ဖက်အခြမ်းကို ရောက်လာကြတယ်။ မြင်ကွင်းဟာ ခုနကထက် ပြတ်သား ရှင်းလင်းလာတယ်။

ကြည့်နေရင်းမှာ မျက်မှန်တပ် ခပ်၀၀ အမျိုးသားတယောက်က အနောက်ဖက်ကနေ ခြေလှမ်းသွက်သွက်နဲ့ လျှောက်လာပြီး အမျိုးသမီးတွေကို ကျော်ဖြတ်လို့ ရှေ့ဆုံးက အမျိုးသားပိန်ပိန်လေးရဲ့ ပခုံးကို အသာ သွားဖက်လိုက်တယ်။ အဲဒီအချိန်မှာ ရှေ့ဆုံးက တယောက်တည်းလျှောက်နေတဲ့ အမျိုးသားဟာ ခြေလှမ်းရပ်တန့်သွားပြီး သူ့ကို ပုခုံးလာဖက်သူ အမျိုးသားကို ပြန်လည် မှီတွယ်ရင်း ပုခုံးပေါ်ကို မျက်နှာအပ် လိုက်တာကို တွေ့ရတယ်…။ အဲဒီအခိုက်အတန့်လေးမှာပဲ ကျွန်မစိတ်တွေ အဆမတန် ထိခိုက် လေးလံသွားတာ…။ ပြီးတော့… ဂါဝန်လေးနဲ့ ကလေးမလေးကို သေသေချာချာ တခါ ထပ်ကြည့်ရင်း ကျွန်မ လက်ဖျားတွေ အေးစက်လို့ နှလုံးခုန်သံတွေလည်း ရုတ်ချည်း မြန်ဆန်လာခဲ့တယ်။ သေချာပါပြီ… သေချာပါပြီ… သူတို့မှ သူတို့ အစစ်ပါပဲ…။ တကယ်ကိုပဲ ကျွန်မ သူတို့ကို မြင်ချင် တွေ့ချင်နေခဲ့တာ…

ခဏအကြာမှာ ကျွန်မ ရပ်တန့်နေရတဲ့ မီးပွိုင့်က မီးနီရာကနေ စိမ်းသွားပါတယ်။ ကျွန်မ သွားရတော့မယ်… ရုတ်တရက် ချက်ချင်း မထွက်နိုင်သေးတဲ့ အရှေ့က ကားတွေကြောင့် ကျွန်မ ခုနက လူတစ်စုကို ဆက်ကြည့်နေဖို့ အခွင့်သာခဲ့ပြန်တယ်။ အမျိုးသမီးနှစ်ယောက် တွဲထားတဲ့ အဖွားအိုဟာ ခြေလှမ်းကို ရပ်တန့်ရင်း၊ တပ်ထားတဲ့ မျက်မှန်ကို အသာ ပင့်တင်ရင်း အ၀တ်စတခုနဲ့ မျက်လုံးတ၀ိုက်ကို ပွတ်သုတ်နေခဲ့တယ်။ အနောက်က အဖိုးအိုက ခြေလှမ်းရပ်တန့်နေတဲ့ အဖွားအိုကို တစုံတခု လှမ်းပြောလိုက်ဟန်တူတယ်။ အဖွားအိုဟာ ခေါင်းကို အသာအယာ ညိတ်ရင်း ရှေ့က အမျိုးသား ပိန်ပိန်လေးကို ငေးငေးလေး လှမ်းကြည့်လိုက်တယ်။ အဲဒီ အမျိုးသားလေးကတော့ ခုနက သူ့ကို လာရောက် ဖေးမသူ မျက်မှန်နဲ့ အမျိုးသားရဲ့ ပခုံးပေါ်မှာ မျက်နှာမှောက်ထားဆဲ…။ ကျွန်မ အကြည့် မမှားဘူးဆိုရင် အဲဒီ အမျိုးသားလေးရဲ့ ကျောပြင်ဟာ တသိမ့်သိမ့် လှုပ်ရှားလို့ နေတယ်…။ ဟုတ်တယ်… သူ ငိုနေတယ်…

ရှေ့က ကားတွေ ရွေ့နေတာမို့ ကျွန်မ ကားကိုလည်း စပြီး ရွေ့ရတော့တယ်။ ကားကို ဂရုတစိုက် မောင်းထွက်လာရင်း ခုနက နေရာမှာ ရပ်တန့်နေတဲ့ သူတို့တွေကို နောက်ကြည့်မှန်ကနေ တချက်လှမ်းကြည့်ပြီး စိတ်ထဲကနေ တီးတိုး နှုတ်ဆက်လိုက်တယ်။ နောက်နောင်ကို အခုလို စိတ်ဆင်းရဲမှုမျိုး… မိသားစုတွေ ဝေးကွာရတဲ့ အဖြစ်မျိုးက ကင်းဝေးပါစေ ရယ် လို့ ဆုတွေ အထပ်ထပ် တောင်းပြီး နှုတ်ဆက်ခဲ့ပါတယ်။

******

ပြီးခဲ့တဲ့ အင်္ဂါနေ့ မနက်ပိုင်းက အိမ်နဲ့ မနီးမဝေး လမ်းဆုံတခုမှာ ကား မတော်တဆမှုတခု ဖြစ်ခဲ့တယ်လို့ သိရတယ်။ အမှန်ဆို အဲဒီလမ်းက ကျွန်မ ရုံးအသွား ဖြတ်မောင်းနေကျ လမ်းပါ။ အဲဒီနေ့ကတော့ ကျွန်မ အမျိုးသားက အလုပ်ကို ခါတိုင်းထက် စောစောသွားဖို့ရှိတာမို့ သူ့ကို လိုက်ပို့ရင်း အပြန်မှာ တခြားလမ်းမတခုကနေ ရုံးကို လာခဲ့တယ်။ ရုံးရောက်တော့ မျက်နှာစာအုပ်မှာ အဲဒီ မတော်တဆမှုသတင်းကို ဖတ်ရ သိရတာပါပဲ…။ နေ့တိုင်း အဲဒီ အချိန်မှာ အဲဒီလမ်းဆုံက ဖြတ်မောင်းနေကျဆိုတော့ အော်… မနက်က ငါ အဲဒီလမ်းက မလာမိတာ တော်ပါသေးရဲ့ပေါ့… မဟုတ်ရင် ကားတွေ ကြပ်ပိတ်နေမှာ… ရုံးနောက်ကျမှာ… အဲဒီလောက်ပဲ စိတ်ထဲ ထားခဲ့တယ်။

ဖြစ်ပုံကတော့ ဘတ်စ်ကားကြီးတစင်းက လမ်းဖြတ်ကူးနေတဲ့ အမျိုးသမီးတယောက်ကို တိုက်ချသွားခဲ့တာပါ…။ ကားတွေ ကွေ့ဖို့ အတွက် မီးစိမ်းနေတာလား… လူကူးဖို့အတွက် မီးစိမ်းနေတာလား… ဘယ်သူမှန်တယ်… ဘယ်သူမှားတယ်… လို့ ကျွန်မ သေသေချာချာ မပြောနိုင်ပေမယ့် အသက်တချောင်းကတော့ ချက်ချင်းကို ဆုံးရှုံးသွားခဲ့ရပြီ…။

နောက်တနေ့ သတင်းစာမှာ ဖတ်ရတာကတော့… အဲဒီအမျိုးသမီးဟာ အဲဒီ လမ်းဆုံနဲ့ မနီးမဝေးက အိမ်ယာတခုမှာ နေပါတယ်။ အဲဒီနေ့ မနက်မှာ သူဟာ အိမ်ကနေ သူ့အမျိုးသားနဲ့အတူတူ ဈေးဝယ်ဖို့ ထွက်လာတာ… ဖြစ်ချင်တော့ သူက ဈေးဝယ်အပြီးမှာ သူ့အမျိုးသားထက် မိနစ် နှစ်ဆယ်လောက် စောပြီး ပြန်လာခဲ့မိတာ…။ အဲဒီလို အိမ်အပြန် လမ်းဆုံမှာ လမ်းကူးရင်း ဘတ်စ်ကားက ၀င်တိုက်သွားခဲ့တာ…။ သူ့အမျိုးသားက နောက် မိနစ်နှစ်ဆယ်လောက်အကြာမှာ အဲဒီလမ်းဆုံနားကို ရောက်လာတော့ လူတွေ စုရုံး စုရုံးနဲ့ ကားမတော်တဆမှုကို တွေ့တော့ စိတ်ထဲ မသက်မသာဖြစ်ပြီး သူ့မိန်းမကို ဖုန်းလှမ်းခေါ်ခဲ့တာ… ကံဆိုးစွာပဲ… ဖုန်းမြည်သံဟာ အသက်မရှိတော့တဲ့ အမျိုးသမီးနားမှာ စူးစူးဝါးဝါး မြည်နေခဲ့တာ ဖြစ်တယ်…။

ကျွန်မ အဲဒီသတင်းကို ဖတ်ပြီး အချိန်တော်တော်ကြာ စိတ်ထိခိုက်နေမိတာ… နောက်နေ့ မနက်တွေ အဲဒီလမ်းဆုံက ဖြတ်တိုင်း သတိရနေမိတာ...။ Fatal Accident ဆိုတဲ့ ဆိုင်းဘုတ် အဲဒီလမ်းဆုံမှာ ထောင်ထားတာ တွေ့တဲ့နေ့က ကျွန်မ ထမင်းမစားနိုင်ခဲ့ဘူး။ အဲဒီ အမျိုးသားဟာ ဒီက တက္ကသိုလ်တခုက ပါမောက္ခတယောက်ဖြစ်ပြီး သူတို့မှာ အသက် ဆယ်နှစ်အရွယ် သမီးကလေး တယောက် ရှိတယ်လို့ သတင်းမှာ ဖတ်ရပါတယ်။ သမီးလေး တက်နေတဲ့ ကျောင်းနာမည်ကိုကြည့်တော့လည်း နာမည်ရ အဆင့်မြင့် ကျောင်းတခုဖြစ်နေတာမို့ သူတို့ဟာ ပညာတတ်ပြီး ပြည့်စုံသာယာတဲ့ မိသားစုကလေးတခု ဖြစ်ရမယ်လို့ ကျွန်မ သေချာနေခဲ့တယ်။

အဲဒီလိုတွေ သိရပြီးတော့ ကျွန်မစိတ်ထဲမှာ ကိုယ်နဲ့ လုံးဝ မသိတဲ့သူတွေဖြစ်ပေမယ့် သူတို့မိသားစုကလေးကို တွေ့ချင် မြင်ချင်နေမိတယ်။ စိတ်ထဲကနေ အားပေး နှစ်သိမ့်ချင်နေမိတယ်။ သူတို့လေးတွေ ပိန်သလား ၀သလား၊ ပုသလား ရှည်သလား၊ ဖြူသလား ညိုသလား… စသည်ဖြင့် စိတ်ကနေ မှန်းဆကြည့်နေမယ့်အစား သူတို့ကို တွေ့ဖူး မြင်ဖူးရင် ကျွန်မ ပို့နေတဲ့ မေတ္တာတွေ၊ ကျွန်မ တောင်းနေတဲ့ ဆုတောင်းတွေဟာ ပိုများ အာနိသင်ရှိလေမလားလို့ ကျွန်မ တွေးနေမိတာ…။

ကျွန်မ ဆန္ဒ ပြည့်ခဲ့ပါတယ်…။
ကျွန်မထင်တာ မမှားဘူးဆိုရင် သူတို့ဟာ အခင်းဖြစ်ပွားခဲ့တဲ့ နေရာကို လာပြီး ဆုတောင်းကြတာပါ…။ အသက်ကြီးနေတဲ့ အဖိုး အဖွားနှစ်ယောက်ကတော့ ကွယ်လွန်သူ အမျိုးသမီးလေးရဲ့ မိဘ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်…။ ရှေ့ဆုံးက အမျိုးသားလေး… ပြီးတော့ ဘာမှ ရေရေရာရာ သိရှာမှာ မဟုတ်သေးတဲ့ ဆယ်နှစ်သမီးလေး…။ သုံးမိနစ်တောင် မပြည့်တတ်တဲ့ အချိန်ပိုင်းလေးသာ လှမ်းတွေ့လိုက်ရပေမယ့် ကျွန်မ သူတို့ကို ကောင်းကောင်းကြီး မှတ်မိသွားပါတယ်။ သူတို့နားက ဆက်ထွက်လာပြီး လမ်းတလျှောက်လုံး ကျွန်မ သူတို့မိသားစုလေးအတွက် ဆုတွေ တောင်းနေမိတယ်…။

ကမ္ဘာမြေကို အလည် တခေါက် ရောက်လာသူတိုင်းဟာ အချိန်တန်ရင် အိမ်ပြန်ရစမြဲ မဟုတ်လား…။ သို့သော်လည်း အဲဒီလို အိမ်ပြန်ခရီးတွေမှာ အချိန်တန်လို့ ပြန်ရတဲ့ ခရီးမျိုး၊ အေးချမ်းပြီး သက်တောင့်သက်သာဖြစ်တဲ့ ခရီးမျိုးသာ ဖြစ်ပါစေလို့ ဆုတောင်းရင်း ဒီပိုစ့်ကို ရေးပါတယ်။


Wednesday, April 17, 2013

နှစ်သစ်ဆုတောင်း


သူငယ်ချင်း မိတ်ဆွေများ အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး သာယာချမ်းမြေ့သော မြန်မာနှစ်သစ် ဖြစ်ပါစေ...
လိုအင်ဆန္ဒများအားလုံး ပြည့်စုံကြပါစေလို့ ဆုတောင်းပါတယ်...





Wednesday, November 2, 2011

အလှူမှတ်တမ်း

သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးပြီး အပျက်အစီး အဆုံးအရှုံးများလှတဲ့ ပခုက္ကူ၊ ဆင်ဖြူကျွန်းနဲ့ ဆိပ်ဖြူ ဒေသတဝိုက်က အမှန်တကယ် အကူအညီလိုနေတဲ့ နေရာတွေအတွက် အလှူလေးတခုလုပ်ကြဖို့ကို မျက်နှာစာအုပ်ပေါ်မှာရှိတဲ့ ဘလော့ဂါများ စကားဝိုင်း (AaB) မှာ စကားပြောဖြစ်ကြရင်းက အဲဒီစိတ်ကူးလေးကို လက်တွေ့အကောင်အထည်ဖေါ်ဖြစ်အောင် ကြိုးစားခဲ့ကြပါတယ်…။

အဲဒီအတွက် အလှူငွေတွေကို အောက်တိုဘာလ ၂၄ ရက်နေ့ကနေ စပြီး ကောက်ခံခဲ့ပါတယ်။ စင်္ကာပူက အလှူရှင်တွေကတော့ Bank to Bank အလွယ်တကူ ငွေလွှဲနိုင်ခဲ့ကြပြီး အခြားနိုင်ငံတွေက အလှူရှင်တွေကတော့ သက်ဆိုင်ရာ သူငယ်ချင်းမိတ်ဆွေများကနေ တဆင့်သော်လည်းကောင်း၊ Western Union နဲ့ PayPal Account တွေက တဆင့်သော်လည်းကောင်း အလှူငွေတွေကို စေတနာ သဒ္ဓါတရား ထက်သန်စွာနဲ့ ပေးပို့လှူဒါန်းခဲ့ကြပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့ နေ့လည် ၁၂ နာရီမှာ အလှူငွေကောက်ခံမှုကို ရပ်နားပြီး စာရင်းပိတ်ပါမယ်လို့ ကြေငြာခဲ့ပေမယ့် တကယ်တမ်းမှာ အလှူငွေတွေက ဆက်တိုက် ဝင်လာနေဆဲဖြစ်တာကြောင့် အဲဒီနေ့က ည ၁၁ နာရီကျော်မှ စာရင်း ပိတ်ခဲ့ရပါတယ်။

စာရင်းပိတ်အပြီးမှာ လက်ခံရရှိတဲ့ စုစုပေါင်း အလှူငွေက စင်္ကာပူဒေါ်လာ ၅၁၅၀.၂၁ ဖြစ်ပါတယ်။ အခုလို လက်ခံရရှိတဲ့ အလှူငွေတွေကို မနေ့က နိုဝင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာ စင်္ကာပူ တဒေါ်လာကို မြန်မာကျပ်ငွေ ၆၃၅ ကျပ်နှုန်းနဲ့ ဆရာမ မြသွေးနီဆီကို ပို့လိုက်ပါတယ်။ အလှူငွေ စုစုပေါင်း ၃၃ သိန်းအတိ ဖြစ်သွားအောင် သက်ဝေနဲ့ ချစ်ကြည်အေးက ထပ်ဖြည့်ပြီး လှူလိုက်ပါတယ်။ မနေ့ညနေက ဆရာမ မြသွေးနီက အလှူငွေတွေကို ကောင်းမွန်စွာ လက်ခံရရှိတဲ့အကြောင်း အီးမေးလ်ပို့လာပါတယ်။

ပခုက္ကူမြို့နယ် အပါအဝင် အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေအတွက် ဆရာမ မြသွေးနီ လှူဒါန်းတဲ့ အလှူငွေ ကျပ် ၅ သောင်း အပါအဝင် စုစုပေါင်း အလှူငွေ ၃၃ သိန်း ၅ သောင်းတိတိကို ဆရာအော်ပီကျယ်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့အတူ ရနံ့သစ် မဂ္ဂဇင်းက တာဝန်ခံ အယ်ဒီတာ ဆရာပြည်သွေးနိုင်ထံမှာ ဒီနေ့ နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၃ နာရီအချိန်က သွားရောက် လှူဒါန်းပြီး ဖြစ်ပါတယ်။


ဒီအလှူမှာ ပါဝင်လှူဒါန်းကြတဲ့ အလှူရှင်တွေနဲ့ အလှူငွေ စာရင်း အပြည့်အစုံက ဒီမှာပါ။

1. Oversea Burmese Youth Group - $S 200.00
2. ဦးထွန်းထွန်းဇော် + ဒေါ်နုနုဝင်း - $S 60.00
3. No name - $S10.00
4. No name - $S10.00
5. ဦးမြင့်ဦး မိသားစု -S$30.00
6. ကိုငြိမ်းချမ်း+မရွှေရည်-S$20.00
7. ကိုစိုးခိုင် + မဝင်းမင်းသန်း - S$ 100.00
8. Trilobite Myanmar နှင့် ဇနီး - S$10.00
9. ဆွေဆွေ - S$ 50.00
10. ကိုဝင်းထွန်းနိုင် + မဟန်အေးစိုး - S$ 30.00
11. Creative Ant Team - S$100.00
12. Everlearner - S$ 30.00
13. Theingi Myint - S$ 50.00
14. ကိုသက် မိသားစု - S$ 50.00
15. Serene Cheong - S$ 10.00
16. လွင်ထူးကို + ခင်စန္ဒာကို - S$ 40.00
17. ဦးလှမြင့် + ဒေါ်ညိုညို - S$ 20.00
18. ကိုဇော်ဝင်းထွတ် + မနှင်းယုယုဝင်း သမီး အေးချမ်းပွင့်ဖြူ - S$ 50.00
19. ဖြူမေဇင် - S$ 33.00
20. ကိုတင်မောင်အေး - S$ 10.00
21. ကိုမောင်မောင်တာ + မမေသူဆွေ - S$ 30.00
22. TOI's friend - S$ 50.00
23. Donation fr Reader - S$ 10.00
24. သန့်ဆွေ - S$ 50.00
25. ZYLKPS - S$ 50.00
26. ကိုပြည်သင်း + မမြနှင်းအေး - S$ 50.00
27. Pink Lover - S$ 110.00
28. Erna (Indonesia) - S$ 150.00
29. မျိုးမြင့်ဟန် - S$ 20.00
30. အောင်ကိုဝင်း - S$ 20.00
31. အောင်မျိုး - S$ 20.00
32. အောင်သူကျော် - S$ 20.00
33. မြတ်ကိုနောင် - S$ 20.00
34. ဆုမွန်သွင် - S$ 20.00
35. ချမ်းငြိမ်းအေး - S$ 20.00
36. ဥမ္မာထွေး - S$ 50.00
37. မိုးစန္ဒာမြင့် - S$ 50.00
38. TDW - S$ 50.00
39. သန်းဇော်မျိုး - S$ 10.00
40. ခရေဖြူ - S$ 30.00
41. အေးအေးစန်း - S$ 50.00
42. ကိုဝဏ္ဏဝင်း + မမေဇော်ဦး သား ညီညာဇော် - S$ 50.00
43. စောစုမြတ် - S$ 30.00
44. လှမျိုးအောင် - S$ 20.00
45. ကိုစိုးဝင်း + မဖြူ - S$ 50.00
46. မကျော့ကျော့ရွှေ - S$ 100.00
47. Mya TheinGi - S$ 20.00
48. ဦးဇော်မြင့် + ဒေါ်စန်းစန်းကြည် - S$ 30.00
49. ခိုင်စုလတ် - S$50.00
50. ချစ်ကြည်အေး (http://www.chitkyiaye.com/) - S$73.40
51. မေဇင်အေး (http://monethu.blogspot.com) -S$30.00
52. Noble Moe (www.noblemoe.blogspot.com) -S$50.00
53. သက်ဝေ (http://www.thet-wai-blog.blogspot.com/) - S$73.40
54. ကိုလူသစ် (http://luthit.blogspot.com/) - S$50.00
55. အမေ့သား (http://amaythar1976.blogspot.com/) - S$50.00
56. ညိုလေးနေ (http://nyolaynay.blogspot.com/) -S$30.00
57. အန်တီတင့် (http://www.auntytint21183.net/) - S$100.00
58. မှုံနံ့သာ (http://nyeinsuaye.blogspot.com/) -S$30.00
59. TZA (http://www.degolar.info/) - $S 30.00
60. TOI (http://turnonideas.blogspot.com/) - $S 50.00
61. ပေါက် (http://ah-pauk.blogspot.com/) - S$ 50.00
62. အင်ကြင်းသန့် (http://ingjinthant.blogspot.com/) - S$ 30.00
63. ပီတိ (http://www.pti31.com/) - S$ 50.00
64. မယ်ကိုး (http://www.maecoe.net/) - S$50.00
65. July Dream (http://july-dream.blogspot.com/) - S$ 150.00
66. ကိုအောင်(ပျူ) မိသားစု (http://www.pyustate.com/) - S$ 50.00
67. ကိုဇော်သက်အောင် (http://www.phoonuthit.com/) - S$ 50.00
68. လင်းလင်းဇော် (http://www.mymps.blogspot.com/) - S$ 50.00
69. ကိုတင်မောင်ဌေး + မနွေးနေခြည် (http://www.nwaynaychi.blogspot.com/) - S$ 50.00
70. Vista Aung (http://vistazplanet.blogspot.com/) - S$ 40.00
71. ညီရဲသစ် (www.nyiyethit.blogspot.com) - S$ 30.00
72. ကိုဧရာ + မသီတာ သား ရေချမ်း နှင့် ရေစင် (http://sonata-cantata.blogspot.com/) - S$ 50.00
73. မောင်သန့် (www.mgthant.me) နှင့် သူငယ်ချင်း - S$ 50.00
74. ကိုဌေးအောင် (http://luula18.blogspot.com/) - S$ 680.72
75. ဖြိုးဖြိုးလှိုင် (http://www.phyophyohlaing.com) - S$ 86.48
76. နန်းဝါဝါမောင် (http://warwarkhaingmin.blogspot.com/) - S$ 40.00
77. ကောင်းထက်မြင့် (http://khetyintyint.wordpress.com/) – S$ 20.00
78. တေးမွန် (http://ahnai.blogspot.com/) – S$ 100.00
79. ချိုကျ (http://xdeadxromanticx.blogspot.com) - S$ 30.00
80. ဖိုးသင်္ကြန် (www.phothagyan.blogspot.com ) - S$ - 50.00
81. Libra Tun (http://libratun.blogspot.com/) - S$ 20.00
82. ကိုဂျေ (http://xdeadxromanticx.blogspot.com) - S$ 20.00
83. ဘိုဘို နှင့် ဖိုးစိန် (http://phoesein.blogspot.com/ & http://www.mogokthar.com/) - S$ 50.00
84. ပိုးပိုး (http://33poepoe.blogspot.com/) - S$ 30.00
85. နော်ဖော (http://rose-sharon.blogspot.com/) - S$400.00
86. ကေသွယ် (http://kthwe.blogspot.com/) - S$ 50.00
87. KMSL + KOM (http://khinoomay77.blogspot.com) - S$ 30.00
88. အိန္ဒြာ (http://eaindrar.blogspot.com/) - S$ 50.00
89. မိုးပန်းချီ (http://moepanchi.blogspot.com/) - S$ 20.00
90. မေသိမ့်သိမ့်ကျော် (http://www.maytheint2kyaw.com/) - S$ 80.00
91. ကိုခင်မောင်ဦး + မသန္တာလွင် (http://thandarlwin.blogspot.com/) - S$ 30.00
92. မြသွေးနီ (http://www.myathwayni.com/) - ကျပ် ၅ သောင်း

စုစုပေါင်း စကာင်္ပူဒေါ်လာ ၅၁၉၇.၀၀ နဲ့ မြန်မာကျပ်ငွေ ၅ သောင်း ဖြစ်ပါတယ်…။

ဒီစုပေါင်းအလှူလေး အောင်မြင်ဖို့အတွက်…
AaB (All about Bloggers) ဆိုတဲ့ ဘလော့ဂါများ စကားဝိုင်းလေးတခု ဖြစ်လာအောင် မျက်နှာစာအုပ်မှာ စပြီး အကြံပြုခဲ့တဲ့ ကိုအောင် (ပျူနိုင်ငံ)၊ အဲဒီ ဘလော့ဂါတွေ စကားဝိုင်းမှာ တို့တွေ စုပေါင်းအလှူလေးတခုလောက် လုပ်ကြရင် ကောင်းမှာ… လို့ စကားစခဲ့တဲ့ ဘော်ဒါကြီး ကလူသစ်၊ ဒါဆိုရင် ပခုက္ကူရေဘေးမှာ သွားလှူကြရအောင်လေ လို့ ပြောဆိုလှုံ့ဆော်ခဲ့တဲ့ ကိုဂျူလိုင်၊ Personal Bank Account ကို အသုံးပြုခွင့်ပေးပြီး ဝင်သမျှ အလှူငွေစာရင်းတွေကို စိတ်ရှည်လက်ရှည် update လုပ်ပေး၊ ဆရာမ မြသွေးနီ နဲ့ ဆရာ အော်ပီကျယ်တို့ကို ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ပြီး အလှူဖြစ်မြောက် အောင်မြင်အောင် စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့တဲ့ သူငယ်ချင်း ချစ်ကြည်၊ အဖွဲ့ရဲ့ လိုဂိုလေးကို အမနှစ်ယောက် ပြင်ချင်သမျှ အကြိမ်ကြိမ် ပြန်ပြင်ပေးခဲ့တဲ့ မောင်လေး ဆောင်းချမ်းမိုး အပါအဝင်… တယောက်နဲ့ တယောက် အပြင်မှာ တခါမှ မတွေ့ဖူး မမြင်ဖူးကြသော်လည်း ချစ်စရာ မြန်မာလူမျိုးတွေပီပီ အလှူလို့ ကြားလိုက်ရင် စေတနာ သဒ္ဓါတရား ထက်သန်စွာနဲ့ ထည့်ဝင်လှူဒါန်းကြတဲ့ ရပ်နီး ရပ်ဝေးမှ အလှူရှင် ဘလော့ဂါ ညီအကို မောင်နှမများ နဲ့ စိတ်စေတနာချင်းရော ယုံကြည်ချက်ချင်းပါ ထပ်တူညီကြတဲ့ အွန်လိုင်းပေါ်က မိတ်ဆွေ သူငယ်ချင်းတွေ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ဝမ်းမြောက် ဝမ်းသာစွာနဲ့ မှတ်တမ်းတင်အပ်ပါတယ်…။

ဒါကတော့ ဒီနေ့ နိုဝင်ဘာလ ၃ ရက်နေ့ မနက်မှာ ဆရာ အော်ပီကျယ်ဆီက ရောက်လာတဲ့ မေးလ်ပါ...။ စေတနာရှင် အလှူရှင်များ အားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြစေဖို့ မျှဝေလိုက်ပါတယ်...။


စေတနာရှေ့ထားပြီး လှူဒါန်းကြတဲ့ အလှူရှင်များအားလုံး မိမိတို့ လိုရာဆန္ဒများ တလုံးတဝတည်း ပြည့်ဝကြပါစေ… နောက်နောင်ကိုလည်း အခုထက် ပိုတိုးပြီး လှူနိုင် တန်းနိုင်သူများ ဖြစ်ကြပါစေ… စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာစွာနဲ့ လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သူများ ဖြစ်ကြပါစေလို့ အားလုံးရဲ့ကိုယ်စား ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်…။




Sunday, May 1, 2011

ကိုကြီးကျောက်... R.I.P.


၂၀၁၀ အောက်တိုဘာ ၉ ရက်နေ့မှာ ကိုကြီးကျောက် စပြီး နေမကောင်းဖြစ်တဲ့ သတင်းကို စပြီး သိခဲ့ရတယ်။ သူရေးတဲ့ ယမမင်းသို့ ခြေလှမ်း ၁၈၀ ပိုစ့်ကို ဖတ်ပြီး ဘာပြောလို့ ပြောရမှန်းမသိအောင် စိတ်မကောင်းဖြစ်မိတယ်။ အမြဲတမ်း နောက်ပြောင်နေကျ သူ့ထုံးစံအတိုင်း သူ နောက်နေတာပဲ ဖြစ်ပါစေလို့ ဆုတောင်းပေမယ့်… …

သူ့အတွက် ဆရာဝန်က ကန့်သတ်ပေးလိုက်တဲ့ သိပ်မဝေးလှတော့တဲ့ အချိန်တွေကို လှမ်းရေတွက်ကြည့်မိပြီး ကိုယ် ဘာများလုပ်ပေးနိုင်ပါ့မလဲ လို့ တွေးလိုက်တော့ ကိုယ်လုပ်ပေးနိုင်တာ တခုပဲ တွေ့ရပါတယ်။ အဲဒါကတော့ ဆုတောင်းခြင်းပါပဲ။ ဒါကြောင့် ကိုကြီးကျောက်အတွက် ဆုတောင်း ပေးခဲ့ပါတယ်။

ကိုယ့်လိုပဲ ကိုကြီးကျောက်ကို ချစ်ခင်ကြတဲ့ ရပ်နီး ရပ်ဝေးက တယောက်နဲ့တယောက် မတွေ့ဖူး မမြင်ဖူးကြတဲ့ စာရေးဖေါ် မောင်နှမတွေအားလုံးက သူ့အတွက် ဆုတောင်းကြတယ်။ အားပေးစကားတွေ ဆုတောင်းစကားတွေကို သူ့ဘလော့ဂ်မှာ သွားရေးကြတယ်။ ဆက်သွယ်စရာ ဖုန်းနံပါတ်ရလာပြန်တော့ ဖုန်းနဲ့ စကားပြောပြီး အားပေးခဲ့ကြတယ်။ အစာလည်းဆေး ဆေးလည်းအစာ ဆိုတဲ့အတိုင်း တချို့မောင်နှမတွေကလည်း ကိုကြီးကျောက်အတွက် ဆေးဖက်ဝင်မယ့် ကောင်းနိုးရာရာ စားသောက်ဖွယ်ရာတွေကို လှမ်းပို့ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ကိုကြီးကျောက်ကို ၆ လ ကနေ ၉လ အထိလို့ ဆရာဝန်တွေက ခန့်မှန်းခဲ့ကြတယ်… ဒါကြောင့် ကိုကြီးကျောက်ကိုယ်တိုင်က ၂၀၁၀ ကုန်ရင် စာရေးနိုင်တော့မယ် မထင်ဘူးလို့ ပြောခဲ့ဖူးတယ်။ ဒါပေမယ့် ကိုကြီးကျောက်ရဲ့ အခြေအနေဟာ ဆရာဝန်တွေ ကိုယ်တိုင် အံ့သြရလောက်အောင် တိုးတက်လာတယ်လို့ သိရတော့ အဲဒီ ရက်ပေါင်း ၁၈၀ ဆိုတဲ့ အချိန်အကန့်အသတ်ကြီးကို တခဏတော့ မေ့ပျောက်သွားစေတာ အမှန်ပဲ။

ကိုကြီးကျောက်ကိုယ်တိုင်ကလည်း သူ့အတွေ့အကြုံတွေ သူ့အခြေအနေတွေကို တလကို ပိုစ့်အသစ် ၅ ခု၊ ၆ ခုလောက်နဲ့ အဆက်မပြတ် မျှဝေလို့…။ မောင်နှမတွေအားလုံးရဲ့ စာမျက်နှာတွေဆီကိုလည်း အသစ်တင်တိုင်း အမြဲတမ်း အရောက်လာပြီး ပျော်စရာ ပြုံးစရာ နောက်လို့ ပြောင်လို့ ရယ်မောစရာ စကားလုံးတွေ ချန်ထားနေကျ…။

၂၀၁၁ မတ်လအကုန်လောက်မှာ ဆေးစစ်တော့ ကိုကြီးကျောက်ရဲ့ တိုးတက်မှုတွေကို ကြည့်ပြီး ဆရာဝန်တွေ မျက်စေ့လည်ကုန်ကြတာ ဖတ်ရတော့ စိတ်ထဲ ကျေနပ်…။ အဲဒီရက်တွေမှာ တုံးကျော်ကျောက်လို့ သူ့ကို နောက်ပြောင်ပြီး ခေါ်ခဲ့ကြသေးတာ...။ သူ Las Vegas ကို သွားလာ လည်ပတ်တဲ့ အကြောင်းတွေကိုလည်း စာတွေ ဓါတ်ပုံတွေနဲ့ ဝေဝေဆာဆာ ဖတ်ရလေတော့ အင်း… ကိုကြီးကျောက်တော့ တကယ် နေကောင်းနေတာပဲရယ်လို့ စိတ်ချလက်ချ…။ ကိုယ် Tag လုပ်တဲ့ Daily Likes ပိုစ့်မှာ “ကျောက်အကြိုက် ကိုတော့ ပြန်လာမှ ရေးတော့မယ် ငါ့နှမရေ…. ခု Las Vegas သွားမှာမို့.. ၁၃ ရက်နေ့မှ ပြန်ရောက်မယ်...” လို့တောင် ပြောသွားခဲ့သေးတာ…။

သူ့ ဘလော့ဂ်မှာ Status အနေနဲ့ “Grand Canyon နဲ့ Red Rock Canyon မှာ တောင်တက် တောင်ဆင်းတွေ လုပ်တာ နဲနဲပန်းသွားလို့ စာမရေးနိုင် အိမ်မလည်နိုင် သင်္ကြန်မကဲနိုင် ဖြစ်နေပါတယ်၊ နောက်တပါတ်တော့ recover ဖြစ်ရင် ဘလော့ဂ်ထဲ ပြန်ရောက်ပါမယ်…” လို့ ပြောထားခဲ့ပေမယ့်… ...

သူ ပြန်မလာတော့ပါဘူး…။
သူ့ကို ချစ်ခင်ကြတဲ့ ညီအကို မောင်နှမတွေကို သူသံယောဇဉ်ရှိတဲ့ ဘလော့ဂ် စာမျက်နှာတခုနဲ့အတူ ချန်ထားခဲ့ပြီ။ ဆရာဝန်တွေ ကြိုတင်မှန်းဆထားခဲ့တဲ့ ရက်ပေါင်း ၁၈၀ ထက် ရက် ၃၀ လောက် ပိုနေသွားခဲ့တယ်…။ နှေးနှေးပဲ သွားသွား မြန်မြန်ပဲ သွားသွား အားလုံး တနေ့နေ့မှာ မလွဲမသွေ သွားကြရမယ့်လမ်းလို့ သိနေပေမယ့် တကယ့်လက်တွေ့မှာ ဒီသတင်းကို ကြားသိရတော့ အလွန် ဝမ်းနည်း တုန်လှုပ်မိပါတယ်။ နေမကောင်းတာကို စသိစဉ်အခါတုန်းက ဆုတောင်းပေးခဲ့ဖူးသလို အခုလည်း ဆုတောင်းပေးဖို့ပဲ တတ်နိုင်ပါတယ်။

ကိုကြီးကျောက် ကောင်းရာသုဂတိလားပါစေ…။



Wednesday, March 30, 2011

နှုတ်ဆက် အိပ်မက်


ဒီရက်ပိုင်းအတွင်းမှာ ရုံးမှာ ၃ နှစ်ကျော် ၄ နှစ်နီးပါး အတူတူ အလုပ်လုပ်ခဲ့တဲ့၊ လိမ်မာပြီး အားကိုးရတဲ့ မောင်လေးတယောက် အလုပ်ထွက်ပါတယ်။ နောက် ကိုယ်နဲ့ အနီးကပ်ဆုံး၊ အချစ်ဆုံး ငယ်သူငယ်ချင်း က အမေ့အိမ်ကို အပြီးပြန်သွားပါတယ်။ ပြီးတော့ ဧပြီလထဲမှာ နိုင်ငံပြောင်းတော့မယ် သူငယ်ချင်း မဆွီတီ…။

မျက်နှာစာအုပ်မှာ မဆွီတီရေးခဲ့တဲ့ စာလေးအတိုင်းပါပဲ… အနီးအနားမှာ ရှိနေတုန်းကတော့ ဖုန်းတောင် တခါတရံမှ ပြောဖြစ်၊ အကြောင်းကိစ္စရှိမှ လူချင်းတွေ့ဖြစ်ကြပေမယ့် သူတို့တွေ ကိုယ်နဲ့ မလှမ်းမကမ်းမှာ ရှိနေကြတာပဲ၊ တွေ့ချင်ရင် အချိန်မရွေး တွေ့နိုင်တာပဲ ဆိုတဲ့ အသိနဲ့ စိတ်ချ လက်ချရှိပြီး နေပျော်ခဲ့တယ်။ အခုလို ခွဲကြရပြန်တော့ သူတို့ သူတို့တွေနဲ့ နောက် ဘယ်အချိန်ကျမှ ပြန်ဆုံနိုင်ပါ့မလဲဆိုတဲ့ အသိနဲ့ စိတ်မကောင်းဖြစ်ရပါတယ်…။ အဲဒီစိတ်အတွေးတွေကြောင့် မနေ့ညက အိပ်မက်တခုကို မက်ခဲ့ပြီး အိပ်ရာက နိုးလာချိန်မှာလဲ အိပ်မက်ကို ထင်ထင်ရှားရှား မှတ်မိနေခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Life has to move on… မဟုတ်လား…။
ကောင်းသော ပြောင်းလဲခြင်း၊ ကောင်းသောခွဲခွာခြင်းနဲ့ ခရီးဆက်ကြတဲ့ သူတို့ သုံးယောက်ရဲ့ ရှေ့ခရီးမှာ အစစ အရာရာ အောင်မြင် အဆင်ပြေကြစေဖို့ ဒီပိုစ့်လေးနဲ့ နှုတ်ဆက် ဆုတောင်းလိုက်ပါတယ်…။


နှုတ်ဆက် အိပ်မက်

ကြယ်ရောင် လရောင်များ အလျဉ်းကင်းစင်ကာ ညက မှောင်မိုက်သွားပြီ…။ တနေ့တာ သွားလာ လှုပ်ရှားခဲ့သမျှ၊ တွေ့ကြုံခဲ့ရသမျှတွေကို ပြန်လည်တွေးတောနေရင်း တော်တော်နှင့် အိပ်မပျော်။ သို့သော် အချိန်က မနည်းတော့… ကြိုးစားပြီး အိပ်သင့်နေပြီ။

သည်လိုနှင့်… ကိုယ့်ကိုယ်ကိုယ် နိုးနေသည်လား၊ အိပ်ပျော်နေသည်လား မသေချာခင်မှာပင် အိပ်မက်တခုကို ပီပီသသကြီး မက်မြင်ခဲ့သည်။ ထူးထူးဆန်းဆန်း… အိပ်မက်ထဲတွင် ပန်းချီကားတချပ်ကို ကိုယ်တိုင် ကိုယ်ကျ ဖန်တီးနေခဲ့သည်။ သုံးချောင်းထောက် သစ်သားစင်ပေါ်မှာ ကင်းဗတ်စ ဖြူဖြူတခု၊ အနားက စားပွဲငယ်လေးပေါ်မှာ ရေဆေး ဆီဆေး ရောင်စုံ… စုတ်တံ အကြီး အသေး အရွယ်အစား အစုံအလင်…။

*****

အပြင်မှာ တခါမှ ပန်းချီမဆွဲဖူးသော်လည်း အိပ်မက်၏ အစမှာပင် စုတ်တံအပြားကြီးကြီးတချောင်းကို ဟန်ကျပန်ကျ ကိုင်တွယ်ကာ ပန်းချီကားချပ်တခုကို စိတ်ရော ကိုယ်ပါ နှစ်ကာ စတင်ဖန်တီးခဲ့တာ ဖြစ်သည်။ အမည်းရောင် ဆေးတွေကို စုတ်တံမှာ စွဲနစ်နေစေကာ ပထမဆုံး စုတ်ချက်ကို ကင်းဗတ်စပေါ်တွင် ထင်စေခဲ့သည်။ ထိုဆေးချက်များသည် ကျောခိုင်းနေသော လူပုံတွေဟု သိသာ ထင်ရှားစေသော ဒေါင်လိုက် ရှည်မျောမျော ပုံသဏ္ဍါန်များ ဖြစ်ကြသည်…။ ထိုနောက် စုတ်တံအသေးကိုယူပြီး ရှိနေပြီးသား ဆေးချက်တွေအပေါ် အသာအယာ တို့ကာ ထိကာ ပြင်ဆင်လိုက်သောအခါ စောစောက လူပုံတွေမှာ မိန်းမ ယောင်္ကျား ဟူသော ဆန့်ကျင်ဖက် အသွင်တွေ တမဟုတ်ချင်း ထင်ဟပ်လာတော့သည်။

ထို့နောက် အဖြူရောင်ဆေးများ ခပ်ဖွဖွ တို့ထိထားသော စုတ်တံကို သုံးကာ ပန်းချီကားကို အရောင်ညှိပေးခဲ့လေသည်။ ထိုအခါ အနက်ရောင်မှတဆင့် အနည်းငယ် အရောင်ဖျော့သွားသော မီးခိုးရောင် ဒေါင်လိုက်စင်းများ ကို တွေ့လာရသည်။ ကျောခိုင်းနေသော လူသုံးယောက် တွင် အမျိုးသမီးက နှစ်ယောက်၊ အမျိုးသားက တယောက်မှန်း ပေါ်လွင် သိသာ လာစေခဲ့သည်။ တချိန်တည်းမှာ ပီသလာသော စုတ်ချက်တွေကို ကြည့်ရင်း ကျေနပ် ကြည်နူးရမည့်အစား စိတ်ထဲတွင် ဝမ်းနည်းစိတ်မျိုးလည်း ဖြစ်ပေါ်နေခဲ့သေးသည်။

ထို့နောက် ခပ်သေးသေး စုတ်တံတခုကို ကိုင်ကာ မိုးစက် မိုးပေါက်များကို ခပ်ကျဲကျဲ ရွာသွန်းစေခဲ့ပြီး ထီးသုံးလက်ကို ပုံဖေါ်ရင်း သူတို့သုံးယောက်ကို သေသေသပ်သပ် အုပ်မိုးစေခဲ့ပြန်သည်။ ထီးအရွက်မှာ အဖြူရောင်သက်သက်သာ ဖြစ်စေခဲ့ပြီး ထီးရိုးတွေကိုတော့ အမည်းရောင်များဖြင့် ချယ်မှုန်းခဲ့သည်။ သိပ်မကြာသော အချိန်အတွင်းမှာ လူသုံးယောက် ထီးကိုယ်စီ ကိုင်ဆောင်းကာ မိုးမှုန် မိုးငွေ့တွေအကြား တရွေ့ရွေ့ ကျောခိုင်းထွက်ခွာ သွားနေကြသော ပန်းချီကား တချပ် အသက်ဝင်လာတော့သည်။

ပန်းချီကား တချပ်လုံးတွင် အမည်းရောင် မီးခိုးရောင်နှင့် အဖြူရောင် အရောင်ငြိမ် သုံးရောင်ဖြင့်သာ ပါဝင်ဖွဲ့စည်းထားသည်။ သိပ်အသေးမစိပ်လှသော စုတ်ချက်များဖြင့် ဖန်တီးထားသော်လည်း မြင်လိုက်ရသူတိုင်း ပီပီသသ ကြည့်မြင် ပုံဖေါ်နိုင်သော ပန်းချီကား တချပ်ဖြစ်သည်။

*****

အိပ်ရာမှ နိုးလာချိန်သည် ပြူတင်းပေါက်မှ မြင်ရသလောက် ကောင်းကင်တခုလုံး မှိုင်းမှောင်နေကာ မိုးတွေက တဖျောက်ဖျောက်နှင့် ရွာသွန်းနေချိန်ဖြစ်သည်။ ကော်ဖီပူပူတခွက်ကို အမြန်ဖန်တီးကာ မိုးစက်များကို ငေးကြည့်ရင်း ညက အိပ်မက်ကို ပြန်လည် ခေါ်ယူကာ အဓိပ္ပါယ်ဖေါ်ကြည့်မိသည်။

ကျောခိုင်းထွက်ခွာသွားသူ လူသုံးယောက်သည် မီးခိုးရောင် မှိန်ပြပြ အသွင်သဏ္ဍါန်ရှိကြသည့်အတွက် တကယ်တမ်း လူချင်း ဝေးသွားကြသော်လည်း စိတ်အတွေးတွေ မဝေးကြ၊ တယောက်ကို တယောက် ရုပ်ခြင်းသာ ခွဲခွာသွားကြခြင်း ဖြစ်ရမည်ဟု တွေးမိသည်။ ကျောခိုင်းသွားသူများ၏ ရုပ်သွင်တွေက မားမားမတ်မတ်ရှိလှသောကြောင့် သူတို့သုံးယောက်သည် ခိုင်မာသော ခရီးတခုကို ရွေးချယ်ကာ ဖြောင့်ဖြောင့်တန်းတန်း ခရီးနှင်ခြင်းသာ ဖြစ်မည်။ တဖွဲဖွဲကျနေသော မိုးစက်တွေက အေးချမ်းသော အသွင်ကို ဆောင်ပြီး ထီးကိုယ်စီ လက်ဝယ် ကိုင်မိုးထားသောကြောင့် သူတို့၏ ရှေ့ဆက် ခရီးတလျှောက်တွင် အမိုးအကာတို့ဖြင့် ပြည့်စုံ လုံခြုံနွေးထွေးစေမည်မှာလည်း သေချာနေပြန်သည်။ ဖြူလဲ့လဲ့ ကင်းဗတ်စပေါ်တွင် ရွေ့လျားနေကြသော ဒေါင်လိုက်စင်း စုတ်ချက်တွေကြောင့် သူတို့ သုံးယောက်၏ ရှေ့ဆက်ရာ ခရီးလမ်းတွေသည် ဖြူစင် ကြည်လင်ကာ ချောမွေ့နေမည်ဟုလည်း ကိုယ်တိုင် ယုံကြည်နေမိပြန်သည်။

လူတိုင်း လူတိုင်း တနေ့မဟုတ် တနေ့မှာ ခွဲခွာခြင်းတွေကို နည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် ကြုံကြရမည် မလွဲ။ ယခုကဲ့သို့ ကောင်းမွန်သော ခွဲခွာခြင်းမျိုးကို ဝမ်းနည်းမနေပဲ ကြည်လင်စွာ လက်ခံကြိုဆိုရမည်ပေါ့…။ ထိုအတွေးတွေဖြင့် ကိုယ့်အိပ်မက်ကို ကိုယ်တိုင် သဘောကျ ကျေနပ်သွားသည်။

သောက်လက်စ ကော်ဖီခွက်ထဲမှ ကော်ဖီနွေးနွေးကို ဆက်တိုက် မော့ချလိုက်ရင်း မနေ့ညက ဝမ်းနည်းနေသော စိတ်တွေ လျှော့ပါးသွားပြီး ကြည်လင်သော စိတ်အစဉ်ဖြင့်…။ ခဏနေရင် ရေမိုးချိုးပြီး အလုပ်သွားဖို့ ပြင်ဆင်တော့မည်။ မီးခိုးရောင် မှိုင်းမှိုင်း ကောင်းကင်ပေါ်မှ မိုးစက်များကတော့ တဖျောက်ဖျောက်နှင့် အဆက်မပြတ် ရွာသွန်းနေဆဲ… သို့သော် ကောင်းသော နေ့သစ်တခုကတော့ ပီပီသသကြီး အစပြုခဲ့ချေပြီ်။




မှတ်ချက် - ကိုယ့်အိပ်မက်ထဲက ပန်းချီကားလေးကို အနီးစပ်ဆုံး ပုံဖေါ်ပေးခဲ့တဲ့ ညီမ ပန်ပန့်ကို အထူး ကျေးဇူးတင်ပါတယ်။

Tuesday, January 4, 2011

နှစ်သစ်လက်ဆောင် (သို့) တွယ်ငြိတတ်သော…


ကြိုး…
ကြိုး ဟုဆိုလိုက်လျှင် လူတိုင်း လူတိုင်းက ဟိုး အပ်ချည်ကြိုးမှ အစပြုကာ အထွေထွေ အပြားပြားသော၊ အရွယ်အစား အမျိုးမျိုးနှင့် ကြိုးပေါင်းစုံကို မျက်စိထဲ မြင်ယောင်လာကြမှာ သေချာပေါက်ပင်…။ မျက်စိဖြင့် မြင်နိုင်သော ကြိုးများကို သာမက လူကို လာရောက် ရစ်ပတ် တွယ်နှောင်တတ်သော အချစ်ကြိုး၊ သံယောဇဉ်ကြိုးများလို မျက်စိဖြင့် မမြင်နိုင်သော ကြိုးများကိုလည်း တဆက်တည်း တွေးမိ မြင်ယောင်မိသူများလည်း ရှိနေနိုင်သေးသည်။ (သည့်ထက်ပိုလာလျှင် သက်ဝေ၏ နာမည် ဂျင်ကြိုး ဆိုတာပါ တလက်စတည်း သတိရသွားသူများပင် ရှိကောင်း ရှိနေနိုင်သေးသည်။ ဤကား စကားချပ်…။)

မြင်ရသော ကြိုးများသည် လူတွေကို များစွာသော အကူအညီကို ပေးစွမ်းသည်။ အပ်ချည်ကြိုး၊ လျှော်ကြိုး၊ သံကြိုး၊ အဝတ်လှမ်းကြိုး၊ ဝါယာကြိုး စသည်ဖြင့်... နာမည်တွေတပ်နေလျှင် ဆုံးနိုင်မည် မဟုတ်။ သို့သော် ထိုကြိုးတွေသည် လူတွေ၏ နေ့စဉ် လုပ်ငန်းဆောင်တာများအတွက် အထောက်အကူပြုသည်မှာ သံသယရှိစရာ မလို။ နေရာတိုင်း နေရာတိုင်း ကြိုးများဖြင့် မကင်းနိုင်။ ကြီးကြီးကျယ်ကျယ်ပြောရလျှင် ကြိုးများမရှိပဲ လူသားတွေ၏ ဘဝ အဆင်မပြေနိုင်…။

သို့သော် လူအတော်များများက ကြိုး ဆိုတာကို မနှစ်သက်တတ်ကြပေ။ ကြိုးပါသော ပစ္စည်းများကို ရှုပ်သည် ဟုသာ အစဉ်မှတ်ယူတတ်ကြသည်။ ထိုအခါ ကြိုးများကို မမြင်ရအောင် ကြံစဉ်ကြသည်။ အိမ်မှာ မီးလင်းအောင် သွယ်ယူရသော မီးကြိုးများကို နံရံထဲတွင်ထည့်ကာ ကြိုးပျောက် တပ်ဆင်တတ်ကြသလို ကွန်ပျူတာကြိုးများ၊ ပရင်တာကြိုးများ၊ ကေဘယ်လ်များကိုလဲ ပိုက်အပျော့ထဲတွင် ကွယ်ဝှက်ထည့်သွင်းကာ အတတ်နိုင်ဆုံး မမြင်ရအောင်လည်း ဖန်တီးတတ်ကြသေးသည်။

နောက် လူတွေ ကြိုးကို မကြိုက်ရသော ဖြစ်နိုင်ချေရှိသော အကြောင်းတခုမှာ ကြိုး မည်သည် ချည်နှောင်တတ်သော၊ မထင်လျှင် မထင်သလို ရှုပ်ထွေးတတ်သော သဘောကို ဆောင်သောကြောင့်ပင်။ လူ ဆိုသည်မှာ အချည်နှောင်ခံချင်တတ်ကြသော အမျိုးအစား မဟုတ်ကြ…။ သူတို့ကသာ အမျိုးမျိုးသော ကြိုးတွေကို နေရာတကာမှာ အသုံးချကာ ချည်နှောင်နေကြသော်လည်း သူတို့ကို တစုံတခုသော ကြိုးဖြင့် လာရောက် ရစ်ပတ် တုတ်နှောင်ကြည့်ပါလား… အကြောင်းအမျိုးမျိုးပြကာ ခါးခါးသီးသီး ငြင်းဆန်ကြမည်သာ။ လူတိုင်း လူတိုင်းသည် လွတ်လပ်ငှက်ငယ်လေးများလို အနှောင်အဖွဲ့ ကင်းကင်းဖြင့် ပေါ့ပါးစွာ မိုးမြင့်ကို ပျံသန်းချင်သူများပင်…။ ယုတ်စွအဆုံး ခွေးကလေး ကြောင်ကလေးများပင် ကြိုးကို မကြိုက်တတ်ကြ။ သူတို့ကို ချည်တိုင်တခုခုတွင် ကြိုးဖြင့် ချည်ထားကြည့်ပါလား…။ နားမခံသာအောင် အော်ဟစ်ကာ ကြိုး ပြန်အဖြည်ကို တောင်းဆိုကြမည်သာ…။ သည်လို တွေးကြည့်မိတော့ ကြိုးဖြစ်ရသော ဘဝမှာ သနားစရာ…

ဤသို့ သနားစရာ ကောင်းနေရသည့်အထဲ တိုးတက်လာသောခေတ်ကြီးမှာ လူသားတွေသည် ပစ္စည်းတွေကို အတတ်နိုင်ဆုံး ကြိုးကို မပါရလေအောင်၊ ကြိုးနှင့် မပတ်သက်ရလေအောင် ကြိုးမဲ့တွေ တီထွင်လာကြပြန်သည်။ နေရာမပေး ချောင်ထိုးခံရတော့မည့် ကြိုး၏ဘဝ သနားစဖွယ်…။ တချို့ကတော့ ပြောကြသည်… နေရာတကာ ပါချင်တဲ့ ကြိုးဆိုတဲ့ ကောင် အခုလို ချောင်ထိုးခံရတာ နည်းတောင် နည်းသေး တဲ့…။ ဒါတွေက မျက်စိဖြင့် မြင်ရသော ကြိုးအကြောင်း…။

လူတွေသည် မိမိတို့ မျက်စိဖြင့် မြင်နေရသော ကြိုးများကိုသာ နည်းအမျိုးမျိုးနှင့် ငြိုငြင်နေတတ်ကြပြီး ကိုယ့်ကိုယ်ကိုယ် လာရောက် ချည်နှောင်လို့ ချည်နှောင်နေမှန်းမသိသော မမြင်ရသော ကြိုးများကိုကျတော့ မသိလိုက် မသိဖာသာ နေတတ်ကြသည်...။ တချို့က ပေါ်ပေါ်ထင်ထင်ကြီး မသိကျိုးကျွန်ပြုနေကြပြီး တချို့ကတော့ ပါးစပ်တဖြဲဖြဲနှင့် တဟဲဟဲ ရယ်မောကာ ပျော်ပျော်ကြီးနှင့် အချည်နှောင် ခံနေတတ်ကြသည်…။ မယုံ မရှိပါနှင့်… တကယ်ပါ။ အချစ်ကြိုး၊ နွယ်ကြိုး၊ နှောင်ကြိုး၊ သံယောဇဉ်ကြိုး၊ သမုဒယကြိုး၊ ဘလာ… ဘလာ… ဘလာ… မမြင်ရသော ကြိုးတွေ အများကြီးပါပဲ…။

ဒီလိုကြိုးတွေကိုတော့ လူတွေက ကျေကျေနပ်နပ်ကြီး လက်သင့်ခံကြသည်။ ကျေကျေနပ်နပ်ကြီး အချည်အနှောင် ခံတတ်ကြသည်။ ပြီးတော့ ပျောက်ပျက်အောင် ပြတ်တောက်အောင် ဘယ်သူမှ မကြိုးစားကြ။ တရစ်ထက် တရစ် တိုးသည်ထက် တိုးလို့သာ ချည်နှောင်ချင်တတ်ကြသည်။ ကိုယ် ချစ်ရသောသူကို ကိုယ်က မလွတ်တမ်း ချည်နှောင်ချင်ကြသလို တဖန် ကိုယ်ချစ်ရသူက ကိုယ့်ကို ချည်နှောင်တာကို ခံယူချင်တတ်ကြသည်ပဲ။ သီချင်းတောင် ရှိသေး… “မေရေ… မောင်တို့ကြားမှာ ချည်ထားတဲ့ ဒီကြိုးဟာ သံယောဇဉ်…” တဲ့… စိုင်းထီးဆိုင် ဆိုထားတာ…။ နောက်ထပ် သည်လို ကြိုးပါသော သီချင်းတွေ မရေမတွက်နိုင်အောင် အများကြီး ရှိနေသေးသည်။

အခုလည်း ကြည့်လေ…။
နှစ်ကုန်ခါနီးမှာ ရုံးမှာရော အိမ်မှာပါ ရှင်းလင်းစရာရှိတာတွေကို ရှင်းလင်းနေသည်။ ဒါမှ နှစ်သစ်ကို ရှင်းရှင်းလင်းလင်း သပ်သပ်ရပ်ရပ် ကြိုဆိုနိုင်မည် ဖြစ်သည်။ အိမ်အတွက်က သိပ်ပူစရာမလို၊ ကြိုးများကို အလိုလိုနေရင်း ကြည့်မရ ဖြစ်နေတတ်သောသူတယောက် ရှိနေတာနဲ့တင် တော်တော်ကြီးကို လုံလောက်နေပြီ။ ကိုယ် ဝင်ပါစရာ မလို။ သို့သော် ရုံးက စားပွဲရှင်းသောအခါမှာတော့ ဒုက္ခတွေ့ရပြီ။ ကိုယ့်မျက်စိရှေ့မှာ တွေ့နေ မြင်နေရသော ကြိုးတွေကို ကြည့်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေမိသည်။ ပြီးတော့ ထိုကြိုးတွေကို မမြင်ကွယ်ရာ နေရာကိုရောက်အောင် အတင်းကာရော ကွယ်ဝှက် သိမ်းဆည်းဖို့ ကြိုးစားနေမိသည်။ ကြိုးတွေကို မလိုမုန်းတီးသော စိတ်ဖြင့် အတတ်နိုင်ဆုံး ကြိုးမဲ့ ပစ္စည်းတွေ ရွေးချယ် ဝယ်ယူမိသည်။ ကြိုးမပါသော ကီးဘုတ်… ကြိုးမပါသော မောက်စ်… ကြိုးမပါသော စပီကာ… စသည်… စသည်…။

သို့သော် မမြင်ရသောကြိုးတွေ…
သေသေချာချာ တွေးကြည့်လိုက်တော့မှ ကိုယ့်ဆီမှာ မမြင်ရသော ကြိုးတွေ အများကြီးမှ အများကြီး… ကြည့်ပါအုံး… ဆုံမှတ်တခုမှနေ၍ ဖြာထွက်သွားသော အရွယ်အစားခြင်း အမျိုးအမည်ခြင်း မတူညီကြသော ထိုမမြင်ရသော ကြိုးအမျိုးမျိုးတို့သည် ကိုယ် ချစ်ရ ခင်ရ သောသူတွေဆီမှာ… ကိုယ် သဘောကျ နှစ်သက်သော သက်ရှိ သက်မဲ့ အရာဝတ္ထုတွေဆီမှာ… စင်ပေါ်က စာအုပ်တွေဆီမှာ… သီချင်းခွေတွေဆီမှာ… နောက်တော့ ဘလော့ဂ်ပေါ်မှာ… စာရေးဖေါ်တွေနဲ့ သူတို့ရေးတဲ့ စာတွေ ကဗျာတွေဆီမှာ… မျက်နှာစာအုပ်ပေါ်မှာ… ဒါတွေအပြင် ဘလော့ဂ်ပေါ်မှ တဆင့်၊ မျက်နှာစာအုပ်မှ တဆင့် ရင်းနှီးချစ်ခင်ရသော မြင်ဖူးသော၊ မမြင်ဖူးသော၊ လူချင်း တွေ့ဖူးသော၊ အသံချင်း တွေ့ဖူးသော အနီး အဝေးက မိတ်ဆွေတွေဆီမှာ… ပြောပြရရင် ကုန်နိုင်မည် မထင်…။

အပေါ်မှာ ပြောခဲ့သလို ကြိုး မည်သည် ချည်နှောင်တတ်သော၊ တွယ်ငြိတတ်သော၊ အခန့်မသင့်လျှင် ရှုပ်ထွေးရစ်ပတ်တတ်သော သဘာဝရှိသော်ငြားလည်း ကောင်းသော ချည်နှောင်ခြင်း၊ ချစ်စရာ တွယ်ငြိခြင်းတွေဖြင့် ကိုယ့်ကို လာရောက် ရစ်ပတ်ချည်နှောင်နေသော မမြင်ရသောကြိုးတွေ၏ ချည်နှောင်မှုကို ကိုယ်တိုင်က လှိုက်လှဲ ကျေနပ်စွာ… နေ့ရက်အချိန်တွေ ကြာရှည်လာသည်နှင့်အမျှ ကိုယ့်ကို တစထက် တစတိုးလို့ အထပ်ထပ် ရစ်ပတ်ချည်နှောင်တာကို ဝမ်းမြောက်ဝမ်းသာစွာ လက်ခံ… သိသိကြီးနှင့် အချည်နှောင်ခံနေမိသည်ပဲ…။ သို့သော်လည်း သည်ကြိုးတွေကို ငြိုငြင်စွာဖြင့် ရုန်းထွက်ဖို့ ၊ ဖြည်ချ ဖြတ်တောက်ပစ်လိုက်ဖို့၊ ဝေးဝေးကို ရှောင်ခွာသွားဖို့ တခါမှ မစဉ်းစားမိ၊ နည်းနည်းမှလည်း မကြိုးစားမိပါ။ အခုအချိန်မှာ မကြိုးစားသလို နောင်လည်း ဘယ်တော့မှ ကြိုးစားမိမည် မဟုတ်ပါ…။ တွယ်ငြိချင်သလောက်သာ တွယ်ငြိပါစေတော့… … …။



စာကြွင်း ။ ။ ၂၀၁၁ နှစ်သစ်အတွက် ဆုတောင်း လက်ဆောင်လေးပဲ ဖြစ်ဖြစ်၊ နှုတ်ခွန်းဆက် စကား လက်ဆောင်လေးပဲဖြစ်ဖြစ် ရေးမလို့ စဉ်းစားရင်းကနေ ကြိုးတွေအကြောင်းကို စဉ်းစားမိသွားတယ်။ အဲဒီကမှတဆင့် မြင်ရတဲ့ကြိုး… မမြင်ရတဲ့ကြိုး… ကြိုးတွေကို ဖြတ်တောက်သွားသူတွေ… ဖြတ်တောက်ဖို့ ကြိုးစားနေတဲ့သူတွေ… ရစ်လာသမျှကြိုးတွေကို ဖြည်ချပစ်နေတဲ့ သူတွေ… ။ အဲဒီအကြောင်းတွေ ခေါင်းထဲ ရောက်လာပြီး ကိုယ်ဆိုရင်ကော တစ တစ တိုးပွားလာတဲ့ ဒီကြိုးတွေကို ဘယ်လိုစီမံမလဲ ဆိုတာ စဉ်းစားမိရာက ရေးဖြစ်တဲ့ ပိုစ့်တခုပါ…။

မမြင်ရသော ကြိုးတွေအပေါ်မှာ ထားတဲ့ ကိုယ့်ရဲ့သဘောထားကို နှစ်သစ်အတွက် လက်ဆောင်တခုလို့ လက်ခံပေးပါနော်…။ ကျေးဇူးအကြီးကြီး တင်ပါတယ်…။

အားလုံးအတွက် ရွှင်လန်းသာယာသော နှစ်သစ် ၂၀၁၁ ဖြစ်ပါစေ...

Wednesday, December 1, 2010

ဒီဇင်ဘာ နေ့စွဲများ


ချစ်စဖွယ် ဒီဇင်ဘာလကို ရောက်လာပြီ….
မနှစ်က ၂၀၀၉ အတွက် မှတ်တမ်းကို နိုဝင်ဘာထဲမှာ ရေးဖြစ်ခဲ့သည်။ အခု ၂၀၁၀ အတွက် မှတ်တမ်းလေးကို ရေးလက်စ… ဒီဇင်ဘာ ၁ ရက်နေ့ Sweet December မှာ တင်မည်ဟု တွေးထားသည်။ သို့သော် ထိုမှတ်တမ်းထက် အရေးကြီးသော ပိုစ့်ကို ယခု တင်လိုက်သည်။ အခြားတော့ မဟုတ်… မွေးနေ့ ဆုတောင်း ပိုစ့် ဖြစ်သည်။ ကိုယ်တိုင်က ဒီဇင်ဘာမှာ မွေးသူတယောက် မဟုတ်သော်လည်း ဒီဇင်ဘာကို ချစ်သူတယောက် ဖြစ်သည်က တကြောင်း၊ ကိုယ် ချစ်သူ ခင်သူ တော်တော်များများ၏ မွေးနေ့တွေက ဒီဇင်ဘာထဲမှာ တန်းစီနေသည်က တကြောင်းတို့ကြောင့် ဤ မွေးနေ့ ဆုတောင်းပိုစ့်ကို အရင် တင်လိုက်သည်။

မနှစ်ကလဲ ဒီဇင်ဘာ မွေးနေ့ရှင်များကို ဒီနေရာမှာ ဆုတောင်းပေးခဲ့သည်။ သို့သော် ဘယ်နေ့မှာ ဘယ်သူ ဘယ်ဝါဟုတော့ ခွဲခွဲခြားခြား မဖေါ်ပြဖြစ်ခဲ့…။ သည်နှစ်တော့ အများ သိနေပြီးသားသူ တချို့ကို နာမည်နှင့်တကွ ရေးသား ဆုတောင်းလိုက်သည်။ သူတို့ စေတနာအလျောက် မုန့်ကျွေးလိုက ဖိတ်ကြား ကျွေးမွေးနိုင်ပြီး ကျန်သော မိတ်ဆွေ သူငယ်ချင်းများက သူတို့ သူတို့ထံ မွေးနေ့ ဆုတောင်းများ၊ မွေးနေ့ လက်ဆောင်များ ပေးပို့လိုပါက ပေးပို့နိုင်စေရန် ရည်ရွယ်သည်။ (မွေးနေ့ရှင်များ လက်ဆောင်ရပါက ကိုယ့်ကို တဝက်ခွဲပေးရန် မမေ့ကြစေချင်...)

အိုကေ… ဒါဆို ဒီဇင်ဘာ ၁ ရက်နေ့မှ စပြီး အစဉ်လိုက် ရေးပြပါမည်…။

ဒီဇင်ဘာ၏ ပထမဦးဆုံးနေ့… ဒီဇင်ဘာ ၁ ရက်နေ့ မွေးနေ့ရှင်သည်ကား ရိုးရိုးတွေး ရှင်းရှင်းပဲ ရေးတတ်သော ကိုယ်တို့ မိတ်ဆွေကြီး ကလူသစ် ဖြစ်ပေတော့သည်။ ရှေ့ဆက်ပြီး အတွေးရိုးရိုးနှင့် အရေးရှင်းရှင်းတွေကို အများကြီး တွေးနိုင် ရေးနိုင်စေရန် ဆုတောင်းသည်…။ ကလူသစ်သည် အိမ်သူ သက်ထားကို မွေးနေ့လက်ဆောင် မပေးတတ်သော သူတယောက် ဖြစ်သည်ဟု သိရသည်…။ ထို့ကြောင့် သူ့မွေးနေ့မှာလဲ ဘာလက်ဆောင်မှ ရလိမ့်မည် မထင်။ ကလူသစ်အနေဖြင့် မွေးနေ့လက်ဆောင်ရလိုပါက အိမ်သူသက်ထားကို သူနှစ်သက်သော လက်ဆောင်များ မကြာခဏ ဝယ်ပေးခြင်း၊ သူငယ်ချင်း အပေါင်းအသင်းများကို စေတနာ ထက်သန်စွာဖြင့် ဘီယာတိုက်ခြင်း၊ မုန့်ကျွေးခြင်း စသော ကောင်းမှု ကုသိုလ် များများလုပ်ပါရန် တိုက်တွန်းသည်။ ပျော်စရာ မွေးနေ့ ဖြစ်ပါစေ ကလူသစ်ရေ…။

ဒီဇင်ဘာ ၁ ရက်နေ့ မှာ နောက်မွေးနေ့ရှင် နှစ်ယောက် ရှိနေသေးကြောင်း မကြာသေးခင်ကမှ သိလိုက်ရသည်။ တယောက်က ခပ်ရင့်ရင့် စာများကိုရေးသော ခပ်မိုက်မိုက် ဘလော့ဂ်ဂါ ခမမ ဖြစ်သည်။ နောက်တယောက်ကတော့ စားချင်စဖွယ် ဟင်းလျာများကို ပြင်ဆင် ချက်ပြုတ်ပြတတ်ပြီး ချစ်စရာ သားကလေး၏ တနေ့ထက် တနေ့ တိုးတက် ကြီးထွားလာပုံများကို အသေးစိတ် သေသေချာချာ ရေးပြတတ်သော မွန်မွန် ဖြစ်သည်။ ပျော်စရာ မွေးနေ့များ ကိုယ်စီ ပိုင်ဆိုင်နိုင်ကြစေကြောင်း ဆုတောင်းသည်။

မမျှော်လင့်ပဲ ချိုသော ဒီဇင်ဘာ မွေးနေ့ရှင် နောက်တယောက် ထပ်တိုးလာသည်...။ နှင်းဆီတခင်း ပန်းတခြင်းပိုင်ရှင် သိင်္ဂါကျော် ဖြစ်သည်...။ သူ ကော်မန့်လာရေးသွားမှ သိလိုက်ရသဖြင့် သူ့အတွက် မွေးနေ့ဆုတောင်းလေးကို ချက်ချင်း ဖြည့်စွက်ရေးသားလိုက်သည်...။ Sweet December ကို ချစ်တယ်… ငါ့ကို ချစ်တဲ့ သူငယ်ချင်းတွေ အားလုံးကို ချစ်တယ်… ခရစ်ယာန် မဟုတ်ပေမယ့် ခရစ္စမတ်စ် ကိုလည်း ချစ်တယ်… ဒီဇင်ဘာရေ… ငါ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ခွန်အားပေးပါနော် ဟူသော သူ၏ ဆုတောင်းအတိုင်း တလုံးတဝတည်း ပြည့်စုံစေကြောင်း ဆုတောင်းပေးလိုက်ပါသည်...။

ဒီဇင်ဘာ ၆ ရက် နှင့် ၁၂ ရက် မွေးနေ့ရှင်များကတော့ ဆွေမျိုး မိသားစုဝင် နှစ်ယောက်၊ ပြီးတော့ အလွန် ရင်းနှီးသော ငယ်သူငယ်ချင်းတို့၏ သားငယ် သမီးငယ်လေး နှစ်ယောက် ဖြစ်ကြသည်…။ မွေးနေ့ရှင် လူကြီး လူငယ်များ အသက်ရှည် ကျန်းမာပြီး လိုရာဆန္ဒ ပြည့်ဝကြစေရန် ဆုတောင်းသည်။

ဒီဇင်ဘာ ၁၄ ရက်… ကိုယ် ချစ်ရသော သူငယ်ချင်းတယောက်၏ မွေးနေ့… သူငယ်ချင်း စိတ်ချမ်းသာ ပျော်ရွှင်ပြီး အစစ အရာရာ အဆင်ပြေစေရန် အမြဲ ဆုတောင်းနေပါသည်။

ဒီဇင်ဘာ ၁၆ ရက် မွေးနေ့ရှင်မှာ ကိုယ်တို့အားလုံး ချစ်ခင်ကြရသော မမ ခင်ဦးမေ ဖြစ်သည်။ မမ စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာပြီး Shopping များများ ထွက်နိုင်စေကြောင်း၊ Blog မှာ ပိုစ့်တွေ များများ ရေးနိုင်စေကြောင်း၊ Blog တွေ များများ သွားရောက် လည်ပတ် ဖတ်ရှုနိုင်စေကြောင်း၊ ကော်မန့် များများ ပေးနိုင်စေကြောင်းတို့နှင့်အတူ နောင်နစ်ပေါင်းများစွာ များစွာတိုင်အောင် သက်ရှည် ကျန်းမာပြီး ချစ်သောသူများနဲ့ အတူတကွ ရှိစေကြောင်း ဆုတောင်းသည်…။ မမ ရေးသော ပိုစ့်တွေကြည့်လိုက်ရင် ည မိုးချုပ်ရုံသာမက မနက် အစောကြီးတွေမှာပါ တင်ထားတာ တွေ့ရသည်…။ အိပ်ရေးလဲ ဝအောင် အိပ်ပါ မမ…

ဒီဇင်ဘာ ၁၇ ရက်… သည်မွေးနေ့ရှင်မှာ စာရေး ကဗျာရေး ကောင်းပြီး ဓါတ်ပုံရိုက် တော်သည်ဟု လူသိများသည်။ ဤသို့ အောင်မြင်ကျော်ကြား လူကြိုက်များလှသော သူ၏ ဘလော့ဂ်ကို စိတ်တိုင်းကျ ဖွင့်ချည် ပိတ်ချည် ပြုလုပ်ရင်း အခု လက်ရှိ အချိန်မှာ အပြီးပိတ်ထားလိုက်ပြီဟု ယူဆရသော ဝရမ်းပြေး လူဆိုး ဘလော့ဂ်ဂါ တယောက်ဖြစ်သည်။ ခိုင်လုံသောရပ်ကွက်မှ ကြားသိရသော သတင်းအရ အနှီလူသားသည် ဘလော့ဂ်လောကကို ပြတ်ပြတ်သားသား သံယောဇဉ်ဖြတ် ကျောခိုင်းလိုက်သမှ ဘလော့ဂ်ဆို ဘယ်ဘလော့ဂ်မှ မဖတ်တော့ချေ ဟူ၏။ ထို့ကြောင့် ဤပိုစ့်ကို သူ ဖတ် မဖတ် မသေချာ… ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ သူ့မွေးနေ့အတွက် သတိတရ ဆုတောင်းပေးလိုက်ပါသည်…။ စိတ်သွားတိုင်း ကိုယ်ပါ လိုရာ ဆန္ဒ ပြည့်စေသောဝ်…။ လိုအပ်လျှင် လိုအပ်သလို မှီဝဲရန် ဇီးဖျော်ရည် ဆောင်ထားရသော အခြေအနေမှလဲ ကင်းဝေးပါစေသောဝ်…။

ဒီဇင်ဘာ ၂၀ မွေးနေ့ရှင်... ကိုယ် ဘာပဲ ရေးရေး ချစ်ခင်စွာ အစဉ်အမြဲ အားပေးတတ်သော၊ သုံးတန်းမှစကာ စက်မှုတက္ကသိုလ်မှာ အတူတူ ကျောင်းပြီးသည်မှ အခုချိန်အထိ ချစ်ခင် တလှည့် ရန်ဖြစ် တလှည့်နှင့် အနားမှာ အတူရှိနေသော၊ နေ့စဉ် နေ့တိုင်း မတွေ့ဖြစ်ကြသော်လည်း လိုအပ်ချိန်တိုင်းမှာ တယောက်ကို တယောက် အလိုက်တသိနှင့် နားလည် အားပေး ကူညီ စောင့်ရှောက်ကြရင်း ချစ်ခင်ရသော ငယ်သူငယ်ချင်းလေး ခိုင်… မွေးနေ့မှာ ပျော်ရွှင် ချမ်းမြေ့စေရန် ဆုတောင်းသည်…။ မွေးနေ့လက်ဆောင် ဝယ်ထားပြီးပြီ… မုန့်ကျွေးရန် စဉ်းစားထားပါလေ…။

ဒီဇင်ဘာ ၂၅… ခရစ်စမတ်နေ့ မွေးနေ့ရှင်… ဘဝအတွက် လက်တွဲဖေါ်ရနေသည်ကို အများပြည်သူတို့ ယုံမှား သံသယ မရှိရလေအောင် နှစ်ယောက်အတူ ကြည့်ထားသော ရုပ်ရှင်လက်မှတ် ခပ်ကြေကြေကို (ဘာကြောင့် ကြေနေသည်ကို မသိရသေး၊ စုံစမ်းဆဲ…) မျက်နှာစာအုပ်မှာ လာရောက် ပြသရ၊ သွားရ လာရ လည်ရ ပတ်ရ စားရ သောက်ရနှင့် မအားနိုင်အောင် ဖြစ်နေပြီး ဘလော့ဂ်ကို ပစ်ပစ်ခါခါ ပြုထားသော လူသား ကိုဘွိုင်းဇ် ၏ မွေးနေ့…။ မွေးနေ့ရှင် ကိုဘွိုင်းဇ် များမကြာမီ အချိန်အတွင်းမှာ ရုပ်ရှင်လက်မှတ်များသာမက ဖိတ်စာလှလှကိုပါ ပြသနိုင်စေကြောင်း ဆုတောင်းသည်။

ဒီဇင်ဘာ ၂၈ ရက်… ကိုယ့်ချစ်လှစွာသော အထက်လူကြီး၏ မွေးနေ့…။ သည်ဘလော့ဂ်ကို သူ မသိ၊ သည်စာလုံးများကို သူ နားမလည်၊ သည်စာမျက်နှာကို သူ မဖတ်တတ်သော်လည်း ဒီဇင်ဘာ မွေးနေ့ရှင်တယောက်အဖြစ် ဒီနေရာမှာ အရင် ဆုတောင်းပေးလိုက်ပါမည်…။ ပရိုဂျက်ကြီးကြီးတွေ များများရပြီး လာမယ့် တရုပ်နှစ်သစ်ကူးမှာ စာအိပ်အနီရောင် ခပ်ထူထူများ ရကြစေကြောင်း ရည်ရွယ်မျှော်မှန်း၍ ရုံးအဖွဲ့သားများ အားလုံး (မြန်မာ Department) ၏ ကိုယ်စား မွေးနေ့ ဆုမွန်ကောင်း တောင်းပေးလိုက်သည်…။ တောင်းတဲ့ ဆုနဲ့ ပြည့်စေသောဝ်…။

ကိုယ် သိသ၍ ဒီဇင်ဘာမွေးနေ့ရှင်များမှာ ဤမျှသာ။ အကယ်၍ ကိုယ်တို့ သိသော အပေါင်းအသင်း ရောင်းရင်းတွေထဲမှာ ဒီဇင်ဘာ မွေးနေ့ရှင်များ ကျန်ရှိနေပါက အသိပေးစေချင်သည်…။ မှတ်မှတ်သားသား စာရင်းတို့ထားကာ မမေ့မလျော့ ဆုတောင်းပေးပါမည်…။

မွေးနေ့ရှင်များအားလုံး ကိုယ့် ကိုယ်ပိုင်နေ့စွဲများကို အတတ်နိုင်ဆုံး အဓိပ္ပါယ်ရှိရှိနှင့် အကောင်းဆုံး ကျော်လွန် ဖြတ်သန်းစေရင်း၊ ကုန်လွန် ဖြတ်သန်းလာခဲ့သော နေ့စွဲများကို နောက်ပြန် လှည့်ကြည့်လိုက်တိုင်း စိတ်အနှောက်အယှက် ဖြစ်စရာများ၊ နောင်တရစရာများ မတွေ့ရလေအောင် ကြိုးစား စွမ်းဆောင်ရင်း၊ ကိုယ်တိုင် ယုံကြည်ရာ လမ်းမများ၊ ကိုယ် အလိုရှိရာ တောင့်တရာ အောင်မြင်မှုများဆီသို့ တလှမ်းချင်း တိုးဝင် လှမ်းလျှောက်သွားနိုင်ရန် ကြိုးစားရင်း၊ ကိုယ့် စိတ်ကူးများ အိပ်မက်များကို လက်တွေ့ အကောင်အထည်ဖေါ်နိုင်အောင် အားထုတ်ရင်း ကိုယ့် ကိုယ်ပိုင်နေ့စွဲလေးများကို အကြိမ်ပေါင်း မြောက်များစွာ ဆက်လက် ပိုင်ဆိုင်ကြစေရန် မျှော်လင့် ဆုတောင်းသွားကြရအောင်လေ…




Saturday, October 9, 2010

စိမ်းလန်းခြင်း


ဒီဓါတ်ပုံလေးကို ချစ်ခင်ရတဲ့ ကိုကြီးကျောက် အတွက် ရည်ရွယ်ပါတယ်...
ခြောက်သွေ့မှုတွေကြားထဲက စိုပြေစိမ်းလန်းခြင်းတွေကို ရှာဖွေတွေ့ရှိနိုင်ပါစေ...
ကိုယ်ရော စိတ်ပါ အေးချမ်းပါစေ...




Friday, July 9, 2010

Two is better than One

ဒီရက်ပိုင်းမှာ နားထောင်ဖြစ်နေတဲ့ ချစ်စရာ သီချင်းလေး တပုဒ်ပါ…။
Boys Like Girls အဖွဲ့က သီဆိုထားတဲ့ Two is better than One တဲ့…




Two is better than One

I remember what you wore on the first day
You came into my life, And I thought hey
You know this could be something…
Cause everything you do and words you say
You know that it all takes my breath away
And now I'm left with nothing…

Cause maybe it's true, that I can't live without you
Well.. maybe two is better than one
There's so much time, to figure out the rest of my life
And you've already got me coming undone
And I'm thinking two, is better than one…

I remember every look upon your face,
The way you roll your eyes, the way you taste
You make it hard for breathing…

Cause when I close my eyes and drift away
I think of you and everything’s okay
And finally now, we're leaving…

And maybe it's true, that I can't live without you
Well maybe two is better than one
There's so much time, to figure out the rest of my life
And you've already got me coming undone
And I'm thinking two, is better than one…

I remember what you wore on the first day
You came into my life, And I thought hey

Maybe it's true, that I can't live without you
Maybe two is better than one…
There's so much time, to figure out the rest of my life
And you've already got me coming undone
And I'm thinking…

Oooh I can't live without you…
Cause baby two is better than one…
There's so much time, to figure out the rest of my life
And I've figured out with all that's said and done…
Two… is better than one…
Two… is better than one…

ဒီသီချင်းလေးကို ဇူလိုင်လ ၄ ရက်နေ့က ကျရောက်ခဲ့တဲ့ သူငယ်ချင်း မဆွီတီတို့ ဇနီးမောင်နှံ ရဲ့ ၁၂ နှစ်မြောက် မင်္ဂလာ နှစ်ပတ်လည် နဲ့ ဒီနေ့ ဇူလိုင်လ ၉ ရက်နေ့မှာ ကျရောက်တဲ့ သူငယ်ချင်း ချစ်ကြည်တို့ ဇနီးမောင်နှံ ရဲ့ ၁၀ နှစ်မြောက် မင်္ဂလာ နှစ်ပတ်လည် အတွက် အမှတ်တရ ရည်ရွယ်ပါတယ်…။ ပျော်စရာ နှစ်ပတ်လည်နေ့ရက်များမှသည် နောင်နှစ်ပေါင်း တရာတိုင် ခိုင်မြဲစွာ ရွှေလက်တွဲနိုင်စေကြောင်း ဆုတောင်းပါတယ်။

နောက်တခုကတော့ ကိုယ် တက်ဂ်လုပ်လိုက်တဲ့ အသွင်တူ၏ မတူ၏ ပိုစ့်ကို ချစ်ခင်စွာ ရေးပေးကြတဲ့ အသွင်တူကြသော စုံတွဲများ၊ အသွင်မတူကြသော်လည်း စိတ်တူ ကိုယ်တူ ချစ်ခင် ကြည်ဖြူကြသော ဇနီးမောင်နှံ စုံတွဲများ နဲ့ လာလတ္တံ့သော အသွင်တူ စုံတွဲများ၊ ထူးထူးခြားခြား ပုံပြင်ထဲက စုံတွဲများအတွက် ကျေးဇူးတင်ခြင်း အထိမ်းအမှတ်အဖြစ် အမှတ်တရ ရည်ရွယ်ပါတယ်…။ အဲဒီပိုစ့်ကို မရေးရသေးတဲ့သူတွေကိုလဲ ဒီပိတ်ရက်တွေမှာ ရေးဖြစ်ကြဖို့ တိုက်တွန်းအားပေးတဲ့ သီချင်းလေးတပုဒ် ဆိုရင်လဲ မမှားပါဘူး…။

အဲ… တခုတော့ မှာလိုက်မယ်နော်… သက်ဝေက ပြောနေတယ်…။
Two is better than One ဆိုလို့ နှစ်ယောက်ရှိမှ ကောင်းမတဲ့ ဟဲ့… ဆိုပြီး အဓိပ္ပါယ်တွေ တလွဲကောက်ပြီး နောက်တယောက်၊ နောက်တယောက်တွေတော့ ထပ်မရှာကြနဲ့အုံးနော်… သက်ဝေ တရားခံဖြစ်ပြီး ပြေးပေါက်တွေ မှားနေပါအုံးမယ်…။

ပျော်ရွှင်စရာကောင်းသော သောကြာနေ့ အားလုံးအတွက် ဖြစ်ပါစေ…။



မှတ်ချက် ။ ။ ဒီသီချင်းလေးကို နားထောင်ဖို့ မျှဝေပေးခဲ့တဲ့ ညီမ ငယ်လေးကို ကျေးဇူးတင်ပါတယ်။


Friday, June 18, 2010

ဝမ်းနည်းစကား


ဝမ်းနည်းစရာ ကြားဖြတ်ပိုစ့်လေး တခုပါ…
ဒီနေ့ ညနေပိုင်းက မေးလ်တခု ဝင်လာပါတယ်...။

စာဖတ်ပြီးပြီးချင်း ဝမ်းနည်းပြီး ဘာလုပ်ရမှန်းမသိပဲနဲ့ အချိန်တွေ တော်တော်ကြာသွားပါတယ်…။

ဘာသတင်းလဲ ဆိုတော့…
Sakura Myanmar ဘလော့ဂ်လေး ပိုင်ရှင်… အေးချမ်းတဲ့ စာလှလှလေးတွေ ရေးတတ်တဲ့... ပန်းအိုးလှလှလေးတွေ ထိုးပြတတ်တဲ့... စားသောက်ဖွယ်ရာတွေ ချက်နည်း ပြုတ်နည်းတွေကို မျှဝေတတ်တဲ့... ပြီးတော့ မကြာသေးခင်ကမှ ချစ်စဖွယ် သမီးလေးတယောက် ပိုင်ဆိုင်ခဲ့တဲ့...
ညီမငယ် နုစံ ရဲ့ ချစ်ရတဲ့ ဖခင် မေလ ၃၁ ရက်နေ့က ကွယ်လွန်သွားပါတယ်…။ ဒါလေးက သူရေးလိုက်တဲ့ စာထဲက တပိုင်းတစပါ…။

“ကျွန်တော် ဇွန်လ ၄ ရက်နေ့က မြန်မာပြည်ကို အရေးတကြီး အကြောင်းပေါ်လာလို့ ပြန်သွားရတယ်... မေလ ၃၁ ရက်နေ့က အဖေဆုံးသွားလို့ပါ... တိုက်ဆိုင်ချင်တော့ အဖေဆုံးတဲ့နေ့က ပတ်စပို့စ်ကို သက်တမ်းတိုးထားတာနဲ့ ကြုံပြီး အားချင်း မပြန်နိုင်ခဲ့ဘူး... ဒါကြောင့် အဖေ့မြေချတာကို မမီလိုက်နိုင်ဘူး... ရက်လည်မှပဲ မီတော့တယ်… စိတ်မကောင်းစရာသတင်းမို့ ဘယ်သူ့မှလည်း မပြောတော့ပဲ ပြန်သွားလိုက်တာပါ...”

နှေးနှေး သွားသွား မြန်မြန် သွားသွား တနေ့မှာ လူတိုင်းသွားကြရမယ့် ရောက်ကြရမယ့် လမ်းတခုဖြစ်ပေမယ့် ဖခင်တယောက်ကို ဆုံးရှုံးရတဲ့ ထိခိုက် ခံစားမှုကတော့ ဘာနဲ့မှ အစားထိုးလို့မရပါဘူး...။ ပြီးတော့ ကိုယ်တိုင်ကလဲ မိဝေး ဖဝေး တကွဲတပြား နေကြရသူတွေချင်းမို့ ကိုယ်ချင်းစာပြီး တကယ် စိတ်မကောင်း ဖြစ်မိပါတယ်…။ စိတ်ကို ဖြေပါ ညီမရယ်လို့ အားပေးရအောင်ကလဲ ဒီလိုအကြောင်းမျိုးကို ဘာနဲ့ ဖြေရမှာလဲ လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်…။

ဒါပေမယ့်လဲ ညီမ ဖေဖေ သက်ရှိထင်ရှားရှိချိန်မှာ ကိုယ့်ကြောင့် သူ စိတ်ချမ်းသာခဲ့ရတာတွေ… ကိုယ့်ကြောင့် သူ ဝမ်းသာပျော်ရွှင်ခဲ့ရတာတွေ… လိမ်မာတဲ့ သမီး တယောက်အနေနဲ့ မိဘအပေါ် ကျေးဇူးဆပ်နိုင်ခဲ့တာတွေ… မိဘကို စိတ်ချမ်းသာစေခဲ့တာတွေ... မြေးမလေးရလို့ အဖိုးတယောက်နေရာက သူ ကျေနပ် ကြည်နူးနေခဲ့ရတာတွေ ကို ပြန်တွေးပါ ညီမ… နဲနဲတော့ ဖြေသာပါလိမ့်မယ် လို့ မရဲတရဲ အားပေးမိပါတယ်…။

ဒီပိုစ့်လေးကို လာဖတ်မိတဲ့ သူငယ်ချင်း မိတ်ဆွေတွေလဲ နုစံကို သွားပြီး အားပေးပေးပါလို့ ပြောချင်ပါတယ်…။ ကျေးဇူးနော်…

ညီမငယ် နုစံရဲ့ ဖေဖေ ကောင်းရာ မွန်ရာ ဘုံဘဝ တခုမှာ ငြိမ်းချမ်းပါစေ လို့ ဆုတောင်းလိုက်ပါတယ်…။


Sunday, April 18, 2010

လှသော နှစ်သစ်


မြန်မာနှစ်သစ်ကူး နေ့ရက်တွေမှာ လာလည် နှုတ်ဆက် ဆုတောင်းသွားကြတဲ့ သူငယ်ချင်း မိတ်ဆွေတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ တယောက်ချင်းဆီကို သွားရောက် လည်ပတ်ပြီး ဆုတောင်း နှုတ်ဆက် စကားဆိုဖို့ ပျက်ကွက်ခဲ့တာကြောင့် အခု ဒီနေရာကနေ အားလုံးကို ပြန်နှုတ်ဆက်ပါတယ်။

မြန်မာ နှစ်သစ် ၁၃၇၂ ခုနှစ်မှာ...
လိုရာ ဆန္ဒပြည့်ဝပြီး ပျော်စရာကောင်းသော နှစ်သစ် ဖြစ်ပါစေ...
လှပသော အနာဂတ် နေ့သစ်များကိုလည်း ကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေ...။



Thursday, December 31, 2009

နှစ်သစ်ကူး သန္နိဋ္ဌာန်

ဒီနေ့ တစ်နှစ်တာ မကြိုက်များ ဆိုတဲ့ ပိုစ့်ကို ပန်ဒိုရာ ဘလော့ဂ်မှာ တွေ့ခဲ့ ဖတ်ခဲ့ရပါတယ်။ ဟိုတနေ့က ကိုယ့်ရဲ့ ပိုစ့်အဟောင်းတွေ ပြန်ဖတ်ရင်းနဲ့ တချိန်က Tag ပိုစ့် တခုဖြစ်တဲ့ ကိုယ့်အကြိုက် ဆန္ဒ ခံယူချက် နဲ့ ဖြစ်တည်မှု ဆိုတဲ့ ပိုစ့်ကို ပြန်တွေ့ရင်း တွေးမိပါသေးတယ်…။ အော်… လူတွေက ကိုယ့်အကြိုက်တွေကိုချည်း ရှေ့တန်းတင် ပြောဆိုနေလိုက်ကြတာ မကြိုက်တာတွေကျတော့ ဘယ်သူမှ အရေးတယူ လုပ်ပြီး မပြောကြဘူးလို့ တွေးလိုက်မိတာပါ။ တွေးပြီးတော့လဲ မေ့မေ့ပျောက်ပျောက်ပါပဲ…။ (အခုတော့ ပန်ပန့်ကြောင့် ပြန်သတိရသွားပြီ…။ ကျေးဇူး ပန်ပန်…)

တနှစ်တာ မကြိုက်များ ဆိုတာကို ပန်ပန်က သူ့စိတ်ကူးလေးနဲ့သူ ရေးထားတာပါ… ဒါကို ကိုယ်က ကိုယ့်ကိုလဲ Tag မလုပ်ပါပဲနဲ့ သူ လာ Tag လို့ပဲ ရေးရသယောင်ယောင် (ဇွတ်အတင်း) ယူဆပြီး ကိုယ်ရေးချင်နေတဲ့ ကိုယ့်ရဲ့ မကြိုက်များ ကို ရေးလိုက်ပါတယ်…။

“ကိုယ့်ကိုယ်ကိုယ် မကြိုက်တာတွေကို စာစီကုံးရင် ဘာလီပုံးနဲ့ တပုံး အပြည့်ပါပဲရှင်..." လို့ အစချီပြီး ရေးမယ်လို့ ပန်ပန့်ကို ပြောပြတော့ သူက “အို… မကြိုက်တာတွေကို ပြောရမယ်ဆို အိမ်က လူကြီးက စ တာပါပဲရှင်…” လို့ အစချီဖို့ အကြံကောင်း ပေးလာပါတယ်…။ ပထမတော့ စိတ်ထဲ ဟုတ်သလိုလိုရှိပေမယ့် ချက်ချင်းပဲ သတိရသွားတယ်…။ ဟာ... ဒီလိုတော့ မဖြစ်သေးဘူးလေ… မနေ့တနေ့ကပဲ စိတ်ကောင်း စေတနာကောင်းနဲ့ ဟို နှစ်ကျပ်ခွဲကြီး ရော အနီးကပ် ဆွဲရိုက်လို့ရတဲ့ မှန်ပြောင်းရော ဝယ်ထားပေးတဲ့ ဥစ္စာ… ဒီလိုကြီး အစချီလို့တော့ဖြင့် ဘယ်သင့်တော်ပါ့မလဲ လို့တွေးပြီး ဒီကိစ္စကို ရပ်တန်းက ရပ်လိုက်ပါတယ်…။

ကိုယ့်ရဲ့ မကြိုက်များ ဆိုတာ သူများတွေကို မကြိုက်တာထက် ကိုယ့်ကိုယ်ကိုယ် မကြိုက်တာတွေကိုပဲ ဦးစားပေး ပြောပါရစေ…။ မဟုတ်ရင် ချောင်းရိုက်ချင်တဲ့သူတွေ များပြီး ၂၀၁၀ စ စချင်းမှာ ပြေးပေါက်မှားနေမှာ စိုးရပါတယ်။

ကဲ… လာပြီ… ကိုယ့်ကိုယ်ကိုယ် မကြိုက်တာတွေ ပြောတော့မယ်နော်…။

ဒီနှစ်ထဲမှာ…

- ဘလော့ဂ်ကို အချိန်ပေးတာ သိပ်များလွန်းတယ်၊ ည ညဆို နာရီကို မကြည့်ပဲ အချိန်မရှိ အချိန်ရှိ စာရေးနေတာ၊ ဘလော့ လည်တာ၊ ဘလော့ဂ် ဖတ်တာ၊ ဝတ္ထုတွေဖတ်တာ၊ Facebook မှာ မွှေနေတာတွေ မကြိုက်ဘူး။ ဖတ်စရာရှိတဲ့ စာတွေ မဖတ်နိုင်၊ ရုပ်ရှင်တွေ ဘာတွေလဲ မကြည့်နိုင် အချိန်ရှိသ၍ ဘလော့ဂ်နေတာ… အနီးဆုံးလူက တခါတခါ ကြည့်မရလွန်းတော့ အချိန်နဲ့ပတ်သက်ရင် အပြစ်တင်တတ်တဲ့ အခါ ထုံပေပေ ဂျစ်ကပ်ကပ် လုပ်နေတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် မကြိုက်ဘူး။

- ကွန်ပျူတာနဲ့ မျက်နှာအပ်တဲ့ အချိန်တွေများနေတော့ အပြင်လောကက သူငယ်ချင်းတွေ လူသားတွေနဲ့ တော်တော်လေး အဆက်အသွယ်ပြတ်တယ်။ သူငယ်ချင်း မိတ်ဆွေတွေဆီ ဖုန်းကို မဆက်လို့ မဖြစ်တဲ့ အနေအထားကျမှ ဆက်ဖြစ်တော့တယ်။ ဒါတောင် တခါတခါ ဖုန်းပြောရင်း မျက်စေ့က မော်နီတာမှာ၊ လက်က ကီးဘုတ်မှာ…။ ရန်ကုန်က အချစ်ဆုံး သူငယ်ချင်းတယောက်ဆို သူ့ဆီ အရင်က နှစ်ပတ် တခါလောက် ဆက်နေရာက နှစ်လလောက်ကြာမှ ဖုန်းတခါ ဆက်မိလို့ ငိုတယ်…။ ကြိုက်ချင်စရာကောင်းသေးလား… ကဲ…

- ဒီလိုနဲ့ ည ည အိပ်ရေးတွေပျက်၊ အိပ်ရာထဲရောက်တော့လဲ အိပ်မပျော်… ဒီတော့ အလကားနေ အလကားပဲ ဆိုပြီး နားထဲ နားကြပ်ထည့်ပြီး သီချင်းနားထောင်တယ်…။ နိုးတဝက် အိပ်တဝက်နဲ့ပေါ့…။ ပြီးတော့ မနက် အိပ်ရာထ နောက်ကျ၊ ကော်ဖီတခွက် အမြန်မော့ပြီး မျက်နှာပြောင်နဲ့ ရုံးကို သွားရတာ မကြိုက်ဘူး။ နှုတ်ခမ်းနီတောင်မှ မီးပွိုင့်မှာ ကားရပ်ရင်း ကမန်းကတန်း ဆိုးရတာ…

- ဒီတနှစ်လုံး ဝယ်တာ ခြမ်းတာ (ဖြုန်းတီးတာ) သိပ်များနေတယ်… ရသမျှ တလ တလ အလျင်ကို မမှီချင်ဘူး။ လိုတာလဲဝယ် မလိုတာလဲဝယ် တွေ့တိုင်း မြင်တိုင်း ဝယ် ဝယ်နေတတ်တာကို မကြိုက်ဘူး။

- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို အိမ်မှာတော့ စားပါရဲ့။ ဒါပေမယ့် အပြင်လဲထွက်ရော ထင်ရာမြင်ရာတွေ ကိုယ်လဲစား သူတို့ကိုလဲ ကျွေးဖြစ်နေတာကို မကြိုက်ဘူး။ ကိုယ့်ကမ္ဘာလုံးလေးဆို တော်တော်လုံးနေပြီ။ ပြီးတော့ အချိန်ရှိပါရက်၊ အခြေအနေလဲ ပေးပါရက်နဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းနေတာ (လှုပ်ရမှာ ပျင်းနေတာ) ကိုလဲ မကြိုက်ဘူး။

ဒါတွေက ကိုယ့်ရဲ့ နေ့တဒူဝ ဖြစ်နေတဲ့ အခြေအနေတွေထဲက မကြိုက်တာတွေ…။

နောက်ထပ် ကိုယ်မကြိုက်တာတွေက မရိုးသားတဲ့သူတွေ…။ စကားကို ဝေ့လည်ချောင်ပတ် ပြောတတ်တဲ့သူတွေ…။ ကိုယ့်အပြစ်လွတ်အောင် (သို့) ကိုယ့်အပြစ်ကို ဖုံးကွယ်ရာရောက်အောင် စကားတွေကို လမ်းကြောင်းလွှဲပြီး ကိုယ့်အပြစ်ကို သူများအပြစ်ဖြစ်အောင် သာသာထိုးထိုး ပြောတတ်တဲ့သူတွေ…။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အသားလွတ် အထင်တွေကြီး၊ ဘဝင်တွေမြင့်ပြီး အောက်ခြေလွတ်နေကြတဲ့သူတွေ…။ မရှိကို အရှိလုပ်၊ မသိတာကို အသိလုပ်ပြီး ဟန်ဆောင်နေတတ်တဲ့သူတွေ…။ အခုတလော အဲဒီလို လူမျိုးတွေကို တွေ့တွေ့နေရတယ်…။ မကြိုက်ဘူး။

ငြင်းတာ ခုန်တာ ဝါသနာမပါလို့ ငြင်းနေတာတွေတွေ့ရင် မကြိုက်တတ်လို့ ဝေးဝေးက ရှောင်တယ်။ ပြီးတော့ အခုတလော စကားနည်းနည်းပဲ ပြောချင်တယ်။ အနားမှာ အရည်မရ အဖတ်မရ စကားတွေ အလွန်များတဲ့သူတွေ၊ အကြောင်းအရာတခုခု ပြောနေရင် မပြီးတော့ပဲ လိုရင်းကို မရောက်တာမျိုးတွေကို မကြိုက်ဘူး။ နောက်တခုကတော့ အသက်အရွယ်နဲ့လဲ ဆိုင်ပါလိမ့်မယ်… စိတ်မရှည်နိုင်တာတွေ၊ သည်းမခံနိုင်တာတွေ တဖြည်းဖြည်းများလာတာ ကောင်းတဲ့ လက္ခဏာတခု မဟုတ်လို့ မကြိုက်ဘူး။

ဘာသာရေးနဲ့ ပတ်သက်လို့လဲ ငါးပါးသီလ လုံအောင်ကြိုးစားတာရယ်၊ အလှုအတန်း နဲနဲပါးပါးရယ် ကလွဲလို့ ဘာမှ အားထုတ်ကြိုးပမ်း မလုပ်ဖြစ်ဘူး။ တချို့သူငယ်ချင်းတွေ (မသီတာတို့ သင်းနွယ်ဇင်တို့လို) ရိပ်သာတို့ တရားစခန်းတို့ မသွားဖြစ်ဘူး။ ဘယ်နေ့ ဘယ်အချိန် သေမယ်ဆိုတာ မသိတဲ့အတွက် နောက်ဘဝကို ဘဝကူးကောင်းအောင် ကိုယ့်နောက်ပါနိုင်တာတွေကို လုပ်ဖို့ လိုအပ်တယ် ဆိုတာကို သိသိကြီးနဲ့ မေ့ထားသလို ဖြစ်နေတာ မကြိုက်ဘူး။

အချိန်တွေ စီမံခန့်ခွဲတာ ညံ့တော့ လုပ်စရာရှိတာတွေကို အမြဲတမ်း အချိန်ဆွဲပြီး နေ့ရွှေ့ ညရွှေ့ လုပ်နေမိတယ်။ ဘေလ်တွေ ပေးဖို့တွေဆို အမြဲရက်ကပ်မှ လုပ်ရလေ့ရှိတယ်။ ဖုန်းဘေလ်ဆို Reminder အမြဲရတယ်။ ဒီလို ရွှေ့ရင်း ရွှေ့ရင်းနဲ့ လူက တဖြည်းဖြည်း အကျင့်ပျက်ပြီး မေ့တတ်လာတယ်။ အရင်က တခါမှ မမေ့ခဲ့ဖူးတဲ့ အရာတွေမှာပါ မေ့တတ်လာတာ မင်္ဂလာတပါး မဟုတ်လို့ မကြိုက်ဘူး။

သေသေချာချာ စဉ်းစားရင် နောက်ထပ် မကြိုက်ချင်စရာတွေ အများကြီး ရှိနေအုံးမှာ… ခုတော့ ဒီလောက်ပဲ စဉ်းစားလို့ ရသေးတယ်။ ရသလောက်ပဲ ရေးပြီး ရပ်လိုက်တော့မယ် စိတ်ကူးတယ်။ (တွေ့လား… ဒါ အလွယ်တကူ ပြီး ပြီးရော လုပ်တတ်တဲ့ အကျင့်လေ…။ မကြိုက်ဘူး…)

အခုလို ကိုယ့်ကိုယ်ကိုယ် မကြိုက်တာတွေ ပြန်သုံးသပ်ရတာ တော်တော်များများ ပေါ်လာတဲ့အတွက် အင်မတန်မှ အားရမိပါတယ်။ (ပိုစ့်လဲ ရှည်ရှည်ရတာက တကြောင်းပေါ့)။ နောင်နှစ်ခါမှာ ဒါတွေကို အခြေခံပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည် ပြုပြင် တည့်မတ်သွားလို့ ရတာပေါ့ လို့ ရသေ့စိတ်ဖြေ တွေးမိပါတယ်။ တနည်းအားဖြင့်တော့ ဒါဟာ နှစ်သစ်ကူး သန္နိဋ္ဌာန် (New Year Resolution) လို့ ပြောလို့ ရပါတယ်။

ခုလဲ ဒီပိုစ့်ကိုရေးနေရင်း အချိန်က အတော်လေးကို လင့်နေပြီမို့ အနီးဆုံးလူက မှုန်တေတေနဲ့ ကြည့်နေပါပြီ။ ဒီနှစ် ၂၀၀၉ ကုန်ပြီး ၂၀၁၀ နှစ်သစ်ကို ပြောင်းဖို့ရာကလည်း ၂၄ နာရီ နီးပါး လိုသေးတာမို့ (နောင်နှစ်မှ စပြီး ပြုပြင်မယ်လို့လဲ တွေးထားလေတော့...) ကိုယ့်ရဲ့ အဆိုးကို မသိမသာလေး မေ့ဖျောက်ထားရင်း ပေတေပြီး ဆက်ရေးနေမိတယ်။ သို့သော်လည်း ကြည့်ရတာ သိပ်အခြေအနေ ဟန်ပုံမပေါ်တာကြေင့် သူ့ကို နောက်နှစ်ခါက စပြီး “သူငယ်ချင်းများနဲ့ Facebook လဲ လျော့ပါ့မယ်... အိမ်မြဲပါ့မယ်… သန်းခေါင်ညဥ့်နက် ဘလော့ဂ်ထွက်မလည်… အရင်တုံးက အချိုးမျိုးပြင်ကာ… လိမ်မာပါ့မယ်...” လို့ (စပ်ဖြဲဖြဲနဲ့) ဆိုပြပြီး ရေးလက်စ ပိုစ့်ကို မြန်မြန် လက်စသတ်လိုက်ပါတော့တယ်။

၂၀၁၀ နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့ သာယာ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Monday, December 14, 2009

ကိုယ်ပိုင် နေ့စွဲ

ထိုနေ့စွဲတခုကို လူတိုင်းပိုင်ဆိုင်ကြသည်။
ထိုနေ့သည် ဘဝအတွက် အမှတ်ရစရာ နေ့စွဲ တခု ဖြစ်၏။
ဘဝကို ဖြတ်သန်းသွားလာနေရစဉ် ထိုလမ်းတလျှောက်တွင် ခလုတ်ကန်သင်းများလဲ တွေ့ခဲ့ဖူးသည်။ ချောမွေ့ပြေပြစ်သော လမ်းမကျယ်များကိုလည်း တွေ့ခဲ့ရသည်။ မိုးများ သည်းထန်စွာ ရွာသွန်းသော နေ့များကိုလဲ တွေ့ကြုံခဲ့ရသလို နှင်းများဖွဲသွန်းသော နေ့များကိုလည်းတွေ့ခဲ့ ကြုံခဲ့ရသည်။ ထို့အတူ တိမ်သား မိုးသားများ ကင်းစင်ပြီး ကြည်လင်တောက်ပသော နေသာနေ့များကိုလည်း ကြုံခဲ့ရသည်ပင်…။

သည်လို အနိမ့်အမြင့် အကွေ့အဝိုက်တွေနှင့် ဖြတ်သန်းလာရာ လမ်းတလျှောက်တွင် အမှတ်ရစရာ နေ့စွဲ အများအပြားကိုလည်း ကျော်ဖြတ်ခဲ့ဖူးသည်။ ထိုနေ့စွဲများထဲတွင် တချို့ကို စွဲစွဲလမ်းလမ်း မှတ်မိနေတတ်ပြီး တချိ့ကိုမူ ဖာသိဖာသာပင် အမှတ်တမဲ့ ကျော်ဖြတ်သွားလိုက်သည်။ လူဆိုသည်မှာ ကိုယ့်အတ္တကိုသာ ရှေ့တန်း တင်တတ်ကြသူများ မဟုတ်ပါလား…။

ထိုနေ့စွဲများအကြောင်းကို စဉ်းစားလိုက်တိုင်း ဘဝကိုယ်စီအတွက် အချိန်များကို တိုင်းတာ သတ်မှတ်ပေးသော ကိုယ်ပိုင်နေ့စွဲတခုသည် ဟိုး ထိပ်ဆုံးမှ ပါဝင်နေလေသည်။ ထိုနေ့စွဲတခုတွင် ဘဝကို စတင်ခဲ့သည်။ ဘဝကို မွေးဖွားခဲ့သည်။ သည်လိုနှင့် ဘဝတခု အသက်ဝင် ရှင်သန်စေခဲ့သည်။ သို့သော် ဘဝကို နိဂုံးချုပ် အဆုံးသတ်မည့် နေ့စွဲကိုတော့ မည်သူမျှ သေချာတပ်အပ် မပြောနိုင်ချေ။

လောလောဆယ်တွင် ထိုနေ့စွဲတခုကို ကိုယ်စီကိုယ်ငှ အကြိမ်ပေါင်း အတော်များများ ဖြတ်ကျော်ခဲ့ကြဖူးပြီ…။ ထိုနေ့စွဲတခုကို ဖြတ်ကျော်ပုံခြင်း အနည်းအကျင်းသာ ကွဲပြားခြားနားနိုင်ကြသော်လည်း အမှတ်တမဲ့ ကျော်ဖြတ်ခဲ့သူတော့ဖြင့် လွန်စွာမှပင် နည်းပါးပေလိမ့်မည်။ အများစုကတော့ ထိုနေ့စွဲများကို မိဘ ဆွေမျိုးများ၊ ညီအကို မောင်နှမများ၊ သူငယ်ချင်း မိတ်ဆွေများ၊ ပြီးတော့ ချစ်သူ ခင်သူများနှင့် အတူတူ ရှိနေပြီး တပျော်တပါး ကုန်ဆုံး ကျော်လွန် ဖြတ်သန်းတတ်ကြသည်ချည်းသာ…။ ဒါတွေသာမက ထိုနေ့စွဲလေးအတွက် ရည်ရွယ်ကာ ကျေးဇူးရှင် မာတာမိခင်ကို ကျေးဇူးတင် ဂါရဝပြုတတ်ကြသလို အလှုဒါနပြုကြသူ၊ ကျောင်းကန် ဘုရားများတွင် ကောင်းမှု ကုသိုလ်ပြုကြသူများလည်း အများအပြား...။

ပြီးတော့ မိမိတို့ အမှတ်တရ အလေးထားတတ်ကြသော ထိုနေ့စွဲတခုတွင် မိမိတို့ ချစ်သူ ခင်သူတို့ကို အနီးအနားတွင် အတူတကွ ရှိစေချင်သည်မှာ ဆန္ဒတခု။ အလားတူ မိမိ၏ ချစ်သူ ခင်သူတဦး တယောက်၏ အမှတ်တရ ထိုနေ့စွဲ တွင်လည်း ထိုသူ၏ အနားတွင် ကိုယ်တိုင် ကိုယ်ကျ ရှိနေပြီး ကြည်နူးစရာ အချိန်များကို အတူတူ ကျော်လွန် ဖြတ်သန်းချင်ကြသည်မှာလည်း အမှန်ပင်…။ သို့သော် အခြေအနေ အမျိုးမျိုး၊ အကြောင်းအမျိုးမျိုးတို့ကြောင့် တယောက်နှင့်တယောက် ဝေးကွာနေရသော အချိန်ကာလများတွင်မူ အဝေးတနေရာမှ ဆုတောင်းပေးခြင်းတခုသာ ပျြုနိုင်ခဲ့ကြသူများလည်း မနည်း…။ အမျိုးမျိုးပေါ့…။

မည်သို့ပင်ဖြစ်စေ...
ကိုယ့် ကိုယ်ပိုင်နေ့စွဲများကို အတတ်နိုင်ဆုံး အဓိပ္ပါယ်ရှိရှိနှင့် အကောင်းဆုံး ကျော်လွန် ဖြတ်သန်းစေရင်း… ကုန်လွန် ဖြတ်သန်းလာခဲ့သော နေ့စွဲများကို နောက်ပြန် လှည့်ကြည့်လိုက်တိုင်း စိတ်အနှောက်အယှက် ဖြစ်စရာများ၊ နောင်တရစရာများ မတွေ့ရလေအောင် စွမ်းဆောင်ရင်း… ကိုယ်တိုင် ယုံကြည်ရာ လမ်းမများ၊ ကိုယ် အလိုရှိရာ တောင့်တရာ အောင်မြင်မှုများဆီသို့ တလှမ်းချင်း တိုးဝင် လှမ်းလျှောက်သွားနိုင်ရန် ကြိုးစားရင်း… ကိုယ့် စိတ်ကူး၊ ကိုယ့် အိပ်မက်များကို လက်တွေ့ အကောင်အထည်ဖေါ်နိုင်အောင် အားထုတ်ရင်း… ကိုယ့် ကိုယ်ပိုင်နေ့စွဲလေးများကို အကြိမ်ပေါင်း မြောက်များစွာ ဆက်လက် ပိုင်ဆိုင်ကြရစေဖို့ မျှော်လင့် ဆုတောင်းသွားကြရအောင်လေ…





*** ဒီဇင်ဘာလ ၁ ရက်၊ ၆ ရက်၊ ၁၂ ရက်၊ ၁၄ ရက်၊ ၁၆ ရက်၊ ၁၇ ရက်၊ ၂၀ ရက်၊ ၂၅ ရက် နဲ့ ၂၈ ရက်တွေမှာ ကျရောက်သော မွေးနေ့ရှင် ချစ်သူငယ်ချင်းများ နှင့် ဘလော့ဂ်ဂါ မောင်နှမများ အားလုံးအတွက် အမှတ်တရ ရည်ရွယ် ရေးသားပါသည်။ ပျော်ရွှင် ကြည်နူးစရာကောင်းသော ကိုယ်ပိုင်နေ့စွဲလေးများ ကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေ…။

Friday, June 19, 2009

19 June 2009 - မွေးနေ့ဆုတောင်း


အချုပ်အနှောင် ဒုက္ခအပေါင်းမှ လွတ်မြောက်ပြီး
ငြိမ်းအေးသော ဘဝဖြင့်
ကျန်းမာ ချမ်းသာစွာ အသက်ရာကျော် ရှည်ပါစေ။

Thursday, February 12, 2009

ဗိုလ်ချုပ်အောင်ဆန်း

ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့ နဲ့
ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၄ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ်
အမှတ်တရ ဓါတ်ပုံလေး တင်ပေးလိုက်ပါတယ်။




ဒီပုံလေးကို ညီမလေး တစ်ယောက် ရန်ကုန်ကို အလည်ပြန်တုန်းက ဗိုလ်ချုပ်ပန်းခြံကို မမေ့မလျော့ သွားပြီး ရိုက်ယူလာခဲ့တာပါ။

Wednesday, December 24, 2008

Merry Christmas & Happy New Year 2009






အခုရက်တွေမှာ အလုပ်များနေလို့  ဘာမှလဲ အသစ်မရေးဖြစ်၊
သူငယ်ချင်းတွေဆီလဲ မှန်မှန် အလည် မရောက်ဖြစ်ပါဘူး။
လာလည်ကြတဲ့ သူငယ်ချင်းများကို
ခရစ်စမတ် ပွဲတော် နှင့် မင်္ဂလာ နှစ်သစ် ၂၀၀၉ မှာ ချမ်းမြေ့ ပျော်ရွှင်ကြပါစေ လို့ 
ဆုတောင်းပေးရင်း E Mail က ရတဲ့ ချစ်စရာ ပုံလေးတွေကို
အမှတ်တရ အဖြစ် လက်ဆောင်ပေးလိုက်ပါတယ်။


Friday, April 18, 2008

မြန်မာနှစ်သစ်ကူး ဆုတောင်း

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ နော်...။ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အတွက် နှစ်သစ်ဆုတောင်းလေးပါ။



(Photo from မုတ်သုန် - ပန်းပိတောက်တို့ ဝေလေပြီ)


ဒီမြန်မာနှစ်သစ်ကူး အချိန်အခါမှာ ဘလော့ဂ်ရပ်ဝန်းက ညီအစ်ကို မောင်နှမ သူငယ်ချင်းလေးများ အားလုံး သင်္ကြန်မိုးရေ တန်ခူးလေတွေရယ် အေးမြတဲ့ အတာရေတွေရယ် ရွှေဝါရောင်ပိတောက်တွေရယ် နဲ့ အတူ ပျော်ရွှင်ချမ်းမြေ့ ကြပါစေ။ အားလုံး အစစ အရာရာ အဆင်ပြေ ချောမွေ့ တဲ့ ဘ၀လေးတွေ ကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေ...။


မင်္ဂလာရှိသော မြန်မာနှစ်သစ်ဖြစ်ပါစေ


* * * * * * * * * * *