Tuesday, March 31, 2009

ဝါသနာ

သူငယ်ချင်း တန်ခူး (လေနုအေး) Tag ထားတဲ့ ဝါသနာလေးများ ကို ရေးဖို့ တော်တော် စဉ်းစားရပါတယ်။ စဉ်းစားနေရတယ်ဆိုလို့ ဘာမှ ဝါသနာမပါဘူးလား လို့ မေးစရာ အကြောင်း ရှိလာတာပေါ့နော်။ အင်း… ကိုယ်လဲ လူတွေထဲက သာမန်လူတစ်ယောက်ပဲ၊ ဝါသနာတွေကတော့ ရှိတာပေါ့လေ…။ သို့သော် ပထမဆုံး ကိုယ်စဉ်းစားမိတာကတော့ ဝါသနာ ဆိုတဲ့ စကားလုံးရဲ့ အနက် အဓိပ္ပါယ်ကိုပါ။

ဝါသနာ ဆိုတာ ဘာလဲ…
လွယ်လွယ်ကူကူပြောရရင် ဝါသနာ ဆိုတာ Hobby ပေါ့နော်…။ Hobby ဆိုတဲ့ စာလုံးကို Dictionary မှာရှာကြည့်လိုက်တော့ “an activity or interest pursued for pleasure or relaxation and not as a main occupation“ လို့ ရေးထားတာ တွေ့ရပါတယ်။ အဲဒါကို “ကိုယ့်ရဲ့ အဓိက အသက်မွေးဝမ်းကြောင်း မဟုတ်တဲ့၊ ကိုယ့်ရဲ့ စိတ်ကို အပန်းပြေစေတဲ့ စိတ်ဝင်စားမှုတခု” လို့ အကြမ်းဖျဉ်း ဘာသာပြန်ကြည့်ပါရစေ။

အခု လက်ရှိ ပတ်ဝန်းကျင်မှာ ရှိနေကြတဲ့ လူတွေ တော်တော်များများဟာ ကိုယ် ဝါသနာပါတာကို ကိုယ်လုပ်ချင်ကြပေမယ့် ကိစ္စများမြောင် လူတို့ဘောင် နဲ့ သမုဒ္ဒရာ ၀မ်းတထွာတွေ အတွက် လက်တွေ့ဘဝမှာ ကိုယ် တကယ် လုပ်ချင်တာတွေထက် လုပ်သင့် လုပ်ထိုက်တာတွေကိုသာ အလေးပေးနေရပြီး ကိုယ့်ဝါသနာကို သိပ်ရှေ့တန်းမတင်နိုင်ကြတာ တွေ့ရတယ်။ ဒါလဲ သဘာဝကျပါတယ်။ ကိုယ် ဝါသနာ ပါတာကိုသာ လုပ်ရရင် အောင်မြင်မှာ… အခုလုပ်နေတဲ့အလုပ်က ဝါသနာမပါလို့ မပျော်ဘူး… ဝါသနာက တခြား အခုလုပ်နေရတာက တခြား… စတဲ့ စကားတွေကိုလဲ လူတော်တော်များများဆီက ကြားကြားနေရတယ်…။ ဒါကတော့ ဝါသနာ ဆိုတဲ့ စကားလုံးရဲ့ တွင်ကျယ်ပုံ ပါ။

ဒီတော့ ဟုတ်ပါပြီ…
ကိုယ့်ရဲ့ ဝါသနာ အကြောင်းကို ပြန်ဆက်ရမယ် ဆိုရင် ကိုယ့်ရဲ့ အဓိက အသက်မွေးဝမ်းကြောင်း အလုပ် မဟုတ်တဲ့ ၊ ကိုယ့်ရဲ့ စိတ်ကို အပန်းပြေစေတဲ့ ကိုယ်နှစ်သက်တဲ့ ဝါသနာတွေဟာ ဘာတွေများပါလိမ့် လို့ သေသေချာချာ အချိန်ယူပြီး စဉ်းစားကြည့်မိပါတယ်။ ဒီအခါမှာ သိပ်များများစားစား မရှိလှတဲ့ ကိုယ့်ရဲ့ အားလပ်ချိန်တွေမှာ ကိုယ် ဘယ်အရာတွေကို တစိုက်မတ်မတ် လုပ်ဖြစ်ပါလိမ့် ဆိုတာကို အရင် စဉ်းစားဖို့ ဖြစ်လာပါတယ်။

* * * * * *

ငယ်ငယ်ကထဲက အားလပ်ချိန်တွေတိုင်းမှာ စွဲစွဲမြဲမြဲ လုပ်ဖြစ်တာကတော့ စာဖတ်တာ ပါပဲ။ ကျောင်းပိတ်လို့ အားသမျှ အချိန်တွေတိုင်းမှာ အိမ်က စာအုပ်စဉ်က ရှိရှိသမျှ စာအုပ်တွေကို ဖတ်တယ်။ မြန်မာ စွယ်စုံကျမ်းက စလို့ ဆရာကြီး ရွှေဥဒေါင်းရဲ့ ဘ၀တသက်တာ အတွေးအခေါ် မှတ်တမ်းလို စာအုပ်မျိုး၊ ဆရာ မြသန်းတင့်ရဲ့ လေရူးသုန်သုန်၊ ဆရာ မောင်ထင်ရဲ့ ငဘ၊ မကြည်အေးရဲ့ နာမည်ကျော် မြနန္ဒာ၊ တက္ကသိုလ် မြစိမ်း ရဲ့ တိုင်းမင်းကြီး သမီး၊ စမ်းစမ်းနွဲ့ (သာယာဝတီ) ရဲ့ ကိုကို ကံရာဇာ၊ ဂျာနယ်ကျော် မမလေးရဲ့ သူလိုလူ၊ သူမ၊ တွေးတစိမ့်စိမ့်၊ ဆရာ သိန်းဖေမြင့်ရဲ့ ဝတ္ထုတိုပေါင်းချုပ်တွေ… စုံလို့ စုံလို့ပါပဲလေ။

စာအုပ်စဉ်ပေါ်က ဖတ်လို့ရသမျှ မြန်မာစာအုပ်တွေအပြင် ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရေးခဲ့တဲ့ Colorful Myanmar လို စာအုပ်တွေ၊ Thirty Burmese Tales လို ၊ New Method Reader လို၊ Burmese Folk Tales တို့လို အနည်းငယ် လွယ်ကူ ရိုးစင်းတဲ့ အင်္ဂလိပ်စာအုပ်တွေပါ ဖတ်ဖြစ်တယ်။ မသိတာတွေရှိရင်တော့ လူကြီးတွေကို မေးရင်မေး မဟုတ်ရင်တော့ Dictionary မှာရှာပေါ့။

ဆယ်တန်းအောင်ပြီးခါစ အချိန်တွေမှာတော့ ကိုယ်တိုင် စာအုပ်ဆိုင်ကိုသွားပြီးတော့ စာအုပ်ငှား ဖတ်တတ်လာပါတယ်။ မောင်စိန်ဝင်း (ပုတီးကုန်း)၊ နေနော်၊ ဂျူး၊ နွမ်ဂျာသိုင်း တို့ရဲ့ ကဗျာ၊ ဝတ္ထုတို၊ လုံးချင်းဝတ္ထုတွေက အစ လမင်းမိုမို၊ လွန်းထားထား တို့ အဆုံး… အားလုံးနီးနီး ဖတ်ဖြစ်တာပါပဲ။

အဲဒီအချိန်ကာလတွေမှာ စာတွေဖတ်တာနဲ့ တပြိုင်နက် ဝါသနာအလျှောက် စာတွေလဲ ဟိုတကြောင်း ဒီတကြောင်း စပြီး ရေးဖြစ်တယ်။ အားလပ်တဲ့ အချိန်၊ တစ်ယောက်တည်း အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ်နေရတဲ့ အချိန်မျိုးတွေမှာ စာတို စာစတွေ ရေးကြည့်တယ်။ ကဗျာတွေ ရေးကြည့်တယ်။ သို့သော် ပြင်ပလောကနဲ့ ဆက်သွယ်မှုနဲပါးပြီး ကိုယ့်ကိုကိုယ် ယုံကြည်စိတ်လဲ နဲပါးခဲ့တဲ့အတွက် ဘယ်ကိုမှ မပို့ဖြစ်ခဲ့ဘူး။ ဒီလိုနဲ့ ဖိုင်လ်ထဲမှာ စာရွက်ခေါက်တွေ တနေ့တခြား များများလာခဲ့တယ်။

ကြုံလို့ ရယ်စရာတခု ပြောပြအုံးမယ်။ စက်မှုတက္ကသိုလ်မှာ ကျောင်းမဂ္ဂဇင်းအတွက် အတန်းကြီးက ခင်နေတဲ့ အမတစ်ယောက်က တခုခုရေးပေးဖို့ ပြောလာတော့ ဝမ်းသာပြီး ရေးထားလက်စတွေထဲက ၀တ္ထုတိုလေး တစ်ပုဒ်ကို အချောသပ်၊ ရှက်ရှက်နဲ့ မျက်စေ့စုံမှိတ်ပြီး ပေးလိုက်ဖူးတယ်။ ကိုယ့်ရဲ့ မတောက်တခေါက် စာလေး ပေးလိုက်မိလို့လားမသိ စာအုပ်ထွက်ရမယ့် အချိန်မတိုင်ခင် နှစ်လလောက်အလိုမှာ အရေးအခင်းတွေဖြစ်ပြီး ကျောင်းတွေ ပိတ်သွားပါရောလား…။

အခု လက်ရှိအချိန်တွေမှာလဲ အားသမျှအချိန်၊ ရသမျှ အချိန်တွေတိုင်းမှာ စွဲစွဲမြဲမြဲ လုပ်ဖြစ်တဲ့ အလုပ်က စာဖတ်တာ နဲ့ စာရေးတာပါပဲ။ မြန်မာစာအုပ်တွေကတော့ အိမ်က ပို့သ၍၊ သူငယ်ချင်းတွေ ပို့သ၍ ဖတ်ရပါတယ်။ တခါတခါလဲ ဒီမှာရှိတဲ့ မြန်မာဆိုင်တွေက ကြိုက်တဲ့စာအုပ်တွေ့ရင် ဝယ်ဖတ်ဖြစ်တယ်။ ဒီမှာရှိနေတဲ့ သူငယ်ချင်း အချင်းချင်းလဲ ရှိသမျှ စာအုပ်တွေ လဲလှယ်ပြီး ဖတ်ကြတာပေါ့။ ဒါတွေအပြင် ဒီက လစဉ်ထုတ် မဂ္ဂဇင်း တချို့ကိုလဲ ဝယ် ဖတ်ဖြစ်ပါသေးတယ်။ အဲဒီ စာအုပ်တွေကတော့ သိတဲ့အတိုင်း စာဖတ်စရာက နဲနဲ၊ ဖက်ရှင်တွေ ကြော်ငြာတွေက များများပေါ့။ ဘာပဲဖြစ်ဖြစ် ဖတ်စရာတခုအနေနဲ့ ရော၊ ခေတ်မှီသတင်းတွေ၊ အတင်းတွေ သိရတာကြောင့်ရော ပုံမှန် ဝယ်ဖတ်ဖြစ်ပါတယ်။

ဒီထက်ပိုပြီး အချိန်ရရင်တော့ အင်တာနက်ကနေ ကိုယ်ဖတ်ချင်တဲ့စာအုပ် နာမည်လေးတွေရှာ၊ ပြီးရင် Library ကိုသွားပြီး ငှားဖတ်ဖြစ်တယ်။ အထူးသဖြင့်တော့ ရုပ်ရှင်ပြန်ရိုက်ထားတဲ့ Just Like Heaven လို ၀တ္ထုမျိုး၊ Message in the Bottle လို၊ Nights in Rodanth လို ၀တ္ထုမျိုးတွေပါ။ အဲဒါတွေကို ဖတ်ပြီး သူတို့ပြောတဲ့ စကားလုံးလေးတွေ၊ စာစုလေးတွေ၊ အသုံးအနှုန်းလေးတွေ ကို မှတ်ထားရင် အင်္ဂလိပ်စာ ရေးရတာ ပိုပြီး ချောမွေ့ ပြေပြစ်လာသလို ခံစားရပါတယ်။

ဒီလိုနဲ့ မြန်မာဘလော့ဂ်တွေ စပေါ်လာတော့ စာတွေဖတ်စရာ ပိုတိုးလာတာ ဝမ်းသာတာပေါ့။ စာဖတ်တာ ဝါသနာပါတဲ့သူ တစ်ယောက်အဖို့တော့ အပျော်ဖတ်တွေ၊ သုတတွေ၊ ရသတွေရယ်လို့ စာတွေကို ခွဲခြားခွဲခြား မလုပ်ချင်ပါဘူး။ ဖတ်နိုင်သမျှ အကုန်ဖတ်ပါတယ်။ မနှစ်သက်တာတွေ တွေ့ရင် နောက်ကို သွားမဖတ်တော့ဘူးပေါ့၊ သူများတွေလိုတော့ မဝေဖန်တတ်ပါဘူး။ (ကြောက်… ကြောက်…)
ဒီလိုနဲ့ သူများ ဘလော့ဂ်တွေလည်ပြီး ဖတ်ရင်း ကိုယ်တိုင်လဲ ဘလော့ဂ်လေးတခု လုပ်ခဲ့ပါတယ်။
အဓိက ကတော့ ဝါသနာအလျှောက် ရေးခဲ့တဲ့၊ ရေးချင်တဲ့ ၊ နောင်လဲ အချိန်ရသ၍ ရေးဖြစ်နေအုံးမယ့် ကိုယ့်ရဲ့ စာလေးတွေကို အမှတ်တရအနေနဲ့ စုစုစည်းစည်း သိမ်းထားချင်တာကြောင့်ပါ။ Professional ကြီး ဖြစ်ဖို့ နဲနဲမှ မရည်ရွယ်ပါဘူး။ ဝါသနာ အလျှောက် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ပါပဲ။ ဒီဘလော့ဂ်လေးကြောင့် ကိုယ့်ဘ၀မှာ ကိုယ်ဝါသနာပါရာကို လုပ်ခွင့်ရတဲ့အပြင် ကိုယ်နဲ့ ဝါသနာတူ မိတ်ဆွေ သူငယ်ချင်းတွေလဲ အများကြီး တိုးပွားလာခဲ့ရတာမို့ အလွန်ပဲ ကျေနပ် ပျော်ရွှင်မိပါတယ်။

* * * * *

ဝါသနာ ဆိုတာ ငါတော့ဖြင့် ဘာကို ဝါသနာပါတယ်… ညာကို ဝါသနာပါတယ်… လို့ လေနဲ့ ပြောနေရုံ တခုထဲနဲ့မပြီး၊ တကယ်သာ ဝါသနာရှိလာရင် အနည်းနဲ့ အများ ကိုယ့်ရဲ့ ဝါသနာလေးကို အကောင်အထည် ဖေါ်ခွင့်ရအောင် ကြိုးစား အားထုတ်မှသာ ဝါသနာ ဆိုတဲ့စကားရဲ့ အဓိပ္ပါယ် ပေါ်လွင်နိုင်မယ်လို့ ယူဆမိပါတယ်။ (လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်။)

ကဲ… တန်ခူးရေ….
များများစားစားမရှိလှတဲ့ ကိုယ့်ရဲ့ ဝါသနာအကြောင်းကို ရေးတတ်သလို ရေးလိုက်ပါပြီ။
ကျေနပ်တယ်နော်…။ အမှတ်တရ Tag ထားတာလဲ ကျေးဇူး အများကြီး တင်ပါတယ်။

Sunday, March 22, 2009

အဖြေ

ဥာဏ်စမ်းလေးကို လာဖြေသွားကြတဲ့သူများ အားလုံးကျေးဇူးပါ။
အဖြေကို စဉ်းစားရင်း မူးသွားသောသူများ၊ စိတ်ထဲကနေ တိတ်တိတ်လေး အဖြေစဉ်းစားထားသူများ၊ ဆံပင်ဖြူမှာစိုးလို့ ငြိမ်ငြိမ်လေးနေသူများ အားလုံးအတွက် အဖြေပေးလိုက်ပါပြီ။

ကိုဇနိရဲ့ အဖြေအတွက်လဲ ကျေးဇူးပါ...။
တော်တယ်နော်.. ဒါဆိုရင် မောင်လေး မှန်ပါတယ်ကွယ် ၁ မှတ်ပေါ့...။
(မဇနိကတော့ အမှတ်တွေ အများကြီး ပေးထားပြီးသား ဖြစ်မှာပါလေ)

မိတ်ဆွေကြီး Strike ကတော့ ၂ ကြိမ် တိတိ ကြိုးစားပမ်းစားဖြေဆိုသွားတဲ့ အတွက် မမတို့ ဘလော့ဂ်အသံကနေ ဂုဏ်ပြု မှတ်တမ်းတင်ထားပါတယ်လေ.. နော်။

ဟောဒီမှာ မနေ့က တင်ခဲ့တဲ့ ဥာဏ်စမ်းလေး နှစ်ပုဒ်ရဲ့ အဖြေတွေပါ။
ပထမ ပုစ္ဆာရဲ့ အဖြေက အဲဒီပုံထဲမှာ စုစုပေါင်း စတုရန်းအကွက် ၃၀ ပါဝင်ပါတယ်။
ရေတွက်ထားပုံကို ပုံ ၃ ပုံ ခွဲပြီး ပြထားပါတယ်။

ပုံ (၁)


ပုံ (၂)


ပုံ (၃)

* * * * *


ဒါကတော့ ဒုတိယ ဥာဏ်စမ်းလေးရဲ့ အဖြေပါ။
ဒီပုံလေးမှာက မျဉ်းဖြောင့် ၄ ကြောင်းကို တဆက်တည်းဆွဲပြီး အ၀ိုင်းလေး ၉ ၀ိုင်းကို ဖြတ်ပြထားတာပါ။
ဒီဥာဏ်စမ်းလေးရဲ့ အဓိက ပြောပြချင်တဲ့ အချက်ကတော့ အရာရာမှာ ကိုယ့်အနား၊ ကိုယ့်ပတ်ဝန်းကျင် ကွက်ကွက်လေးမှာပဲ ကျင်လည်မနေပဲ နဲနဲဝေးဝေးကို လှမ်းကြည့်နိုင်မှ အစစ အရာရာမှာ နှံ့စပ်နိုင်မယ်၊ တိုးတက်နိုင်မယ်လို့ ဆိုချင်တာပါ။ အမြင်ကျယ်ကြဖို့ လိုအပ်ကြောင်း ပြောချင်တယ်လို့ ယူဆမိပါတယ်။


မျဉ်းဖြောင့် တစ်ကြောင်းထဲနဲ့ အ၀ိုင်းလေး ၉ ခုကို ထိတွေ့ဖို့ အတွက် အဖြေကို အခု ဒီအောက်က ပုံထဲမှာ တွေ့နိုင်ပါတယ်။ လိုင်း ထူထူ တစ်ကြောင်းဆွဲပြီး အ၀ိုင်းလေး ၉ ခု ကို ထိထားတာ တွေ့နိုင်ပါတယ်။ အားလုံးကို Cover ဖြစ်ဖို့အတွက်ဆိုရင် ကိုယ့်ရဲ့ Knowledge ကလဲ တော်တော်ကို ထူထပ်သိပ်သည်းဖို့ လိုအပ်တယ်လို့ အဓိပ္ပါယ် ကောက်ယူနိုင်ပါတယ်။



ပျော်ရွှင် ချမ်းမြေ့ကြပါစေ။


Friday, March 20, 2009

လေးထောင့်များ နှင့် အ၀ိုင်းများ

ဒီနေ့ သောကြာနေ့...။
စိတ်ထဲမှာ ပိုစ့်တစ်ခုခုတော့ တင်ချင်နေတာ..
ရေးပြီးသားတွေကလဲ ဘာမှ စိတ်တိုင်းကျစရာ မရှိတာနဲ့ပဲ ဒီဥာဏ်စမ်းကလေး နှစ်ခုကို တင်လိုက်ပါတယ်...။
ဘာပဲဖြစ်ဖြစ် အပျင်းပြေလေးပေါ့...။ စိတ်ဝင်စားရင် ဖြေကြည့်ကြပါနော်။

ပထမ ဥာဏ်စမ်းလေးကတော့ အခုတွေ့နေရတဲ့ ပုံထဲက လေးထောင့် စတုရန်းလေးမှာ စုစုပေါင်း စတုရန်း ဘယ်နှစ်ခုပါ ပါသလဲ ဆိုတာ ရေတွက်ကြည့်ဖို့ပါ။

* * * * *


ဒုတိယ ဥာဏ်စမ်းလေးကတော့ အားလုံးတွေ့ကြတဲ့အတိုင်း ပုံထဲမှာ အ၀ိုင်းကလေး ၉ ခု ရှိနေပါတယ်...။



ပထမ မေးခွန်းက မျဉ်းဖြောင့် ၄ ကြောင်းကို အသုံးပြုပြီး အဲဒီ အ၀ိုင်းကလေး ၉ ခုကို ဖြတ်သွားအောင်၊ လက်ထဲမှာ ကိုင်ထားတဲ့ ဘောပင် (သို့) ခဲတံကိုလဲ စာရွက်ပေါ်က မကြွစေရပဲ တဆက်တည်း ဆွဲပြပါ။
ဒုတိယ မေးခွန်းကတော့ မျဉ်းဖြောင့် တစ်ကြောင်းထဲနဲ့ အဲဒီ အ၀ိုင်းကလေး ၉ ခုကို ဖြတ်သွားအောင် ဆွဲပြပါ။


တကယ်တော့ ဒီဥာဏ်စမ်းလေးတွေက ရိုးရိုးလေးတွေပါ။ ဒါပေမယ့် သူတို့ရဲ့ အဖြေတွေနောက်မှာ စိတ်ဝင်စားစရာ အတွေးပွားစရာလေးတွေ ရှိနေကြတယ်လေ။ သူငယ်ချင်းတွေထဲမှာ အဖြေကို သိပြီးသားသူတွေလဲ တော်တော်များများ ရှိနေနိုင်ပါတယ်...။
အဖြေကိုတော့ နောက်တနေ့မှာ တင်ပေးမယ်နော်..။

ပျော်ရွှင်ကြပါစေ။

Thursday, March 19, 2009

အာရုံ

စာမရေးနိုင်တဲ့ရက်တွေ တော်တော်တောင် များသွားတယ်…
အမှန်က ရေးလက်စတွေ၊ အဆုံးမသတ်ရသေးတာတွေ ရှိနေတယ်။

သို့သော် Mood က ဘယ်လိုမှ မ၀င်တော့ဘူး။ နောက်များမှပဲလို့…

* * * * *

အခုလောလောဆယ်မှာ လူတွေရဲ့ အမြင်အာရုံနဲ့ အကြားအာရုံမှာ ဘယ်အရာက လူကို ပိုပြီး လွှမ်းမိုးနိုင်သလဲ ဆိုတဲ့ အကြောင်းလေးကို ပြောပြချင်ပါတယ်။ တဆက်တည်းမှာ လူတယောက်ဟာ အာရုံ စူးစိုက်စွာဖြင့် နားထောင်သူ တစ်ယောက် (Attentive Listener) ဟုတ်မဟုတ် ကို ဘယ်လို စမ်းသပ်ကြည့်နိုင်တယ် ဆိုတာလေးပါ ပြောပြချင်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာလေးပါလေ...

သင်တန်းတခုမှာ ကြုံခဲ့ရတာပါ…။
သင်တန်းသားတွေကို ဆရာက မေးလာတယ်။ သင်ဟာ သူ့ရဲ့ သင်ကြားပို့ချချက်ကို ဘယ်ရာခိုင်နှုံး လောက်အထိ အာရုံ စူးစူးစိုက်စိုက်နဲ့ မှတ်သားနိုင်ပါသလဲ တဲ့။ အဲဒီအခါမှာ တချို့က ၂၀ ကနေ ၄၀ ရာခိုင်နှုံး လို့ ဖြေကြပြီး တချို့ကတော့ ၅၀ ရာခိုင်နှုံး နဲ့ အထက်လောက်အထိ မှတ်မိပါတယ် လို့ အဖြေပေးကြတယ်…။

ဒီအခါမှာ သင်တန်းဆရာက ပြုံးပြီး ပြန်ပြောပါတယ်။ ဒါဆို ဟုတ်ပြီ... သင်တို့အထဲက ဘယ်နှစ်ယောက်က တကယ့် Attentive Listener လဲ ဆိုတာ ကြည့်ကြရအောင်တဲ့...။ ဒီတော့ သူပြောတာကို သေသေချာချာ နားထောင်ပြီး သူလုပ်ပြသလို လိုက်လုပ်ကြပါ တဲ့…။ အားလုံးသော သင်တန်းသားများက အိုကေ ပေါ့..။

သူက စပြောပါတယ်…။
သင်တို့ရဲ့ ညာဖက်လက်ဖ၀ါးကို ဖြန့်ပြီး လက်ကို ထောင်လိုက်ပါ တဲ့..
သင်တန်းသားတိုင်း အားလုံး တသွေမတိမ်း လိုက်လုပ်ကြတာပေါ့။

ပြီးတော့ သူက ဆက်ပြောတယ်…
ဖြန့်ထားတဲ့ လက်ဖ၀ါးကို ခေါင်းပေါ်မှာ အုပ်လိုက်ပါ တဲ့…
အို.. ဘာရမလဲ ဒါလေးများ.. လွယ်လွယ်လေးပါ ဆိုပြီး အားလုံးလိုက်လုပ်ကြတာပေါ့…။

နောက်တခါ သူပြောတာကတော့ ခေါင်းပေါ်က လက်ကို လည်ဂုတ်ပေါ်ကို တင်လိုက်ပါ တဲ့…။ ဒါလဲ လွယ်တာပဲ မဟုတ်လား..။ အားလုံး သူ့ကို ကြည့်ရင်း တညီတညာထဲ လိုက် လုပ်ကြပြန်ရော…။

ဒီတခါကျတော့ သူက ဂုတ်ပေါ်က လက်ကိုပြန်ချပြီး လက်ချောင်း ငါးချောင်းအနက်က လက်မနဲ့ လက်ညှိုးကို ၀ိုင်းပြီး ကျန်တဲ့လက်ချောင်းလေးတွေကို ထောင်ထားလိုက်ပါတဲ့…။ (ငယ်ငယ်က ဖယောင်းတိုင်မီးရောင်ကို နောက်ခံထားပြီး ယုန်ကလေးက နားရွက်ထောင် လုပ်သလိုမျိုးပေါ့) ။ ဒီအဆင့်အထိ အားလုံး သူ့ကိုကြည့်ရင်း လွယ်လွယ်ကူကူပဲ လိုက်လုပ်ကြပါတယ်။

ပြီးတော့ သူက ဘာဆက်ပြောသလဲ ဆိုတော့ အဲဒီ ကွေးဝိုင်းထားတဲ့ လက်မနဲ့ လက်ညှိုးကို မေးစေ့မှာ ကယ်လိုက်ပါတဲ့။ သို့သော် ထူးခြားချက်က သူကိုယ်တိုင်က အဲဒီ ကွေးဝိုင်းထားတဲ့ လက်မနဲ့ လက်ညှိုးကို ပါးမှာ လာကပ်ပြနေတယ်…။ မြင်တာကို လိုက်လုပ်လက်စရှိနေကြတဲ့ သင်တန်းသားတွေလဲ သူ့ကိုကြည့်ရင်း အားလုံးပဲ ကိုယ့်ရဲ့ လက်မနဲ့ လက်ညှိုး အကွေးအ၀ိုင်းတွေကို ပါးမှာ ကိုယ်စီ ကပ်နေကြတယ်ပေါ့…။ မေးစေ့မှာ သွားကပ်ပါ ဆိုတဲ့စကားကို ကြားသော်ငြားလည်း သေသေချာချာ သတိမမူမိပဲ ဆရာ အရှေ့ကနေ လုပ်ပြသလိုပဲ လိုက်လုပ်မိကြတာလေ။

အဲဒီအချိန် စက္ကန့်ပိုင်းလေးမှာ သူက မျက်စေ့ရှင်စွာနဲ့ လူတွေကိုကြည့်ပြီး ရေတွက်ပါတယ်…။
သင်တန်းသား ၂၅ ယောက်မှာ ၂ ယောက်ပဲ လက်မနဲ့ လက်ညှိုးကို မေးစေ့မှာ မှန်မှန်ကန်ကန် ကပ်ထားတာ တွေ့ရပါတယ် တဲ့...။ ကိုယ်တို့အားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အူလှိုက် အသည်းလှိုက် ရယ်မောမိကြပါတယ်။

ကဲ… တွေ့ကြပြီလား…။
အာရုံ စူးစိုက်စွာဖြင့် နားထောင်သူ တစ်ယောက်(Attentive Listener) ဖြစ်ဖို့ ဘယ်လောက် ခက်ခဲတယ် ဆိုတာရယ်… ပြီးတော့ အမြင်အာရုံနဲ့ အကြားအာရုံမှာ အမြင်အာရုံဟာ လူကို ပိုပြီးလွှမ်းမိုးတယ် ဆိုတာရယ်… လွယ်လွယ်လေးနဲ့ သက်သေပြသွားတယ်လေ…။

ဒီစမ်းသပ်ချက်ကလေးဟာ တချိန်မှာ သင်ကိုယ်တိုင် သင်တန်းပို့ချသူတစ်ယောက် ဖြစ်နေခဲ့ရင် သင်တန်းထဲမှာ အိပ်ငိုက်ပြေ အငြီးပြေ ပျော်ပျော်ပါးပါး ရယ်မောစရာ၊ မျက်စေ့ကျယ်စရာ အသုံးဝင်တဲ့ စမ်းသပ်ချက်လေးတစ်ခု ဖြစ်လာနိုင်ပါတယ်…။

ပျော်ရွှင်ကြပါစေ။


Friday, March 13, 2009

အမှတ်တရ အူလည်လည်

သူငယ်ချင်း သိင်္ဂီက Tag လာပါတယ်။
အခုအချိန်မှာ အမှတ်တရ....အဲဒီတုန်းကတော့ အူလည်လည်... တဲ့…။
ကိုယ်ဆိုတဲ့ ကိုယ်ကလဲ အရာရာမှာ အူလည်လည်နဲ့ အစဉ်အမြဲ တလွဲတချော်တွေ လုပ်နေကျ၊ လုပ်သမျှ အလွဲတွေတိုင်းကိုလဲ ဘယ်သောအခါမှ သေသေချာချာ အမှတ်မထားတတ်တော့ နောက်တခါ လုပ်လဲ လွဲ… လွဲပြီးရင်းလဲ လွဲ…။ ဒီတော့ ကိုယ့်ဆီမှာ အူလည်လည် အလွဲတွေက မရေမတွက်နိုင်အောင် ရှိနေတာ။ သို့သော်လည်း အလွဲတွေကို ကိုယ်က သေသေချာချာ မှတ်မထားမိတာမို့ ရေးခါနီးမှာ သတိရစရာ အမှတ်ရစရာ အူလည်လည် ဖြစ်ရပ်တွေကို တော်တော် ခက်ခက်ခဲခဲ စဉ်းစားနေရပါတယ်…။ ဒါကြောင့် အချိန်တွေလဲ တော်တော်ကြာသွားတယ်။
ကဲ.. သိင်္ဂီရေ… အခုရေးလိုက်ပြီနော်…။ မှတ်မှတ်ရရ Tag ထားပေးတာလဲ ကျေးဇူးတင်ပါတယ်။

*****


ထိုနေ့က ကြာသာပတေးနေ့…
ကောင်းကင်ကြီးတစ်ခုလုံး မိုးသားတိမ်လိပ်များ ကင်းစင်ကာ ပြာလွင် လှပနေသော ကြာသာပတေးနေ့ ဖြစ်ပါသည်။ ရန်ကုန်ကို အလည်ရောက်နေသော စလုံးမှ မိန်းကလေး သူငယ်ချင်း တစ်ယောက်ကို စကော့ဈေး လိုက်ပို့မည်၊ ဈေးဝယ်ကြမည်၊ ပြီးရင် သူ့ကို ဦးကြွိမှာ ဆီချက်ကျွေးမည်၊ ဒီ့ထက်ပိုပြီး အချိန်ရရင်တော့ ရုပ်ရှင်လေး ဘာလေး ကြည့်ကြမည်ဟု ချိန်းဆို တိုင်ပင်ထားကြပါသည်။ ဂျိမ်းစ်ဘွန်းကား အသစ် ရုံတင်နေသည်ဟု သူက သတင်းပေးလာသောအခါ ရုပ်ရှင်ကြည့်ဖို့ အစီအစဉ်မှာ ပို၍ သေချာသလောက် ဖြစ်သွားပါသည်။

သို့သော် စကော့ဈေးကြီး၏ ဆွဲဆောင်မှုအောက်တွင် ရုန်းမထွက်နိုင်သော ကိုယ်တို့ နှစ်ယောက် ရုပ်ရှင်ချိန်မမှီတော့ပါ၊ ညပွဲကို ကြည့်နိုင်သော်လည်း သူက မိတ်ဆွေတချို့နှင့် ညနေစာ စားရန် ချိန်းထားတာက ရှိသေးသည်မို့ ကိုယ်စီ ကိုယ်ရှိန်သတ်ကာ မနက်ဖြန်ကျမှ တခေါက်ထပ်လာပြီး ကြည့်ကြမည်ဟု ဆုံးဖြတ်ကာ အိမ်ကို ပြန်လာခဲ့ကြပါသည်။

နောက်တစ်နေ့ သူ တည်းခိုသော မီကာဆားမှာ ၀င်ခေါ်ပြီး ရုပ်ရှင်ရုံကိုသာ တန်းတန်းမတ်မတ် သွားလိုက်ကြပါသည်။ ရုပ်ရှင်ရုံအောက်ရောက်၊ တန်းစီနေသော လူက သိပ်မများလှတာမို့ စကားလေး တပြောပြောနှင့် ထိုလူများ၏ နောက်တွင် ပျော်ပျော်ပါးပါး ၀င်ရောက် တန်းစီလိုက်ကြ၏။ သူကတော့ အတွေ့အကြုံသစ်မှာ တပြုံးပြုံးနဲ့ပေါ့…။ ကိုယ့် အလှည့်ရောက်တော့ ဒီစီက လက်မှတ် နှစ်စောင် ၀ယ်လိုက်ကြသည်။ (ဒီစီ လက်မှတ်တစောင် ဘယ်လောက်ပေးခဲ့ရသလဲ ကိုယ် မမှတ်မိတော့။)

ပြီးတော့ ရုံထဲမှာစားဖို့ နေကြာစေ့၊ အချဉ်ထုပ်၊ အာလူးကြော်၊ အအေး စသည့် အရာတွေ တပွေ့တပိုက် ၀ယ်ကာ ရုံထဲကို ၀င်လာခဲ့ကြသည်။ ရုပ်ရှင်ကြည့်နေတုန်း ရုံထဲမှာ မုန့်စားလို့ရတယ် ဆိုတာကို သူက မယုံမရဲနှင့် အံ့တွေသြလို့ မဆုံး။ ဟေ့…ဒါ စလုံး မဟုတ်ဖူး၊ မြန်မာပြည် လို့တောင် ကိုယ်က ခပ်ကြွားကြွားလေး ပြောလိုက်သေးသပေါ့။

အချိန်တန်တော့ မီးတွေမှိန်ကာ အလံတော်ကို အလေးပြုကြသည်။ သူလဲ ရောရော ယောင်ယောင်နှင့် အလေးပြုပါသည်။ ပြီးတော့ သင့်ကြောင့် မီးမလောင်ပါစေနဲ့ အစချီသော ကြော်ငြာတချို့ ပြအပြီးမှာ နောက်လာလတ္တံ့သော ရုပ်ရှင် အသစ်များကို ကြော်ငြာပြန်ပါသည်။ ရုံထဲ ကြည့်တော့လဲ လူက ခပ်ချောင်ချောင်… ဒီ ဂျိမ်းစ်ဘွန်းကားက ရုံတင်နေတာ ကြာနေပြီမို့ လူနဲသွားပြီဟု ကိုယ်က သူ့ကို လူတတ်ကြီးလုပ်ကာ ရှင်းလင်းပြနေမိသေး။ အချို့ မြန်မာကြော်ငြာများကိုလဲ ကိုယ်က သူ့ကို ရှင်းပြ၊ သူကလဲ တပြုံးပြုံးနဲ့ နားတွေထောင်… ဟုတ်လို့။

ရုပ်ရှင်များ ကြော်ငြာနေသည်မှာ တော်တော်ကြာပါသည်။ တတိယမြောက် ကြော်ငြာမှာ မြန်မာကား တစ်ကား ဖြစ်ပါသည်။ မင်းသား ရဲအောင်နှင့် မင်းသမီး စိုးမြတ်သူဇာတို့ပါဝင် သရုပ်ဆောင်ထားသော ရုပ်ရှင်ကား ဖြစ်ပါသည်။ (ရုပ်ရှင် နာမည်တော့ မမှတ်မိတော့ပါ) သူက မြန်မာမင်းသမီးများ လှပကြောင်း ချီးကျူးတော့ ကိုယ်က သဘောတွေကျနေတာပေါ့။

သို့သော် ရုပ်ရှင် နမူနာပြတာကလဲ ကြာလိုက်တာ ဟု သူက ပြောလာတာကို အော်.. ဂျိမ်းစ်ဘွန်းကားက နဲနဲတိုလို့ ရှေ့မှာ ကြော်ငြာတွေ များနေတာဖြစ်မှာပါ ဟု အလိုက်သင့်ပြန်ပြောရင်း စားလက်စ နေကြာစေ့ထုပ်ကို သူ့ကို လှမ်းပေးလိုက်ပါသည်။ ထိုမြန်မာကား ပြနေချိန် ၁၅ မိနစ်လောက်ကြာလာသောအခါ ကိုယ့်စိတ်ထဲမှာ တမျိုးတော့ ဖြစ်လာပါသည်။ ဒီလောက်တောင် အကြာကြီး ပြနေရအောင် ဂျိမ်းစ်ဘွန်းကားက ဖလင်တွေ ဘာတွေများ ပျောက်သွားလို့လား ဟု အူကြောင်ကြောင်လည်း တွေးနေမိသေး။ သို့သော် အဲဒီ မြန်မာကားမှာ မိနစ် ၂၀နှင့်လည်း မပြီး၊ နာရီဝက်နှင့်လဲ မပြီး ဖြစ်နေသောအခါ….

သူငယ်ချင်းကလဲ အငြိမ်မနေနိုင်တော့… တလှုပ်လှုပ်နဲ့ နောက်က ဆလိုက်ဒ်ထိုးသော နေရာကိုတောင် လှည့်ကြည့် လှည့်ကြည့်လုပ်နေပါသည်။ ပါးစပ်က ဖွင့်မပြောသော်လည်း သူနားမလည်သော ဘာသာစကားတွေကြားမှာ တော်တော် အဆင်မပြေဖြစ်နေကြောင်း သိသိသာသာ တွေ့နေရပါသည်။


ကိုယ် သိလိုက်ပါပြီ။ ဂျိမ်းစ်ဘွန်းကားက မနေ့က ကြာသာပတေးနေ့က နောက်ဆုံးဖြစ်ရမည်။ ဒီနေ့ သောကြာနေ့မှာ မြန်မာကား အသစ်တကား ရုံတင်တာ ဖြစ်ရမည်။ ကိုယ်က ရုပ်ရှင်ရုံရှေ့က ကြော်ငြာဆိုင်းဘုတ်ကြီးကို တချက်ကလေးမှ မော့မကြည့်မိပဲ ခပ်တည်တည်နှင့် ဒီရုံမှာ ပြနေတာကတော့ ဂျိမ်းစ်ဘွန်းကားပဲဟု သေသေချာချာကြီး တွက်ကာ ရုံထဲကို ၀င်လာခဲ့မိသည်ပဲ။

ကိုယ်လဲ သက်ပြင်းအကြီးကြီးကို ခိုးချကာ ပေါက်တဲ့နဖူး မထူးတော့ဟု သဘောပိုက်ကာ အတတ်နိုင်ဆုံးတော့ သူ့ကို ဘာသာပြန် ပြနေပါသေးသည်။ သို့သော်လည်း ကြာရှည်မှာ ကိုယ်လဲ ခြေကုန် လက်ပန်းကျလို့ လာပါသည်။ သူလဲ တော်တော် အူနေပေလိမ့်မည်။ တ၀က်တပျက်မှာ ထပြန်ဖို့ရာကလဲ ရုပ်ရှင်ရုံ၏ လုံခြုံရေး၊ ကြွရောက်လာကြသော ပွဲကြည့် ပရိသတ်များ၏ လုံခြုံရေးကို ရှေးရှု၍ ချမှတ်ထားသော စည်းကမ်းအရ ရုံထဲဝင်ပြီးလျှင် ရုပ်ရှင် မပြီးမခြင်း အပြင်ကို ပြန်ထွက်လို့မရ။

ထိုနေ့က ရှည်လျားထွေပြားလှသော မြန်မာရုပ်ရှင်ကားကြီး၏ ဒါဏ်ကို စလုံးကျွန်းသူ တစ်ယောက် လှလှပပကြီး ခံလိုက်ရသလို ကိုယ့်မှာလဲ အားတွေနာ၊ မျက်နှာတွေပူ၊ ဒီကြားထဲ မကောင်းတတ်လွန်းတော့ သူ နားမလည်တဲ့ ဘာသာစကားတွေကို ပါးစပ်က တတွတ်တွတ် ဘာသာပြန်ပေးရ၊ အချိန်ကုန်တော့ ခေါင်းတွေက တဒိန်းဒိန်း ထိုးကိုက်၊ အပြန်လမ်းမှာ သူ့ကို ဆောရီး အခါ တစ်သိန်းလောက် ပြောပြီး မီကားဆားမှာ မြန်မြန်ပြန်ချခဲ့ကာ အိမ်ရောက်တော့ ဆေးသောက်ပြီး ချက်ချင်း အိပ်ရာထဲ ထိုးအိပ် ခဲ့ရပါတော့သည်။

ယခုအချိန်အထိ ထိုသူငယ်ချင်းနှင့် ပြန်ဆုံတိုင်း အားနာ မျက်နှာပူနေသေးသော ကိုယ့်ကို သူက အနေမကျပ်စေရန် မြန်မာ ရုပ်ရှင်မင်းသမီးများ အလွန် ချောမောလှပကြောင်း၊ သူ့အနေဖြင့် ထိုရုပ်ရှင်ကို သေသေချာချာ နားမလည်သော်လည်း မင်းသမီးလေးက လှသဖြင့် အချိန်တွေ ကုန်လို့ ကုန်မှန်းတောင် မသိလိုက်အောင် Enjoy ဖြစ်ရပါကြောင်း အလိုက်တသိ ပြောနေဆဲပါ။

နေရာတကာမှာ သေသေချာချာ မစူးမစမ်း ပြီးစလွယ် လုပ်တတ်သော၊ အူလည်လည် လို့ပြောရမလား... မအူမလည်လို့ ပြောရမလား... ဘယ်လို အမည်တပ်ရမှန်းမသိသော ကိုယ့်အတွက်တော့ ထိုတနေ့သည် တကယ်ကို အမှတ်ရစရာ ဖြစ်ခဲ့ရပါသည်။


နမော်နမဲ့ (12 July 2008)