Saturday, November 7, 2009

မိုက်ဖေါ် မိုက်ဖက် တယောက်တိုးခြင်း

ဒီရက်တွေ အလုပ်များနေလို့ စာအသစ် မရေးနိုင်ခင်မှာ သူငယ်ချင်းတယောက်ရဲ့ ဘလော့ဂ် အသစ်လေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်…။

သူနဲ့ ကိုယ်နဲ့က ဟိုး ငယ်ငယ်လေး မူလတန်းကျောင်းသူဘဝထဲက သူငယ်ချင်းပါ။ ငယ်ငယ်ကထဲက သူ့ရဲ့ လှပပြီး ဆွဲဆောင်မှုရှိတဲ့ လက်ရေးလေးနဲ့ စာတွေ ကဗျာတွေ ရေးခဲ့တာကို အခုထိ မှတ်မှတ်ရရရှိနေပါတယ်…။ သူနဲ့ ပတ်သက်ပြီး အမှတ်အရဆုံး အရာတခုကတော့ အော်တိုစာအုပ်တွေပါ။ ကျောင်းတွေ ပိတ်ခါနီးဆိုရင် သူငယ်ချင်းတွေ တယောက်နဲ့တယောက် အော်တိုစာအုပ် အပြန်အလှန် လဲလှယ် ရေးသားတဲ့အခါမှာ သူက သူ့ကိုယ်ပိုင် ကဗျာတို လှလှလေးတွေကို ရေးပေးလေ့ ရှိပါတယ်…။ ဒီလိုနဲ့ မူလတန်း အလယ်တန်း အထက်တန်းကျောင်း သက်တမ်းတလျှောက်၊ တက္ကသိုလ်ကျောင်း သက်တမ်းတလျှောက် အတန်းတွေကွဲ၊ လမ်းတွေကွဲပြီး အမြဲမခွဲ တတွဲတွဲနေလို့ရတဲ့ အချိန်တွေ နည်းသွားပေမယ့် တွေ့လိုက်တဲ့ အချိန်တိုင်းမှာ လှိုက်လှဲ နွေးထွေးမြဲ…။ တွေ့လိုက်ရတဲ့ အချိန်တိုင်းမှာ ရိုးသား ပွင့်လင်းပြီး ရင်းနှီး ချစ်ခင်စရာကောင်းလှတဲ့ ကျောင်းသူဘဝတုန်းက သူ့ပင်ကိုယ် ဟန်ပန်တွေကို ခုချိန်အထိ ရှာတွေ့မြဲ…။ အချိန်တိုင်းမှာ ချစ်စရာ ကောင်းမြဲ…။ ဒါတွေကတော့ သူ့ရဲ့ အကြောင်း တစေ့တစောင်းလေးပါ…။

ဒီလိုနဲ့ သိပ်မကြာသေးတဲ့တရက်မှာ သူ့လိုပဲ မူလတန်းထဲက ချစ်ခင်ခဲ့ရတဲ့ ခိုင် ဆိုတဲ့ သူငယ်ချင်းကို ကိုယ့်ဘလော့ဂ်လေးကြောင်း ပြောပြမိတယ်…။ ဘယ်သူမှမပြောနဲ့နော် လို့လဲ (ထုံးစံအတိုင်း) ပိတ်လိုက်ပါသေးတယ်…။ သူကလဲ တကယ် စိတ်ချရပါတယ်…။ လေး ငါးရက် ကြာတဲ့ အထိ ဘယ်သူ့ကိုမှ မပြောပြပါဘူး။ အဲ… ဒါပေမယ့် ခြောက်ရက်မြောက်နေ့မှာတော့ သူနဲ့ တအိမ်ထဲ အတူတူနေတဲ့ သူငယ်ချင်းကို “ကိုယ် မနေနိုင်ဘူးကွယ်… ဖွင့်ပြောလိုက်တော့မယ်…” လို့ ဆိုလာပါတယ်…။
ဟင်… တကယ်ကြီး သွားပြောတော့မှာလား ဆိုတော့… အင်း.. တဲ့…။
ဘုရားရေ… မပြောလို့ မဖြစ်ဘူးလားဆိုတော့… ဟင့်အင်း… ပြောချင်နေတယ် တဲ့…။

ဒီလိုဆိုတော့လဲ အိုကေပေါ့… ပြောလိုက်ပါ လို့ ခွင့်ပြုလိုက်ရပါတယ်…။
ဒီလိုနဲ့… ဒီလိုနဲ့….

တိုတိုပြောရရင် အခု
ချစ်ကြည်အေး ရယ်လို့ ဖြစ်လာမယ့် သူငယ်ချင်းက ကိုယ့်ဘလော့ဂ်အကြောင်းကို သိသွားပြီးနောက်မှာ သူ့ရဲ့ နဂိုမူလ ဗီဇလေးတွေ၊ ဝါသနာလေးတွေ ပြန်လည်ရှင်သန်လာပြီး သူလဲ ဘလော့ဂ် ရေးလိုပါတယ်လို့ ဆိုလာတယ်။ ဒီတော့ ကိုယ်ကလဲ ကိုယ့်လို မိုက်ဖေါ် မိုက်ဖက် တယောက်တော့ တိုးပဟ ဆိုပြီး ဝမ်းသာမဆုံး တပြုံးပြုံးနဲ့ သူ့အတွက် ဘလော့ဂ်လေးတခု အစပြုပေးခဲ့ပါတယ်။ အရင်ကတော့ သူ့ဟာသူ Facebook မှာ Pet Society တို့၊ Farm Villie တို့၊ Café World တို့နဲ့ ပျော်နေရာက အခုတော့ အဲဒါတွေကို လုံးလုံးလျားလျား ပစ်ပယ်ပြီး ကိုယ်တို့ရဲ့ ဘလော့ဂ်စဖီးယားထဲကို ရောက်လာတဲ့ သူငယ်ချင်း ချစ်ကြည်အေး ကို အသိအမှတ်ပြုပြီး လှိုက်လှဲ ချစ်ခင်စွာ ကြိုဆိုကြပါနော်…။

ပြီးတော့ သူ့ရဲ့
နိဒါန်း စကား ထဲက အတိုင်းပါပဲ… သူ့ထက် အရင် ဘလော့ဂ်နေကြသူများ အားလုံး သူ့ရဲ့ စာလေးတွေ ကဗျာလေးတွေကို သွားဖတ်ပြီး ဝေဖန်ကြပါ၊ လိုအပ်တာတွေများ ရှိခဲ့ရင်လဲ မှတ်ချက်များရေးပြီး အကြံပြုကြပါလို့ ချစ်ခင်စွာ တိုက်တွန်းလိုက်ပါရစေ…။



** မိုက်ဖေါ် မိုက်ဖက် ဟူသော စကားလုံးကို နှစ်သက်လှသောကြောင့် ပုံရိပ် (စိတ်ကူးပုံရိပ်) ဆီမှ ကူးယူသုံးစွဲပါသည်။ ကျေးဇူးပါ ပုံရိပ်ရေ...

Sunday, November 1, 2009

သံယောဇဉ်

ချစ်တဲ့ သူငယ်ချင်း တန်ခူး ရဲ့ Tag ပါ…။
အခုတလော ဆိုညည်းနေမိသော သီချင်းများ တဲ့…။

သီချင်းတွေနဲ့ ပတ်သက်လို့ပြောရရင် အရှည်ကြီးပေါ့။
ကိုယ်က သီချင်းတွေကို ချစ်တယ်…။
အမြဲတမ်းလဲ သီချင်းနဲ့ လူနဲ့ မပြတ်အောင် နားထောင်နေတတ်တယ်။
တခါတခါမှာတော့ နဲနဲပါးပါး လိုက် ဆိုညည်းမိတယ်။
ဒါပေမယ့် နဲတယ်…။ လိုက်ဆိုရတာထက် နားထောင်ရတာကို ပိုကြိုက်တယ်။

ဒီတော့ တန်ခူးရဲ့ ခေါင်းစဉ်ကို နဲနဲပြင်လိုက်တယ်…။
အခုတလော နားထောင်နေမိသော သီချင်းများ လို့…။
သီချင်းများ လို့ ဆိုပေမယ့် ကိုယ် အခုတလော အဆက်မပြတ် နားထောင်နေမိတဲ့ သီချင်းကတော့ တပုဒ်ထဲပါ။

ဒါပေမယ့် တခုတော့ရှိတယ်…။
ကိုယ့်ရဲ့ လတ်တလောမှာ ခံစားနားထောင်နေမိတဲ့ သီချင်းကို ချပြလိုက်ရင် အဲဒီကနေ တဆင့် ကိုယ့်ရဲ့ ရင်ထဲက လတ်တလော အခြေအနေကို ထင်ထင်ရှားရှား လှမ်းတွေ့မြင်နိုင်စေတာမို့ ဖြစ်နိုင်ရင် ဒီပိုစ့်ကို ကိုယ် မရေးချင်ရိုး အမှန်ပါ…။ (အဟိ… ကြီးကြီးကျယ်ကျယ်တွေ လုပ်ချလိုက်ပြန်ပြီ…)
ဒါပေမယ့် သူငယ်ချင်းကို ချစ်ခင်တဲ့စိတ်ကလေး တခုတည်းနဲ့ ဖြစ်ချင်ရာဖြစ် မောင်ဘချစ် ဆိုပြီး ရေးလိုက်ပါတယ်...။

အဲဒီ သီချင်းကတော့ ကိုလေးဖြူရဲ့ ဘင်္ဂလားပင်လယ်အော်ထဲက သီချင်း တစ်ပုဒ်ပါ။
တော်တော်များများလဲ သိပြီးသား ဖြစ်ကြမှာပါ။
သီချင်းနာမည်က သံယောဇဉ် တဲ့…။
နားထောင်ကြည့်နော်…။




သံယောဇဉ်

မတွေးချင်လည်း ပြန်တွေးနေမိ… မေးရင်လည်း ပြန်သတိရပြီ…
အမှတ်မရှိသေးဘူး ငါ လွမ်းဆွတ်...
မဖြစ်ချင်ခဲ့တာတွေ ဖြစ်ကုန်ပြီ… မှားနေလဲ ငါ ဆက်သွားမိ…
ဒုက္ခများကုန်ပြီ…
ရုန်းထွက်ရင်းနဲ့ ဆက်ဆက်နစ်… ဖြတ်တောက်တိုင်းလဲ ဖြတ်ဖို့ခက်တဲ့…
သံယောဇဉ်…

သံယောဇဉ်… သံယောဇဉ်… ငါလေ အပျက် အပျက်နဲ့ သွေးထွက်ခဲ့တယ်…
သံယောဇဉ်… သံယောဇဉ်… လူကို အရူးတပိုင်း ဖြစ်စေတယ်…
သံယောဇဉ်… သံယောဇဉ်… နေမြင့်လို့ အရူးရင့်ခဲ့တယ်… ဒီသံယောဇဉ်…
ဒီသံယောဇဉ်… ဒီသံယောဇဉ်… ဒီသံယောဇဉ်…
အိုး… ဒီသံယောဇဉ်…

မကြားချင်လဲ ငါ ကြားယောင်မိ… မသွားချင်လဲ ငါ ပြန်သွားမိ…
အစိုးမရတဲ့ စိတ်ကြောင့် ငါ… ခက်ပြီ…
မမွှေးသင့်ပဲ ငါ မွှေးတဲ့မီး… မတိုးချင်ပဲ ငါ ဆက်တိုးမိ…
ငါ့ဘဝ ကျွမ်းလောင်ပြီ… အိုး…
ရုန်းထွက်ရင်းနဲ့ ဆက်ဆက်နစ်… ဖြတ်တောက်တိုင်းလဲ ဖြတ်ဖို့ခက်တဲ့…
အိုး… သံယောဇဉ်…

သံယောဇဉ်… ငါလေ အပျက် အပျက်နဲ့ သွေးထွက်ခဲ့တယ်…
သံယောဇဉ်… သံယောဇဉ်… လူကို အရူးတပိုင်း ဖြစ်စေတယ်…
သံယောဇဉ်… သံယောဇဉ်… နေမြင့်လို့ အရူးရင့်ခဲ့တယ်… ဒီသံယောဇဉ်…
ဒီသံယောဇဉ်… ဒီသံယောဇဉ်… ဒီသံယောဇဉ်… ဒီသံယောဇဉ်…
အိုး… ဒီသံယောဇဉ်…

ဒီသီချင်းနဲ့ ပတ်သက်လို့ ကိုယ့်ရဲ့ ရင်ထဲက သံယောဇဉ် ဆိုတာ ဘာကို ဆိုလိုတာလဲ… ဘယ်သူ့ကိုများ ရည်ရွယ်ထားလေသလဲ… ဆိုတာ သိချင်ကြမယ်လို့ ထင်ပါတယ်…။ ကိုယ်ကလဲ မမေးခင်က ပြောချင်နေသူပါ...။ အဟဲ…

အမှန်ကတော့ ဒီသီချင်းထဲက ကိုယ်ရည်ရွယ်ထားတဲ့ သံယောဇဉ် ဆိုတာ ကိုယ့်ရဲ့ ချစ်ရတဲ့ ဒီ ဘလော့ဂ်လေး ပါပဲ…။

ရုန်း ထွက် ရင်း နဲ့ ဆက် ဆက် နစ် … ဖြတ် တောက် တိုင်း လဲ ဖြတ် ဖို့ ခက် တဲ့ …
သံ ယော ဇဉ် … သံ ယော ဇဉ် … သံ ယော ဇဉ် …


ကဲ… ဘယ်လောက် မှန်လိုက်သလဲနော်…။

တန်ခူးရေ... ရေးလိုက်ပြီ... အိုကေ...။
အားလုံးပဲ သီချင်းနားထောင်ရင်း ပျော်ရွှင်စရာ တနင်္ဂနွေနေ့ ဖြစ်ကြပါစေ...။


Thursday, October 29, 2009

အတူတူဆိုရင်…

အမှန်ဆိုလျှင် ကိုယ့်ဘဝထဲကို ကိုယ့်အတွေးတွေထဲကို သူမ ဝင်ရောက်လာတာ သိပ်မကြာလှသေး။ အချိန်ကာလတွေကို သေသေချာချာ လက်ရေချိုး ရေတွက်ကြည့်မိတော့ ဒီနှစ် ကိုယ့်မွေးနေ့ ပတ်ဝန်းကျင်က စပြီး သူမနှင့် ရင်းနှီးခင်မင်ခဲ့ရတာ ဖြစ်သည်။ ကိုယ်ပိုင် ဘဝတခုကို ကိုယ်တယောက်တည်း တည်ဆောက်နေစဉ် မမျှော်လင့်သော အချိန်တခုတွင် သူမနှင့် မျှော်လင့်မထားသော ဆုံဆည်းခြင်းမျိုးဖြင့် တွေ့ကြုံ ဆုံဆည်းခဲ့ရသည်။ တောင်တန်းတွေကြားမှာ၊ တိမ်လိပ်တွေအောက်မှာ၊ နှင်းမုန်တိုင်းတွေ ကြားထဲမှာ၊ ကြမ်းတမ်းသော မိုးစက် မိုးပေါက်တွေအောက်မှာ၊ အစာရှာထွက်ရင်း လူကိုတွေ့လျှင် လာ လာပုတ်တတ်သော ဝက်ဝံစုံတွဲတွေ ရှိရာ နေရာဒေသတချို့ဆီသို့ တကိုယ်တည်း ခရီးသွားနေရင်း သူမသည် ကိုယ့်နံဘေးမှာ ရှိနေတတ်သော ခရီးဖေါ်တယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။ ကိုယ့်ရဲ့ ဘဝ တစိတ်တဒေသ အကြောင်းနှင့် ကိုယ့်ရဲ့ အလုပ်အကိုင် အကြောင်းတွေ သူမကို ပြောပြမိသည်။ သူမ၏ ဘဝအကြောင်းကိုလည်း တစေ့တစောင်း သိခွင့်ရခဲ့သည်။ သည်လိုစကားတွေပြောရင်း၊ တယောက်အကြောင်း တယောက် ပြောပြကြရင်း ကိုယ်တို့ နှစ်ယောက် ရင်းနှီးခဲ့ရသည်။

သူမ၏ ဘဝကတော့ သာမန် မိန်းကလေးတယောက်၏ ရိုးစင်း ရှင်းလင်းသော ဘဝတခုသာ။ သို့သော်လည်း ကိုယ့်မှာ ရှိမနေသော ကန့်သတ်ချက်မျိုးတွေ သူမဆီမှာ ရှိနေသည်။ ကိုယ့်မှာ ရှိမနေသော တာဝန်ဝတ္တရားတွေ သူမဆီမှာ ရှိနေသည်။ ကိုယ့်မှာ ရှိမနေသော ထောက်ထား ငဲ့ညှာစရာတွေ သူမဆီမှာ ရှိနေသည်။ ထို့အပြင် ရိုက်ချိုး ဖျက်ဆီး၍မရနိုင်သော နံရံတံတိုင်း တခုလဲ သူမနှင့်အတူ အခိုင်အမာ ရှိနေလေသည်။ သည်အကြောင်းကို တွေးမိကြတိုင်း၊ ပြောမိကြတိုင်း ကိုယ်တို့နှစ်ယောက်လုံး ဝမ်းနည်းကြေကွဲကြရသည်။ ထိုအကြောင်းတွေကို အတတ်နိုင်ဆုံး မေ့ဖျောက်ထားဖို့ နှစ်ဦးသား (တိုင်ပင်စရာမလိုပါပဲ) ကြိုးစားမိကြသည်။ တခါတရံ အမှန်တရားကို မဖြစ်မနေ လက်ခံကြရမည့် အချိန်မျိုးမှာတော့ ထိုမေ့ထားသော အကြောင်းအရာများကို စကားဝိုင်းအတွင်းသို့ အတင်း ဆွဲခေါ် သယ်ဆောင်လာဖြစ်ကြသည်ပေါ့။ ထိုအကြောင်းတွေ ပြောမိလျှင် ပြောနေရင်းနှင့်ပင် တခါတခါ ငြိမ်သက်နေမိကြသည်။ သူမကတော့ သက်ပြင်းတွေကို မကြာခဏ ချတတ်သည်။ ထိုသို့သော အခြေအနေတွေကြားမှပင် တစထက်တစ တိုးပွားလာသော သံယောဇဉ်ကြိုးတွေက ကိုယ့်တို့ နှစ်ယောက်စလုံးကို အထပ်ထပ် ရစ်နှောင်နေကြသည်။

အဝေးကြီးမှာ နေကြရသော်လည်း နှစ်ဦးသား အစဉ်နီးနီးလေးရှိနေသလို ခံစားကြရအောင် အချိန်များစွာမှာ ကိုယ်တို့နှစ်ဦးက နီးကပ်နိုင်ခဲ့ကြသည်လေ။ ပျော်ရွှင်စရာအချိန်များကို အတူတူ မျှဝေခံစား၊ ဝမ်းနည်းစရာ အကြောင်းများကို အတူတူ ဝမ်းနည်း၊ တယောက်၏ ပြဿနာတွေကို တယောက်က နားထောင်၊ ဖြေရှင်းလို့ ရနိုင်မည့် နည်းလမ်းများကို ရှာဖွေပေးကြ၊ အချင်းချင်းလဲ ဖေးမ ကူညီစောင့်ရှောက်ရင်း၊ အဖေါ်ပြုရင်း တယောက်ကို တယောက် ကောင်းတူ ဆိုးဖက် ရဲဖေါ် ရဲဖက်တွေပမာ တွယ်တာလာကြသည်။ ထိုအရာတွေကို ကိုယ်က အချစ် ဟု ပြောပြခဲ့သော်လည်း သူမက သံယောဇဉ် ဟူသော စကားလုံးကိုသာ ပိုမိုနှစ်သက်သည်ဟု ဆိုစမြဲ။ ကိုယ့်ကို ချစ်လား လို့ မေးမိလျှင် သူမက ဘယ်တော့မှ အဖြေ ပေးလေ့မရှိ…။ သိရက်သားနဲ့ မမေးပါနဲ့ကွာ ဟု ပြန်ပြောတတ်သော သူမကို ချစ်ခင် ကြင်နာစိတ်ဖြင့် အစဉ် နားလည်ပေးခဲ့ရသည်ပဲ…။

အချစ်ဆိုသည်မှာ ပူလောင်သည် မှန်သော်လည်း၊ ရယူပိုင်ဆိုင်လိုစိတ်တို့နှင့် ယှဉ်သော အချစ်မျိုး ကိုယ့်ဆီမှာ ရှိမနေသော်လည်း အမှန်အတိုင်းဆိုရလျှင် သူမနှင့် အတူတူရှိချင်မိသည်။ သူမနှင့် အတူရှိနိုင်မည့် အချိန်ကလ တခုကိုလည်း တောင့်တ မျှော်လင့်နေမိသည်။ သူမ ကရော… တခါတခါ စိတ်လိုလက်ရ ရှိနေချိန်များတွင်တော့ စာတိုစာရှည်တွေ ရေးလေ့ရှိသည်။ သူမ၏ မာဆတ်ဆတ် စကားသံတွေထဲမှာ ရှာမတွေ့ရတတ်သော အရာတချို့ကို စာတွေထဲမှာ တွေ့ရတတ်သည်။ ထိုစာများမှတဆင့် သူမ၏ ရင်ထဲကို အတားအဆီးမရှိ မြင်ရလေ့ရှိသည်။ ထိုစာများကို ဖတ်ရလေတိုင်း စာလုံးဝိုင်းဝိုင်းလေးများနှင့်အတူ လိုက်ပါခံစားမိပြီး ဝမ်းသာ ဝမ်းနည်း ခံစားချက်မျိုးကို တပြိုင်နက် ခံစားရတတ်သည်။

ကိုယ်တို့နှစ်ယောက်သည် အသက်အရွယ်နှင့်လိုက်ကာ အမျိုးမျိုး ပြောင်းလဲနေကြသော တာဝန်များ ဝတ္တရားများ၊ စာနာ ထောက်ထား ငဲ့ကွက်စရာများစွာတို့ကို ဖယ်ခွာ ချန်ထားခဲ့နိုင်သော၊ ကိုယ့်ဘဝကို ကိုယ် ရာနှုန်းပြည့် ပိုင်ဆိုင်နိုင်သော အချိန်တချိန်ကို အတူတူ တောင့်တ မျှော်လင့်မိကြသည်။ နှစ်ဦးသား အတူတူ ရှိနေနိုင်မည့် အချိန်တွေအကြောင်းကို မကြာခဏ တွေးတော စဉ်းစားကြည့်ကြသည်။ တယောက်ကို တယောက် အချိန်ပြည့် အဖေါ်ပြုနိုင်ကြမည့် ကာလများကို ပိုင်ဆိုင်ခွင့်ရခဲ့လျှင်တော့ဖြင့် လူနေသိပ်မထူထပ်လှသော၊ လှပ၍ တိတ်ဆိတ်ငြိမ်းချမ်းသော တောင်ပေါ်မြို့လေးတခုမှာ ဘဝနှစ်ခုကို တခုတည်း ပေါင်းစည်းနိုင်ရန် အရင်ဆုံးကြိုးစားကြမည်။ နှစ်ယောက်ဟာ တယောက်ထည်း ဖြစ်သွားကြမည့် အချိန်ကာလတခုဆီသို့ပေါ့…။ ထိုအခါ…

အတူတူဆိုရင်…
တယောက်ကို တယောက် အတတ်နိုင်ဆုံး ချစ်ခင်ကြင်နာကြမည်။ တယောက်ကို တယောက် အတတ်နိုင်ဆုံး နားလည်မှုတွေထားပြီး စိတ်ရှည်သည်းခံကြမည်။ မကြည်မလင် အမြင်မတော်သည်များကို ချစ်ခင်သော စိတ်ကလေးဖြင့် ဖြည့်ယူကာ ကြည်လင်စေကြမည်။

နံနက်စောစော နေထွက်ချိန်များတွင် ဟိုး အရှေ့ဖက်အရပ်မှ တောက်ပသော နေလုံးကြီးကို ငေးမောကြည့်ကာ အတူတူ နိုးထကြမည်။ ပြီးတော့ အပြာရောင် တိမ်လိပ်တွေ သိပ်လှတဲ့ နေ့တွေမှာ ကြည်လင်သော စိတ်နှလုံးတို့ဖြင့် ကောင်းကင်ပေါ်က တိမ်တွေကို အတူတူ မော့ကြည့်ကြမည်။ ကိုယ်ရော သူမပါ တိမ်တွေကို သိပ်ချစ်ကြသူတွေ မဟုတ်လား…။

ပြီးလျှင်တော့ ကိုယ်တို့နှစ်ယောက်ရဲ့ တနေ့တာ အချိန်တွေကို စားစရာတွေ အတူ ပြင်ဆင် ချက်ပြုတ်ရင်း၊ စာတွေ အတူတူဖတ်ရင်း၊ ကဗျာတွေ အတူတူစပ်ရင်း၊ သီချင်းသံတွေကြားမှာ စီးမျောရင်း ကုန်ဆုံးစေကြမည်ပေါ့…။ စာတွေဖတ်လို့ ညည်းငွေ့လာကြသည့် တချို့သော အချိန်မျိုးတွေမှာတော့ ချစ်စရာ ခွေးပုပုလေးတကောင်နှင့် ဘောလုံးလေး တလုံးနှင့် အတူတူ ဆော့ကစားကြအုံးမည်လေ…။

ညနေခင်း နေဝင်ချိန်များမှာတော့ ကမ်းစပ်တနေရာဆီကို လမ်းလျှောက်ထွက်ရင်း စကားတွေ အများကြီးပြောကြအုံးမည်။ တယောက်လက်ကို တယောက်က ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားကြရင်းပေါ့…။ ထိုအခါ ဓါတ်ပုံရိုက်တာ ဝါသနာပါသော ကိုယ်က သူမကို နောက်ခံရှုခင်း လှလှတွေနှင့် သဘာဝကျသော ဓါတ်ပုံလှလှတွေလဲ ရိုက်ပေးမိမည် ထင်သည်။

ညအိပ်ရာဝင်ချိန်များမှာတော့ အခန်းမီးကို မှိန်မှိန်လေးထားပြီး ကြယ်တွေဆီကို အတူတူ ကြည့်ကြမည်…။ ကြယ်ကြွေချိန်တွေ ကြုံခဲ့လျှင်တော့ နောင်ဘဝဆက်တိုင်း အတူတူ ရှိနေနိုင်ပါရစေ ဟူသော မရိုးနိုင်သည့် ဆုတခုကို စိတ်တူ ကိုယ်တူ တောင်းဖြစ်ကြမည် ထင်သည်…။ လသာသော ညတွေမှာတော့ ကိုယ်တို့နှစ်ယောက်လုံး လှပသော လရောင်၏ ဖျားယောင်း ဖမ်းစားမှုတွေကို ကျေကျေနပ်နပ်ကြီး လက်ခံကြမည်ပေါ့လေ…။ အတွေး စိတ်ကူးတွေထဲမှာတော့ အနှိုင်းအဆမဲ့ ပျော်ရွှင်ကြည်နူးဖွယ်ရာ ကောင်းလှသည်…။

လက်ရှိအနေအထားမှာ ကိုယ်တိုင်က လူ့ဘဝ၏ တဆစ်ချိုးဟု ဆိုလျှင် ရနိုင်သော အသက်အရွယ် အပိုင်းအခြားတခုကို ရောက်မှန်းမသိ ရောက်ရှိနေခဲ့ပြီ။ ကိုယ်တို့နှစ်ယောက်၏ လုပ်ရပ်များကို မှန်သည် မှားသည် ကဲ့ရဲ့ ကန့်ကွက် အပြစ်တင် စကားတင်း ဆိုစရာများ မရှိနိုင်တော့မည့် အချိန်ကာလ တခုကို ရောက်ရှိရန် ကိုယ်တို့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းကြရပေဦးမည်။ ကိုယ့်သက်တမ်း မည်ရွေ့ မည်မျှ ကျန်ရှိနေသေးသည်ကို ကိုယ်တိုင်လဲ မသိနိုင်…။ သူမ၏ သက်တမ်းကိုလဲ ကိုယ် မမှန်းဆနိုင်..။ သို့သော်လည်း ကိုယ်တို့နှစ်ယောက်၏ သက်တမ်းတွေကို အတတ်နိုင်ဆုံး အရှည်ကြာဆုံး ဆွဲဆန့်နိုင်ရန်၊ ကိုယ်တို့နှစ်ယောက်အတွက် အချိန်တွေ များများ ကျန်ရှိနေရန်၊ ကျန်းမာစွာ ရှင်သန်နေထိုင်ရန် အတွက် ကိုယ် သူ့ကို အထပ်ထပ် သတိပေးနေမိသည်။ သို့မှသာ တချိန်ချိန်မှာ ကိုယ်တို့နှစ်ယောက် ဖန်တီးချင်သော ဘဝလေးတခုဆီသို့ အတူတူ လှမ်း၍ မျှော်လင့်နိုင်မည် မဟုတ်ပါလား…။





(သူငယ်ချင်းတယောက်က အခုတလော သူ့ရင်ထဲမှာ ရှိနေတဲ့ ခံစားချက် တချို့နဲ့ အတွေးတချို့ ကို ပြောပြလာပါတယ်။ ပြီးတော့ သူပြောပြတာတွေကို ပိုစ့်လေးတခုအဖြစ် ဖန်တီးပါလား လို့လဲ ပြောလာသေးတယ်။ ဒါကြောင့်မို့ သူ့အတွေးတွေကို သူနဲ့အတူတူ လက်လှမ်းမှီသလောက် လိုက်ပါတွေးတော၊ သူနဲ့ အတူတူ ခံစားပြီး ပုံဖေါ်လိုက်တဲ့အခါ ဒီစာစုလေးကို ရလာပါတယ်။ ရေးပြီးတော့ သူ့ကို အရင်ပြပြီးမှ သူ့ရဲ့ခွင့်ပြုချက်နဲ့ ဒီပိုစ့်လေးကို တင်လိုက်ပါတယ်… လာဖတ်ကြတဲ့ သူငယ်ချင်းတွေကို သူက ကြိုတင်ပြီး ကျေးဇူးတင်နေပါတယ် တဲ့… ပြီးတော့ သူ့တို့နှစ်ယောက်ရဲ့ ဆန္ဒတွေ လက်တွေ့မှာ တကယ် ဖြစ်လာပါစေလို့ ဝိုင်းကူပြီး ဆုတောင်းပေးဖို့လဲ ပြောသွားပါသေးတယ်…။)

အတူတူဆိုရင်

Monday, October 26, 2009

ကမ္ဘာပျက်ချိန်ကို စောင့်ဆိုင်းခြင်း

ချစ်ညီမငယ် ပန်ဒိုရာ ဆီက Tag ပါ…
ကမ္ဘာပျက်ခါနီး တစ်လလောက်အလို တဲ့…။ ပိုးဟပ်လို အကောင်ပိစိကိုတောင် သေမတတ် ကြောက်ရွံ့တတ်တဲ့ ကိုယ့်ကို ကမ္ဘာကြီးနဲ့ ချီပြီး ကမ္ဘာပျက်ခါနီး တလအလိုမှာ ဘယ်လိုနေမလဲ ဘယ်လိုခံစားရမလဲ ဆိုတဲ့ အတွေးတွေ တွေးခိုင်းတာ… ပန်ပန်နော်… တော်တော်ဆိုး…။

အမှန်ပြောရရင် ကိုယ်က အင်းဆက်တွေကို ကြောက်တာပါ။ သေးသေးမွှားမွှား ပိုးကောင်တွေ ဖြစ်တဲ့ ပုရစ်တို့၊ ပုရွက်ဆိတ်တို့၊ အိမ်မြှောင်တို့၊ ပင့်ကူတို့ ၊ ပိုးဟပ်တို့ကိုသာ အသေကြောက်တတ်တာ… မကြောက်ချင်တဲ့ ကိစ္စမျိုးကျတော့ နဲနဲမှ မကြောက်တတ်အောင် သတ္တိတွေက သူ့အလိုလို ကောင်းနေကြပြန်ရော…

ကဲ… ဘာပဲဖြစ်ဖြစ် အခုတော့ ကမ္ဘာကြီး ပျက်တော့မယ်တဲ့… တလပဲ လိုတော့တယ်တဲ့… ဘယ်လိုနေမလဲ စဉ်းစားကြည့်ရအောင်…


(၁) ဘယ်သူတွေနဲ့ ရှိနေချင်လဲ...

အမှန်အတိုင်းက တယောက်တည်းပဲ ရှိနေချင်တယ်။ ကိုယ်ချစ်တဲ့သူတွေကို၊ အထူးသဖြင့်တော့ အလွန်ကြောက်တတ်တဲ့ ကိုယ့်ရဲ့မေမေကို အခါများစွာကလိုပဲ “အို… မေမေကလဲ… မကြောက်ပါနဲ့… ဘာမှမဖြစ်ပါဘူး…” လို့ ကြံဖန် ဟန်ဆောင်ပြီး နှစ်သိမ့်မနေချင်သလို ကိုယ့်ကို အဲဒီလို လာနှစ်သိမ့်နေမယ့်သူတွေနဲ့လဲ ရှိမနေချင်ဘူး။ ပြောနေကြတဲ့ အတိုင်းဆို ကမ္ဘာကြီးက တကယ်ပျက်တော့မှာလေ…

(၂) ဘာတွေ ခံစားနေရမလဲ...

ရင်ထဲမှာတော့ အတော်ကို စူးစူးဝါးဝါး ကြောက်ရွံ့တုန်လှုပ်နေမှာပါ။ ဒါပေမယ့် အပြင်ပန်းမှာတော့ ကိုယ့်ကို အစဉ် အားကိုးနေတတ်တဲ့ သူတွေ ရှေ့မှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ပြုံးလို့ ရယ်လို့ ဘာမှ မဖြစ်ချင်ယောင်လေး ဆောင်နေမှာပေါ့။ ဟန်ဆောင်ရတယ် ဆိုတော့ တကယ် ပင်ပန်းနေမှာပါလေ…

(၃) ဘာတွေ ပြင်ဆင်ထားမလဲ…

တရားသဘောအရဆို မသေခင်မှာ ကောင်းမှု ကုသိုလ်တွေ ဘာတွေ လုပ်ရင်တော့ နောက်ဘဝအတွက် ဘဝကူး ကောင်းမှာပေါ့… ဒါပေမယ့် ခက်တာက ဒီလောက် ကျဉ်းထဲ ကြပ်ထဲ ရောက်နေတဲ့ အချိန်ကြီးမှာ ကိုယ်ဆိုတဲ့ ကိုယ်က စိတ်ပေါက်ပေါက်နဲ့ “အားလုံး သေသွား… အေးတာပဲဟာ…” လို့ တွေးချင် တွေးနေမိမှာ… ဒီတော့ ဒီအချိန် တလလေးအတွင်းမှာတော့ ပြင်ဆင်မှုဆိုတာ လုပ်ဖြစ်မယ် မထင်…။ တကယ်လို့များ ကိုယ်ရဲ့ ချစ်သူ ခင်သူတွေ မသေပဲ အသက်ရှင်ကျန်ရစ်မယ် ဆိုရင်တော့ သူတို့ အတွက် ဘာတွေများ ပြင်ဆင်ထားခဲ့ပေးရမလဲ စဉ်းစားမိမယ် ထင်ရဲ့…

(၄) ၀မ်းနည်းမိမှာက…

ပြောရမယ်ဆို ကမ္ဘာပျက်မယ့် ၂၀၁၂ မှာ ကိုယ့်အသက်က သိပ်အကြီးကြီး မဟုတ်သေးဘူး၊ နေမယ်ဆိုရင် အသက်ရှင် နေထိုင်လို့ ကောင်းကောင်းရသေးတဲ့ အရွယ်၊ လောကကြီးမှာ ရတောင့်ရခဲ လူ့ဘဝတခု ဒီလောက် အချိန်စောစောနဲ့ အဆုံးသတ် နိဂုံးချုပ် သွားမယ် ဆိုတော့ နဲနဲတော့ နှမြောတသ ဝမ်းနည်းနေမိမယ် ထင်ရဲ့။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် သိပ်ချစ်တတ်ပြီး အတ္တတွေလဲ သိပ်ကြီးတတ်တဲ့ သတ္တဝါမျိုးတွေပဲ မဟုတ်လား…

(၅) ကြောက်လန့်မိတာက...

ကိုယ် ဘယ်လိုနည်းနဲ့ အသက်ဇီဝိန် ချုပ်ငြိမ်းသွားမှာလဲ ကြိုမသိနိုင်တာကို ကြောက်တယ်…။ ဝုန်းဒိုင်းဆို တခုခုကြီး ကိုယ့်ပေါ် ပိကျလာပြီး သေရမှာလား… တဟုန်းဟုန်းနဲ့ တောက်လောင်နေတဲ့ မီးတောက် ပူပူတွေကြားထဲမှာ သေရမှာလား… ဆူနာမီလို ရေတွေ လှိုင်းတွေကြားထဲ ရေမွန်းပြီး သေရမှာလား… Titanic ထဲကလို ရေတွေ တဖြည်းဖြည်းခဲပြီး သေသွားရမှာလား… ဘယ်လိုပဲသေသေ သေရမယ်ဆိုရင်လဲ အချိန်တိုတိုအတွင်းမှာ တခါတည်းသာ သေသွားလိုက်ချင်တယ်။ ကယ်ရာ ကူရာမယ့် မသေမရှင်နဲ့ ဝေဒနာကြီး ခံစားနေရမှာကိုတော့ အရမ်းကြောက်တယ်…

(၆) ဆောင်ထားချင်တာ...

ဘာမှမရှိပါဘူး… သေသွားတဲ့နောက် ဘာမှမှ ယူသွားလို့ မရတာလေ…။

(၇) ဘာတွေ ရေးမိမလဲ…

ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားဆောက်တည်ရင်း တနေ့တာ တွေ့ကြုံ ဖြစ်ပျက်ခဲ့သမျှ၊ တနေ့တာ မြင်တွေ့ခဲ့သမျှတွေကို မှတ်တမ်းတခုလို ဒိုင်ယာရီလိုများ ရေးနေမိမလားမသိဘူး… သိပ်တော့ မသေချာပါဘူး။ အဲဒီလို အချိန်ကြီးမှာ အေးရာ အေးကြောင်း စာထိုင်ရေးနေနိုင်ဖို့ ဆိုတာ တကယ်တော့ ဘယ်လွယ်ပါ့မလဲ…

(ဂ) တွေးမိတွေးရာ အတွေး…


နီးလာပြီ… တရက်ထက် တရက် ပိုပိုနီးလာပြီ… သေရတော့မယ်တဲ့… သေရတော့မယ်တဲ့… လူတွေတင် သေမှာလား… ကောင်းကင်မှာ ပျံဝဲနေကြတဲ့ အတောင်ပံပါတဲ့ သတ္တဝါလေးတွေရော သေနိုင်လား… လေထဲမှာ နေနေတာပဲ… သူတို့က မလွတ်နိုင်ဘူးလား… ကိုယ်ချစ်တဲ့ တိမ်တွေထဲမှာ သွားပုန်းနေရင် လွတ်နိုင်မလား… ဟာ… တိမ်တွေထဲမှာ အစာရေစာ မရှိပဲ ဘယ်နှစ်ရက် နေနိုင်မှာလဲ… သွားပြီ… ကယောင်ခြောက်ခြားတွေ ဖြစ်ကုန်ပြီ… အား….

(၉) ဂုဏ်ယူချင်တာက…

၂၀၁၂ မှာ ကမ္ဘာပျက်မယ်လို့ သိသိကြီးနဲ့ တုန်လှုပ်ခြင်း နဲနဲပါးပါးနဲ့ ဒီအတိုင်း လက်ပိုက်ကြည့်နေရတဲ့ ကိုယ်တို့ လူသားတွေရဲ့ စောင့်ဆိုင်းနိုင်မှု အစွမ်းက တကယ့်ကို ဂုဏ်ယူစရာပါ။ (နှစ်ပေါင်း နှစ်ဆယ်ကျော် ဇွဲနပဲနဲ့ စောင့်နေခဲ့ကြရတဲ့ ကိုယ်တို့ လူမျိုးတွေအတွက်ကတော့ ဒီ အချိန် တလလောက်က ဘာများကြာတာလိုက်လို့.. နော့လေ… အေးဆေးပဲ…)

(၁၀) ရှာကြံဖြေသိမ့်မိတာက…

အသက်ရှင်နေထိုင်ခဲ့ရတဲ့ အချိန်တွေမှာ ကိုယ့်အတွက်ကြောင့် သူများတွေ စိတ်မညစ်ခဲ့ရဘူး၊ သူများတွေကို စိတ်ဆင်းရဲအောင် ကိုယ် မလုပ်ခဲ့ဖူးဘူး၊ မိဘ ညီအကို မောင်နှမ၊ ကိုယ့်ချစ်သူ၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အသိုင်းအဝိုင်း နဲ့ ကိုယ့်အပေါင်းအသင်းတွေ အတွက် ကိုယ် တတ်စွမ်းသလောက်တော့ ကြိုးစားခဲ့ပြီးပြီပဲ…။ ကျေနပ်ရမှာပေါ့…

(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း…

ငါသည် မုချသေရမည်။


* * * * *


ဒါတွေကတော့ ကမ္ဘာပျက်ခါနီး တလလောက်အလိုမှာ ဖြစ်နိုင်ချေရှိတာတွေကို တွေးကြည့်ထားတာပါ။ အမှန်ကတော့ အဲဒီလိုအချိန်မှာ အခုရေးထားသလို တွေးနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ သေပြေး ရှင်ပြေး၊ ကျီးလန့် စာစား၊ ခြောက်ခြား ထိတ်လန့် တုန်လှုပ်မှုပေါင်း များစွာနဲ့ အတူ သေရမယ့်နေ့ကို လက်ရေချိုးပြီး စောင့်ဆိုင်းနေရသူတွေရဲ့ ခံစားချက်မျိုးကို ထပ်တူရဖို့ ကိုယ် မတတ်နိုင်တာကြောင့် တွေးလို့ရသလောက်ပဲ ရေးလိုက်ပါတယ်…။

ကိုအောင်သာငယ် ကလဲ Tag ပါတယ်... တကယ်လို့ ကမ္ဘာပျက်မယ် ဆိုရင်ပေါ့... တဲ့... ခေါင်းစဉ်က နဲနဲကွဲနေပေမယ့် အကြောင်းအရာတွေကာ အားလုံး အတူတူပဲမို့ ကိုအောင်သာငယ် Tag တာလဲ တခါတည်း ရေးပြီးသား ဖြစ်သွားပါတယ်။

ဆက်ပြီး အစဉ်အလာမပျက် ဆက် Tag ချင်သူများကတော့ ချစ်သူငယ်ချင်းများ ဖြစ်ကြတဲ့ တန်ခူး တီတီဆွိမသီတာ သိင်္ဂီ စုချစ်သူ နဲ့ သင်းနွယ်ဇင် တို့ကိုပါ။ ညီမလေး စူး (မိုမိဂျိ) ကတော့ အဆစ်ပေါ့…။ တွေးပေး ရေးပေးကြပါအုံး…။


Friday, October 23, 2009

လက်ရေး

လူတွေရဲ့ လက်မှတ်တွေနဲ့ လက်ရေးတွေအကြောင်းကို ကိုယ်စိတ်ဝင်စားခဲ့တာ အခုမှမဟုတ်၊ ဟိုးငယ်ငယ်လေးထဲကပါ။ အခုမှ အကြောင်းတိုက်ဆိုင်လို့ ရေးဖြစ်တာ။ အရင် ပိုစ့်မှာ လက်ရေးနဲ့ရေးတဲ့ စာလေးတွေအကြောင်းကို တင်ခဲ့တယ်…။ ဒါပေမယ့် ကိုယ်က စာကို စိတ်ရှည်လက်ရှည် မရေး၊ အကျိုးအကြောင်းကို စုံစုံလင်လင် သေသေချာချာ မရေးလေတော့ ဖတ်ရတဲ့သူတွေ နားလည်မှု လွဲချော်ကုန်ကြပြီ ထင်တယ်…။ ပိုစ့်ခေါင်းစဉ်ကို အသစ် လို့ နာမည်ပေးမိတာကလဲ ကိုယ့်ရဲ့ အမှားပါ။ (တကယ်တော့ အသစ်မှ မဟုတ်တာ…)

အကြောင်းက ဒီလိုပါ။ ဟိုတနေ့က မြန်မာစာ လက်ကွက် မရိုက်တတ်တဲ့ သူငယ်ချင်းတယောက်ဆီက E mail တစောင် ရပါတယ်။ အခါများစွာမှာတော့ သူက အင်္ဂလိပ်လိုသာ ရေးနေကျပါ။ ဒါပေမယ့် ဒီတခါတော့ သူပြောချင်တာလေးတွေကို အင်္ဂလိပ်လိုရေးရတာ အားမရလို့ ဆိုပြီး (မြန်မာလက်ကွက်ကလဲ မရိုက်တတ်လေတော့) မြန်မာလို လက်ရေးနဲ့ ရေးထားတဲ့ စာလေး၊ ဓါတ်ပုံရိုက်ပြီး Email ကနေ Attach File နဲ့ ရောက်လာပါတယ်။ စာရွက်ကို စားပွဲပေါ်တင်ပြီး ဓါတ်ပုံရိုက်ထားတာကြောင့် နဲနဲမှောင်နေတာကို Photoshop နဲ့ အရောင်ပြင်ပြီး ဖတ်ပါတယ်။ အဲဒီစာလေးကို ကိုယ်ဖတ်ရတော့ စာထဲက အကြောင်းအရာတွေဟာ သူရေးလာတဲ့ လက်ရေးစာလုံးလေးတွေရဲ့ နွေးထွေးမှုကြောင့် ဖတ်လို့ပိုကောင်းတယ်၊ ရင်ထဲကို ပိုရောက်လာတယ်လို့ ခံစားလိုက်ရလို့ အဲဒီပိုစ့်ကို တင်လိုက်မိတာ…။

ကိုယ် ရည်ရွယ်ချင်တာက အခုလို အချိန်ကြီးမှာ မြန်မာစာလုံးတွေကို အင်တာနက် စာမျက်နှာတွေပေါ်မှာ တွင်တွင်ကျယ်ကျယ် အသုံးချနေကြတော့ လက်ရေးလေးတွေရဲ့ အရေးပါမှု၊ လက်ရေးလေးတွေရဲ့ ဆွဲဆောင်နိုင်မှု၊ လက်ရေးလေးတွေရဲ့ အခန်းကဏ္ဍက တော်တော်ကြီးကို တိမ်မြုပ် ပျောက်ကွယ်နေတာလေ….။ လူတဦးချင်းစီရဲ့ စိတ်နေစိတ်ထား အမူအကျင့်တွေကို တစိတ်တပိုင်း ဖေါ်ပြနေတဲ့ သူတို့ရဲ့ လက်ရေးလေးတွေ၊ လက်မှတ်ကလေးတွေကို အခုအချိန်မှာ တွေ့ရမြင်ရဖို့ အခွင့်အရေး တော်တော် နည်းပါးနေပြီ မဟုတ်လား။

အစစအရာရာ ကွန်ပျူတာကို အသုံးပြုပြီး ရေးသားနေကြတဲ့ ခေတ်ကြီး၊ အဝေးက မိဘတွေဆီ စာရေးလဲ ဒီကွန်ပျူတာထဲက စာလုံးတွေနဲ့၊ သူငယ်ချင်းတွေဆီ စာရေးလဲ ဒီကွန်ပျူတာထဲက သူတို့ သတ်မှတ် ဖန်တီးပေးထားတဲ့ ပုံသေ စာလုံးတွေနဲ့၊ ရုံးမှာ အလုပ်လုပ်ရင်း တယောက်နဲ့တယောက် အပြန်အလှန် စာရေးကြ စာပို့ကြရင်လဲ (ဘယ်လောက်ပဲ အရေးကြီးကြီး၊ ဘယ်လောက်ပဲ လျှို့ဝှက်ဖို့ လိုလို) ဒီကွန်ပျူတာထဲက စာလုံးတွေနဲ့၊ ရုံးမှာ ခွင့်တိုင်ချင်လဲ ကွန်ပျူတာထဲက Form မှာ ကိုယ့်နာမည် စာလုံးတွေ ဖြည့်စွက်ရိုက်ထည့်လိုက်ရုံ...၊ ပြီးတော့ ကိုယ်ရေးပြီးတဲ့ စာတွေရဲ့ အောက်မှာ ထိုးရတဲ့ ကိုယ့်ရဲ့ လက်မှတ်ကလဲ ပုံသေ… Thanks & Best regards… အစချီတဲ့ Format အသေနဲ့…။ နောက်ဆုံး သူငယ်ချင်းတွေ တယောက်နဲ့ တယောက် တွေ့ဖို့ အချိန်းအချက်လုပ်ကြတဲ့အခါ၊ ဒီညနေ အိမ်ပြန်နောက်ကျမယ်လို့ သူ့ကို အသိပေးတဲ့ အခါမှာတောင် ဖုန်းနဲ့ Text Message ပို့ပြီး ပြောနေကြတဲ့ ခေတ်ကြီး…။ ကဲ… ဘယ်မှာလဲ ကိုယ့်ရဲ့ လက်ရေး နဲ့ ကိုယ့်ရဲ့ လက်မှတ်တွေရဲ့ အသုံးကျပုံ…။

ပြီးတော့ အခုခေတ် ကလေးငယ်တွေ လက်ရေးကို ဂရုမစိုက်ကြတော့ဘူး၊ လက်ရေးတွေ မလှကြတော့ဘူး။ ပြီးတော့ ကိုယ်သိသလောက် ပြောပြရရင် ကျောင်းတွေမှာလဲ လေးကြောင်းမျဉ်းနဲ့ လက်ရေးလှ ရေးရတာတို့ ဘာတို့တွေ သိပ်မတွေ့ရတော့ဘူး။ ကိုယ်တို့ ငယ်ငယ်ကဆို မြန်မာစာရော အင်္ဂလိပ်စာမှာပါ အဆွဲအငင်တွေ အသတ်တွေ မှန်ဖို့၊ လက်ရေးလှဖို့ မိဘတွေ ဆရာ ဆရာမတွေက ဂရုစိုက်လိုက်ကြတာ၊ ကြပ်မတ် ကွပ်ကဲလိုက်ကြတာ…။ အခုကျတော့ ကလေး လူကြီး အားလုံး သင်ခန်းစာတွေ သင်ရင်လဲ ကွန်ပျူတာနဲ့၊ စာမေးပွဲဖြေလဲ ကွန်ပျူတာနဲ့၊ အိမ်စာ Assignment တင်လဲ ကွန်ပျူတာနဲ့၊ အရာရာတိုင်း ကွန်ပျူတာ နဲ့သာ လုပ်ဆောင်ကြတော့မှာမို့ လက်ရေးဆိုတာကို အားလုံးက နဲနဲမှ သတိမထားမိတော့သလောက် ဖြစ်နေကြတယ်။ ကဲ… ဘယ်မှာလဲ ကိုယ့်ရဲ့ လက်ရေး နဲ့ ကိုယ့်ရဲ့ လက်မှတ်တွေရဲ့ တန်ဖိုး…။

ကိုယ်တို့ငယ်ငယ်က သီချင်းခွေတွေ ထွက်တဲ့အခါ အခွေကာဗာတွေမှာ သီချင်းနာမည်တွေကို လက်ရေးနဲ့ ရေးပေးတဲ့ခေတ် ရှိခဲ့ဘူးတယ်…။ ပြီးတော့ ကိုယ်ကြိုက်တဲ့ သီချင်းတွေကို လက်ရွေးစင် ရွေးကူးလို့လဲ ရသေးတယ်။ အဲဒီအခါ ဘားလမ်းက ယင်းမာတို့ ၊ စပါယ်ဦး ကိုသန်းလွင်တို့၊ ဂျူပီတာတို့ အစရှိတဲ့ တေးသံသွင်းဆိုင်တွေမှာ သီချင်းခွေတွေ သွားဝယ်တဲ့အခါ၊ သီချင်းတွေ ရွေးကူးတဲ့အခါ အခွေကာဗာမှာ သီချင်းနာမည် ရေးပေးတဲ့သူတွေကို သိပ်သဘောကျ နှစ်သက်စရာကောင်းတဲ့ သူတို့ရဲ့ လက်ရေးတွေနဲ့အတူ ကိုယ်သတိထားဘူးတယ်...။ (သူတို့ကိုကြည့်ရတာ အေးချမ်းလွန်းလို့ ကိုယ်တိုင်တောင် အဲဒီအလုပ်မျိုး လုပ်ချင်တဲ့စိတ် ပေါက်လာမိတဲ့အထိပါပဲ။) ဘယ်တော့မှ အဆင်သင့်ရေးပြီးသား ကာဗာတွေနဲ့ အခွေတွေကို မဝယ်ပဲ ဆိုင်ရောက်မှ သူတို့လက်ရေးနဲ့ ထိုင်ရေးပေးတဲ့ ကာဗာနဲ့ အခွေတွေကိုသာ ဝယ်လေ့ရှိတဲ့ ကိုယ့်ကို သူတို့ကလဲ မှတ်မိနေခဲ့တယ်…။ ဆိုင်ကို ရောက်တာနဲ့ ကိုယ်ဝယ်ထားတဲ့ အခွေတွေမှာ ကာဗာရေးကြပေးဖို့ အဆင်သင့်…။ တချို့လက်ရေးတွေက ပန်းချီဆန်ဆန် အနုပညာဆန်ဆန် လက်ရေးစာလုံးလေးတွေနဲ့၊ တချို့ကျပြန်တော့ လက်ဝဲစာလုံးလေးတွေနဲ့၊ တချို့ကျတော့ ခပ်ရိုးရိုးရှင်းရှင်း အဆွဲအငင်တွေနဲ့ ဒါပေမယ့် အားလုံးသော လက်ရေးလေးတွေက သူ့ဟာနဲ့သူ ဆွဲဆောင်မှု ရှိနေကြတာ ကိုယ် အခုထက်ထိ မှတ်မိနေတယ်…။

အထက်တန်းကျောင်းတုန်းကဆို ပုံနှိပ်စာလုံးလေးတွေလို ညီညာစီတန်းနေတဲ့ လက်ရေးပိုင်ရှင် အတန်းဖေါ် စာပြိုင်ဖက် သူငယ်ချင်းတယောက် ရှိခဲ့တယ်။ သူက လိမ်လဲ လိမ်မာပြီး စာလဲ သိပ်တော်ပါတယ်။ အဲဒီအခါမှာ စာမေးပွဲဖြေတိုင်း သူ့လက်ရေးမြင်ရင် ဆရာ ဆရာမတွေ အားလုံးက သူ့လက်ရေးနဲ့ သူနဲ့ကို အတူတူတွဲလျက် မှတ်မိနေကြပြီး အလိုလိုနေရင်း အမှတ်အပြည့်ပေးဖို့ စေတနာတွေ ဖြစ်လာစေတဲ့အထိ သူ့ရဲ့ လက်ရေးက အရှိန်အဝါကြီးလွန်းခဲ့တယ်…။ အရင် ကိုယ်ရနေကျ ပထမနေရာလေးလဲ သူ့ကို လွှဲပေးလိုက်ရတာ အကြိမ်ပေါင်းမနည်း…။

ကိုယ့်ရဲ့ သူငယ်ချင်းတယောက်ဆို Impressive ဖြစ်စရာကောင်းတဲ့ သူ့ လက်ရေးနဲ့ ရေးထားတဲ့ Cover Letter ကြောင့် လူကြီးက နှစ်သက် သဘောကျလို့ ချက်ချင်းပဲ အလွယ်တကူ အလုပ်ခန့်လိုက်တာမျိုးလဲ ရှိခဲ့တယ်။

အဲဒါတွေကတော့ ကိုယ်မှတ်မိနေတဲ့ လက်ရေးတွေရဲ့ အကြောင်း တစေ့တစောင်းပါ။

မှတ်မှတ်ရရ လက်ရေးတွေနဲ့ လက်မှတ်တွေအကြောင်း ရေးထားတာ စာတအုပ်မှာ အခုလို ဖတ်ခဲ့ဖူးတယ်။ (ကူးရေးထားလို့ မှတ်မိနေတာပါ)

Handwriting is a very personal and individual trademark of personality. As no two people have exactly the same handwriting, signatures have for hundreds of years been regarded as legally binding on documents of all types. A person's handwriting is his own private trademark or seal which cannot be reproduced by any other individual.

ပြင်သစ်လူမျိုး Psychologist Pierre Janet (1859-1947) ကတော့ လက်ရေးတွေကို သုတေသန လုပ်တဲ့အလုပ်ဟာ အနာဂတ်အတွက် သိပ္ပံ ပညာ (Science of the Future) လို့ ပြောခဲ့တယ်။ ပြီးတော့ လက်ရေးတွေနဲ့ ပတ်သက်ပြီး သူက အခုလို ပြောထားခဲ့ပါသေးတယ်။

“An act which leaves a printout. It is the film record of the writer's sensibilities."

သိပ်သေချာတာပေါ့…။ လက်ရေးတွေဟာ ရေးတဲ့သူရဲ့ sensibility ကို ဖေါ်ပြနေတယ် ဆိုတာ…။ လက်ရေး သိပ်လှတာ မလှတာထက် လက်ရေးတွေဟာ သူများနဲ့မတူ၊ ဘယ်သူနဲ့မှလဲ မတူ၊ ကိုယ်တဦးတည်းသာ ပိုင်ဆိုင်တဲ့ ကိုယ်ပိုင် အမှတ်အသားတခုသာ ဖြစ်တယ်။ ပြီးတော့ လက်ရေးတွေတိုင်းရဲ့ နောက်ကွယ်မှာ ဆွဲဆောင်မှု တခုခု ဒါမှမဟုတ် စွမ်းအား၊ အရှိန်အဝါ တခုခု ရှိနေကြတယ် ဆိုတာ ကိုယ် သေသေချာချာ ယုံကြည်တယ်။ အဲဒါတွေကြောင့်ရယ်၊ ပြီးတော့ ပျောက်ဆုံးလုနီးပါးဖြစ်နေတဲ့ လက်ရေးတွေရဲ့ အခန်းကဏ္ဍအကြောင်းရယ်ကို စိတ်ထဲမှာ တွေးနေမိရင်း ဒီပိုစ့်ကို စိတ်ဝင်တစား ကိုယ်ရေးပါတယ်…။

ဒီပိုစ့်ကို ရေးဖြစ်စေတဲ့ နောက်ထပ် တွန်းအားတခုကတော့ အရင်ပိုစ့်မှာ လက်ရေးအကြောင်းကို စိတ်ရှည်လက်ရှည် ဆွေးနွေးသွားတဲ့
မငယ်နိုင် ပါ။ မငယ်နိုင်ကို ကျေးဇူးတင်ပါတယ်။ Comment မှာ ကိုယ့်ကို လက်ရေးလှတယ်လို့ ပြောကြတဲ့သူများကိုလဲ ကျေးဇူးတင်ပါတယ်။ လက်ရေးလှတဲ့ မငယ်နိုင်ရဲ့ လက်ရေးနဲ့ ကိုယ်နဲ့ လက်ရေးတူတယ် ဆိုတဲ့ အပြုံးပန်း ရဲ့ လက်ရေးကိုလဲ အဆင်ပြေရင် မြင်ချင်ပါတယ်။ ပြီးတော့ အရင်ပိုစ့်မှာ မတူညီတဲ့ ရှုထောင့်ကနေ Comment ရေးသွားကြသူများကိုလဲ ကျေးဇူးပါ။ အခုပိုစ့်ကို ဖတ်လိုက်ရင်တော့ ကိုယ်ဘာကို ဆိုလိုချင်တယ် ဆိုတာ သိနိုင်ပါလိမ့်မယ်။

See you guys..!!
Happy Friday & Enjoy your weekend…!!!


Thursday, October 22, 2009

အသစ်

Online မှာ မြန်မာလို စာရိုက်ကြတာ၊ မြန်မာလို Chatting လုပ်ကြတာတွေ၊ E mail မှာ မြန်မာလို စာရေးပို့ကြတာတွေထက် စာတို စာရှည်တွေကို လက်ရေးနဲ့ရေး၊ ဓါတ်ပုံရိုက်ပြီး E Mail နဲ့… ဒါမှမဟုတ် G Talk ကနေ Send Files နဲ့ ပို့ကြတာတွေ အခုတလော ခေတ်စားနေတယ်…။

ကြုံဖူးကြလား… မကြုံဖူးရင် ဒီမှာကြည့်… နမူနာ ပြလိုက်တယ်… ဒါမျိုး.. ဒါမျိုး...


အိုင်ဒီယာ အသစ်ပေါ့… ဟဲဟဲ…။

မှတ်ချက် ။ ။ ပို့စရာရှိတဲ့သူများထံ ဤနည်းဖြင့် ပို့ကြည့်လိုက်ပါ… မုချ အောင်မြင်မှု ရပါလိမ့်မည်။ ဒီထက် သစ်တဲ့ အိုင်ဒီယာ နောက်တခုလဲ ရှိနေပါသေးသည်။ သိချင်သူများ ဆက်သွယ်ပါ...။





သို့တရံတခါဆီ

Saturday, October 17, 2009

ခြားနားခြင်း

သည်ညနေ ရုံးက ပြန်ရောက်ရောက်ချင်း အိပ်ခန်းထဲကို အဝင်မှာ ထိုအရာကို စတွေ့ခဲ့ရတာ ဖြစ်သည်။ တွေ့တွေ့ချင်း ကိုယ် အရမ်းလန့်သွားသည်။ အနောက်ကို ခြေတလှမ်း ဆုတ်လိုက်ပြီး ပါးစပ်မှ အား.. ကနဲ အော်မိမလို ဖြစ်သွားသည်။ သို့သော် တကယ့်တကယ်မှာ အသံက အပြင်ကို ထွက်မလာ…။ သူကတော့ ကိုယ့်ကို ပြူးကြောင်ကြောင်နှင့် ကြည့်နေသည်။ ပြီးတော့ တလှုပ်လှုပ်လဲ လုပ်နေသေးသည်။ ကိုယ် အနောက်ကို ခြေလှမ်း နှစ်လှမ်းလောက် ဆက် ဆုတ်လိုက်မိသည်။ ခြေလှမ်းက ယိုင်သွားမှန်းလဲ သိလိုက်သည်။ ယိုင်သွားသော ကိုယ့်ခြေလှမ်းကို အနောက်မှ ထိန်းသိမ်း တည့်မတ်ပေးမည့်သူ တယောက်မှမရှိ။ သူ ဒီနေ့ အစည်းအဝေးရှိ၍ အိမ်ပြန်နောက်ကျမည် ဆိုတာ ခေါင်းထဲဝင်လာသည်။ ဘုရားရေ… ကိုယ်တယောက်ထဲ ဘာဆက်လုပ်ရပါ့..။

ထူပူနေသော ကြောက်စိတ်တွေကို အသာ ဘေးဖယ်ထားရန် ကြိုးစားပြီး ဘာဆက်လုပ်ရရင် ကောင်းမလဲ ဆိုတာကို ခေါင်းထဲမှာ အပြေးအလွှား စဉ်းစားကြည့်မိသည်။ စဉ်းစားကာမှပဲ ခေါင်းထဲမှာ ဘာဆို ဘာမှမရှိတော့သလို အားလုံး အမှောင်ကျ... Totally black out…!!!

“စဉ်းစား.. စဉ်းစား.. ဘာလုပ်ရမလဲ ဆိုတာ စိတ်အေးအေးထားပြီး စဉ်းစားစမ်း…”

ကြောက်အား လန့်အားနှင့် ကိုယ့်ကိုယ်ကိုယ် သတိတွေ ပေးနေမိသည်။ တဆက်တည်းမှာပင် ကိုယ်ဘာတွေ လုပ်ရဲသလဲ ဆိုတာကိုပါ စဉ်းစားမိသည်။ စဉ်းစားရုံနှင့်ပင် ကိုယ့်ခြေထောက်တွေ ခွန်အားမရှိတော့အောင် ယိုင်နဲ့လာကြသည်။ နီးရာနေရာမှာ ထိုင်ချလိုက်ဖို့ တွေးမိသည်။ သို့သော် အနီးအနားမှာ ဘာ ကုလားထိုင်မှ မရှိ။ ဒါဆို ကြမ်းပြင်ပေါ်မှာ သည်အတိုင်းသာ ထိုင်ချလိုက်တော့မည်။ သို့သော် ကြမ်းပေါ်မှာ ထိုင်ချလိုက်ပါက သူနှင့် ကြမ်းတပြေးတည်း ဖြစ်သွားပြီး ပို နီးကပ်သလို ဖြစ်သွားနိုင်သည်ပဲ။ ဒီလိုတော့ဖြင့် မဖြစ်ချေပြီ။ ကြောက်တယ်…

ခေါင်းထဲမှာ အရင်ဆုံး သတိရလာသည်က ဆေး…။ သူ့ကို ဆေးနှင့်ဖြန်းလို့ရမည် ထင်သည်။ တီဗွီကြော်ငြာတွေထဲမှာ တွေ့ဖူးသည်။ ထိုဆေးနှင့် ပက်ဖြန်းလိုက်ပါက သူတို့ ကိစ္စတုံး သွားကြတာ တွေ့ရသည်။ ဟာ.. ဒါဆို သူများ အသက်ကို သတ်တာပေါ့… ဘယ်မှာလဲ ငါးပါးသီလ...။ ဒုက္ခပါလား...။ ကိုယ် သတ်ရဲသလား… ခေါင်းကို တွင်တွင် ခါယမ်းမိသည်။ ဆေးနဲ့ ဖြန်းလိုက်လို့ တခါတည်း ကိစ္စပြတ်သွားရင် တော်ပါရဲ့.. မဟုတ်ပဲ ဝေဒနာခံစားပြီး ကိုယ့်ရှေ့မှာ တလူးလူး တလွန့်လွန့် ဖြစ်နေရင်ကော…။ တွေးရင်းနဲ့ အာခေါင်တွေ ခြောက်လာသည်။ လူလဲ အားအင်တွေ ဘာမှမရှိတော့သလို ပို၍ ပို၍ နုံးနယ်လာသည်။ ဟာ… ဒါတွေတွေးနေတာ အဲဒီ ဆေးက အိမ်မှာရော ရှိလို့လား။

မှတ်မိသလောက်ကတော့ ထိုဆေးကို စတိုခန်းထဲမှာ တွေ့ဖူးသလိုလိုပဲ။ ဒီအိမ်ကို ပြောင်းမလာခင် သန့်ရှင်းရေးလုပ်ကြစဉ် အခါတုန်းက ဆေးကြောသန့်စင်စရာ အရည်ဘူးပေါင်း၊ ပုလင်းပေါင်း များစွာထဲမှာ ထိုဆေးဘူးကို မျက်စေ့ထဲမှာ တွေ့လိုက်မိသလိုလို။ သိပ်တော့ မသေချာ...။ ဘူးပေါ်မှာ ပါသော ပုံကို သေသေချာချာ မကြည့်ရဲသောကြောင့် ကိုယ် လွယ်လွယ် မတွေ့နိုင်သော တချောင်ချောင်မှာ သူ သိမ်းထားမည် ထင်သည်။ အိမ်ပြောင်းလာပြီး စတိုထဲကို ပစ္စည်းတွေ အပြည့်ထည့်ပြီးချိန်မှာ ထိုဆေးရည်ဘူးကို ကိုယ်ဘယ်လို ပြန်ရှာရပါ့…။ အရေးထဲ ကိုယ့်အတွေးနှင့်ကိုယ် ပြုံးမိသေးသည်။ ဆေးရည်ဘူးတွေ့တော့ရော ကိုယ်က ဖြန်းရဲမှာ ကျလို့…။

ညနေသည် တဖြည်းဖြည်းနှင့် အလင်းရောင် နဲလာသည်။ မီးဖွင့်ရင် ကောင်းမလား။ သို့သော် ကိုယ် လှုပ်ရှားမှု တခုခု ပြုလိုက်ပါက သူ လန့်ဖြန့်ပြီး အပြင်ကို ထွက်လာတာတို့၊ ကိုယ့်ခြေထောက်နား ရောက်လာတာတို့ ဘာတို့ ဖြစ်လာမှာလဲ ကြောက်ရသေးသည်။ မရဲတရဲနှင့် သူ့ကိုလှမ်းကြည့်တော့ သူက ခပ်တည်တည် အရင်နေရာမှာပင်။ ကိုယ်ထည်က လှုပ်မနေပေမယ့် ခေါင်းပေါ်က ထိုးထိုးထောင်ထောင်အရာ နှစ်ခုကတော့ တလှုပ်လှုပ်…။ နင်ဘာမှမလုပ်ရင် ငါလဲ ဘာမှမလုပ်ဖူး ဟု ကိုယ့်ကို အသံတိတ် စကားဆိုနေသယောင်…။ ငါ့နှယ့်နော်… အချိန်တွေကုန်လိုက်တာ.. သတ္တိကလဲ နည်းပါးလိုက်သည့်ဖြစ်ခြင်း။

နောက်တနည်းက ဘာရှိသေးလဲ…
အော… သတိရပြီ။ သူ့ဆီကို ဖုန်းဆက်ကြည့်ဖို့…။ အိမ်ထဲဝင်လာချိန်ထဲက လက်ကမချရသေးသော ပိုက်ဆံအိပ်ထဲမှာ ဖုန်းကို ဖြေးဖြေးချင်း ရှာဖွေနှိုက်ယူမိသည်။ လှုပ်ရှားမှုအားလုံးကို အသံတိတ် အနှေးပြကွက်မျိုးဖြင့် လုပ်ဆောင်နေမိသည်။ သို့သော် သူက ဖုန်းမကိုင်ချေ။ ခုမှ သတိရသည်။ အစည်းအဝေးရှိလို့ နောက်ကျမည် ဟု မနက်က သူပြောသွားသည်ပဲ။ သေစမ်းပါကွာ…

ချက်ချင်းပင် ကိုယ့်အိမ်နှင့် မလှမ်းမကမ်းမှာနေသော သူငယ်ချင်းတယောက်ဆီကို ဖုန်းဆက်ရန် သတိရသွားသည်။ သူများ ကိုယ့်ကို ကူညီနိုင်လေမလား…။ သူ့ကို အကြောင်းစုံ လေသံ ခပ်တိုးတိုးနှင့် ပြော၍ အပြီးမှာ သူက စိတ်မရှည် လက်မရှည် အသံမျိုးဖြင့် “နင်ကလဲ.. ဒါလေးများ… သတင်းစာ တထပ်လောက်ယူပြီး ထက်ပိုင်းခေါက်ပြီးတော့သာ ရိုက်ချလိုက်…” ဟု ပြောလေသည်။ ဘုရားရေ… အဲလိုကြီးလား... အတွေးနှင့်တင် လူက မူးဝေ နောက်ကျိ လာသလို ခံစားရသည်။ သို့သော် သူငယ်ချင်းကိုလဲ အကြင်နာတရား ခေါင်းပါးလှသည် ဟု မစွတ်စွဲရဲပဲ ကျေးဇူး ဟု ပြောကာ ဖုန်းချလိုက်ရသည်။ “ငါ သည်လို လုပ်ရဲမှဖြင့်တော့ နင့်ဆီတောင် ဖုန်းဆက်မနေတော့ဘူး…” ဟု စိတ်ထဲက အကြိမ်ကြိမ် ရေရွတ်နေမိသည်။ ဆိုးလိုက်တာ...

ညက အမှောင်တော်တော်လွှမ်းလာပြီ။ လက်ထဲက နာရီကို ကြည်လိုက်တော့ ည ၇ နာရီခွဲ။ ရုံးက ပြန်ရောက်တာက ၆ နာရီခွဲတုန်းက ဆိုတော့ အချိန် တနာရီ ကုန်သွားပြီ။ ရှစ်နာရီလောက်ဆိုရင်တော့ သူပြန်ရောက်လာတန် ကောင်းပါရဲ့။ စောင့်လိုက်မည်လေ… စိတ်ကို အတတ်နိုင်ဆုံး အေးချမ်းအောင်ထားကာ သူ့ပြန်အလာကိုသာ စောင့်နေလိုက်တော့မည်။ စိတ်ကို အေးချမ်းအောင်ထားမည်ဟု တွေးနေရင်းမှပင် ဗိုက်က အတော်ဆာနေတာကို သတိထားလိုက်မိသည်။ ညစာ... ညစာ... မတတ်နိုင်ပြီ။ ဘာပဲဖြစ်ဖြစ် စိတ်ကို ဒုန်းဒုန်းချကာ အပြင်ဖက် လူသွားစင်္ကြန်က မီးအလင်းရောင်ကို အမှီပြုနေထိုင်ရင်း သူပြန်ရောက်လာချိန်ကိုသာ စောင့်တော့မည်။ ရှစ်နာရီရယ် မြန်မြန်ထိုးပါတော့…။

ကြိုးတိုးကြဲတဲ မီးအလင်းရောင်ထဲမှာ ထိုသတ္တဝါလေးကို လှမ်းမြင်နေရသေးသည်။ သူကလဲ သူ့ကို ရန်ပြုမှာစိုး၍လား မသိ။ သတိအနေအထားဖြင့် နေ နေသလို၊ ဘာလှုပ်ရှားမှုမှမပြု။ ခဏနေတော့ ကိုယ့်စိတ်ထဲမှာ သံသယ ဖြစ်လာသည်။ သူ လှုပ်မှ လှုပ်ရှားနိုင်ရဲ့လား၊ အတောင်များ ကျိုးနေသလား၊ ခြေထောက်တွေ လက်တွေ စုံမှ စုံရဲ့လား၊ နေမှ ကောင်းရဲ့လား၊ ဘာလို့ မလှုပ်ရှားတာပါလိမ့်။ အကြောင်း တစုံတရာကြောင့်သာ သူဟာ မလှုပ်ရှားနိုင်တဲ့သူ ဖြစ်နေခဲ့ရင် ခုနက ကိုယ်သူ့ကို မျက်စေ့ရှေ့က ပျောက်ကွယ်သွားအောင်၊ ကိစ္စတုံး ပစ်ဖို့ ကြံစည်နေမိတာ ဘယ်တရားပါ့မလဲနော်။ စိတ်ထဲမှာ ဒွိဟတွေ ဖြစ်လာပြန်သည်။ အတွေးတွေ… အတွေးတွေက မဆုံးနိုင်...။

ဟော... အဝေးမှ ရှုးဖိနပ်သံ တိုးသဲ့သဲ့… ထိုအသံသည် တဖြည်းဖြည်း နီးကပ်လာသည်။ ကိုယ် လက်ထဲမှ နာရီကို ကြည့်လိုက်သည်။ ရှစ်နာရီ ထိုးရန် ငါးမိနစ်အလို...။ သေချာတယ် သူပဲ ဖြစ်လိမ့်မည်။ ကိုယ် ဝမ်းသာမှုကို ဘာနဲ့မှ ပြောမပြတတ်။ တဖြည်းဖြည်း နီးလာသော ဖိနပ်သံက အိမ်ရှေ့မှာ တိတ်သွားသည်။ အပြင် သံဗန်းတံခါး သော့ကို ဖွင့်သံ… ပြီးတော့ သစ်သားတံခါး သော့ကို ဖွင့်သံ… ထိုအသံတွေ အဆုံးမှာတော့ “ဟာ.. ဘာလို့မီးတွေ ပိတ်ထားတာလဲ… အမှောင်ထဲမှာ ဘာထိုင်လုပ်နေတာလဲ…” ဟူသော အသံနှင့်အတူ လူက ချက်ချင်း ကိုယ့်အနားသို့ ရောက်လာသည်။ ကိုယ် ကြောက်ရွံ့မှု၊ ထိတ်လန့် တုန်လှုပ်မှုတို့နှင့် အားကိုးစရာ ရှာတွေ့သွားသောကြောင့် ဝမ်းသာမှုတို့ ပေါင်းစပ် ရောနှောကာ သူ့မေးခွန်းတွေကို ဖြေစရာ အသံထွက်၍ မရတော့ချေ။ ချက်ချင်းပင် မီးပွင့်တွေ လင်းလာသည်။ အလင်းရောင်အောက်တွင် ထင်ထင်ရှားရှား တွေ့မြင်နေရသော ခေါင်းပေါ်က ထိုးထိုးထောင်ထောင်နှစ်ခု တလှုပ်လှုပ်နှင့် ကိုယ့်ကို သွေးပျက်နေစေသော အရောင်ညိုညို အကောင်ရှိရာ အိပ်ခန်းဆီသို့ လက်ဖြင့်သာ ညွှန်ပြလိုက်နိုင်တော့သည်။

ဟာကွာ… ဟု မချင့်မရဲ ရေရွက်သံနှင့်အတူ အိပ်ခန်းထဲကို သူဝင်သွားသည်။ ကိုယ် ဘာကိုမှ မကြားရဲ.. မကြည့်ရဲ… ။ သို့သော် စက္ကန့်အနည်းငယ်သာ ကြာလိုက်သည် ဟု ထင်ပါသည်။ သူက “လာတော့.. လာတော့.. ဘာမှမရှိတော့ဘူး… အခန်းထဲ ဝင်လာခဲ့တော့…” ဟု လှမ်းခေါ်ပါသည်။ ဟင်.. တကယ်လား… မယုံနိုင်စရာ… ဘာဆေးမှ မဖြန်းပဲ.. ဘာ အသံမှမကြားရပဲ… ဘာ သတင်းစာစက္ကူ၏ အကူအညီမှ မလိုပဲ… သည်လိုပဲ တိတ်ဆိတ်စွာ ရှင်းလင်းလိုက်နိုင်သည်လား။ ထိုစဉ် သူက နောက်တခွန်း ထပ်ခေါ်လေသည်။

“လာတော့လေ.. ရေလာချိုး အဝတ်လဲ ထမင်းသွားစားကြမယ်… ဘာမှ မစားရသေးဘူး မဟုတ်လား.. ဆာနေရောပေါ့…”

ထိုင်နေရာမှ ထဖို့၊ မတ်မတ်ရပ်နိုင်ဖို့၊ ခြေလမ်းများ လှမ်းနိုင်ဖို့ ကိုယ်တော်တော်လေး ကြိုးစားလိုက်ရသည်။ ပြီးတော့ မျက်လုံးတွေကို ထိုသတ္တဝါလေး တည်ရှိနေခဲ့သော နေရာမှာ စူးစူးစိုက်စိုက် ရပ်တန့်နေမိသေးသည်။ သေချာပါသည်။ ကိုယ် တညနေလုံး သေမတတ် ကြောက်ရွံ့ခဲ့ရသော ထိုအရာကား တကယ်ကို မရှိတော့ပြီပဲ။

ထိုညက အပြင်မှာ ထမင်းသွားစားပြီး အိမ်ပြန်ရောက်လာချိန်မှာလဲ ထိုနေရာကိုသာ အရင်ဆုံး ကြည့်မိသည်။ မရှိပါ.. ဘာဆို ဘာမျှ မရှိပါ။ သည်လိုနှင့် အိပ်ရာဝင်ခဲ့သည်။ သူက ခဏလေးနှင့် အိပ်ပျော်သွားသော်လည်း ကိုယ်ကတော့ မျက်စေ့တွေ အကြောင်သားနှင့်…။ ကိုယ့်ကို တညနေလုံး ထိတ်လန့် ကြောက်ရွံ့နေစေပြီး သွေးလည်ပတ်မှုတို့ ရပ်တန့်အေးခဲစေမတတ် ချုပ်နှောင် ဖမ်းစား ထားခဲ့သော ထိုသက်ရှိ အရာတခုကို အချိန်တိုတိုလေးအတွင်းမှာ မည်သည့်အရာကို အသုံးချ၍ မည်သို့မည်ပုံ ရှင်းလင်း သုတ်သင်လိုက်ပါသနည်း ဆိုသည့် မေးခွန်းကိုတော့ နောက်တနေ့ မနက်မှာ ကိုယ် သူ့ကို မေးကြည့်မိမည် ထင်ပါသည်။ အခုလောလောဆယ်တော့ အိပ်ပျော်အောင် ကိုယ်အရင် ကြိုးစားလိုက်ပါဦးမည်…။