Saturday, January 26, 2008

မျှော်လင့်ခြင်း (ပုလဲသီ တစ်ကွဲစီ)

မရပ်မစဲ တစ်ဖွဲဖွဲရွာနေ
မိုးပေါက်တွေအောက်. . .
အတိတ်လဲမလိုချင် အရိပ်လဲမခိုချင်
ဖြစ်နိုင်ရင်တော့
လူတွေအားလုံးနဲ့ ဝေးရာမှာ
တစ်ယောက်တည်း တိတ်တိတ်ကလေး
ဒီမိုးသည်းတွေ ငေးကာသာနေချင်။

မနေမနားေ၀၀ါးလှတဲ့
ငွေနှင်းဖြူတွေအောက်. . .
အတိတ်လဲမလိုချင် အရိပ်လဲမခိုချင်
ဖြစ်နိုင်ရင်တော့
လူတွေအားလုံးနဲ့ ဝေးရာမှာ
တစ်ယောက်တည်း တိတ်တိတ်ကလေး
ဒီနှင်းဖွေးတွေ ငေးကာသာနေချင်။

မရပ်မနား ကြွေအားလှတဲ့
ရွက်ခြောက်ပင်အောက် . . .
အတိတ်လဲမလိုချင် အရိပ်လဲမခိုချင်
ဖြစ်နိုင်ရင်တော့
လူတွေအားလုံးနဲ့ ဝေးရာမှာ
တစ်ယောက်တည်း တိတ်တိတ်ကလေး
ဒီရွက်ကြွေတွေ ငေးကာသာနေချင်။

ဒါပေမယ့်လဲ . . .

မိုးပေါက် နှင်းပေါက် ရွက်ခြောက်တွေနား
သူလာလိမ့်နိုး လာလေနိုးဟု
တွေဝေ တွေးတော ရင်မောရသည်
မမျှော်ထင့်ထင့် မျှော်လင့်မိသည်
ချစ်သူရေ . . .
ရင်ထဲမှာတော့
ပုလဲသီ တစ်ကွဲစီ။


သက်ဝေ

3 comments:

  1. အတိတ်လဲမလို
    အရိပ်လဲမခို
    ကြိတ်လဲမငိုနဲ့တော့...သက်ဝေ
    တစ်ကွဲစီ
    ပုလဲတွေသီပေးမယ့်ချစ်သူ
    အမြန်ရောက်စေဖို့
    တို့ဆုတောင်းပေးလိုက်ပြီ။။
    ပျော်ရွှင်ပါစေ။

    ReplyDelete
  2. ကောင်းလိုက်တဲ့ ကဗျာလေး သက်ဝေ။ ကာရန်လေးတွေ တလုံးချင်း ချိတ်သွားတာလေးရော သဘောကျတယ်ဗျာ။ အားပေးနေပါတယ်နော်။ နောက်လဲ ကဗျာလေးတွေ ရေးပါဦး။

    ReplyDelete
  3. အရမ်းကောင်းတဲ့ ကဗျာလေးပါ၊ ဖတ်လို့ကောင်းတယ်၊ သက်ဝေတစ်ယောက် မတန်ခူး ပြောသလို ပုလဲတွေ တစ်တွဲမက သီပေးမယ့် ချစ်သူနဲ့ အမြန်ဆုံး ဆုံတွေ့ နိုင်ပါစေ လို့ ဆုတောင်းပေး လိုက်ပါတယ်နော်

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...